Tuesday, June 29, 2010

ပြည်ပ ပညာတော်သင်နှင့် အတွေးလှိုင်းဂယက်များ (၃)

အတွေ့အကြုံ ရအောင်

အတွေ့အကြုံ ဗဟုသုတပွားအောင်လို့ ထွက်လာခြင်းဖြစ်တယ်ဆိုရင်ကော။ ဒါကလည်း အတိုင်းအတာ တစ်ခု အထိ လိုအပ်တဲ့ အရာပါပဲ။ အိန္ဒိယဟာ လူမျိုးစုံ ပုံစံမျိုးစုံ ဘာသာမျိုးစုံနဲ့ အတော် အံ့စရာ ကောင်းတဲ့ ရှေးဟောင်း နေရာဒေသတစ်ခုပါပဲ။ မြတ်စွာဗုဒ္ဓပွင့်တော်မူခဲ့တဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် ရောက်သင့် ရောက် ထိုက်တဲ့ နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။ အိန္ဒိယဟာ သစ္စာတရား စတင်တွေ့ရှိခဲ့တဲ့ နေရာဖြစ်တဲ့အတွက် ကမ္ဘာ့ အောင်မြေတစ်ခုပါပဲ။ ခက်တာက သစ္စာထွန်းကားတဲ့ နေရာမှာ သစ္စာတွေပျောက်ပြီး မျက်စိတွေလည် အမေ့ကြီးတွေ မေ့နေကြခြင်းပဲ။ ဘုန်းကြီးရဟန်းဆိုတာတွေကို မသိကြတော့ဘူး။ အချို့ ဗုဒ္ဓဆိုတာကိုတောင် မသိကြဘူး။ ဘုန်းကြီး ရဟန်းတွေကို မြင်ရင် လေးစားစိတ်နဲ့ ဦးညွတ်ဘို့ နေနေသာသာ တစ်မျိုးပါလားဆိုတဲ့ သဘောနဲ့ ကြည့်သွားကြတာက များတယ်။ ခက်တာက ရဟန်းတော် များရဲ့သင်္ကန်းက ကုလားမတွေဝတ်တဲ့ ဆာရီနဲ့ ပုံစံတူ ဖြစ်နေခြင်းပဲ။ အချို့ကလေးတွေက ခဲနဲ့တောင် ပစ်သွားကြတယ်။ အမေ့ဆာရီ ယူဝတ်ထားတယ်ပေါ့လေ။ ဗုဒ္ဓဘာသာဝင်တွေရှိပေမဲ့ လူရှေ့သူရှေ့မှာ ဘုန်းကြီးရဟန်းတွေကို နှုတ်မဆက်ကြ ဘူး။ မသိသလို နေကြတယ်။ အိန္ဒိယမှာ ဗုဒ္ဓဘာသာတွေဟာ များသောအားဖြင့် ဇာတ်နိမ့် တွေဖြစ်တယ်။ လူရှေ့သူရှေ့မှာ ဗုဒ္ဓဘာသာဖြစ်ကြောင်းပြရမှာ ရှက်ကြလို့ ထင်ပါရဲ့။ အခမ်းအနားမှာ ဆိုရင်တော့ ခြေထောက် ကို ထိအောင် လာရောက်ကန်တော့ကြတဲ့သူတွေ မရှားဘူး။ ဘုန်းကြီးရဟန်းကို ကိုးကွယ်တာ အခမ်းအနားတွင်းလောက်ပဲ ဖြစ်နေတော့တယ်။ ဒါ့ကြောင့် အိန္ဒိယဗုဒ္ဓဘာသာ အခြေအနေ ဟာ ဗြဟ္မဏတွေရဲ့ အရှိန်အ၀ါအောက်မှာ ပြားပြားမှောက် ရောက်နေသေးတယ်ဆိုတာကို ပြောနိုင်တယ်။ အိန္ဒိယမှာ ဘုန်းကြီး ရဟန်းရယ်လို့ အလေးပေးနေတာမဟုတ်ဘူး။ အရာရာမှာ တန်းတူဆက်ဆံတယ်။ ခက်တာက အိန္ဒိယမှာ ရဟန်းတော်များအတွက် သင်္ကန်း ၀တ်တဲ့အခါ ပုခုံးတစ်ဖက်ဖော် ၀တ်လို့ မဖြစ်ခြင်းဘဲ။ အဲလိုဝတ်ခြင်းဟာ တစ်ဖက်သားအတွက် အနေခက်စေတဲ့ ညှို့ဓာတ်တစ်မျိုးဖြစ်ပါသတဲ့။ ဒါကြောင့် အချို့ဆရာများက ပုခုံးသားဖေါ်မ ၀တ်ဘို့၊ ပုခုံးဖေါ်နဲ့ဆိုရင် ငါ့ဆီမလာပါနဲ့ လို့တောင် ပြောကြသတတ်။ အဲဒီအခါ ပုခုံးသားကို ဖုံးစေတဲ့ သင်္ကန်းအောက်ခံ အင်္ကျီဝတ်ရတယ်။ အင်္ကျီခံဝတ်တော့ အပေါ်သင်္ကန်းတောင် မလိုတော့ ဘူးဖြစ်သွားတယ်။ တစ်ခါ တစ်လေ အရေးတကြီးသွားရတဲ့အခါ အပေါ်သင်္ကန်း ထားပစ်ခဲ့ရတာ ရှိတယ်။ အပေါ်သင်္ကန်းမပါရင် ပါ့ပါးတဲ့ သဘောကို သွားတွေ့ရတယ်။ ကြာတော့ ပေါ့ပါးမှု အရသာတွေ့ပြီး အပေါ်သင်္ကန်းကို လုံးလုံးလွှတ်ထားတဲ့အထိ ဖြစ် သွားတော့တာပေါ့။ မဟာယာနတွေ အသွင်ပြောင်းသွားတာ။ လူတွေနဲ့ တူသွားတာ ဖြစ်နိုင်ချေ အများကြီးရှိတယ်။ ပတ်ဝန်းကျင်ရဲ့ ဖိအားကို မခံနိုင်ခြင်းပဲ။ တစ်ခါတစ်ခါ တွေးမိ တယ်။ တို့သာသနာ အိန္ဒိယက စောစောထွက်ခွာခဲ့တာ အတော်လေး ကံကောင်းတယ်လို့်ပေါ့။ နို့မို့ဆိုရင် အိန္ဒိယမှာ ခုလောက်ဆို ဖရိုဖရဲ ကိုးရို့ကားယားကြီးဖြစ်နေမှာလို့။ အိန္ဒိယမှာ လွတ်လတ်မှု အပြည့်ရှိတယ်။ ဒါကြောင့် အိန္ဒိယကို လွတ်မြောက်နယ်မြေလို့ အချို့သုံးကြ တယ်။


ဘွဲ့ဒီဂရီအတွက်

ဒါကလည်း သဘာဝကျပါတယ်။ ပါဠိစာပေနဲ့ ဆိုရင် ဓမ္မာစရိယပြီးထားတဲ့ ရဟန်းတော် တစ်ပါးဟာ အိန္ဒိယ ပါဠိဒေါက်တာဘွဲ့နဲ့ ညီမျှပါတယ်။ အဲဒီအတွက် လာတာပါဆိုရင် ငြင်းစရာ မရှိပါဘူး။ ခက်တာက အိန္ဒိယ ဒေါက်တာဘွဲ့များဟာ အရေအတွက်အဆင့်ထက် မပိုဘူးဆို တာပဲ။ အိန္ဒိယဆိုတာ အမ်အေ နဲ့ ဒေါက်တာ ဘွဲ့ဆိုတာတွေကို ကမ္ဘာမှာ နှစ်တိုတို ဈေးချိုချိုနဲ့ ဖောဖောသီသီ ရောင်းစားနေတဲ့ နေရာတစ်ခုဆိုပဲ်။ မြန်မာရဟန်းတော်တွေထဲက အိန္ဒိယမှ ဒေါက်တာဘွဲ့ ရရှိတော်မူသွားကြတာ အရေ အတွက်အားဖြင့် ၁၀၀ နီးပါး ရှိသွားပြီလို့ သိရတယ်ဲ။ ဒါပေမဲ့ ကမ္ဘာ့ စတိတ်ခုံတွေမှာ မြန်မာရဟန်းတော်များရဲ့ အသံဟာ တိတ်ဆိတ် နေတုန်းပဲ ရှိသေးသတဲ့။ ဒါကြောင့် သီတဂူဆရာတော်က မိန့်တယ်။ ဘွဲ့နဲ့လျှော်ညီတဲ့ အရည် အသွေးရှိဘို့ အထူးလိုအပ်တယ်။ ပြီးတော့ ကမ္ဘာ့စတိတ်ခုံတွေမှာ တက်ရောက်ပြောနိုင်တဲ့ အဆင့်အထိ အင်္ဂလိပ်စကားကို ကောင်းကောင်းအသုံးချနိုင်ရမယ် တဲ့။


ပြည်ပသာသနာပြုဖို့

ပြင်ပကို ထွက်လာကြခြင်းရဲ့ အကြောင်းရင်း တစ်ခုကတော့ ပြည်ပကို သာသနာပြုနိုင်အောင် ဆိုတဲ့ အချက်ပဲဖြစ်တယ်။ ပြည်တွင်းအတွက်ဆိုရင် ပြည်ပကို သွားစရာမလိုလောက် အောင်ပါပဲ။ ပြည်တွင်းမှာ ပါဠိပိဋကတ် အသိဉာဏ်နှင့် ပတ်သက်ပြီး အပြည့် အစုံ ရှိနေတယ်။ အဲဒါတွေကို ပြည်ပက လူတွေ သိအောင် လုပ်ဖို့ လိုအပ်တယ်။ အဲလို ပြည်ပကို သာသနာပြုဖို့ လိုတယ်ဆိုတဲ့ အတွေးက ပြည်ကကို သွားပြီး ပညာသင်ခြင်းရဲ့ အဓိက ရေသောက်မြစ်တစ်ခု ဆိုရင် မှားမယ် မထင်ဘူး။ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ တက္ကသိုလ် အသီးသီးရဲ့ အခြေခံ စည်းမျဉ်းမှာ ဒီအချက်ကို ကောင်းကောင်းတွေ့နိုင်တယ်။


လိုအပ်နေသော အရာ

တကယ်တော့ ပြည်ပကို ပိုက်ဆံအများကြီးပေး၊ ဒုက္ခသုက္ခခံ ပညာသင်ထွက်လာကြတာ လိုအပ်ချက်တစ် ခုကြောင့်သာဖြစ်တယ်ဆိုတာ သံသယမရှိပါဘူး။ အဲဒါဟာ ဘာလဲဆိုရင်တော့ စောစောက ပြောခဲ့သလို ယတိပြတ်ပြောပြဘို့ အခက်သားလား။ သူသူကိုယ်ကိုယ် သွားချင်ကြ၊ ရောက်ဘူးချင်ကြကြတာ။ အများရဲ့ အထင်အမြင်ကြီးမှုကို ခံယူချင်ကြတာ၊ ပိုမို ကောင်းတဲ့ အခွင့်အလမ်းတွေကို မျှော်လင့်မိကြတာတွေဟာ ပုထုဇဉ်သဘာဝအတိုင်း တစ်စိတ် တစ်ပိုင်းပါဝင်မှာပေါ့။ ဒါပေမဲ့ အဲဒါတွေက အဓိကမဟုတ်ဘူး။ ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် ကြီးပွားရာ ကြီးပွားကြောင်းနည်းလမ်းကောင်းတွေ ရှာဖွေချင်ကြတာ။ ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်လူမျိုး အောက်တမ်းနောက်တမ်း မကျစေချင်တာ စတဲ့ အကြောင်းများဟာ တကယ့်အရင်းခံ စေတနာတွေပါ။ ဒါကြောင့် ပြည်ပကို ထွက်လာတာ အပျော်သက်သက် မဟုတ်ဘူး။ အကြောင်းမဲ့ မဟုတ်ဘူးဆိုတာ သိနိုင်တယ်။ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်နေနေ တကယ့်မြင့်မြတ်မှန်ကန်တဲ့ ကိုယ့်အတွက် ကိုယ့်ဘာ သာအတွက် ကိုယ့်လူမျိုးအတွက် စတဲ့ ဗလ၀ စိတ်စေတနာတွေကို ရင်ဝယ်ပိုက်ပြီး လိုအပ် နေသော အရာတစ်ခုကို ရှာဖွေကြခြင်းပဲ။ ဒါကြောင့် ပြည်ပပညာတော်သင်များကို လေးစား ထိုက် ဂုဏ်ပြုထိုက် မြတ်နိုးထိုက်ပါတယ်။ အတိုင်းအတာ တစ်ခုအထိ ပညာတွေ ရပြီးရင် အမိမြေကို ပြန်ကြမယ်။ စွမ်းနိုင်တဲ့ဘက်က စွမ်းနိုင်သလောက် အမိမြေကို တည်ဆောက်ကြမယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ အထက်တန်းကျကျ မျက်နှာပန်းလှစေဘို့ နည်းလမ်းကောင်းတွေ ချပြပေးကြမယ်။ ဦးဆောင်ဦးရွက်ပြုကြမယ်။ ထို့ထက်စွမ်းနိုင်သူများက ကမ္ဘာကုန်ကျယ်သရွေ့ လျှောက်သွားပြီးတော့ ဗုဒ္ဓတရားတော်တွေကို ဖြန့်ဝေကြ မယ်။ အဲလိုနဲ့ ဘ၀စာမျက်နှာတွေမှာ သမိုင်းမှတ်တမ်းတင်ထားခဲ့မယ်လေ။


နောင်တစ်ချိန်မှာ

နောင်တစ်ချိန်မှာ ပြည်ပမှာ ရနိုင်တဲ့ ကောင်းမြတ်တဲ့ အခြေအနေတွေကို ပြည်တွင်းမှာ ရနိုင် အောင် ဖန်တီးကြရမှာဖြစ်တယ်။ အဲဒီအခါ ဘယ်ကိုမှ မျှော်ကြည့်နေစရာမလိုတော့ဘဲ ကိုယ့် ၀န်းကျင်မှာပဲ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနေပြီး ကမ္ဘာ့လူသားများကို မျှဝေပေးကြ မယ်ပေါ့။ ကမ္ဘာ့တွေးခေါ် ပညာတွေ၊ သမိုင်းလေ့လာနည်းတွေ။ သုတေသနပြုနည်းတွေ။ အချိန်တိုအတွင်း တတ်သိနားလည်နိုင်တဲ့ စာပေလေ့လာနည်းတွေ။ စတာတွေကို ကမ္ဘာက မျက်စိကျလာတဲ့အထိ ဖန်တီးသင်ကြားကြမယ်လေ။ ရှိမြဲ ပါဠိအရည် အသွေးကို လျှော့ချ မပစ်ဘဲ။ တတ်ပြီးသား အဘိဓမ္မာနဲ့ ၀ိပဿနာနည်းတွေကို လက်လွှတ်မပစ်ဘဲ။ ဒါတွေကို မြဲမြဲဆုပ်ကိုင် ခေတ်ပညာတွေနဲ့ တန်ဆာဆင်ပြီး ကမ္ဘာကို ကိုင်လှုပ်ကြမယ်ပေါ့။


၂၄-၆-၂၀၁၀

Monday, June 28, 2010

ပြည်ပ ပညာတော်သင်နှင့် အတွေးလှိုင်းဂယက်များ(၂)

ပညာတော်သင် ဘာကြောင့်သွားတာလဲ

ပြည်တွင်းမှာ ပါဠိစာပေနှင့် ပတ်သက်ပြီး ဒီလောက်ပြည့်စုံ ကုန်လုံ ကြွယ်ဝနေပါလျက် ဘာကြောင့် မြန်မာ ရဟန်းတော်များဟာ ပြည်ပကို ပညာတော်သင်သွားချင်ရတာလဲ။ ပြည်ပက ပြည်မလောက် ပေးနိုင်ရဲ့လား။ ပြောရဲပါတယ်။ မပေးနိုင်ပါဘူး။ ဒါဆို ဘာ့ကြောင့် ချေကြွတော်မူရတာပါလဲ။ ချေကြွတော်မူခကလည်း နည်းနည်းနောနော မဟုတ်ဘူး။ တစ်ပါးကို ဒေါ်လာ ၄၀၀၀ နှုန်းနဲ့ တွက်ပါဦး အပါး ၁၀၀ ဘယ်လောက်။ ငါးရာဆို ဘယ်လောက်။ တစ်ထောင်ဆို ဘယ်လောက် တွက်ကြည့်လို့ ရတယ်။ ဒါတွေဟာ မညှာတမ်း ပြောရရင် တိုင်းပြည်ငွေတွေပဲ။ တိုင်းပြည်ကို ဆင်းရဲတယ် အောက်ကျ နောက်ကျတယ် စသည် ဘက်ပေါင်း စုံပြောရင် ဒါတွေလည်း ထည့်ပြောရတော့မှာပဲ။ တိုင်းပြည်ကို မကြည့်သင့်ဘူးလား စသည်ပေါ့။ ဘယ်လိုပဲဖြစ် နေနေ တို့နိုင်ငံက သာသနာကို ကြည့်တယ်ဆိုတာ ဒီနေရာမှာ ပေါ်လွင်လွန်း အားကြီးတယ်။ ဒါတွေကို ဘယ်လို ကာမိအောင် လုပ်ကြမလဲဆိုတာသာ တွေးမိဘို့ လိုတယ်။ ဒါဆို ပြည်ပ ပညာတော်သင် သွားတယ်ဆိုတာ ပါဠိဘာသာ အတွက် မဟုတ်တာတော့ သေချာတယ်။ ဒါကြောင့် ကိုရီယား သီလရှင်တစ်ပါးက သီတဂူဆရာတော်ကို မေးဘူးသတဲ့ ပါဠိစာပေထွန်းကားတဲ့ မြန်မာနိုင်ငံက ရဟန်းတော်များဟာ ပါဠိမထွန်း ကားတဲ့ အိန္ဒိယလို နေရာမျိုးမှာ ဘာကြောင့် သွားရောက်ပညာသင်ရတာလဲတဲ့။ အဖြေရ အတော်ကျပ်မယ့် မေးခွန်းပဲ။ ဟုတ်တယ် အိန္ဒိယမှာ ပါဠိဆရာကောင်းကောင်း မရှိဘူး။ ဆရာဆိုတဲ့ နေရာကို ယူထားတဲ့ ပုဂ္ဂိုလ်များကလည်း ဗုဒ္ဓဘာသာ မဟုတ်တဲ့ ဗြဟ္မဏဆိုတဲ့ လူပုဂ္ဂိုလ်တွေပဲ။ ဆန်းစစ်ကရစ်ဘာသာကို ကျွမ်းကျင်ကြတယ်ဆိုတော့ ပါဠိစာပေဘက် အလွယ်တကူကူးနိုင်တာပေါ့။ ဒါပေမဲ့ ယုံကြည်မှုမရှိသည့်အပြင် ပါဠိစာပေကို ရိုသေမှုနည်းပါးတာကြောင့် အဋ္ဌကာထာ ဋီကာစကားတွေကို နားမထောင်ဘဲ ထင်မိထင်ရာ ယူဆ ပြောဆိုနေကြတာများတယ်။ မဲမဲမြင်ရင် ဗုဒ္ဓဘာသာဟာ ဗြဟ္မဏ၀ါဒ က ကူးယူချထား တာပါ၊ ဗြဟ္မဏ ဘာသာမှာလဲ ဒါတွေရှိပါတယ်။ ဗုဒ္ဓဘာသာနဲ့ ဗြဟ္မဏ၀ါဒ အတူတူပါပဲ စတာတွေကို ပုံမှားရိုက် ပြောဆိုသင်ပြ နေတာကြောင့် တော်ရုံတန်ရုံနားသမားဆို ယောင်သွားနိုင်တယ်။ ကုလားဆီက မရတဲ့အပြင် ရှိတာလေး ပါမသွားရင်ကံကောင်း။


အဖြေဘယ်လိုလဲ

သီတဂူဆရာတော်က မိန့်တယ်။ ကိုရီးယားသီလရှင် မေးတာကို ကြိုးစားပြီး ဖြေကြတဲ့။ ဖြေကြည့်ပါတယ်။ အဖြေက သိပ်များများ မရပါဘူး။ ပါဠိစာပေအတွက်လား။ ပါဠိစာပေကို ခေတ်နှင့်အညီ သင်နိုင်တဲ့ နည်းစနစ်ကောင်းတွေ ရအောင်လို့လား။ ဒါဆို သီရိလင်္ကာက ပိုနီးစပ်မယ်ထင်တယ်။ ပါဠိကို စနစ်သစ်နဲ့ သင်ကြားနိုင်တာ သီရိလင်္ကာနိုင်ငံက ရှေ့ပြေးတယ်လို့ နာမည်ရတယ်။ ဒါတောင် ပြောသလောက် မဟုတ် ဘူးလို့ ပြောကြတယ်။ သီရိလင်္ကာမှာ အင်္ဂလိပ်စာကိုသာ အဓိက ထားသင်ကြားနေကြတဲ့ အတွက်ကြောင့် ပါဠိပိဋကတ်တတ်သူ အတော်ရှားသွားပြီလို့ ဆရာသမားတစ်ယောက်က ပြောဘူးတယ်။ အိန္ဒိယမှာလား။ အိန္ဒိယမှာကတော့ သိတော်မူတဲ့အတိုင်းပဲလေ သင်တန်းဆရာ အတော်များများဟာ ဘာသာ ပြန်နဲ့တင် လုံးလည်လိုက်နေတာပါပဲ။ အချို့ ဆရာလုပ်နေပေမဲ့ ပါဠိစာပေကို နည်းနည်းလေးမျှ သင်ကြားဘူးတာ မဟုတ် ဘူး။ အဲလိုဆရာမျိုးတွေဆီလာပြီး ပိုက်ဆံပေး ခါးညောင်း ဇက်တောင့် တပည့်ခံ ပညာသင်ရတာ ၀ဋ်ကြီးလို့ပဲလို့ ယူဆတယ်။ အတန်းထဲမှာ ဆရာ မှားသမျှ ထောက်ပြနေရရင် တစ်လုံးမှ သင်ရမှာ မဟုတ်တော့ဘူး။ ထားပါ တော့ အိန္ဒိယမှာ ပါဠိကောင်းကောင်း မရနိုင်ဘူးဆိုတာ ပြောချင်တာပါပဲ။


အင်္ဂလိပ်စာအတွက်ပေါ့

ဒါကတော့ ဖြစ်နိုင်ချေရှိပါတယ်။ အိန္ဒိယမှာ သုံးဘီးသမားကစ အင်္ဂလိပ်စကား ပြောနိုင်တယ်။ ဒါပေမဲ့ နေရာတိုင်းမှာ မဟုတ်ဘူး ဘုံဘေ ပူနေး ဒေလီစတဲ့ မြို့ကြီးနေရာလောက်မှာ တွေ့ရတယ်။ ဗာရာဏသီ၊ ဗီဟာစတဲ့ အခြားနေရာတွေမှာတော့ ဟိန္ဒူစကားမတတ်ရင် မဖြစ်သလောက်ဘဲ။ အားသာချက်တစ်ခုက ကုလားဆရာ ဆရာများဟာ အင်္ဂလိပ်စာ စကား သိပ်ကျွမ်းကျင်ကြတယ်။ ချပို့သင်ကြားမှုကို အင်္ဂလိပ် နဲ့သွားတယ်။ ဒါကြောင့် အင်္ဂလိပ်စာ စကား အတွေ့အကြုံ ဒီမှာ ကောင်းကောင်းရနိုင်တယ်လို့ ပြောကြတာပေါ့။ ပြည်မမှာ တစ်နေကုန်နေလို့မှ အင်္ဂလိပ်စကား တစ်လုံးပြောထွက်ဘို့ မလွယ်ပေမဲ့ ဒီမှာတော့ အင်္ဂလိပ်စကားကို အချိန်ပြည့်လို ပြောနေနိုင်တာဟာ အာသားချက်တစ်ခုပဲ။ အင်္ဂလိပ်စာ အတွက် ပတ်ဝန်းကျင် အပြောင်းအလဲ တစ်ခုလုပ် လိုက်တာပါပဲ။

Sunday, June 27, 2010

ပြည်ပ ပညာတော်သင်နှင့် အတွေးလှိုင်းဂယက်များ

ယမန်နေ့က online မှာ သူငယ်ဖြစ်သူ ဦးဝေပုလ်နှင့် တွေ့လို့ စကားပြောဖြစ်တယ်။ သူက စစ်ကိုင်း သီတဂူကပါ။ ယခု ရန်ကုန်ရောက်နေတယ်။ အိန္ဒိယကို ပညာတော်သင်ထွက်ဘို့ ပြင်ဆင်နေတာတဲ့။

ပညာတော်သင် ကိစ္စဟာ မြန်မာပြည်မှာ အတော်လေး ရေးပန်းစားနေတာ တွေ့ရတယ်။ ဒကာ ဒကာမတွေကလည်း အားပေးကြတယ်။ ထောက်ပံ့လှူဒါန်းကြတယ်။ ယခုဆို ပြည်ပ ပညာတော်သင် ရဟန်းတော်ပေါင်း ထောင်ဂဏန်းနီးနေပြီ။ အိန္ဒိယနှင့် သီရိလင်္ကာ ၂နေရာကို အသွားများတယ်။ ထိုင်း သြစတေးလျ အမေရိက အင်္ဂလန်စတဲ့ နေရာတွေမှာ ပညာသင်နေ တာတွေလည်း ရှိသေးတယ်။ ဒီလို အင်နဲ့အားနဲ့ မြန်မာရဟန်းတော်များ ပြည်ပကို ပညာတော် သင်ထွက်နေတာနဲ့ ပက်သက်ပြီး မေးခွန်းတွေလည်း ဖြစ်ပေါ်လာကြတယ်။ ဘာအတွက်လဲ ဘာကြောင့်လဲ စတာတွေပေါ့။


ကမ္ဘာ့အမြင့်ဆုံးနေရာက မြန်မာ

မြန်မာနိုင်ငံဟာ ပါဠိပိဋကတ်နဲ့ ပတ်သက်လာရင် ကမ္ဘာမှာ ထိပ်ဆုံး ကျွန်တော်ပါ။ ဘယ်နေ ရာမှာမှ မရှိတော့တဲ့ စာသင်နည်း စနစ်တွေနဲ့ ပါဠိစာပေကို အပြည့်စုံဆုံး သင်ယူနေကြတာ မြန်မာတွေပဲ ရှိတယ်။ မြန်မာရဟန်းတော်များဟာ ကမ္ဘာမှာ ပါဠိ စာပေအတော်ဆုံးနေရာမှာ ရှိပါတယ်။ ကမ္ဘာမှာ လူအများ စိတ်ဝင်စားဆုံးဖြစ်တဲ့ အဘိဓမ္မာဘာသာရပ်ကို မြန်မာများက ရေကျိုသောက်ထားကြတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ကျင့်စဉ်တစ်ရပ်လို့ သတ်မှတ်ခံထားရတဲ့ ၀ိပဿနာကျင့်စဉ်တွေကို မြန်မာတွေ ကောင်း ကောင်း ထိန်းထားနိုင်ကြတယ်။ ဒါကြောင့် မြန်မာဟာ ဗုဒ္ဓဘာသာတရားတော်နှင့် ပတ်သက်ပြီး ထိပ်ဆုံးနေရာမှာ ရှိနေတယ်။ ကမ္ဘာက ဒီကျင့်စဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာများ ဆီကို ဒူးထောက် နားထောင်နေရတယ်။ ဒါကြောင့် ရဟန်းတော်တစ်ပါးက ရေးဘူးတယ်။ မြန်မာက ကမ္ဘာကို ဆရာလုပ်ချိန်တန်ပြီတဲ့။ မှန်လိုက်တဲ့ စကား။


မြန်မာနိုင်ငံ ပညာရေးစနစ်

မြန်မာနိုင်ငံ ရဟန်းတော်များ ကျင့်သုံးနေတဲ့ ပညာရေးစနစ်ဟာ လွန်ခဲ့တဲ့ နှစ် တစ်ထောင်လောက်ကတည်းက စမ်းသပ်တည်ထွင်ပြီး စကာတင်ကျန်ရစ်ခဲ့တဲ့ အနှစ်အသား များချည်း စုဝေးနေတဲ့ ပညာသင်ကြားရေးစနစ်တစ်ခုပါ။ ခေတ်ပေါ်သင်ကြားနည်းစနစ်တွေ ဘယ်လိုပင် ပေါ်ထွက်လာစေတော့ ခေတ်ဟောင်းစနစ်ကိုတော့ မကျော်လွန်နိုင်သေး ဘူးဖြစ်နေတယ်။ ဒါကြောင့် လက်ရှိအတိုင်း ဆက်ထိန်းထားနိုင်ဘို့ လိုအပ်တယ်လို့ ပညာရှင်များက ပြောကြတာပေါ့။ ခေတ်ပေါ်နည်းတွေကို လက်ခံဘို့ စောင့်ကြည့်ရင်း ခေတ်နည်းတွေဟာ ရေပေါ်ဆီလို အနည်မထိုင်တတ်တာမို့ သိပ်အားမကိုးရဲသေးတာ မဆန်းပါဘူး။ ခေတ်ရေစီးကြောင်းအရ ခေတ်အလိုက် ပညာသင်ကြားရေးကျောင်းတွေ ပေါ်ပေါက်လာတာလည်း ငြင်းဆန်စရာ မလိုပါဘူး။ လိုအပ်လို့ ပေါ်ပေါက်လာတာပဲ မဟုတ်လား။ ဒါပေမဲ့ ဘယ်ဟာ အကောင်းဆုံးလဲဆိုတာကိုတော့ မျက်ခြေမပြတ် စောင့်ကြည့် နေရင်း အကောင်းဆုံးလို့ အတည်ပြုပြီးရင် အဲဒီ အကောင်းဆုံးနောက်ကို လိုက်ကြဘို့ပဲပေါ့။


အကျင့်နှင့် အသိ

မြန်မာနိုင်ငံ ပညာသင်ကြားရေးစနစ်က သင်ကြားရေးသက်သက်တင် ရပ်နေတဲ့ စနစ်မ ဟုတ်ဘူး။ လက်တွေ့ကျင့်ကြံစမ်းသပ်မှုတွေနဲ့ တန်ဆာဆင် ထုံမွှမ်းထားတဲ့ ကျစ်လစ်ခိုင်မာ သေချာတဲ့ နည်းစနစ်ဖြစ်တယ်။ သင်ကြားရေးစနစ်သက်သက်ဆိုရင် ဒီလောက် ဘယ်ခိုင်မာ လိမ့်မလဲ။ မဟာယာနတွေ တောမရောက် တောင်မရောက်ဖြစ်နေတာ လက်တွေ့ မပါကြလို့ဘဲ။ တစ်နေကုန် နမော အမိတာဘာ စတဲ့ ဂါထာမန္တာန်တွေကို ရွတ်ဖတ်နိုင်ရန် လွတ်မြောက်မှုရနိုင်တဲ့ဆိုတဲ့ အယူအဆတွေဟာ ပန်းသလောက် ခရီးမရောက်တဲ့ နည်းစနစ်တွေပဲ။ ထေရ၀ါဒမှာတော့ ပညာသင်ကြားရေးစနစ်က ရှင်းတယ်။ ပရိယတ္တိ- သင်ကြားမှုနဲ့ ပဋိပတ္တိ-လက်တွေ့ကျင့်ကြံအားထုတ်မှု ဒီနှစ်ကိစ္စကို တစ်ပါတည်း ဆောင်ရွက်နိုင်တဲ့ ပညာသင်ကြားရေးစနစ်ဖြစ်တယ်။ စာတွေ့ လက်တွေ့ ၂ မျိုးပေါင်းစပ် ထားတဲ့ ပညာသင်ကြားရေးစနစ်ကို ရှေးအထက်ကျော်ကာရီကတည်းက ချမှတ်ခဲ့တာပဲ။ ဒီစနစ်အတိုင်း လိုက်နာကျင့်သုံးခဲ့ကြလို့ မြတ်စွာဗုဒ္ဓသာသနာတော်ဟာ ဒီလောက်ထိ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တာပေါ့။ ဒါဟာ စနစ်တစ်ခုရဲ့ ခိုင်မာတိကျမှုကို သက်သေပြနေခြင်းပဲ ပြောလို့ရတယ်။

Thursday, June 24, 2010

experience create the realization (3)

ညနေခင်း သင်တန်း

ညနေ ၅ နာရီသင်တန်းကတော့ တစ်ကိုယ်တော် သင်တန်းပါပဲ။ သူက pali department မှာ ဆရာလုပ် နေသူပါ။ ဒါပေမဲ့ ပါဠိစာပေ မသင်ဘူးဘူး။ အင်္ဂလိပ်ဘာသာပြန်နဲ့တင် ဆရာလုပ်နေသူတစ်ယောက်ဖြစ်တယ်။ ဒါကို ကာမိဘို့ ပါဠိသဒ္ဒါသင်ချင်နေတာ ကြာပြီဆိုပဲ။ မြန်မာပြည်ကိုတောင် သွားပြီး ပါဠိစာပေ သင်ယူဘို့ စိတ်ကူး ထားသတဲ့။ ဒါပေမဲ့ ယခုတော့ သူအကြံအစည်တွေ ပျက်သွားပြီဆိုပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အိမ်ထောင် ကျသွားလို့တဲ့။ ဟုတ်တယ် ပြီးခဲ့တဲ့ ၂ လပိုင်းလောက်က သူ အိမ်ထောင်ပြုခဲ့တာ မှတ်မိသေးတယ်။ သူက ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုတော့ သူ့မင်္ဂလာဆောင်ပွဲကို ဗုဒ္ဓ၀ိဟာရမှာ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့် လျှော်ညီစွာ ပြုလုပ်တာ ဖိတ်ကြားလို့တက်ရောက်အားပေးခဲ့ရသေးတယ်။

သူက ဆရာတစ်ယောက်ဆိုတော့ တက္ကသိုလ်ထဲက ဆရာများအဆောင်မှာ နေပါတယ်။ သူ့ဆီကို ညနေတိုင်း သွားပြီးသင်ပါတယ်။ စောစောက ဆိုင်ကယ်နဲ့ အကြိုအပို့ လုပ်ဘို့ ပြောပါသေးတယ်။ မဝေးလှတာမို့ ဘာမှ မလုပ်ဘို့ ပြောထားရတယ်။ အိမ်ကို ရောက်လာရင် ရေကပ်တယ်။ သင်တန်းပြီးချိန်မှာ ကျရေ သို့ အသီးအနှံ တစ်ခုခု ကပ်တယ်။

ယခု စာသင်တာ သန္ဓိပိုင်းပြီးလို့ နာမ်ပိုင်းကို ရောက်နေပြီ။ စာရေးသူရဲ့ သင်ပြမှု အားလုံးကို အားရကျေနပ်မိတဲ့ အကြောင်း ပြောပြတယ်။ နံက်ပိုင်း အဘိဓမ္မာကိုလည်း နေ့စဉ်လာရောက် သင်ယူသေးတယ်။


မြန်မာနိုင်ငံအကြောင်း

မြန်မာနိုင်ငံရဲ့ ဘာသာရေး ထုံးတမ်းစဉ်လာပွဲတော်တွေ ဘုန်းကြီးကျောင်းပညာရေး အခြေအနေတွေကို သင်တန်းချိန်အတွင်း စကားစပ်မိလို့ ပြောပြတဲ့အခါ တအံတသြဖြစ်နေတယ်။ မြန်မာနိုင်ငံဟာ သိပ်ကောင်းတဲ့ နေရာဒေသတစ်ခုပါပဲလို့ အမြဲတမ်းပြောတယ်။ မြန်မာနိုင်ငံက ရှင်ပြုပွဲတွေ၊ ရဟန်းခံပွဲတွေ၊ ကထိန်ပွဲတွေ အကြောင်းက သူ့ဘ၀အတွက် တကယ့် ရင်သပ်ရှုမောစရာဖြစ်နေတော့တယ်။ အိန္ဒိယမှာ အဲလိုမြင်ကွင်းမျိုးတွေ ဖန်တီးပေးနိုင်ရင် သိပ်ကောင်းမှာဘဲလို့ ပြောတယ်။ တစ်နေ့တော့ ဖြစ်လာရမှာပေါ့လေလို့ ချွေးသိပ် စကားပြော ပေးရတယ်။


အိန္ဒိယဗုဒ္ဓဘာသာ

အိန္ဒိယမှာက ဗြဟ္မဏ၀ါဒက အဓိကဖြစ်တယ်။ အခွင့်အရေးအားလုံးဟာ သူတို့လက်ထဲမှာ ရှိတယ်။ ဗုဒ္ဓဘာသာ ကိုတောင် ဗုဒ္ဓဘာသာမဟုတ်တဲ့ ဗြဟ္မဏတွေက လွှမ်းမိုးချုပ်ကိုင်ထားတာ တွေ့နိုင်တယ်။ သူတို့က ဗုဒ္ဓဘာသာ ကို ဟိန္ဒူဘာသာရဲ့ လက်ခွဲဘာသာတစ်ရပ်အဖြစ် ဖန်တီးထားကြတယ်။ ဟိန္ဒူအယူအဆတွေကို ဗုဒ္ဓ၀ါဒဖြစ်လေ ဟန် လူအများစု ထင်ယောင်ထင်မှားဖြစ်အောင် ပြောပြပြီး ဗုဒ္ဓဘာသာကို အနီးကပ်ထိုးနှက်တိုက်ခိုက် နေကြတယ်။ အိန္ဒိယမှာ တကယ့် ဗုဒ္ဓဘာသာဝင်တွေဟာ ပညာမဲ့ ပစ္စည်းမဲ့ ဇာတ်နိမ့်တွေများတယ်။ သူတို့ဟာ ဇာတ်မြင့် ဗြဟ္မဏတွေရဲ့ ဖိနှိပ်မှုကြောင့် ဗုဒ္ဓဘာသာဘက် ပြေးဝင်လာကြသူများဖြစ်တယ်။ ဗုဒ္ဓဘာသာ ၀င်ဆိုပေမဲ့ ဘာသာရေးအကြောင်းကို မသိ နားမလည်သူတွေက ပိုများတယ်။ ပြောဆိုညွှန်ပြမဲ့ ဘုန်းကြီးသံဃာ မရှိခြင်းရဲ့ ဆိုးကျိုးတွေဖြစ်တယ်။ အိန္ဒိယမှာ ရှင်ပြု ရဟန်းခံပွဲသဘင်မရှိဘူး။ ဘုန်းကြီးသံဃာတွေကို မင်္ဂလာ ဆောင်နှင့် အိမ်သစ်တက်ကိစ္စတွေလောက်သာ ပင့်ဖိတ်မှုရှိတယ်။ အိန္ဒိယတစ်နိုင်ငံလုံး အိန္ဒိယနိုင်ငံသား ဘုန်းကြီးရ ၏ဟန်း တစ်ထောင်လောက်ရှိမယ်။ ဒါပေမဲ့ ပိဋကတ်စာပေ တတ်ကျွမ်းမှု မရှိကြဘူး။ သင်ကြား ပို့ချတဲ့နေရာ မရှိဘူး။ ဒါကြောင့် အချို့ ခေတ်ပညာတတ်များဖြစ်ပေမင့် သူတို့နိုင်ငံအတွက် ဘာတွေလုပ် ပေးရမယ်ဆိုတာကို မသိကြဘူး။ အဲလို အစွမ်းအစ မရှိကြတဲ့အတွက် လူတွေရဲ့ အားကိုးမှုကို မခံရဘူးဖြစ် နေတယ်။ ဒါဟာ အိန္ဒိယနိုင်ငံရဲ့ ဗုဒ္ဓဘာသာ အခြေအနေတစ်ရပ်ပါ။ ဆိုလိုတာက အိန္ဒိယမှာ သာသနာပြန် လည်ထွန်းကားဘို့ မလွယ်သေးဘူးဆိုတာပဲ။


သင်တန်းအတွက် ပြင်ဆင်မှု

အဘိဓမ္မာသင်တန်းအတွက် အဘိဓမ္မတသင်္ဂဟကို ပင်တိုင်ထား သင်ကြားတယ်။ အဓိပ္ပါယ်သဘော တရားတွေကို တောင်မြို့ဆရာတော်ရဲ့ ဘာသာဋီကာကို အားကိုးရတယ်။ အင်္ဂလိပ်ဘာသာပြန်ကတော့ ဘိက္ခုဗောဓိရဲ့ Comprehensive Manual of Abbhidhamma နှင့် ဘိက္ခု နာရဒ ရဲ့ A menual of Abhiddhamma စာအုပ်ကို လက်ကိုင်ပြုရတယ်။ ညနေခင်းသင်တန်းအတွက်ကိုလည်း တောင်မြို့ဆရာ တော်ရဲ့ ကစ္စည်းဘာသာဋီကာနှင့် ရူပသိဒ္ဓိဘာသာဋီကာတို့ကို အားကိုးရတယ်။ အင်္ဂလိပ် ဘာသာပြန်ကတော့ အင်တာနက်က ရတဲ့ ဘာသာပြန်စာအုပ်ကို လက်ကိုင်ပြုပြောရတယ်။ ဂုရုကြီး ဂိုအင်ဂါရဲ့ ဆဋ္ဌသံဂါယနာ ပိဋကတ်သုံးပုံ စီဒီနှင့် တောင်မြို့ဆရာတော်ရဲ့ ဘာသာဋီကာ စီဒီကို ကွန်ပျူတာထဲမှာ ထည့်ထားတယ်။ ပြီးတော့ ပါဠိအဘိဓာန်စီဒီကိုလည်း ထည့်ထားသေးတယ်။ စာအုပ်တွေက လက်တစ်ကမ်းမှာမို့ အချက်အလက် ရှာဖွေ ကြည့်ရှုရတာ လွယ်ကူပါတယ်။ သိပ္ပံခေတ်ရဲ့ အားသာချက်တစ်ခုပါဘဲ။


သင်တန်းအတွေ့အကြုံ

အချို့သူငယ်ချင်းတွေကမေးတယ် ‘ ကုလားတွေကို အပင်ပန်းခံ သင်ပေးနေတာ သူတို့ဆီက ဘာယူမယ်လို့ စိတ်ကူးထားလဲ တဲ့။ မေးသင့်တဲ့ မေးခွန်းတစ်ခုပါဘဲ။ ကုလားပြည်မှာ အလကားဘာမှ မရဘူး။ စာရေးသူတို့ ပြည်ပကျောင်းသားများအဖို့ မီနစ်စက္ကန့်နှင့်အမျှ နေခ ရေခ ငွေတွေပေးနေရတာပဲ။ လူက အိပ်နေတာတောင် ပိုက်ဆံက မအိပ်ဘဲ အိပ်ထဲက ခုန်ထွက်နေတယ်ဆိုတာ ပြောလို့ရတယ်။ သူတို့နှင့်စပ် ယူစရာကတော့ အတွေ့အကြုံပါပဲ။ ဒီအတွေ့အကြုံဟာ နောက်နောင် သင်တန်းများအတွက် များစွာ အထောက် အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဘယ်လိုသင်ရမယ်၊ ဘယ်လိုသင်ရင် ပိုမိုနားလည်နိုင်တယ် စတဲ့ အတွေးကောင်းများလည်း ဒီအတွေ့အကြုံပေါ်မူတည်ပြီးတော့ ဖြစ်လာနိုင်တယ်။ အတွေ့အကြုံကို လုပ်ယူလို့ မရစကောင်းဘူး။ တန်ဖိုးဖြတ်လို့ မရဘူးဆိုတဲ့ သီအိုရီတွေ ရှိတယ်။ အမှန်ကတော့ အတွေ့အကြုံဆိုတာ ပြိုင်ပွဲဝင်ဓားကို ထက်အောင် သွေးနေခြင်းတစ်မျိုးပါပဲ။ experience create the realization အတွေ့အကြုံ သည် နားလည်မှုကို ဖန်တီးပေးနိုင်သည် ဟုဆိုလျှင် မှားလေမလား။


km

Wednesday, June 23, 2010

experience create the realization (2)

ဘ၀အားကစားသမား
နံက်သင်တန်းကို သွားတဲ့အခါ တက္ကသိုလ်အားကစားကွင်းကြီးထဲက ဖြတ်သွားတယ်။ အားကစားကွင်းနဲ့ နေတဲ့အဆောင်က လမ်းဘဲခြားတယ်။ နံက် ၇-နာရီလောက်ဆို ကုလားကျောင်းသားတွေ ရောက်လာပြီး ဘောလုံးကန်ကြတယ်။ ခရိကက်ကစားကြတယ်။ စနေ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေဆိုရင် ကုမ္ပဏီဝန်ထမ်း တွေပါ လာရောက်ကစားကြတာမို့ ကွင်းအပြည့် လူအပြည့် ဆူညံနေတော့တာပဲ။ တစ်ခါတစ်လေ နေပူကြဲကြဲ အောက်မှာ တစ်နေကုန် ဆော့ကစားနေတာကို တွေ့ရတယ်။ ကုလားဆိုတာ အချမ်း အပူဒါဏ် အတော်ခံနိုင် ရည်ရှိတဲ့ လူမျိုးပဲ။ ဒီလိုလူမျိုးမှ ဘုရားမဖြစ် ဘယ်လိုလူမျိုးဖြစ်မှာလဲလို့ တစ်ခါ တစ်ခါ တွေးမိတယ်။
အားကစားကွင်းထဲက ဖြတ်သွားတာ အဓိပ္ပါယ်ရှိတယ်လို့ ယူဆထားတယ်။ ကိုယ့်ကိုယ်ကို သံသရာအား ကစား ကွင်းကြီးထဲက ဘ၀အားကစားသမားတစ်ယောက်အဖြစ် ရှုမြင်လို့ ရတယ်။ သံသရာပွဲစဉ်တစ်လျှောက်လုံးမှာ ခန္ဓာဆိုတဲ့ နာမည်ကျော် ဘောလုံးအသင်းနှင့် မနားတမ်းယှဉ်ပြိုင်ကန်လာတာ နိုင်တယ်လို့ မရှိခဲ့ဘူးဘူး။ အမြဲတမ်းရှုံးနေသော ဘောလုံးအသင်းဆိုတာ အခြားဟုတ်ပါရိုးလား ငါဆိုတဲ့ ငါပေါ့။ ဒီဘ၀မှာ ပြန်လည် တိုက်စစ်ဆင်နိုင်ဘို့ ကြိုးစားနေတယ်။ အခြေအနေပေးရင် ယတိပြတ် အနိုင်ယူ ဂိုးသွင်းနိုင်ဘို့အထိ ပြင်ဆင်နေ တယ်။ ဒါပေမဲ့ ဒီကိစ္စက အခက်သားလား။ ကိုယ်က ဂိုးသွင်းဘို့ နေနေသာသာ တစ်ဘက်အသင်းက တိုက်စစ် ဆင်လွန်းလို့ မနားတမ်း ခုခံ ကာကွယ်ဖျက်ထုတ်နေရတာနဲ့ပဲ ပွဲသိမ်းခရာ မှုတ်ချိန်တန်ခဲ့ပြီ။
ကုလားကျောင်းသားတွေက ဘောလုံးကန်ရင်း စာရေးသူကို စောင်းငဲ့လှမ်းကြည့်တတ်ကြတယ်။ တကယ့် အားကစားသမား စစ်စစ်တစ်ယောက်လာနေတာကို သူတို့ မသိကြဘူး။ သူတို့က သူတို့လောက်ပဲ အားကစား သမားလို့ ထင်မှတ်နေကြတယ်လေ။ အထင်နဲ့ အမြင်က တစ်ထပ်တည်း မကျတတ်ဘူးဆိုတာကို သူတို့ မသိရှာကြဘူးထင်တယ်။ ဒါကြောင့် မြတ်စွာဗုဒ္ဓကမိန့်တယ်မဟုတ်ပါလား အန္ဓီဘူတော အယံ လောကော = တစ်လောကလုံး ကန်းနေတယ် တဲ့။


ပန်းကောက်သမားလေး

အားကစားကွင်းကို လွန်ရင် Vice chancellor ရုံးခန်းနားက လမ်းကို ရောက်တော့တာပဲ။ ဒီလမ်းရဲ့ တစ်ဖက်တချက်မှာ တရုပ်စကားတန်းရှိတယ်။ လမ်းပေါ်မှာ ဖွေးဖွေးလှုပ် ကြွေကျနေတာ ကြည့်လို့ သိပ်ကောင်းတယ်။ မြန်မာပြည်က တရုပ်စကားတန်းများနဲ့ တန်ဆာဆင်ထားတဲ့ စစ်ကိုင်းတောင်တက်လမ်းများ ကို သတိရမိတယ်။ လတ်လတ်ဆတ်ဆတ် ကြွေကျနေတဲ့ တရုပ်စကားပန်းအချို့ကို လက်တစ်ခုပ်အပြည့် ကောက်ယူတယ်။ ကျောင်းကိုရောက်တယ်ဆိုရင်ဘဲ ရေဆေးပြီး ဘုရားကို လှူတယ်။ ဒါက နေ့စဉ်လို လုပ်ဖြစ်တယ်။ ကုလားများက သောက်တော်ရေထဲမှာ ပန်းထည့်ပြီးလှူလေ့ရှိတယ်။ သောက်တော်ရေ သန့်သန့် လှူတာလည်း ရှိပါတယ်။ ဘုရားကို ပန်းလှူပြီး နေရာယူ ဘုရားကန်တော့ တရားထိုင်တော့တာပဲ။


စာသင်ချိန်

နံနက် ၉ နာရီ မထိုးမီ ငါးမိနစ်လောက်အလိုမှာ တရားထိုင်ဖြုတ်တယ်။ ဘန္တေ သုဒဿနရဲ့ ကြေးခွက် ခေါက်သံဟာ တရားထိုင်ချိန် ပြီးဆုံးခြင်းကို သိရှိစေတယ်။ တရားထိုင်ပြီးရင် စာချနေရာမှာ ရွှေ့ပြောင်း နေရာယူပြီး စာချမှု စတင်တော့တာပဲ။ စာသင်မှု မစတင်မီ နမောတဿ သုံးခေါက်ရွတ်ဆို ဘုရားကန် တော့ကြတယ်။ ဘုရားကန်တော့ပြီးရင် ပထမဆုံး ယမန်နေ့က ဖတ်ထားတဲ့ ပါဠိကို အလွတ်ရွတ်ဆိုပြစေတယ်။ ပြီးမှ သင်ကြားမှုကို စတင်တယ်။ သင်ကြားတဲ့ အခါမှာ ပါဠိဖတ်၊ ဘာသာပြန်၊ အဓိပ္ပါယ်ပြောတယ်။ မရှင်းမလင်းတာတွေကို မေးစေတယ်။ ပြီးတော့ အဆုံးသတ်ဖြေကြားတယ်။ စာပိုဒ်တိုင်းကို ဒီလိုသွားပါတယ်။ အဓိကကတော့ ၂ ချက်ပါပဲ။ စာကို အကျယ်ပြောပြခြင်းနှင့် လိုရင်းအချူပ်ပြောပြခြင်းတို့ဖြစ်တယ်။ စာသင်ချိန်ပြီး ဆုံးချိန်မှာ ကုလား ကျရေတစ်ခွက်သောက်ပြီး အဆောင်ကို ပြန်လာတော့တာပဲ။

Tuesday, June 22, 2010

experience create the realization

နွေရာသီကျောင်းပိတ်ရက်မှာ သင်တန်း ၂ ခုယူထားတာ သိကြပြီ။ ဒီသင်တန်း ၂ ခုကို ဘယ်လိုစခန်းသွားနေတယ်ဆိုတာကိုလည်း အရိပ်အမြွက်ပြောထားလို့ သိကြပြီ။ သင်တန်းသားကတော့ အပြေးအလွှားရေတွက်ပါမှ ၃-၄ ယောက်ထက် မပိုပါဘူး။ အဘိဓမ္မာသင်တန်း ၄၊ ကစ္စည်း ၁ ပေါ့။ အဘိဓ္မာသင်တန်းကို ဗုဒ္ဓ၀ိဟာရမှာ နံနက် ၉ နာရီမှ ၁၀ နာရီအထိ၊ ကစ္စည်းသဒ္ဒါကို ဆန်းဂျေးတန်ဘဂိတ်အိမ်မှာ ညနေ ၅ နာရီမှ ၆း၃၀ အထိ သင်ပြပေးတယ်။ နားရက်မရှိ နေ့စဉ်သွားရောက်သင်ပြပေးပါတယ်။ သင်တန်းဌာန ၂ ခုလုံးက တက္ကသိုလ် ဧရိယာအတွင်းမှာပဲ ဖြစ်တာမို့ မဝေးလှဘဲလမ်းလျှောက်သွား ကောင်းရုံလေးဖြစ်တယ်။


တရားထိုင်တာ ကောင်းပါတယ်

သင်တန်းချိန်က နံက် ၉ နာရီဆိုပေမဲ့ အဆောင်က နံက် ၈ နာရီ ၁၅ လောက်ထွက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နံက် ၈ နာရီမှ ၉ နာရီကို တရားထိုင်ချိန်အဖြစ် သတ်မှတ်ထားလို့ဖြစ်ပါတယ်။ ဒါပေမယ့် တရားထိုင်ချိန်ကို အပြည့်မပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိပ်ရာထချိန် နံက် ၇ နာရီ။ မျက်နှာသစ် ၊ ကိုယ်လက်သန့်စင် ၊ ဘုရားအား သောက်တော်ရေချမ်းကပ် ၊ အနေကဇာတင်ရွတ်ဆို၊ ကော်ဖီသောက် ၊ ချပို့ရမည့် စာအနည်းငယ်ကြည့် ပြင်ဆင် စတာတွေ ရှိနေတဲ့အတွက်ကြောင့်ပါ။ တရားမထိုင်ပြန်လျှင် (သူတို့အထင်) သတ္တိနည်းရာ ရောက်နေမှာမို့ အချိန်မီလေး သွားပေးရပါတယ်။ တစ်နေ့ နာရီဝက်ဆို သင့်ပြီလို့ ယူဆပါတယ်။ တကယ်တော့ တရားထိုင်ဖြစ်တာ သိပ်ကောင်းပါတယ်။ အတွေးကြမ်းတွေကို ဖျောက်ဖျက်ပေးပါတယ်။ စိတ်ညစ် စိတ်ပျက်တွေကို ရှင်းလင်းဖယ် ထုတ်ပေးတယ်။ တရားအားထုတ်ခြင်းအလုပ်ဟာ စိတ်ချမ်းချမ်းသာသာ နေလိုသူများအတွက် မရှိမဖြစ် လုပ်ငန်းတစ်ခုပါ။ ဘာပဲဖြစ်ဖြစ် တရားအားထုတ်မှုသည် ဘ၀အတွက် အရေးပါလှပါတယ်။


Monday, June 21, 2010

Saturday, June 19, 2010

ဆရာလုပ်နည်း နိသျည်းကား

နွေရာသီ ကျောင်းအားရက်မှာ အင်္ဂလိပ်စာနှင့် ဟင်ဒီစာ သင်ဘို့ စိတ်ကူးထားခဲ့တယ်။ တကယ်တမ်း လုပ်ဖြစ်တာကတော့ အဘိဓမ္မာဘာသာရပ်နှင့် ပါဠိသဒ္ဒါ သင်ပြပေးရခြင်းပဲ။ ပါဠိဌာနမှာ ဆရာလုပ်နေကြပေမဲ့ အချို့ ပါဠိစာပေ မသိကြဘူး။ အဘိဓမ္မာသဘောတရားတွေကို နားမလည်ကြဘူး။ ဒီဘာသာရပ်တွေကို ကောင်းကောင်းနိုင်တာ မြန်မာရဟန်းတော်တွေ ဆိုတာ သူတို့ ကောင်းကောင်း သိကြတယ်။ ဒါကြောင့် ပါဠိ အဘိဓမ္မာ သင်ပြပေးဘို့ တောင်းဆိုမှု ပြုတာ အကြိမ်ကြိမ်ပဲ။ ဒါပေမဲ့ မြန်မာရဟန်းတော် အများစုက သူတို့ကို သင်ပြပေးရမှာ စိတ်မ၀င်စားဘူး။ ဘာကြောင့်လဲ ကုလားဆိုတာ ဘာကိုမျှ စိတ်ဝင်စားသူများ မဟုတ်ဘူးဆိုတာ သိနေကြလို့ပဲ။ ဟုတ်တယ် ကုလားဆိုတာ ငွေကလွဲလို့ ဘာမှ ကြည့်တာမဟုတ်ဘူး။ အဒိန္နာဒါနနှင့် မုသာဝါဒကို အမြဲတမ်း ရေကျိုသောက်နေတဲ့သူတွေ များတယ်။ ရလို့ကတော့ ဘနဖူး သိုက်တူးဘို့ မခဲယဉ်းတဲ့ သတ္တ၀ါအမျိုးအစားတွေပေါ့။ ပြီးတော့ အိန္ဒိယမှာ ဘာမဟုတ်တဲ့ ပညာရပ်လေး မတောက်တစ်ခေါက်ကို ဒုက္ခသုက္ခခံ ဈေးကြီးကြီးပေး သင်နေရတာကိုလည်း ခံစားချက် ရှိကြတယ်လေ။ တတ်နိုင်ရင် ကုလားနှင့် ကင်းအောင် နေချင်ကြတာ မြန်မာတွေရဲ့ အလေ့တစ်ခုပဲ။

ဒါပေမဲ့ စာရေးသူကတော့ မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလိုပေါ့။ ကုလားအချို့နဲ့ ပေါင်းဖြစ်ပါတယ်။ အဓိက ကတော့ အင်္ဂလိပ်စကား ပြောဖြစ်ချင်တာပါ။ ကျွဲကူးရေပါဆိုသလို သူတို့ရဲ့ အလေ့အထလေးတွေ။ အတွေးအယူလေးတွေ ဘယ်လိုရှိတယ်ဆိုတာလည်း သိရတာပေါ့။ အဲဒီစိတ်နဲ့ ပါဠိဌာနက ကုလားဆရာ ဆရာမ ကျောင်းသား ကျောင်းသူတွေနဲ့ ဗုဒ္ဓဂယာဘက် ဘုရားဖူးလိုက်သွားတာ လမ်းမှာ ကင်မရာပျောက်နေရစ်ခဲ့တာ ကုလားနဲ့ ပေါင်းသင်းရတဲ့ အကျိုးကျေးဇူးတစ်ခုပေါ့။

တက္ကသိုလ်ထဲမှာ ဘုန်းကြီးကျောင်းလေး တစ်ကျောင်းရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဘုရားဝတ်တက်နိုင်အောင် ဖန်တီးထားတဲ့ ဘုရားကျောင်းပါ။ အဲဒီမှာ ဦးဇင်းကြီးတစ်ပါး ကိုရင်ကြီးငယ် ၂ပါး နေကြတယ်။ ကိုရင်ကြီးဘွဲ့က သုဒဿန တဲ့။ ကုလားတွေက ဘန္တေသုဒသ်န် လို့ ခေါ်ကြတယ်။ သူက ပီအိပ်ဂ်ျဒီ ကျောင်းသား ခေတ်ပညာတတ် လူရည်မွန်တစ်ယောက်ပါ။ ကျောင်းကို သွားရင် သူနဲ့ စကားပြောဖြစ်တယ်။ အဓိကကတော့ ဘာသာရေးအကြောင်းပါဘဲ။ ထေရ၀ါရ မဟာယာန ၀ဇိရာယာန ဟင်ဒီ စတာတွေပေါ့။ တစ်ခါတစ်လေ ပွဲကောင်းလွန်းလို့ ညနေစောင်းသွားတာလည်း ရှိတယ်။ တစ်ခါ တစ်ခါ သူတို့ကျွေးတဲ့ နေ့လည်စာ စားဖြစ်တယ်။ ကျရေ ခေါ် လဘက်ရည်အချိုကတော့ တစ်နာရီတစ်ခါလောက် သောက်နေရတာပဲ။

သူတို့က စာရေးသူကို တစ်လေးတစ်စား ဆက်ဆံ နေရာပေးကြပါတယ်။ ပြောတာကို နားထောင်နေတတ်ကြပါတယ်။ အဘိဓမ္မာနားလည်သူ ပိဋကတ် နားလည်သူ ပါဠိကျွမ်းကျင်သူ ကမ္မဋ္ဌာန်းတရားအကြောင်း နားလည်သူ စတဲ့ အထင်များနဲ့ပေါ့။
ဒီလိုနဲ့ အဘိဓမ္မာသင်ပေးဘို့ ပါဠိစာ သင်ပေးဘို့ တရားထိုင်နည်းတွေ ပြောပြပေးဘို့ တောင်းဆိုရာက ယခု နွေရာသီမှာ သင်တန်းဖွင့်လှစ် သင်ကြားဖြစ်တော့တာပေါ့။

ကုလားဆိုတာ အပြောတစ်မျိုး အလုပ်တစ်ဖုံ လုပ်တတ်တဲ့ သတ္တ၀ါတစ်မျိုးမို့ တောင်းဆိုမှုကို အလွယ်တကူ မလိုက်လျော သင့်ဘူးဆိုတာကို သိနေတယ်။ ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ပြီးမှ သင်ကြားမှုကို စတင်ခဲ့ရတာပါ။
ဒါတောင် ပြောတုန်းက မိုးလားကဲလား သမားတွေ တကယ်သင်တော့ မလာကြတော့ဘူး။

ဘာပဲပြောနေနေ ကိုယ့်ရည်ရွက်ချက်က အင်္ဂလိပ်စကားပြော အလေ့အကျင့်ရချင်တာပါဘဲ။ သင်ကြားတဲ့ အခါ အင်္ဂလိပ်လိုပြော သင်ရတယ်။ အင်္ဂလိပ်စကား မတောက်တစ်ခေါက်နဲ့ သူတို့နားလည်အောင် ပြောဘို့ လွယ်တာမှတ်လို့။ ဒါပေမဲ့ သူတို့ နားလည်ကြပါတယ်။ သူတို့မှာ ရှိတဲ့ အင်္ဂလိပ်စာ က သင်ကြားတဲ့ အခါမှာ နားလွယ်ရလွယ်စေတဲ့အတွက် ကိုယ့်အတွက် အထောက်အကူတစ်ခုပါဘဲ။ ဒါကြောင့် အင်္ဂလိပ်စာ ကောင်းသူတွေကို အင်္ဂလိပ်စကား ပြောရမှာ အင်္ဂလိပ်ဘာသာနဲ့ သင်ပြပေးရမှာ မကြောက်လန့်သင့်ဘူးလို့ ယူဆထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သင်တန်းချိန်မှာ သူတို့ အင်္ဂလိပ်ဟာ ကိုယ့်အင်္ဂလိပ်ဖြစ်နေလို့ပါဘဲ။ ဒီစိတ်နဲ့ ဆရာကြီးတွေလုပ်တဲ့ ဆီမီနာတွေမှာ မကြခဏဆိုတာလို့ တက်ရောက်ဆွေးနွေးဖြစ်တာပေါ့။

ဒါပေမဲ့ ကိုယ့်ဘက်က သင်ပြမဲ့ ဘာသာရပ်ကိုတော့ ကျေကျေနပ်နပ် ရှိထားရမယ်လေ။ ဒါမှ ကုလားကို ဆရာလုပ်လို့ ရမှာပေါ့။ ကုလားလူမျိုးဆိုတာ သိတဲ့အတိုင်း ဘယ်သူ့ကိုမျှ ဆရာတင်ချင်တဲ့လူမျိုး မဟုတ်ဘူး။ တတ်သလောက်နဲ့ နေရာတကာ ဆရာပဲ လုပ်ချင်တာ ကုလားထုံးစံပဲ။ ဘာဆိုတာ ထိထိမိမိ ပြောပေးနိုင်ရမယ်။ မေးသမျှကို ပြေလည်အောင် ဖြေနိုင်ရမယ်။ ဒါဆိုရင် ကုလားကို ဆရာလုပ်လို့ ရပါတယ်။ သူတို့က အတွေးများတဲ့ သူတွေဘဲ။ ဒါပေမဲ့ ယုံကြည်မှုအပေါ် တည်ဆောက်ထားတဲ့ အတွေးမျိုး မဟုတ်ဘူး။ အကြောင်းအရာတစ်ခုကို ဘက်ပေါင်းစုံက ယုတ္တိရှာ ကတ်သီးကတ်တတ် ရှာကြံတွေးတော မေးခွန်းတွေ မေးပြီး တစ်ဖက်လူကို ထိုးနှက်အနိုင်ယူချင်တာ သူတို့ အကျင့်ပဲ။ မေးတာကို မဖြေနိုင်လို့ကတော့ ကိုယ်က ဆရာဆိုပေမဲ့ ကုလားပြောတာကိုပဲ နားထောင်နေဘို့သာ ပြင်ပေတော့။

ဒါက ဘာသာရပ်ကို နိုင်နင်းရင် စိုးရိမ်းစရာ မရှိပါဘူး။ ပါဠိစာပေနဲ့တည်ဆောက်ထားတဲ့ ဘာသာရပ်ဖြစ်နေတော့ သူတို့ ဘာမှ ထဲထဲဝင်ဝင် မထိတို့နိုင်ပါဘူး။ ပြောသမျှ ခေါင်းလေးရမ်းရမ်းပြီး ပါးစပ်အဟောင်းသားနဲ့ နားထောင်နေကြတော့တာပဲ။ အဲ စာပေက တစ်ဆင့် နေ့စဉ်ဘ၀မှာ အသုံးပြုနိုင်တဲ့ အသုံးချစာပေအဆင့် ရောက်အောင် ချပြတဲ့ အခါမှသာ သူတို့ ပါဝင်ဆွေးနွေးနိုင်တာပါ။ ဒါကြောင့် ဘာသာရပ်တစ်ခု စာပေအဆင့်က ကျော်ပြီး နေ့စဉ်ဘ၀မှာ အသုံးပြုနိုင်တဲ့ အသုံးချစာပေ အထိ ရောက်အောင် တွေးဆလေ့လားထားဘို့ အရေးကြီးပါတယ်။ ဒါမှသာ အကော်အကတ်များတဲ့ ကုလားနဲ့ အခြားလူမျိုးများကို ဆရာလုပ်နိုင်မည်ဖြစ်ကြောင်း ကြေငြာမောင်း ခတ်လိုက်ရပါသည်ခင်ဗျား။


km တင်ပြသည်

Sunday, June 13, 2010

ရင်တွင်းဖြစ်စကား

kaungmon ဆိုတဲ့ ဘလော့ဂ် အသစ်တစ်ခု ဘလော့ဂ် အသိုင်းအ၀ိုင်းထဲကို ရောက်လာပါပြီ။ ဘလော့ဂါ သမား တစ်ယောက်အတွက် ပထမဦးဆုံး ရင်ဆိုင်ရတာက ဘာတွေပေးမှာလဲ ဘယ်နေရာကလည်း ဘယ်လောက်လဲ စတဲ့ မေးခွန်းများဖြစ်ပါတယ်။ တစ်နိုင်သလောက်ပေါ့ လို့ မယုတ်မလွန် ဖြေထားပါရစေ။

ဘာကြောင့် ဘလော့ဂ် တစ်ခု ဖန်တီးရတာလဲ။ အဲဒါက ရှင်းပါတယ်။ စာရေးချင်လို့ပါ။ ရေးချင်သော အကြောင်းအရာများကတော့ စုံစီနဖာပေါ့။ ဘာသာရေးကို ပင်တိုင်ထားပြီး ယဉ်ကျေးမှုတွေ သမိုင်းကြောင်းတွေ ထုံးတမ်းစဉ်လာတွေ နည်းပညာအကြောင်းတွေ သတင်းစကားတွေ စတာစတာတွေပေါ့။ တကယ်တော့ ဘလော့ဂ် ဆိုတာ စာမှတ်စု တစ်ခုပါ။ သူက ရေးထားတာလေးတွေ မပျောက်မပျက် စုထားပေးတယ်။ ပြီးတော့ အသစ်အသစ်တွေကို ရေးဖြစ်အောင် တွန်းအားပေးတတ်တယ်။

ဘလော့ဂ်ပညာရပ်နှင့် ပတ်သက်ပြီး စာရေးသူအနေနဲ့ နကဏ်းတစ်လုံး မသိပါ။ ကွန်ပျူတာပညာရပ်မှာလည်း ထိုနည်းလည်း ကောင်းပါဘဲ။ သူငယ်ချင်းဖြစ်သူ စာပေဘလော့ဂ် ရွှေတံဆိပ်ဆုရှင် နာမည်ကျော် သီတဂူစတားရဲ့ ဖန်တီးပေးမှုကြောင့် ဒီဘလော့ဂ်လေး ဖြစ်လာရတာပါ။ ဒါကြောင့် ဘလော့ဂ်အသစ် ဖန်တီးပေးတဲ့ စာပေဘလော့ဂ် ရွှေတံဆိပ်ဆုရှင် သီတဂူစတားအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ရင်တွင်းဖြစ်စကား ဆိုပါရစေ။

အားလုံးသတ္တ၀ါ ဘေးရန်ကွာ ချမ်းသာကြပါစေ

မေတ္တာဖြင့် km

Saturday, June 12, 2010

ပါဠိဌာန လုပ်ရှားမှုတစ်ရပ်


ပါဠိဌာန လုပ်ရှားမှုတစ်ရပ်


အဘိဓမ္မာသင်တန်း

အဘိဓမ္မာသင်တန်းကို ပူးနေးမြို့ ပူးနေးတက္ကသိုလ် ပါဠိဋ္ဌာနတွင် ၂၅ ရက် ဇန်န၀ါရီလ ၂၀၁၀ မှ ၂၅ ဖေဖော်ဝါရီ ၂၀၁၀ အထိ ဖွင့်လှစ်သင်ကြားခဲ့သည်။ သင်ကြားပို့ချသည့် ဆရာတော်မှာ ချက်ကိုစလိုဗက်နိုင်ငံမှ အရှင်ဓမ္မဒီပဖြစ် သည်။ ဆရာတော်သည် ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်း ၂၄ ပစ္စည်းကို အဘိဓမ္မတ္ထ သင်္ဂဟကျမ်းစာကို အခြေခံ၍ သင်ကြားပြခဲ့ရာ သင်တန်းသူ သင်တန်းသားများ အကြိုက်တွေ့ခဲ့ကြသည်။

သင်တန်းဆရာတော်

ဆရာတော်သည် သီရိလင်္ကာနိုင်ငံတွင် ရဟန်းဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ ဖားအောက် တောရတွင် သုံးနှစ် သီတင်းသုံးတော်မူ၍ အဘိဓမ္မာနှင့် ၀ိပဿနာတရားကို စာတွေ့လက်တွေ့ သင်ကြားတတ်မြောက်ခဲ့သည်။ ဆရာတော်သည် သင်ကြား သောအခါ ထေရ၀ါဒကျမ်းစာကို အဓိကမဏ္ဍိုင်ပြုလျက် အခြားဘာသာများမှ လာသော အကြောင်းအရာများကိုလည်း ညှိနှိုင်းတိုင်ဆိုင်လျက် သင်ကြား ပို့ချ ပေးသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ ပိဋကတ်သင်ကြား ပို့ချနည်းအတိုင်း သင်ကြားပေးသည်။ ဆရာတော်သည် ဘာသာ ရပ် ၁၈ မျိုး တတ်မြောက် ကြောင်းသိရသည်။


သင်တန်းချိန်

သင်တန်းချိန်မှာ နံနက် ၉း၃၀ မှ ၁၁း၀၀ အထိ ဖြစ်သည်။ သင်တန်းသို့ တက္ကသိုလ်ဆရာ ဆရာမများ စိတ်ပါဝင်စားသူများတက်ရောက်သင်ယူကြသည်။ သင်တန်းကာလအတွင်း မေးခွန်းများကို မေးကြ ဖြေကြသည်။ အထူးသဖြင့် သင်တန်း နောက်ဆုံးရက်ဖြစ်သည့် ၂၅ ဖေဖေါ်ဝါရီလ ၂၀၁၀ နေ့သည် သင်တန်း ပို့ချချက်နှင့် ပတ်သက်၍ စားပွဲဝိုင်း ဆွေးနွေးခန်းဖြစ်သည်။

ဂျပန်သူလေးများလည်း စိတ်ဝင်တစား မေးမြန်း

ဆွေးနွေးချက် အချို့

ကိုရီးယားနိုင်ငံမှ မဟာယာန ရဟန်းတော် စောလွင် က စတင်ဆွေးနွေးသည်။ သူ၏ မေးမြန်းချက်မှာ သက်မဲ့(စားပွဲခုံ)သည် ဒုက္ခဖြစ်သည် မဖြစ်သည် ရှင်းလင်း ပေးပါရန်။


ဆရာတော်က စားပွဲသည် ဒုက္ခဖြစ်သည် ဟုဖြေသည်။ စားပွဲခုံမှာ စိတ်ခံစားချက် မရှိသဖြင့် ဒုက္ခမဖြစ်နိုင်ပါကြောင်း ပြန်လည်ပြောသည်။ ဆရာတော်က ဒုက္ခသည် ဒုက္ခဒုက္ခ၊ သင်္ခါရဒုက္ခ၊ ၀ိမရိဏာမဒုက္ခဟူ၍ သုံးမျိုးရှိကြောင်း။ ထို့ကြောင့် စားပွဲခုံသည် ဒုက္ခသုံးမျိုးတွင် ပါဝင်သဖြင့် ဒုက္ခပင် ခေါ်ဆိုရကြောင်း မိန့်ဆိုသည်။ ထိုတွင် ကိုရီးယားရဟန်းတော်က မြတ်စွာဘုရားသည် သဗ္ဗေသင်္ခါရာ ဒုက္ခာ ဟုဟောတော်မူခဲ့ရာ ဓမ္မပဒအဋ္ဌကထာက ပဉ္စက္ခန္ဓာ ဒုက္ခာဟု ဖွင့်ဆိုခဲ့ပါကြောင်း။ ထို့ကြောင့် စားပွဲခုံသည် ဒုက္ခမဖြစ်နိုင်ပါကြောင်း ပြောဆိုသည်။ ကိုရီးယား ရဟန်းတော်၏ အယူအဆမှာ စားပွဲခုံသည် ခန္ဓာငါးပါးတွင် မပါဝင်။ ထို့ကြောင့် ၄င်းစားပွဲသည် ဒုက္ခမဖြစ်ဟု ပြောနိုင်ကြောင်း စသည်ပြောဆိုသည်။


ထို့နောက် ထိုင်ဝမ်သီလရှင်က သဗ္ဗံရူပံ အဟေတုကံ သာသ၀ံ ဟုပြောထားရာ ရုပ်သည် အဘယ်ကဲ့သို့ အဟေတုက၊ သာသ၀ဖြစ်ပါသနည်း ဟုမေးမြန်းသည်။

ထို့ပြင် မြန်မာရဟန်းတော် အရှင်သုဇနက ဝေဒနာ သညာတို့သည် တစ်ပါး စီပင်ဖြစ်ပါလျက် အဘယ်ကြောင့် ခန္ဓာဟု ဆိုရပါသနည်း ဟုမေးမြန်းသည်။

မြန်မာရဟန်းတော် အရှင်ကုသလ က စိတ္တ၀ီထိတွင် စက္ခုဝိညာဉ်သည် ရူပါရုံကို မြင်သည်ဟုဆိုရာ ပုံစံကို မြင်ပါသလော သို့မဟုတ် အရောင်အဆင်းကို မြင်ပါသလော ဟုမေးမြန်းသည်။ အရောင်ကိုသာ မြင်သည်ဟု ဖြေကြားသည်။

ထိုင်းနိုင်ငံမှာ မစ်စတာ ဥဒါန်းက ထေရ၀ါဒနှင့် ၀ဇိရာယာနတို့၏ ထူးခြားချက်ကို မေးမြန်းသည်။


ဆွတ်ဆလန်နိုင်ငံမှ အမျိုးသမီးတစ်ဦးက ပါဠိ၊ ဆန်စရစ်၊ ထေရ၀ါဒများကို မသိမတတ်ပါကြောင်း၊ သို့သော် သင်တန်းသို့ တက်ရောက်ခွင့်ရသဖြင့် စိတ်ကျေ နပ်မှု ရပါကြောင်း၊ အရှင်သည် စာတွေ့လက်တွေ့ သိထားသူဖြစ်၍ သင်တန်းကို ကောင်းစွာ သင်ကြားနိုင်ခဲ့ပါကြောင်း။ ကျေးဇူးများစွာလည်း တင်ရှိပါကြောင်း ပြောဆိုသည်။

ဂျပန်နိုင်ငံမှ PH.d ကျောင်းသူ ယူမီက ထေရ၀ါဒလာ ဗောဓိသုံးမျိုးအကြောင်းကို မေးမြန်းသည်။

အရှင်ကုသလက (ကောင်းမွန်) ဗောဓိဥာဏ်ကို ရပြီးနောက် ဤလောကသို့ ပြန်လာမည်ဆိုသည်မှာ ဖြစ်နိုင်မဖြစ်နိုင်နှင့် မိမိတို့၏ နေ့စဉ်ဘ၀ထဲတွင် အဘိဓမ္မာကို မည်ကဲ့သို့ အသုံးချနိုင်ပါသနည်းဟု မေးမြန်းသည်။

အီရန်နိုင်ငံမှ ကျောင်းသားတစ်ဦးက ရှေ့ဘ၀ နောက်ဘ၀ရှိသည်ကို အဘယ်ကဲ့ သို့ သိနိုင်ပါသနည်း မေးမြန်းသည်။

သင်တန်းသိမ်းပွဲ

ယနေ့ သင်တန်းပြီးဆုံးသည့်နေ့ဖြစ်၍ ကျောင်းသားများစုံညီတက်ရောက်လာကြ သည်။ ပါဠိဌာနမှ သင်တန်းတာဝန်ခံ ဆရာ ဥဇ္ဇောကုမာရ က သင်တန်းပြီး ဆုံးခြင်း အထိန်းအမှတ်အဖြစ် ဆရာတော်အား ပန်းစည်းနှင့် လှူဒါန်းဘွယ်များကို ဆက်ကပ်သည်။ ထို့နောက် ကျေးဇူးတင်စကား ပြောဆိုသည်။ ဆရာတော်ကလည်း ကျေးဇူးတင်စကား ပြန်လည်ပြောဆိုသည်။ ပန်းစည်းနှင့် လှူဒါန်းဘွယ်ရာများ ဆက်ကပ် ကျေးဇူးတင်စကား ပြောဆိုပြီးလျှင် ဆွေးနွေးပွဲကို ပြန်လည် စတင်သည်။ မကြာမီ ထမင်းကြော်နှင့် ကျရည်တစ်ခွက်စီချပေးသဖြင့် စား သောက်ရင်း စကားပြောဆိုကြသည်။ အဘိဓမ္မာသင်တန်းကို ငြိမ်းအေးမှု ကျေနပ်မှု ပျော်ရွှင်မှုများဖြင့် အဆုံးသတ်လိုက်ကြသည်။

ပျော်ရွှင်မှုတကာတို့တွင် တရားဖြင့် ပျော်ရွှင်မှုသည် အသာလွန်ဆုံးဖြစ်သည်။ အရသာတကာတို့တွင် တရားအရသာသည် အသာလွန်ဆုံးဖြစ်သည်။
(ဗုဒ္ဓ)

ကောင်းမွန် တင်ပြသည်