Tuesday, August 31, 2010

အဘိဓမ္မာ အသင်း ဒုတိယအကြိမ် စည်းဝေး


အခမ်းအနား စတင်ဖွင့်လှစ်


international abhiddhamma society (အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ အသင်း) ဒုတိယအကြိမ် အစည်းအဝေးပွဲကို ၂၄ သြဂုတ်လ ၂၀၁၀ (ပုဏ္ဏိမာ-လပြည့်) နေ့ ညနေ ၅း ၃၀ အချိန်က ပူနေးမြို့ ပူနေးတက္ကသိုလ်၊ အသင်း၏ တည်နေရာ ဗုဒ္ဓ၀ိဟာရ ကျောင်းတော်တွင် ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနား သို့ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ ဂျပန်၊ ဂျာမန်နိုင်ငံတို့မှ ပညာတော်သင် ရဟန်းတော်များ၊ တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူများ တက်ရောက်ကြသည်။





မေတ္တာသုတ်ရွတ်ပွား


အစည်းအဝေးကို မစ္စတာ ဆန်ဂျေး တန်ဘာဘဂိတ် ( ပါဠိဋ္ဌာနနှင့် ဆန်စစ်ကရစ်ဋ္ဌာန ဆရာ) က အခမ်းအနား မှူးအဖြစ် ဆောင်ရွက်ပြီး အခမ်းအနားအစီအစဉ်များကို ကျေငြာသည်။


အစီအစဉ်



အခမ်းအနားမှူး ဆရာ ဆန်ဂျေး



နံပါတ် ၁။ ဆင်းတု ရုပ်ပွားတော်မြတ်အား ဆီမီးဖယောင်တိုင်များ၊ အမွှေးနံ့သာတိုင်များဖြင့် ထွန်းညှိ ပူဇော်ခြင်း များကို ပြလုပ်သည်။


နံပတ် ၂။ နမောတဿ ဘုရားရှိခိုး ဂါထာကို သုံကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ် သည်။


နံပတ် ၃။ တက်ရောက်လာသူများက မြန်မာရဟန်းတော် အရှင်ကုသလထံ ငါးပါးသီလ ခံယူဆောက် တည်ကြသည်။


နံပတ် ၄။ မြန်မာရဟန်းတော် အရှင်ကုသလ က အဖွင့်အမှာ (ကြိုဆိုနှုတ်ခွန်းဆက်) စကား ပြောဆိုသည်။


နံပတ် ၅။ အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ မစ္စတာ ဆန်ဂျေးက ပြီးခဲ့သည့် ပထမအကြိမ် အစည်းအဝေးနေ့က ဆုံးဖြတ်ချက်များကို အစည်းအဝေးသို့ တင်ပြပြီး ယနေ့ စည်းဝေး ဆုံးဖြတ်ရမည့် အချက်အလက်များကိုတင်ပြသည်။



နမော ဗုဒ္ဓါယပါဘုရား



စည်းဝေးဆုံးဖြတ်ရမည့် အချက်အလက်များမှာ-

(က) အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း။

(ခ) အဖွဲ့၏ ပြဓာန်းကျမ်းစာ။

(ဂ) အဖွဲ့၏ ကိုယ်ပိုင်တံဆိပ်နှင့် စာသား နှင့်

(ဃ) အဖွဲ့၏ ရှေ့ဆက်လုပ်ငန်းစဉ်များ တို့ဖြစ်ကြသည်။

ဆုံးဖြတ် အတည်ပြုချက်အချို့


sunday school မှ ကျောင်းသားအချို့



(က) မစ္စတာ ဆန်ဂျေးက အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်ပတ်သက်၍ အဖွဲ့၏ အခြေခံစည်းမျဉ်း၊ ဥက္ကဋ္ဌဆိုင်ရာ၊ အဖွဲ့ဝင်ဆိုင်ရာ စည်းမျဉ်းများကို ရေးဆွဲ တင်ပြလာသည်ကို စည်းဝေး တက်ရောက် လာသူများက ညှိနှိုင်း အတည်ပြုကြသည်။

(ခ) အဖွဲ့၏ ပြဓာန်းကျမ်းစာများနှင့် ပတ်သက်၍ မြန်မာရဟန်းတော် အရှင်ကုသလ က ( ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေးဆိုင်ရာ၊ လူဒကာ ဒကာမများဆိုင်ရာ သင်ကြားရမည့် ဘာသာ ရပ်များ) ရေးဆွဲတင်ပြသည်ကို အားလုံးက သဘောညီ အတည်ပြုကြသည်။

(ဂ) အဖွဲ့၏ မူပိုင် တံဆိပ်နှင့် စာသားကို မြန်မာရဟန်းတော် အရှင်ကုသလက တင်ပြသည်ကို ဆွေးနွေး အတည်ပြုကြသည်။

(ဃ) အသင်း၏ ရှေ့ဆက် လုပ်ငန်းရပ်များနှင့် ပတ်သက်၍ လာမည့် တနင်္ဂနွေနေ့မှစ၍ တနင်္ဂနွေနေ့တိုင်း သင်ကြားမည့် Sunday dhamma school ပထမအဆင့် (elementary level) ကို စတင် သင်ကြားရန် အတည်ပြုကြသည်။


နံပတ် ၅။ ညနေ ၇ နာရီအချိန်တွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

Monday, August 30, 2010

ဗိယက်နာမ်ကျောင်းသား ကျောင်းသူများ၏ အမေများနေ့အခမ်းအနား






ူ


၂၄- ၈- ၂၀၁၀ နေ့ နံက်ပိုင်းတွင် ဗိယက်နမ်နိုင်ငံ ပညာ တော်သင် ရဟန်းတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ် ကျောင်းသား၊ ကျောင်းသူလေးများ စုပေါင်း၍ အမေများ နေ့အခမ်းအနားကို ပူနေးမြို့၊ ပူနေးတက္တသိုလ်၊ ဗုဒ္ဓ၀ိ ဟာရ ကျောင်းတော်တွင် ဆင်ယင်ကျင်းပခဲ့ကြသည်။ အခမ်းအနားကို နံက် ၁၀ နာရီတွင် စတင် ကျင်းပရာ ရှေးဦးစွာ ဗုဒ္ဓ၀ိဟာရ ကျောင်းဆောင် အတွင်းရှိ ဗုဒ္ဓဆင်း တုတော်ရှေ့တွင် ဗုဒ္ဓဂီတိများကို စုပေါင်း၍ ရွတ်ဖတ်ကြ သည်။ ထို့နောက် လှူဒါန်းဘွယ်ရာများကို လှူဒါန်းခြင်း၊ နေ့လည်စာများကို စုပေါင်းစား သောက်ခြင်းများကို ပြုလုပ်ကြသည်။ နေ့လည်စာ စားသောက်ပြီးနောက် လူငယ်များက အမေနေ့ ဆိုင်ရာ သီချင်းများကို အလှည့်ကျ သီကျူးကြသည်။




မြန်မာရဟန်းတော် အရှင်ကုသလသည် သူငယ်ချင်းဖြစ်သူ ( ဗိယက်နာမ် ရဟန်းတော်) က ဖိတ်ခေါ်သဖြင့် ဗိယက်နမ် ကျောင်းသား ကျောင်းသူများ ပြုလုပ်သည့် အမေနေ့ ပွဲသဘင်သို့ ပါဝင်တက်ရောက်ခဲ့သည်။ နေ့ လည်စာ စားပြီးချိန် ၀မ်းသာစကား ပြောပေးပါ ဟု တောင်းဆိုကြသဖြင့် ကျေးဇူးတင်စကား ၀မ်းမြောက်စကား ပြောဆိုပေးရသည်။

ယနေ့သည် ဗိယက်နာမ်နိုင်ငံ၏ အမေနေ့ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ မေတ္တာအခါတော်နေ့လည်းဖြစ် ပါကြောင်း။ (မြန်မာနိုင်ငံ၏ လပြည့်နေ့သည် ၂၅ ရက်နေ့ဖြစ်သည်) ထို့ကြောင့် အမေနေ့နှင့် မေတ္တာနေ့၊ မေတ္တာနေ့ နှင့် အမေနေ့၊ မြန်မာနှင့် ဗိယက်နာမ်၊ ဗိယက်နာမ်နှင့် မြန်မာ နီးစပ်သော အနေအထားတွင် ရှိပါကြောင်း။ အမေဆိုသည်မှာ နေရာတိုင်း၊ အချိန်တိုင်းတွင် ရှိပါကြောင်း။ အမေဆိုသော စကားသည် မည်သည့် ဘာသာ စကားတွင်ဖြစ်စေ မပြောင်းလဲသော အနေအထားတွင် ရှိပါကြောင်း။ ပါဠိဘာသာအားဖြင့် အမေသည် မာတာ။ အဖေသည် ပိတာ။ အင်္ဂလိပ်စကားတွင်လည်း မာသား၊ ဖားသား။ အိန္ဒိယ၊ တရုပ်၊ ကိုရီးယားတွင် မာမာ၊ ပါပါ။ မြန်မာများက မေမေ၊ ဖေဖေ ဟု ခေါ်ကြပါကြောင်း။ ထို့ကြောင့် အမေဟူသည် ကမ္ဘာလောကကြီးအတွင်း၌တူမျှသောသဘောရှိပါကြောင်း။

အမေဟူသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ၊ ဥပေက္ခာဆိုသည့် ကောင်းမြတ်သောစိတ်များကို ပိုင်ဆိုင် ထားသူများဖြစ်ပါကြောင်း။ ၄င်းစိတ်ဓာတ်များသည် ကမ္ဘာလောကကြီး သာယာလှပဘို့ အေးချမ်းဘို့ အတွက် အဓိက အခြေခံတရားများဖြစ်ပါကြောင်း။ ထို့ကြောင့် နိုင်ငံ၊ လူမျိုး၊ ကမ္ဘာလောက အေးချမ်းသာယာ ဘို့ရန် အတွက် လူတိုင်းလူတိုင်း အမေ့၏ စိတ်ဓာတ်များကို မွေးမြူသင့်ပါကြောင်း။ ယနေ့ ပြုလုပ်သည့် အမေများနေ့ အခမ်းအနားသည် အမေ့၏ စိတ်ဓာတ်များကို အားလုံး မွေးမြူကြဘို့ လိုအပ်ကြောင်း သတိတရား များဖြစ်စေသည့်အတွက် အလွန်အကျိုးများသည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်း။ အခမ်းအနားသို့ ယခုလို တက်ရောက်ခွင့် ရသည့်အတွက် အလွန်တရာ ကျေးဇူးတင်ပါကြောင်း။ အားလုံးသော ဗိယက်နာမ် ရဟန်းတော်၊ သီလရှင်၊ ကျောင်းသား ကျောင်းသူများ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေလို့ မေတ္တာဆုမွန်များ ချွေအပ်ပါကြောင်း ပြောဆိုပြီး ၀မ်းမြောက်စကားကို အဆုံးသတ်လိုက်သည်။

ထို့နောက် ဆင်းရဲ နွမ်းပါးသူများကို စားစရာ( ဆီ၊ ဆန်၊ ဆား) များဝေငှပေးကမ်းခြင်း အစီအစဉ်ကို ပြုလုပ်ကြပြီး အမေများနေ့ အခမ်းအနားကို ညနေ ၃ နာရီတွင် အဆုံးသတ်လိုက်သည်။

Thursday, August 19, 2010

အဘိဓမ္မာသင်ရအောင် (၁၄)

အဘိဓမ္မတ္ထသင်္ဂဟဆိုတာ
အဘိဓမ္မတ္ထသင်္ဂဟကို ပိုဒ်ခွဲကြည့်ရင် အဘိဓမ္မ+အတ္ထ+သင်္ဂဟ သုံးပုဒ်ဖြစ် တာကို တွေ့ရမယ်။ အဘိဓမ္မာ ဆိုတာကတော့ အဘိဓမ္မာ ၇-ကျမ်း၊ အတ္ထ က အနက်အဓိပ္ပါယ် သဘောတရား။ သင်္ဂဟ က ပေါင်းယူခြင်း လို့အဓိပ္ပါယ်ရတယ်။ ဆိုလိုတာက အဘိဓမ္မာ ၇-ကျမ်းလာ အနက် အဓိပ္ပါယ် သဘောတရားများကို အကျဉ်းချုံး( အနှစ်ထုတ်) ပြီး ရေးသားပြုစုထားတဲ့ ကျမ်းစာတစ်ခုဖြစ်တယ် ဆိုတာပဲ။ ဒီကျမ်းစာကို လေ့လာရင် ကျယ်ဝန်းတဲ့ အဘိဓမ္မာကျမ်းစာကြီးတွေရဲ့ အနက် အဓိပ္ပါယ် သဘော တရားတွေကို ကောင်းကောင်း သိနားလည်နိုင်တဲ့ အတွက်ကြောင့် ပညာရှင်တိုင်း လက်မလွှတ်တမ်း လေ့လာနေတဲ့ အဘိဓမ္မာ အခြေပြု ကျမ်းစာ တစ်ခုဖြစ်တယ်။

ဒီကျမ်းစာမှာ
ဒီကျမ်းစာမှာ အပိုင်း ၉-ပိုင်းပါရှိတယ်။ အဲဒါတွေကတော့-
၁။ စိတ်ပိုင်း
၂။ စေတသိက်ပိုင်း
၃။ ပကိဏ်းပိုင်း
၎။ ၀ီထိပိုင်း
၅။ ၀ီထိမုတ်ပိုင်း
၆။ ရုပ်ပိုင်း
၇။ သမုစ္စည်းပိုင်း
၈။ ပစ္စည်းပိုင်း နှင့်
၉။ ကမ္မဋ္ဌာန်းပိုင်း တို့ ဖြစ်ကြတယ်။ ဒါကြောင့် မြန်မာတွေက သင်္ဂြိုဟ် ကိုးပိုင်းလို့ ခေါ်ကြတယ်။



အဘိဓမ္မတ္ထသင်္ဂဟကျမ်းက ဘာတွေပြတာလဲ
၁။ စိတ်ပိုင်းဆိုတာ စိတ်တွေရဲ့ အကြောင်းကို ပြဆိုထားတဲ့ အပိုင်း ကဏ္ဍဖြစ် တယ်။ စိတ် ၈၉ပါး အကျယ် ၁၂၁ ပါးရှိပုံကို အသေးစိတ် ရေတွက်ဖော်ပြထား တာဖြစ်တယ်။

၂။ စေတသိက်ပိုင်းကတော့ စေတသိက်တွေအကြောင်းကို အဓိက ပြဆိုထား တာပဲ။ စေတသိက် ၅၂ ပါးကို အမျိုးအစားခွဲခြားပြပြီးတော့ စိတ်နှင့် စေတသိက် များ ဘယ်လို ရောယှက်နေကြတယ်ဆိုတာကို အထူးတလည် ပြဆိုထားခြင်းဖြစ် တယ်။

၃။ ပကိဏ်းပိုင်းကတော့ စိတ်တွေ စေတသိက်တွေကို ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရုံ၊ ၀တ္ထုဆိုတဲ့ ပကိဏ်းခြောက်ချက်နဲ့ ဘယ်လို ဝေဘန်ရမယ်ဆိုတာကို အဓိကပြဆိုထားတယ်။

၎။ ၀ီထိပိုင်းကတော့ စိတ်တွေဟာ အစီအစဉ်နဲ့ တစ်ခုပြီး တစ်ခု ဖြစ်နေတယ်ဆို တာကို အဓိကထားပြဆိုထားတာပဲ။

၅။ ၀ီထိမုတ်ပိုင်းကတော့ ကမ္ဘာမြေကြီးအကြောင်း သတ္တ၀ါတွေအကြောင်း ဘုံဌာနတွေ အကြောင်း ဘ၀ဟောင်းနဲ့ ဘ၀သစ် ဘယ်လိုကူးပြောင်းသွား တယ်ဆိုတာတွေကို အသေးစိတ် တင်ပြထားတဲ့ အပိုင်းကဏ္ဍ တစ်ခုဖြစ်တယ်။

၆။ ရုပ်ပိုင်းကတော့ ရုပ်တရားတွေရဲ့ အလုပ်လုပ်နေပုံတွေကို စနစ်တကျ တင်ပြ ထားတဲ့ အပိုင်းဖြစ်တယ်။ ဒီအပိုင်းမှာ နိဗ္ဗာန်အကြောင်းကိုလည်း အနည်းငယ် ပူးတွဲတင်ပြ ထားသေးတယ်။

၇။ သမုစ္စည်းပိုင်းကတော့ ကုသိုလ် အကုသိုလ်တရားများကို နာမည်တစ်မျိုးနဲ့ သူတို့ရဲ့ လုပ်ငန်းသဘောတရားများကို အသေးစိတ်ခြယ်မှုန်းတင်ပြထားတဲ့ အပိုင်းဖြစ်တယ်။ ခန္ဓာ အာယတန ဓာတ် သစ္စာ ဖွဲ့စည်း တည်ဆောက်ပုံတွေကိုလည်း တင်ပြထားသေးတယ်။

၈။ ပစ္စည်းပိုင်းကတော့ ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်းတွေကို နက်နက်နဲနဲ တင်ပြထားတဲ့ အပိုင်းဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်နည်းကို အသေးစိတ် တင်ပြထား ပေမဲ့ ပဋ္ဌာန်းနည်းကိုတော့ အကျယ်မပြသာတဲ့အတွက်ကြောင့် မာတိကာလောက်သာ ခွဲပြထားခဲ့တယ်။

၉။ ကမ္မဋ္ဌာန်းပိုင်းကတော့ ပရမတ်သဘောတရားတွေကို ဘ၀လွတ်မြောက် မှုအတွက် ဘယ်လိုအသုံးချရမယ်ဆိုတာကို အသေးစိတ်ညွှန်ပြထားတဲ့ အပိုင်း ဖြစ်တယ်။ အဓိကအားဖြင့် စိတ်စွမ်းအားကို ဖြစ်စေတဲ့ သမထနှင့် ဘ၀လွတ်မြောက်မှုကို ပေးစွမ်းနိုင်တဲ့ ၀ိပဿနာနည်းလမ်းတွေကို အသေးစိတ် တင်ပြ ထားတဲ့ အပိုင်းကဏ္ဍတစ်ခုဖြစ်တယ်။

Sunday, August 15, 2010

အဘိဓမ္မာသင်ရအောင်(၁၃)


ကျမ်းပြုဆရာတော်
ကျမ်းပြုဆရာတော်အမည်က အရှင်အနုရုဒ္ဓါဖြစ်တယ်။ သာသနာနှစ် ၉၀၀ ကျော်လောက်မှာ ပေါ်ထွက်ခဲ့တဲ့ ပညာရှင်တစ်ပါးဖြစ်တယ်။ သာသနာနှစ် ၉၀၀ ၀န်းကျင်ဆိုတာ ဗုဒ္ဓသာသနာတော်အတွက် အားထားရတဲ့ တကယ့်ဒိတ်ဒိတ်ကြဲ ကျမ်းပြု အာဇာနည်တွေ အသီးအသီး ပေါ်ထွက်ခဲ့တဲ့ ပါဠိစာပေရဲ့ ရွှေခေတ်ဖြစ်တယ်။ ဗုဒ္ဓ၀ံသအဋ္ဌကထာ၊ ၀ိနိစ္ဆယ၊ အဘိဓမ္မာ ၀တာရအဋ္ဌကထာ ကျမ်းပြု ဆရာတော် အရှင်ဗုဒ္ဓဒတ္တနှင့် အရှင်တို့ဟာ ဆရာတူတပည့်ဖြစ်တယ်လို့ သမိုင်းဆရာများကဆိုတယ်။

ဆရာတော်ကို သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း)သားလို့ မြန်မာများက အစဉ်အဆက် ယူဆခဲ့ကြတယ်။ ဆရာတော်ဟာ သီရိလင်္ကာနိုင်ငံ အနုရာဓမြို့ က ၀ဋ္ဋဂါမဏိ မင်းကြီးရဲ့ မိဘုရားကြီး သောမဒေ၀ီ ဆောက်လုပ် လှူဒါန်းတဲ့ မူလသောမ ကျောင်းတိုက်ကြီးမှာ သီတင်းသုံးတော်မူတယ်။ ဒါပေမဲ့ အနောက် တိုင်းသား သုတေသီများကတော့ အရှင်ဟာ သီဟိုဠ်သားတော့ ဟုတ်ချင် ဟုတ်မယ်။ ဒါပေမဲ့ သူရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းဟာ အိန္ဒိယတောင်ပိုင်း ကဉ္စိပူရန် ဆိုတဲ့ အရပ်နှင့် ဆက်စပ်နေတယ်၊ ဆိုလိုတာက ကျမ်းပြုအရှင်ဟာ အိန္ဒိယတောင်ပိုင်း ကဉ္စိပူရန်မှာလည်း အတော်ကြာကြာ သီတင်းသုံးတော်မူခဲ့ဘူးတယ်လို့ တင်ပြကြတယ်။ အနောက်တိုင်းသားတွေရဲ့စကားမမှားပါဘူး။ ဘာလို့လဲဆိုတော့ အရှင်ဟာ အိန္ဒိယတောင်ပိုင်းသားလို့တောင် ပြောလို့ရတဲ့ အထောက်အထားများ ရှိနေရလို့ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကျမ်းပြုအကျော် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်က အရှင်ဟာ အိန္ဒိယတောင်ပိုင်းသား ဖြစ်တယ်လို့ မိန့်ဆိုတော် မူခဲ့တယ်။ ဆရာတော်က သူရဲ့ နာမည်ကျော် သဂြိုဟ်ဘာသာဋီကျမ်းကြီးမှာ ဒီလိုစိစစ်ပြတော်မူခဲ့တယ်။

သေဋ္ဌေ ကဉ္စိဝရေ ကာဝီရေ နဂရေ ၀ရေ၊ ကုလေ သဉ္စာတာဘူတေန ဗဟုဿုတေန ဥာဏိနာ ဟူသော ပရမတ္ထ၀ိနိစ္ဆယနိဂုံးဂါထာအရ အရှင်အနုရုဒ္ဓါ သည်ကဉ္စိတိုင်း ကာဝီရမြို့တွင် ဖွားမြင်သောပုဂ္ဂိုလ်တည်းဟု သိသာပြီ။ ထိုကဉ္စိ တိုင်းကား အိန္ဒိယတောင်ပိုင်း မဒရဋ္ဌ်နယ်၌ တည်ရှိ၏။

အိန္ဒိယတောင်ပိုင်းဒေသဆိုတာ သီရိလင်္ကာနိုင်ငံနှင့် နီးတယ်။ ပြီးတော့ သီရိ လင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဘုရင်များအဆက်ဆက်အုပ်ချုပ်ပြီး သာသနာတော်ကို ချီးမြှောက်တော်မူကြတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံသား ကျမ်းတတ် ပုဂ္ဂိုဟ်များဟာ သီရိလင်္ကာဘက်ကူးပြီး သီတင်းသုံးနေထိုင်တော်မူလေ့ရှိကြတယ်။ ဒီအထဲမှာ အရှင်အနုရုဒ္ဓါလည်းတစ်ပါးအ၀င်ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာတော်ဟာ ဒီကျမ်းစာကို ပြုစုတော်မူတဲ့အချိန်မှာ သီရိလင်္ကာနိုင်ငံ အနုရာဓမြို့က မူလသောမဆိုတဲ့ ကျောင်းတိုက်ကြီးမှာ သီတင်းသုံးတော်မူခိုက် ဖြစ်တယ်လို့လည်း စိစစ်ပြတော်ခဲ့သေးတယ်။

ဒီကျမ်းကို ရေးသားရန်တောင်းဆိုသူကတော့ နမ္ပခေါ်တဲ့ ဥပါသကာ တစ်ဦးဖြစ်ကြောင်း ကျမ်းပြီးနိဂုမ်းမှာ ဖေါ်ပြထားတာ တွေ့ရတယ်။ ဆရာတော်ဟာ ဒီကျမ်းစာအပြင် ပရမတ္ထ၀ိနိစ္ဆယ၊ နာမရူပပရိစ္ဆေဒကျမ်းစာတို့ကိုလည်း ရေးသားတော်မူခဲ့သေးတယ်။
အရှင်သည် အဘိဓမ္မတ္ထသင်္ဂဟကျမ်းစာကို ရေးသားတော်မူတဲ့အခါမှာ မြတ်စွာ ဘုရားရဲ့ အာဘော်ကျ အဘိဓမ္မာကျမ်းစာရဲ့ အဆီအနှစ်များကို ထုတ်ပြနိုင်စွမ်းရှိတာမို့ ခေတ်အဆက်ဆက်က ပညာရှင်အများရဲ့ လေးစား တန်ဖိုးထားခြင်းကို ခံရတယ်။ သီလ သမာဓိ ပညာ အားကြီးတော်မူတဲ့ ဆရာတော်တစ်ပါးအဖြစ် ရှုမြင်ခြင်းခံရတယ်။

Saturday, August 14, 2010

အဘိဓမ္မာသင်ရအောင်(၁၂)

မြန်မာနည်းမြန်မာ့ဟန် စာသင်နည်းတွေဟာ အတော်လေးကို အဆင့်မြင့်မား ကောင်းမွန်ခိုင်ခန့်တယ်ဆိုတာ ပြည်ပက ပညာသင်ကြားရေးစနစ်တွေနဲ့ နှိုင်းယှဉ်တိုင်းတာလိုက်မှ ပိုမို သိနားလည်ရတယ်။ မြန်မာတွေ ကံကောင်းခြင်းကြီးစွာ ဒီလို အကောင်းတွေရနေတဲ့ အခြေအနေက ပြောင်းလဲ မသွားပါစေနဲ့လို့ ရင်တမမ ဆုတနေရတော့တယ်။ ကဲ ဒီလောက်ဆို အဘိဓမ္မာ မိတ်ဆက် တော်လောက်ပြီထင်ပါတယ်။ မူရင်းကျမ်းစာဆီကို သွားရောက်ဘို့ အချိန်နောက်ကျနေမှာ စိုးရတယ်။ စိန်ကောင်း ကျောက်ကောင်းရောင်းချတဲ့ နေရာမှာ ဆေးရိုးသည်က ကန့်လန့်မဖြစ်စေချင်ဘူးလေ။


အဘိဓမ္မတ္ထသင်္ဂဟကျမ်းစာ
အဘိဓမ္မတ္ထသင်္ဂဟကျမ်းဟာ ကမ္ဘာမှာ အလွန်အင်မတန် နာမည်ကြီးတဲ့ ကျမ်းစာဖြစ်တယ်။ အဘိဓမ္မာ ၇-ကျမ်းကို ခြုံငုံမိအောင် ရေးသားထားတဲ့ အင်မတန် ကျစ်လစ်သေသပ် ကောင်းမွန်တဲ့ ကျမ်းမြတ် တစ်ဆူဖြစ်တယ်။ အဘိဓမ္မာ ၇-ကျမ်းဟာ အလွန်ကျယ်ပြန့် လွန်းတဲ့အတွက်ကြောင့် လေ့လာ နားလည်ဘို့ မလွယ်ဘူး။ ဒါကြောင့် အဘိဓမ္မာ သဘော တရားများကို အလွယ် တကူ လေ့လာ နိုင်တဲ့ အထောက်အကူပြု ကျမ်းတစ်ခု ရှိသင့်တယ် ဆိုတာ သဘောရတော်မူတဲ့ အတွက်ကြောင့် ဒီအဘိဓမ္မာ အခြေပြုကျမ်းစာကို ရေးသားတော်မူခဲ့ခြင်းဖြစ်တယ်။ အဆီအနှစ်များချည်း စုဝေးနေတဲ့ဒီကျမ်းစာဟာ လက်ဝါးသာ သာလောက်ရှိသည်။ ဒါကြောင့် မြန်မာပညာရှိများက ဒီကျမ်းစာကို လက်သန်းအဋ္ဌကထထာလို့ တင်စားခေါ်ဝေါ်ကြတယ်။ ဒါပေမဲ့ သူရဲ့ အရှိန်အ၀ါက မသေးငယ်ဘူး။ ကမ္ဘာအရပ်ရပ်က ပညာရှိများရဲ့ မျက်ရှုသဘွယ် လေးစား တန်ဖိုးထားခြင်းကို ခံရတယ်။ ဘာသာအသီးသီး ပြန်ဆိုမှုများ။ အဖွင့်ကျမ်းစာများဖြင့် လ၀န်းကို ကြယ်တာရာများ ၀န်းရံခနေသည့်ပမာ အလွန် ခန့်ငြားထည်ဝါလှတယ်။

Friday, August 13, 2010

အဘိဓမ္မာသင်ရအောင် (၁၁)

မြန်မာဖြစ် အဘိဓမ္မာ ကျမ်းစာအုပ်များ
အဘိဓမ္မာကို မြန်မာတွေ သိနားလည်ပုံက သာမာန်မဟုတ်ဘူး။ တကယ့်ကို သဘာဝနှင့် ဟပ်ပြီး အပ်ကျမပ်ကျ သိနားလည်ကြ တာ။ မြန်မာနှင့် အဘိဓမ္မာ၊ အဘိဓမ္မာနှင့် ခွဲခြားလို့ကို မရအောင်ဖြစ်နေတာ။ ကမ္ဘာက မြန်မာတွေကို အဘိဓမ္မာတတ်သိနားလည်သူတွေအဖြစ် အထင်ကြီးကြတယ်။ ဒီဂုဏ်ကို ထိန်းထားဘို့တော့ လိုတာပေါ့နော်။ မြန်မာများ အဘိဓမ္မာ ကျွမ်းမကျွမ်းကို မြန်မာများ ရေးသားပြုစုထားတဲ့ အဘိဓမ္မာကျမ်းစာများကို ကြည့်ရင် အလွယ်တကူ သိနားလည်နိုင်တယ်။ မြန်မာတွေရဲ့ အဘိဓမ္မာနိုင်နင်းပုံကို ဘယ်လိုတိုင်းတာ ပြလို့မှ မရအောင်ဖြစ်နေတာ။ ကမ္ဘာက အဘိဓမ္မာနှင့် ပတ်သက်ပြီး မြန်မာနောက်လိုက်နေကြရတယ်။ မြန်မာ့ အဘိဓမ္မာနှင့် ပတ်သက်ပြီး ပင်းယခေတ်က အရှင်အရိယ၀ံသ ဆိုတဲ့ ဆရာတော်က ပထမဦးဆုံး လက်စွမ်းပြ ရေးသားတော်မူခဲ့တယ်။ နောက် လယ်တီဆရာတော် လက်ထက်ရောက်တော့ တစ်ကမ္ဘာလုံး ၀က်ဝက် ကွဲအောင် နာမည်ကြီးသွားတော့တာပဲ။ ဘာကြောင့်လဲဆိုတော့ အများက လေးစား တန်ဘိုးထားတဲ့ သီဟိုဠ်ဖြစ် အဘိဓမ္မာ အဖွင့် ကျမ်းစာဖြစ်တဲ့ ဋီကာကျော်ကျမ်းစာကြီးကို ပယ်ပယ်နယ်နယ် ဝေဘန်ပြီး ဋီကာအသစ်တစ်စောင်ကို လက်စွမ်းပြ ရေးသားခဲ့လို့ဖြစ် တယ်။ အခြား ဆရာအမျိုးမျိုးက မြန်မာလို ဖွင့်ဆို ပြုစုရေးသားထားတဲ့ အဘိဓမ္မာ ကျမ်းစာတွေကတော့ များသ လားမမေးနဲ့။

အဘိဓမ္မာ အရကောက်ကျမ်းများ
မြန်မာတွေ အဘိဓမ္မာနိုင်တာတော့ မပြောနဲ့ အဘိဓမ္မာ အလွယ်တကူ တတ်ကျွမ်း နားလည်စေနိုင်တဲ့ နည်းလမ်းပြ စာအုပ်တွေက မြန်မာတွေ လက်ထဲမှာပဲ ရှိတာကိုး။ ရှိမှာပေါ့ မြန်မာတွေကိုယ်တိုင် ဖန်တီးခဲ့ကြတာကိုး။ ကမ္ဘာက အံ့သြနေတယ် မြန်မာတွေ ဘယ်လိုသင်လို့ ဒီလောက်အထိ တတ်ကျွမ်းကြတာလဲပေါ့လေ။ ဒါကြောင့် ကမ္ဘာ့လူသားတွေ မြန်မာတွေလို ပိဋကတ်ကို နားလည်အောင် အဘိဓမ္မာကို အလွယ်တကူ နားလည်အောင် မြန်မာ့ကိုယ်တိုင်ရေး စာအုပ်တွေကို ဘာသာအမျိုးမျိုးပြန်ဆိုပြီး ကမ္ဘာကို ဖြန့်ချိသင့်နေတာပေါ့။ ခက်နေတာက သူတို့က သူငယ်နှပ်စားအကြံနဲ့ စာပေကို ဖြတ်လမ်းက လိုက်ချင်တဲ့ လူစားမျိုးတွေ။ ဘာသာပြန်ဖတ်ပြီး သိပြီတတ်ပြီဆိုပြီး ဆရာလုပ်ချင်တဲ့ လူတွေ။ ဒီလိုလူတွေက ကမ္ဘာကို ဆရာပြန်လုပ်တော့ ကမ္ဘာ့လူသားတွေ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အမြင်မှား အထင်မှားတွေ ဖြစ်ကုန်တော့တာပေါ့။

မြန်မာလက်ဖြစ်ဋီကာများ
အဘိဓမ္မာ အရကောက် ကျမ်းစာကြီးတွေဟာ ကမ္ဘာက အံ့သြရတဲ့ မြန်မာ့ လက်ဖြစ် အဋ္ဌကထာ ဋီကာ ကျမ်းကြီးများပေါ့။ ဒီကျမ်းစာကြီးများကြောင့် မြန်မာဟာ ဗုဒ္ဓပိဋကတ်တော်တွေကို ယခုလောက်ကြာကြာ ထိန်းထားနိုင်တာပေါ့။ ဗုဒ္ဓပိဋကတ်နှင့် ပတ်သက်ပြီး အရာရာမှာ သူများထက် နှာတစ်ဖျားသာ ပြောနိုင် ရေးနိုင် တွေးနိုင် သိနိုင်ကြတာပေါ့။ ကုသလာ ဓမ္မာဆိုတဲ့ ပုဒ်အရ ကုသိုလ်စိတ် ၂၁ စေတသိက် ၃၈ ကောက်ပြထားတာကို အိန္ဒိယမှာ ပါဠိစာ ပေနှင့်ပတ်သက်ပြီး ထိပ်ကပြေးနေတဲ့ ဆရာတစ်ယောက်က ဘာကြောင့် ဘယ်လိုကောက်လို့ ဒီလို ဖြစ်နေရတာလဲလို့ မသိနားမလည်စွာ မေးဘူးတယ်။ ဒီလောက်ထိ ဝေးနေတော့လဲ သနားရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ဘူးလေ။ ဒီလို အကောက်က မြန်မာနိုင်ငံမှာ ကိုရင်ငယ်တစ်ပါး သင်ရတဲ့ စာပါ။ ဒါကို သူတို့အတွက် အကြီးအကျယ် ခက်နေတော့လဲ မတတ်နိုင်တော့ဘူးလေ။

Wednesday, August 11, 2010

လေ့လာရေးအဖွဲ့ ဗုဒ္ဓ၀ိဟာရရှေ့တွင် အမှတ်တရ

Monday, August 9, 2010

အဘိဓမ္မာသင်တန်းသားများ လေ့လာရေးခရီး

၉-၈-၂၀၁၀၊ တနင်္ဂနွေနေ့ နံက် အချိန်တွင် အဘိဓမ္မာသင်တန်းသားများသည် မဟာရဋ္ဌစတိတ်ရှိ ရှေးဟောင်း လိုဏ်ဂူများသို့ လေ့လာရေး ထွက်ခဲ့ကြသည်။ အဖွဲ့တွင် မြန်မာရဟန်းတော် အရှင်ကုသလ (သင်တန်းနည်းပြဆရာတော်)၊ သီရိလင်္ကာ ရဟန်းတော် အရှင်ကုမာရကဿပ၊ အိန္ဒိယသာမဏေ ဘန္တေ သုဒဿန။ သင်တန်းသူများဖြစ်ကြသည့် ဒေါတယ်(ဂျာမန်)၊ ယူမီ ဖူဂျီမိုတို (ဂျပန်) ၊ ဆိုရောင်ဂျူး(ကိုရီးယား) ၊ မီနာ ကိနိုရှီတာ(ဂျပန်)၊ ဆီကို ရှူကိုတာ(ဂျပန်) နှင့် သူမ၏ မိဘနှစ်ဦး။ ထို့ပြင် အိန္ဒိယ ကျောင်းသားများဖြစ်ကြသည့် နိမလလောကန်ဒီ နှင့် ပရ်ဝင်တေတ်လတို့လည်း ပါဝင်ကြသည်။

နံက် ၁၀း၃၀ အချိန်တွင် ဗုဒ္ဓ၀ိဟာရမှ စတင်ထွက်ခွာလာရာ မာရကူဋတောင်ခြေသို့ နေ့ ၁၂း၁၅ တွင် ရောက်ရှိကြသည်။ ကားကို တောင်ခြေတွင် ထားခဲ့ကြပြီး တောင်ပေါ်သို့ ခြေလျင် တက်ကြသည်။ တောင်အောက်မှ ကျောက်လိုဏ်ဂူ ရှိရာသို့ ကျောက်လှေခါးအတိုင်း နာရီဝက်ခန့် တက်သွားရသည်။ တောင်ပေါ်သို့ ရောက်လျှင် လိုဏ်ဂူအတွင်းဝင်၍ လိုဏ်ဂူအတွင်းရှိ ကျောက်စေတီတော်အား ဖူးမြော် ကြည်ညိုကြသည်။ အနေကဇာတင်၊ မေတ္တာပို့ အမျှဝေကြသည်။ ဤကျောက်လိုဏ်ဂူကို ဘီစီ ၁ ရာစုနှစ်လောက်က တည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ပထမဦးစွာ ထေရ၀ါဒ ရဟန်းတော်များ နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် မဟာယာန ရဟန်းတော်များ နေထိုင်ခဲ့ကြောင်း၊ မိုးတွင်းကာလ ရဟန်းတော်များ ၀ါဆိုဝါကပ်ရာ ၀ဿဝါစာ နေရာဖြစ်ကြောင်းစသည် ဘန္တေ သုဒဿနက ပြောပြသည်။

လိုဏ်ဂူသည် တောင်ခါးပန်းနေရာတွင် တည်ရှိသဖြင့် ရှေးအခါက လူသူ လာရောက်ဘို့ လွန်စွာ ခဲယဉ်းမည့်အနေအထားဖြစ်သည်။ ဤဒေသတွင် ဤကဲ့သို့ ကျောင်းပုံစံတည်ဆောက် ထွင်းထုထားသော ကျောက်လိုဏ်ဂူများ နေရာ အတော်များများတွင် တည်ရှိသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် အလွန်ထင်ရှားသော ကာလ၊ ဘာဂျာ ခေါ်သော လိုဏ်ဂူများ၊ အာဂျင်တာ အရိုလာ ခေါ်သော လိုဏ်ဂူကြီးများ စသည်တို့ဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ ဤလိုဏ်ဂူများသည် ကျောက်ဆောင်သက်သက်ကို ထွင်းထု ပုံဖော်ထားသော ကျောက်လိုဏ်ဂူများဖြစ်နေသောကြောင့်ဖြစ်သည်။ အချို့လိုဏ်များသည် ပန်းကနုတ်များ၊ ဆင်ရုပ် မြင်းရုပ်၊ လူရုပ်များဖြင့် လက်ရာမြောက်စွာ ထုဆစ်ပုံဖော်ထားသည်ကို တွေ့ရသည်။ ဘုရားခန်း၊ နားနေခန်း၊ ရေတွင်း ရေကန် စသည်ဖြင့် အပြည့်အစုံ ဖန်တီးထားသည်ကို တွေ့ရသည်။

ကျောက်လိုဏ်ဂူအတွင်း လှည့်လည်ကြည့်ရှုကြပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ဂျာမန်သူ ဒေါတက်သည် ပရော်ဖက်ရှင်နယ် ဖိုတိုဂရပ်ဖာတစ်ဦးဖြစ်သည်။ သူမသည် ဓာတ်ပုံများကို အကျအန မှတ်တမ်းရိုက်ယူသည်။ ကျောင်းပုံစံ တည်ဆောက်ထားသော လိုဏ်ဂူမှာ ၂ ဆောင်တွဲလျက် တည်ရှိသည်။ တစ်ဆောင်မှာ ဘုရားကျောင်းဆောင်ဖြစ်ပြီး တစ်ဆောင်မှာ ရဟန်းတော်များ သီတင်းသုံးနားနေဆောင်ဖြစ်သည်။ ထိုအဆောင်တွင် အခန်းကိုးခန်း ပါရှိသည်ကို တွေ့ရသည်။

လိုဏ်ရှေ့ရင်ပြင်မှနေ၍ တောင်အောက် ရှုမြော်ခင်းများကို ကြည့်ရှုကြသည်။ ထိုအချိန်တွင် ဂျပန်မ ယူမီက တောင်များဝန်းရံနေသည့် မြေပြန့်လွင်ပြင်လေးကို လက်ညှိုးညွှန်၍ ငါတို့ နေတဲ့ မြို့လေးကလည်း ဒီအတိုင်းလေးဘဲဟု ပြောလာသည်။ ထိုအချိန်တွင် မိုးကျလာသည်။ ထီးများကို ထုတ်၍ အသီးအသီးဆောင်းကြသည်။ အနီးတွင် ရှိနေ သောကိုရီးယားမက သူ့ ထီးလေးဖြင့် ဆောင်းမိုးပေးရှာသည်။ အတန်ကြာသည်အထိ မိုးဖွဲဖွဲအောက်တွင် မတ်တပ်ရပ်၍ စကားပြော ရှုမြော်ခင်းများကို ကြည့်ကြပြီး တောင်အောက်သို့ ပြန်လည် ဆင်းသက်ခဲ့ကြသည်။ တောင်အောက်ရောက်တော့ ၁း၅၆ နာရီရှိပြီ။ မရကူဋတောင်မှ ပြန်လည်ထွက်ခွာခဲ့ကြပြီး နေ့လည်စာကို လမ်းဘေး စားသောက်ဆိုင်တစ်ခုတွင် စားသောက်ကြသည်။ ထိုအချိန် ညနေ ၃း၃၀ ရှိပြီ။ အိန္ဒိယအစားအစာဖြစ်သည့် ထမင်းကြော်ကို မှာယူစားသောက်ကြသည်။ စား သောက်ပြီး ကော်ဖီတစ်ခွက်စီသောက်ကြသည်။ ကော်ဖီထုပ်ကို မိမိက ယူဆောင်လာခဲ့သည်။

စားသောက်ကြပြီးနောက် အခြား လိုဏ်ဂူတစ်ခုကို လေ့လာရန် ထွက်ခဲ့ကြသည်။ ထိုလိုဏ်ဂူမှာ နာမည်ကျော် ဘာဂျာ နှင့် ကာလာတို့ဖြစ်ကြသည်။ ပထမဦးစွာ ဘာဂျာလိုဏ်သို့ သွားကြသည်။ နာရီဝက်ခန့်ကြာလျှင် ဘာဂျာလိုဏ်တောင်ခြေသို့ ရောက်သည်။ တောင်ခြေတွင် ကားရပ်၍ တောင်ပေါ်သို့ ခြေလျင်တက်ကြသည်။ ဤနေရာသည်လည်း တောင်များ ခွေပတ် ရံနေသော မြေပြန့်လွင်ပြင်တစ်ခုပင်။

တောင်ခြေတွင် ကားများ၊ လူများ ရှုပ်ယှက်ခတ်သွားလာနေသည်ကို တွေ့ရသည်။ ယနေ့ ဟင်ဒီပွဲတော်တစ်ခုရှိသည်ဟုသိရသည်။ ပွဲတော်ကို အရက်သောက်၍ ပျော်ကြသည် ဟုဆိုသည်။ ထို့ကြောင့် ယနေ့ နေရာတိုင်းတွင် လူများနေခြင်းဖြစ်သည်။ တောင်ခြေတွင် တောင်ပေါ်မှ စီးကျနေသော ရေတံခွန်တစ်ခုရှိသည်။ ထိုနေရာတွင် လူအများအပြား ရေချိုးနေကြသည်ကို တွေ့ရသည်။

မိမိတို့အဖွဲ့သည် တောင်ပေါ်သို့ တက်ခဲ့ကြသည်။ လမ်းခုလတ်ရှိ လက်မှတ်ဖြတ်ကင်းတဲတွင် ၀င်ခွင့်လက်မှတ်ဖြတ်ကြသည်။ တစ်ဦးလျှင် တစ်ရာပေးရ၏။

တောင်ပေါ်ရှိ လိုဏ်နေရာသို့ ၁၅ မိနစ်ခန့် တက်ရသည်။ ဘာဂျာလိုဏ်သည်လည်း ယခင်လိုဏ်ကဲ့သို့ ပုံစံတူ လိုဏ်တစ်ခုပင်ဖြစ်သည်။ အခန်းဖွဲ့စည်းပုံမှာ ယခုခေတ် တိုက်ခန်းများကဲ့သို့ အပေါ်ထပ်၊ အောက်ထပ်ပုံစံ ပုံဖော်ထုဆစ်ထားသည်ကို တွေ့ရသည်။ ထူပများ၊ ရေတွင်းများနှင့် တိုက်ခန်းအများအပြားကို တွေ့ရသည်။ တောင်ပေါ်မှ တောင်ကျ ရေများသည် လိုဏ်ဂူများအပေါ်မှ အဆက်မပြတ် စီးဆင်းကျနေသည်ကိုတွေ့ရသည်။ ထို့ပြင် ရေတံခွန်တစ်ခုကိုလည်း လိုဏ်၏ တစ်ဖက်တွင် တွေ့ရသေးသည်။ ကျယ်ဝန်း များပြားသော ကျောက်လိုဏ်များရှိရာ ဤနေရာ၌ ရှေးအခါက မြောက်များ စွာသော ရဟန်းတော်များ နေထိုင်ခဲ့လိမ့်မည်ဖြစ်သည်။

ကျောက်လိုဏ်များကိုလေ့လာပြီးနောက် ကျောက်လိုဏ်နောက်ခံပြု၍ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တောင်အောက်သို့ ပြန်လည်ဆင်းသက်ခဲ့ကြသည်။ တောင်ပေါ်မှ တောင်ခြေ သို့ ပြန်ရောက်တော့ ညနေ ၅း၃၀ နာရီရှိပြီ။

ဘာဂျာလိုဏ်မှ ပြန်ထွက်ခဲ့ကြသည်။ သို့သော် ကာလလိုဏ်သို့ မသွားတော့ဘဲ ပြန်ကြမည်ဖြစ်သည်။ အကြောင်းမှာ ထိုနေရာတွင် ဟင်ဒီများ၏ ဆိတ်သိုးများကို သတ်၍ သွေးများဖြင့် ယာဇ်နတ် ပူဇော်ကြသည့် အခမ်းအနားရှိသည်။ ထိုပွဲတော်တွင် လူငယ်အများ အပြား သောက်ကြစားကြ ပျော်ကြပါးကြသည်။ အန္တရာယ်ရှိနိုင်သဖြင့် မသွားကြတော့ခြင်းဖြစ်သည်။

အပြန်လမ်းတွင် စားသောက်ဆိုင်တစ်ခုဝင်၍ လဘက်ရည်သောက်ကြသည်။ ထိုအချိန်တွင် ယနေ့ခရီးစဉ်နှင့် ပတ်သက်၍ ရင်တွင်းဖြစ် ခံစားချက်များကို တစ်ယောက်တစ်လှည့် ပြောကြရန် မိမိက ပြောလိုက်သဖြင့် အားလုံးတစ်ယောက်တစ်လှည့်စီ ပြောကြသည်။ ပထမဦးစွာ ကိုရီးယားမက ယနေ့ခရီးသည် အတော်ပင် စိတ်ဝင်စားစရာကောင်းပါကြောင်း၊ ရင်သပ်ရှုမောဘွယ် တောတောင်သဘာဝများကို မြင်တွေ့ရ၍ စိတ်လက်ပျော်ရွှင် ၀မ်းမြောက်ပါကြောင်း၊ ဗဟုသုတများစွာလည်း ရရှိပါကြောင်း စသည်ပြောသည်။
ထို့နောက် ဂျာမန်မက သိပ်ကောင်းတဲ့ ခရီးတိုလေးပါဘဲ။ စိတ်ထဲမှာ အတော်လေးကို ကျေနပ်မိပါတယ်။
ဂျပန်မ ယူမီက ခရီးစဉ်ကို စီစဉ်ပေးတဲ့ အရှင်များကို သိပ်ကျေးဇူးတင်ပါတယ်။ ခရီးထွက်လာရတာ အတော်ပျော်ပါတယ်။
ဂျပန်မိသားစုကလည်း အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ပျော်ရွှင်ကျေနပ်မိပါတယ်စသည် ပြောဆိုကြသည်။
ပူနေးတက္တသိုလ် ဗုဒ္ဓ၀ိဟာရသို့ ပြန်လည်ရောက်တော့ ည ၈ နာရီထိုးပြီ။

အားလုံး ပျော်ရွှင် ချမ်းမြေ့ပါစေ

၁၀-၈-၂၀၁၀

Friday, August 6, 2010

အဘိဓမ္မာသင်တန်း နှစ်လပြည့် အထိမ်းအမှတ် (၂)

ယခုဆို အဘိဓမ္မာသင်တန်းဟာ သိပ်ကို အရှိန်ကောင်းနေပြီဖြစ်တယ်။ အားလုံးဟာ အဘိဓ္မာဘာသာရပ်ကို ဘယ်လို ပြကွက်တွေနဲ့ ဘယ်လိုတွေဖြစ်မယ်ဆိုတာ ကြိုတင် မသိနိုင်တဲ့ ရုပ်ရှင်ကားတစ်ကားကို ကြည့်ရသလို တစ်သသဖြစ်နေကြတယ်။ ဟုတ်တယ် မြတ်စွာဘုရားရဲ့တရားတော်များက သဘာဝကို ပုံဖော်ပြထားတာဆိုတော့ တကယ့်ကို စိတ်ဝင်စားဘို့ ကောင်းတာပဲ။

သင်တန်းကို သင်တန်းသားတွေ စိတ်ဝင်စားမှု ရှိမရှိ သိချင်ရင် ကုလားကျောင်းသားတွေ ခေါင်းရမ်းမရမ်းကြည့်ရင်သိတယ်။ ကုလားက သဘော မတွေ့သေးရင် ခေါင်းမရမ်းဘူး။ ခေါင်းရမ်းတာ မြင်ရင်တော့ သဘောတွေ့လို့သာ မှတ်ပေတော့။ ဂျပန်မလေးတော့ ဂျပန် အာလုပ်သံလေးပေးပြီး သဘောကျကြောင်း ပြတတ်တယ်။ တစ်ခါတစ်ခါ (အသံမမြည်) လက်ခုပ်တီးပြီး အားပေးတတ်တယ်။ ဂျာမာန်မကတော့ ကုလားမ စတိုင် ခေါင်းလေးရမ်း ပြုံးပြီး ထောက်ခံချက်ပေးတတ်တယ်။ ဘန္တေသုဒဿနကတော့ ကုလားစကား အာခ်ျ ခ်ျ ဆိုပြီး နားလည်ကြောင်း ပြတတ်တယ်။

ယခုဆို အဘိဓမ္မာသင်တန်းများကို ကျယ်ပြန့်စွာ သင်ကြားပြသဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ international abhiddhamma society အဖွဲ့ကို မြန်မာရဟန်းတော်များ ဦးဆောင်ပြီး ဖွဲ့စည်း တည်ထောင်ပြီးပြီဖြစ်တယ်။ ဒီအဖွဲ့အစည်းက ဒီသင်တန်းကို အခြေခံပြီ ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်အတိုင်း အခြားနေရာများမှာလည်း သင်တန်းများ ပို့ချသွားမှာ ဖြစ်တယ်။ လောလောဆယ်မှာတော့ ဗုဒ္ဓ၀ိဟာရနှင့် အခြား ဘုန်းတော်ကြီးကျောင်း တစ်ခုမှာ သင်ကြားပို့ချနေခြင်းဖြစ်တယ်။ နောက်မကြာမီမှာ အိန္ဒိယနိုင်ငံအနှံ့ အဘိဓမ္မာ သင်တန်းဌာနများဖွင့်လှစ်ပြီး သင်ကြားသွားဘို့ အစီအစဉ်များရှိတယ်။ ဒီလို သင်ကြားမှုများကို မြန်မာရဟန်းတော်များကသာ စွမ်းဆောင်နိုင်တယ်။ ဒါကြောင့် အိန္ဒိယရောက် မြန်မာရဟန်းတော်များရဲ့ ဇွဲ့လုံ့ လကို မူတည်ပြီး အိန္ဒိယနိုင်ငံရဲ့ ဗုဒ္ဓဘာသာအခြေအနေဟာ ပြောင်းလဲ သွားနိုင်တယ်လို့ ပြောနိုင်တယ်။

ဘာပဲဖြစ်နေနေ စွမ်းနိုင်သလောက် သတ္တိလေးနဲ့ ဘုရားသာသနာ ကျယ်ပြန့်ဘို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိန္ဒိယနိုင်ငံသို့ ပညာတော်သင်ရောက်ခိုက်မှာ သာသနာပြုလုပ်ငန်း တစ်စိတ် တစ်ဒေသအဖြစ် သင်ကြားချပို့မှု အနည်းငယ်ကို ယခုလို ပြုလုပ် ဆောင်ရွက်နိုင်တဲ့အတွက် ဘ၀အတွက် သာသနာအတွက် ကျေနပ်မှု အတိုင်းအတာတစ်ခုအထိ ရရှိခဲ့တယ်လို့ ပြောချင်တယ်။

အားလုံးသတ္တ၀ါ ဘေးရန်ကွာ ချမ်းသာကြပါစေ
(၅-၈-၂၀၁၀)

Thursday, August 5, 2010

အဘိဓမ္မာသင်တန်း နှစ်လပြည့်အထိမ်းအမှတ်

အဘိဓမ္မာသင်တန်းကို ချပို့လာတာ ၂လပြည့်သွားပြီ။ နက်ဖြန်ဆိုရင် ၂ ရက်တင်းတင်းပြည့်ပြီပေါ့။ ပြီးခဲ့သည့် ဂျွန် ၆ ရက်က စတင်လာတာ ယခု သြဂုတ်လ ၆ ရက်ဆိုတော့ ၂ လပြည့်ပြီလေ။ ဒီ ၂ လပြည့်မှာ သင်တန်းသားများကို တစ်ခုခု ကျွေးရင်ကောင်းမယ်လို့ စိတ်ကူးနေတုန်းမှာပဲ မြန်မာနိုင်ငံ စစ်ကိုင်းမြို့က အစ်မတော်တစ်ဦးက ပေးပို့လိုက်တဲ့ ကော်ဖီထုပ်ကြီး ၂ထုပ် ယနေ့ နေ့လည်မှာပဲ လက်ထဲကို ရောက်လာပါတော့တယ်။ စစ်ကိုင်းက အစ်မတော်ရေ ကျေးဇူး ကျေးဇူးကမ္ဘာပါပဲဗျာ။ နက်ဖန်နံက် သင်တန်းပြီးချိန် သင်တန်း ၂ လပြည့် အထိမ်းအမှတ်အဖြစ် သင်တန်းသားများကို ကော်ဖီနှင့် မုံ့ ကျွေးမယ်။

အဘိဓ္မာသင်တန်းက ထူးဆန်းတယ်။ ဘာလို့လဲဆိုတော့ ပိတ်ရက်မရှိ နေ့တိုင်းဖြစ်နေလို့ပဲ။ နိုင်ငံတကာ စံနှုန်းအရဆိုရင် တစ်ပတ် ၃ ၊ ၄ ရက်ဆို လုံလောက်တယ်လေ။ ၃ ရက်သင် ၄ ရက် လေ့လာ။ ဟုတ်ပါတယ်။ ဒီမှာတော့ နေ့တိုင်းပဲ။ ဘာလို့လဲဆိုတော့ နေ့တိုင်းသင်မှ တတ်မယ်။ သိမယ်။ သင်ချင်တဲ့စိတ်လေး မပျောက်မယ်။ ပြီးတော့ ဘာသာရပ်က ခက်တယ်။ သဘောတရားတွေက ကျယ်ပြန့်လွန်း အားကြီးတယ်။ များများပြော များများ နားထောင်မှ ရေရေလည် လည် ပြည့်ပြည့်စုံစုံ သိနားလည်မယ်။ ဒါကြောင့် နေ့တိုင်းသင်ကြားခြင်းဖြစ်တယ်။ ဒါက မြန်မာ နိုင်ငံ ဘုန်းတော်ကြီးကျောင်းတွေမှာ ယနေ့ထက်တိုင် ကျင့်သုံးနေတဲ့ နေ့စဉ်မပြတ် သင်ကြားခြင်းစနစ်တစ်ခုဖြစ်တယ်။

ပြီးတော့ ဒီမှာက ကျောင်းသားရော ဆရာပါ မအားမလပ်ကြဘူး။ ဒါကြောင့် နွေရာသီ ကျောင်းအားရက်မှာ တွန်းထားမှ တော်ကာကြမယ်ဆိုပြီး အဲဒီကတည်းက တွန်းတွန်း တိုက်တိုက်နဲ့ နေ့တိုင်းသင်ခဲ့တာ ယခုအထိဆိုပါတော့။

အချို့က ပြောတယ်။ နေ့တိုင်းသင်တာ ဆရာရော တပည့်ပါ သိပ်ပင်ပန်းလွန်းတယ်။ ကြာရှည် ခံနိုင်ရည်ရှိဘို့ မလွယ်ဘူး။ ကျောင်းသားတွေ စိတ်ပျက်သွားနိုင်တယ်။ ဒါကြောင့် ရက်ခြား သင်သင့်တယ်။ စသည်ပေါ့။

အချို့ကလည်း တစ်ပတ် တနင်္ဂနွေတစ်ရက်ဆိုရင် လုံလောက်ပါတယ်တဲ့။ ဒါပေမဲ့ အားလုံးကို မျက်ကွယ်ပြုပြီး နေ့တိုင်းသင်ကြားခဲ့တယ်။ မိုးရွာသည်ဖြစ်စေ နေပူသည်ဖြစ်စေ သင်တန်း ဆီကို အရောက်သွား သင်ကြားတာပဲ။ သင်မည့်သူတွေကလည်း ဇွဲကောင်း ကောင်းနဲ့ လာကြတာပဲ။ သင်တန်းသားက များများတော့ မဟုတ်ဘူး။ ပူနေးတက္ကသိုလ် ပါဠိဋ္ဌာနက ဆရာတစ်ယောက်။ ပီအိပ်ဂ်ျဒီ ကျောင်းသား သုံးယောက်။ ဂျာမာန်အမျိုးသမီးတစ်ယောက်။ စုစုပေါင်း ငါးယောက်။ ပီအိပ်ဂ်ျဒီ ကျောင်းသား သုံးယောက် အနက် ၂ ယောက်က အိန္ဒိယကျောင်းသား ဘန္တေသုဒဿနနှင့် နီလမဆိုတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး တစ်ယောက်က ဂျပန်အမျိုးသမီးလေး ယူမီဖူဂျီမိုတိုဖြစ်တယ်။

သင်တန်းအစတုန်းက အမာခံကျောင်းသားအဖြစ် ဆရာဆန်ဂျေး၊ ဘန္တေသုဒဿနနှင့် ယူမီဖူဂျီမိုတိုတို့ပဲ ရှိတယ်။ သူတို့က ဗုဒ္ဓဘာသာဝင်တွေဖြစ်ပေမဲ့ ဗုဒ္ဓဘာသာ အကြောင်းကို ကောင်းကောင်း သိနားလည်သူများ မဟုတ်ကြဘူး။ ဒါကြောင့် သင်ကြားတဲ့ နေရာမှာ အကြောင်းယုတ္တိ ရှိမရှိကို အများကြီး ဆန်းစစ်ကြတယ်။ မေးခွန်းတွေ အများကြီးမေးကြတယ်။ နောက်အတော်လေး ကြာကာမှ အမေးတွေ လျှော့သွားကြတယ်။ အဘိဓမ္မာဘာသာရပ်ကို သဘောခွေ့ မနောတွေ့ သွားကြတယ်ပေါ့။ အစက စိတ်ဝင်စားယုံပဲ။ နောက်မှ တကယ်ကြိုက်သွားတာ။ အိပ်ရာထ ပျင်းတဲ့ ဂျပန်မလေးတောင် အဘိဓမ္မာကို စိတ်ဝင်စားလွန်းလို့ အိပ်ရာကလူးလဲထပြီး သင်တန်းချိန်အမီ အပြေးကလေး လာတတ်တယ်။

သင်တန်းက နံက် ၉ နာရီမှ ၁၀ နာရီအထိဖြစ်တယ်။ ၈ နာရီနဲ့ ၉ နာရီကိုတော့ တရားထိုင်ချိန်အဖြစ် သတ်မှတ်ထားတယ်။ ဂျပန်မလေးနှငဆရာဆန်ဂျေးတို့က တရားထိုင်ချိန် ကျော်ပြီမှ သင်တန်းကို ရောက်လာကြတယ်။ ဆိုလိုတာက တရားမထိုင် လိုဘူးဆိုတဲ့ သဘော ပေါ့။ ဂျပန်မလေးကို တရားထိုင်ဘို့ ပြောတော့။ ဂျပန်မလေးက သူ့အခန်းမှာ နေ့တိုင်း တရားထိုင်ပါတယ်တဲ့။

သင်တန်းဌာနက ပူနေးတက္ကသိုလ်အတွင်း ဗုဒ္ဓ၀ိဟာရ ခေါ်တဲ့ ဘုရားကျောင်းလေးမှာပါ။ အဆောင်ကနေ ၁၀ မီနစ်လောက် လမ်းလျှောက်သွားရင် ရောက်ပါတယ်။ ဘုရားကျောင်းမှာ ဘန္တေသုဒဿန နှင့် ကိုရင်ငယ်လေး ဓမ္မဒဿီတို့ နေထိုင်ပါတယ်။ ကိုရင်ငယ်လေးက နံက်တိုင်း ဘုရားကျောင်း သန့်ရှင်းရေး၊ သောက်တော်ရေချမ်းကပ်ပြုလုပ်တယ်။ ပြီးတော့ သင်တန်းချိန်မှာ သင်တန်းသားများအတွက် ကုလားလဘက်ရည်(ကျရည်)တစ်ခွက်စီ ဖျော်တိုက်တယ်။

အဘိဓမ္မာကို သင်ကြားတဲ့အခါ အဘိဓမ္မတ္ထသင်္ဂဟကျမ်းစာကို ကိုင်ပြီးသင်ပါတယ်။ မြန်မာ ဘုန်းတော်ကြီးသင် နည်းစနစ်အတိုင်း ပါဠိဖတ် (အင်္ဂလိပ်) ဘာသာပြန်။ ပြီးတော့ အဓိပ္ပါယ် ရှင်းလင်းပြောပြ။ ပြီးတော့ လောကမှာ ဘယ်လိုဖြစ်နေတယ်။ အဘိဓမ္မာသဘောတရားအရ ဘ၀မှာ ဘယ်လိုကျင့်သုံး နေထိုင်ရမယ်ဆိုတဲ့ အထိ ပြောပြပေးတယ်။ ဒါကို သိပ်သဘောကျကြတယ်။ အဘိဓမ္မာဆိုတာ စာမဟုတ်ဘူး။ ဘ၀ပါလားလို့ သိသွားကြတယ်။

ဆရာဆန်ဂျေးက ပြောတယ်။ အဘိဓမ္မာက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး စိတ်ဝင်စားမှုကို ဖြစ်စေတယ်တဲ့။
ဘန္တေသုဒဿန က အဘိဓမ္မာသင်တန်းကို တစ်ရက်လာမိရင် အဲဒီလူ နောက်ရက်လာဘို့ မခဲယဉ်းတော့ဘူး၊ ဘာလို့လဲဆိုတော့ သင်ကြားချပို့မှုတွေက ဆွဲဆောင်မှု အပြည့်ရှိနေ လို့ပါဘဲတဲ့။
ဂျပန်မလေးကတော့ ငါဘာမှ စိတ်မ၀င်စားဘူး။ အဘိဓမ္မာသင်တန်းပဲ စိတ်ဝင်စားတယ်တဲ့။

နောက် ဂျပန်မလေးတစ်ယောက်ရှိသေးတယ်။ သူ့နာမည်က ယူမီ ကတာရာမ တဲ့။ သူက ဘာသာရေး စိတ်ဝင်စားသူဖြစ်တယ်။ ဣနြေ္ဒရှိတယ်။ သမာဓိကောင်းတယ်။ ထိုင်းကျောင်းသားတစ်ယောက်က ပြောတယ် သူမရယ်တာကို မတွေ့ဘူးဘူးတဲ့။ ဘာသာ ရေး စိတ်ဝင်စားလွန်းလို့ သူမကို အတန်းဖော်တွေက ဗောဓိသတွ (ဘုရားအလောင်း) လို့ခေါ်ကြတယ်။ သူမက မဟာသတိပဋ္ဌာန်သုတ်လာ ဧကာယနပုဒ်ကို မဟာယာန၊ ထေရ၀ါရ ကျမ်းစာတွေနဲ့ ညှိပြီ စာတမ်းရေးနေသူဖြစ်တယ်။ စာတမ်းပြီးလို့ နောက်လဆိုသူ့နိုင်ငံ ဂျပန်ကို ပြန်တော့မယ်။

သူမက အဘိဓမ္မာသင်တန်းကို နောက်ကျမှ ရောက်လာသူဖြစ်တယ်။ တစ်ရက် နှစ်ရက် လာလေ့လာမယ်ဆိုတဲ့ သဘောပေါ့။ သင်တန်းကို တစ်ရက်တက်ပြီး ညပိုင်းမှာ အီးမေးပို့လာတယ်။ ” ငါ့ကို အဘိဓမ္မာသင်ပေးပါ။ ငါ့နိုင်ငံ မပြန်ခင်လေးမှာ အဘိဓမ္မာကို ကြိုးစားပြီး သင်သွားချင်တယ်” တဲ့။

စာကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်။ သူမဘ၀မှာ တစ်ခါမှ မသိခဲ့ဘူးသော အကြောင်းအရာများ။ ပြီးတော့ အချိန် သိပ်နောက်ကျသွားပြီ။ သို့သော် သူမ ဆက်လေ့လာရမယ်ဆိုတဲ့ အသိလေးတော့ ရသွားရှာပါ၏။ အဘိဓမ္မာတွေ အများကြီး လေ့လာဘို့အတွက် မြန်မာနိုင်ငံကို လာခဲ့ပါ ယူမီ ဟူ၍သာ ဖိတ်ခေါ်စရာရှိတော့သည်။

ဟုတ်တယ် ဘန္တေသုဒဿန ပြောသလိုပဲ သင်တန်းလာပြီးသူတိုင်းဟာ လာချင်ရင်း လာချင်ရင်းဖြစ်နေတော့တာပဲ။ ယခုဆို ခါတိုင်းဆို မလာတစ်ရက် လာတစ်ရက် ကုလား ကျောင်းသားလေး အဘိဓမ္မာကို အကြိုက်ကြီး ကြိုက်ပြီး နေ့တိုင်းလာဖြစ်နေတော့ တယ်။ အများတကာ သင်တန်းပြီး ပြန်သွားပေမဲ့ သူ့အတွက် သီးသန့်အချိန်ပိုလေး တောင်းပြီး သင်ရှာတယ်။ ပါဠိကို နားမလည်ပေမဲ့ ဘာသာရပ်က သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲတဲ့။

နောက်လာတဲ့ ကျောင်းသူကတော့ ဂျာမာန် အမျိုးသမီးလေးဖြစ်တယ်။ တိဘက်တန် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တယ်။ တိဘက်တန်၊ ဟင်ဒီ၊ ဆန်စစ်ကရစ် တတ်ကျွမ်းတယ်။ တက္ကသိုလ်အပြင်ပမှာ အိမ်ငှားနေတယ်။ သင်တန်းကို အချိန်မီ ရောက်လာပြီး လေ့လာတယ်။ သင်ကြားမှုတွေကို ခေါင်းလေး ရမ်းရမ်းပြီး သိပ်ဟုတ်တာပေါ့ လို့ ထောက်ခံတယ်။

Monday, August 2, 2010

မြန်မာရဟန်းတော်များ ဦးဆောင်၍

၂၀၁၀ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ ညနေပိုင်းက အိန္ဒိယနိုင်ငံ မဟာရဋ္ဌစတိတ် ပူနေးမြို့ ပူနေးတက္ကသိုလ် အတွင်းရှိ ဗုဒ္ဓ၀ိဟာရတွင် International Abhidhamma Society အဖွဲ့ကို ပူနေးတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြား နေကြသော မြန်မာရဟန်းတော်များ ဦးဆောင်၍ အောင်မြင်စွာ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အစည်းအဝေးသို့ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံတို့မှ ပညာတော်သင် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ် ကျောင်းသားများ ပါဝင်တက်ရောက်ကြသည်။ အထူးသဖြင့် အစည်းအဝေးကို ကမကထပြု ဦးစီးဆောင်ရွက်သူမှာ ပူနေးတက္ကသိုလ် ပါဠိဌာနမှ ဆရာဆန်ဂျေးတန်ဘာဂရိတ် ဖြစ်သည်။ အဖွဲ့အစည်းဖြစ်ပေါ်လာအောင် အကြံပြု စီစဉ်သူမှာ မြန်မာ ရဟန်းတော် အရှင်ကုသလဖြစ်သည်။

အခမ်းအနားကို ညနေ ၅ နာရီခွဲအချိန်တွင် စတင်ကျင်းပရာ အခမ်းအနားမှူးအဖြစ် ပါဠိဌာန ဆရာ ဆန်ဂျေး က ဆောင်ရွက်သည်။ အခမ်းအနား အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

နံပတ်(၁) ကြွရောက်လာသူအားလုံးက နမောတဿ ဘုရားရှိခိုး ဂါထာကို လက်အုပ်ချီမိုး သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခန်းအနား ဖွင့်လှစ်သည်။

နံပတ် (၂) တက်ရောက်လာသူအားလုံးက အလှည့်ကျ မိတ်ဆက်စကား ပြောဆိုကြသည်။

နံပတ် (၃) ထိုနောက် အမည် နေရပ် အတန်း နိုင်ငံ ဖုန်းနံပတ် စသည်များကို မှတ်တမ်းစာအုပ်တွင် အသီးသီးရေးထိုးကြရသည်။

နံပတ် (၄) အဖွဲ့အစည်း ဖွဲ့စည်းရခြင်းအကြောင်းနှင့် အဖွဲ့အစည်းကြီး၏ အမည်၊ ရည်ရွယ်ချက် နှင့် လုပ်ဆောင်ကြရမည့် လုပ်ငန်းတာဝန် စသည်များကို ဆရာ ဆန်ဂျေး မှ အကျယ်တ၀င့် လျှောက်ထားတင်ပြသည်။

နံပတ် (၅) ဆရာ ဆန်ဂျေး တင်ပြလျှောက်ထားချက်များကို အကျယ်တ၀င့် ဆွေးနွေး အကြံပြု တင်ပြကြသည်။

ဆွေးနွေးချက်။

အသင်းကြီး၏ အမည်နှင့် ပတ်သက်၍ ရှေးဦးစွာ ဆွေးနွေးကြရာ အသင်းကြီး၏ အမည်ကို မူလတင်းပြထားသည့်အတိုငှ်းှုInternational Abhidhamma Society ဟူ၍သာ အတည်ပြုကြသည်။

အသင်းကြီး၏ တည်ရာဌာနအဖြစ် ပူနေးတက္ကသိုလ်အတွင်းရှိ ဗုဒ္ဓ၀ိဟာရကို သတ်မှတ်ကြသည်။

အသင်းကြီး၏ ပြဋ္ဌာန်း ဘာသာရပ်များကို မြန်မာရဟန်းတော် အရှင်ကုသလ ကရေးဆွဲ တင်ပြသည်ကို ထိုအတိုင်းပင် အတည်ပြုကြသည်။

အသင်းကြီး၏ ဆောင်ပုဒ်နှင့် အမှတ်အသား တံဆိပ်ပုံကို အရှင်ကုသလ၊ အရှင်ကုမာရကဿပနှင့် မစ်စတာ ဥတေနတို့က ရှေးဆွဲ တင်ပြကြရန် တာဝန်ပေးကြသည်။

အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ပူနေးတက္ကသိုလ် ဗုဒ္ဓ၀ိဟာရ ဘန္တေသုဒဿန(phD thesis) ၊ အတွင်းရေးမှူးအဖြစ် ဆန်ဂျေးတန်ဘာဂရိတ်၊ အကြံပေးနှင့် သင်တန်းနည်းပြ ပုဂ္ဂိုလ်များအဖြစ် မြန်မာရဟန်းတော်များဖြစ်ကြသည့် အရှင်ပညောဘာသ(phD thesis)၊ အရှင်ကုသလ (MA second year) ၊ အရှင်ဇ၀န(phD thesis)၊ အရှင်ဣန္ဒာစရိယ(phD thesis)၊ အရှင်စန္ဒာဝရ(MA second year)၊ သီရိလင်္ကာ ရဟန်းတော် အရှင်ကုမာရကဿပ(MA second year)၊ ထိုင်းကျောင်းသား မစ်စတာ ဥတေန(phD thesis)၊ တိဘက်တန် ကျောင်းသား မစ်စတာ တက်ရှီ (MA second year) တို့ဖြစ်ကြသည်။ ကျန်ပုဂ္ဂိုလ်များကို အဖွဲ့ဝင်များအဖြစ် သတ်မှတ်သည်။

အဖွဲ့ကြီး၏ ပုံမှန်စည်းဝေးရက်ကို လစဉ် လပြည့်နေ့ကို သတ်မှတ်သည်။ ထိုနေ့တွင် အဖွဲ့ကြီးအတွက် စည်းဝေးခြင်းနှင့်အတူ ဗုဒ္ဓသာသနာတော်နှင့် ပတ်သက်သော အကြောင်းအရာများကိုလည်း လူဒကာ ဒကာမများအား ဟောပြောပြသကြမည်ဖြစ်သည်။

အသင်းကြီး၏ ဦးတည်ချက်အတိုင်း အဘိဓမ္မာသင်တန်းများကို ဗုဒ္ဓ၀ိဟာရ၌ အစဉ်မပျက် ချပို့သင်ပြသွားရန်၊ အခြားနေရာများတွင်လည်း အဖွဲ့အစည်းအသီးအသီးနှင့် ညှိနှိုင်းတိုင်ပင်၍ သင်တန်းများကို ပြုလုပ်သွားရန်၊ အထူးသဖြင့် ပညာရေးဋ္ဌာနများဖြစ်သည့် တက္ကသိုလ် ကောလိပ်များနှင့် ဆက်သွယ်၍ သင်တန်းများကို ပြုလုပ်သွားရန်၊ အင်တာနက် အွန်လိုင်းတို့မှလည်း နိုင်ငံတကာနှင့် ဆက်သွယ်၍ အွန်လိုင်း အဘိဓမ္မာသင်တန်းများကို ပြုလုပ်သွားရန် အစီအစဉ်များကို ဆွေးနွေးအတည်ပြုကြသည်။

နံပတ် (၆) အခမ်းအနားမှူးက အဖွဲ့ကြီး၏ အမည်နှင့် အဖွဲ့ကြီးကို အောင်မြင်စွာ ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်ကြောင်း ကြေငြာသည်။ တက်ရောက်လာသူများက သာဓုသုံးကြိမ် ခေါ်ဆို၍ သဘောတူ အတည်ပြုကြသည်။

နံပတ် (၇) တက်ရောက်လာသူအားလုံးက (ညနေ ဂး၀၀ နာရီအချိန်တွင်) ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြသည်။ ( ထိုအချိန်တွင် ဒေ၀ါမိုးမင်းသည် ကောင်းချီးပေးသောအားဖြင့် မိုးရေများကို သွန်းချပေးသည်)။


ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းစေသော်