Friday, March 30, 2012

နှစ်သစ်အကြို ခရီးသွားမှတ်တမ်း (၅)

၂၇-၁၂-၁၁

နံနက် (၈) နာရီအိပ်ရာထ။ နေ့ (၁၁) နေ့လည်စာစား။ နေ့(၁) နာရီလောက်မှာ နေရဉ္ဇရာမြစ်တစ်ဘက် ကမ်းက သုဇာတာရွာကို ဦးကေလာနှင့် ၂-ဦးသားခြေလျင်လျှောက်ထွက်ခဲ့ကြတယ်။ သုဇာတာရွာဆိုတာ မြတ်စွာဘုရား လက်ထက်တော်အခါက မြတ်စွာဘုရားအလောင်းတော်ကို ရေမရောတဲ့ နို့ဃနာဆွမ်းဆက် ကပ်ခဲ့တဲ့ သူဋ္ဌေးသမီး သုဇာတာနေထိုင်ခဲ့တဲ့ရွာကို ဆိုခြင်းဖြစ်တယ်။ သူမလှူဒါန်းခဲ့တဲ့ နို့ဃနာဆွမ်းက ဘုရားအလောင်းတော်အတွက် သဗ္ဗညုတညဏ်တော်ကြီးရတော်မူခဲ့သည်အထိ အထောက်အကူဖြစ်ခဲ့ ရတယ်လို့ စာပေမှာဖော်ပြထားတယ်။  သူမနေထိုင်ခဲ့တဲ့ အိမ်နေရာကို အသောကမင်းကြီးက စေတီအိမ်ကြီး တည်ထားခဲ့တာမို့ သုဇာတာရွာလို့ ယနေ့တိုင်ထင်ရှားနေခြင်းဖြစ်တယ်။ တကယ်တော့ စာပေမှာ သုဇာတာ ရွာဆိုတာ သေနာနိဂုံးလို့ လာတယ်။ သုဇာတာ နေအိမ် စေတီတော်က အရှေ့ကို လှမ်းကြည့်လိုက်ရင် သုဇာတာသူဋ္ဌေးသမီး နို့ဃနာဆွမ်းဆက်ကပ်ခဲ့တယ်ဆိုတဲ့ ညောင်ပင်နှင့် တောင်ကုန်းနေရာကို မြင်နေရ တယ်။ တောင်ကုန်းဆီကို တောလမ်းလေးအတိုင်း ဖြတ်လျှောက်လာခဲ့ကြတယ်။ တောင်ကုန်းရဲ့ အရှေ့ကို မျှော်ကြည့်လိုက်ရင်တော့ ဘုရားအလောင်းတော် ရွှေခွက်မျှောတော်မူခဲ့တယ်ဆိုတဲ့ နေရဉ္ဇရာမြစ်ကို တွေ့ရ တယ်။ ယနေ့ နေရဉ္ဇရာမြစ်က ရေစီးရေလာမရှိတော့ဘဲ ချောက်သွေ့နေတဲ့ မြစ်ကောကြီး တစ်စင်းဖြစ် နေပြီ။ ဘုရားအလောင်းတော်က ဒုက္ကရစရိယအကျင့်ကိုစွန့်ပြီး အနီးတစ်ဝိုက်က မြို့ရွာတွေမှာ ဆွမ်းခံမျှ တရင်း တရားကျင့်တော်မူခဲ့တယ်။ ဘုရားဖြစ်တော်မူမည့် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် အကြို အဖိတ်နေ့မှာတော့ သုဇာတာ သူဋ္ဌေးသမီးလှူဒါန်းတဲ့ နို့ဃနာဆွမ်းကို နေရဉ္ဇရာမြစ်ကမ်းမှာ ဘုဉ်းပေးတော် မူခဲ့တယ်။ အလောင်းတော် တရားအားထုတ်ခဲ့တဲ့ ဒုက္ကရစရိယတောင်ကိုလည်း သုဇာတာရွာက လှမ်းကြည့် ရင် ခပ်ပျပျ လှမ်းမြင်နေရတာမို့ သိပ်မဝေးလှဘူးလို့ သိနိုင်တယ်။ မြတ်စွာဘုရား လက်ထက် အခါက ဒုက္ကရ စရိယတောင်အပါအ၀င် ယခုမြစ်ကမ်းတစ်လျှောက်လုံးက ဥရုဝေဠတောအုပ်ကြီးဖြစ်ခဲ့တယ်။ ရွှေခွက်မျှော တဲ့ နေရာအထိ မသွားတော့ဘဲ မြတ်စွာဘုရားလက်ထက်အခါက ဥရုဝေဠကဿပ ရသေ့ကြီး နေထိုင်ခဲ့ တယ်ဆိုတဲ့ နေရာကို ဆက်ခဲ့ကြတယ်။ နေရဉ္ဇရာမြစ်ကမ်းဘေးမှာ ဥရုဝေဠကဿပ၊ နဒီကဿပ၊ ဂယာ ကဿပ ဆိုတဲ့ ရသေ့ညီနောင်တို့ နောက်လိုက် အသင်းအပင်းများနဲ့ နေထိုင်ခဲ့ကြတယ်လို့စာပေမှာလာ တယ်။ မြတ်စွာဘုရားရှင်နဲ့တွေ့ အားလုံးကျွတ်တမ်းဝင်ကုန်ကြပြီး ရသေ့ညီနောင်ရှင်တစ်ထောင်လို့ ထင်ရှား တယ်။ ဒီတောအုပ်ကြီးထဲမှာပဲ မြတ်စွာဘုရား ဘုရားဖြစ်တော်မူစက ပျော်ပွဲစားထွက်လာတဲ့ ကောသလ မင်းကြီးရဲ့ ဖတူမိကွဲ ဘဒ္ဒ၀ဂ္ဂီ ညီနောင် မင်းသားသုံးကျိပ်ကို တရားပြပြီး ရဟန်းဘောင်သို့ သွပ်သွင်းနိုင်ခဲ့ တယ်။ မြတ်စွာဘုရားက ဗုဒ္ဓဂယာမှာ  ဘုရားဖြစ်တော်မူပြီးနောက်  ဗာရာဏသီကို ကြွတော်မူခဲ့တယ်။ ဗာရာဏသီမှာ တရားဦးဓမ္မစကြာဟော၊ ၆-ကျိပ်သော ရဟန်းတော်တွေကို သာသနာပြုစေ လွှတ်တော်မူပြီး မှ ဥရုဝေဠတောအုပ်ကို ပြန်လည်ကြွတော်မူလာခဲ့ခြင်းဖြစ်တယ်။ ဥရုဝေဠမှာ ရသေ့ညီနောင် ရှင်တစ်ထောင် နှင့် ဘဒ္ဒ၀ဂ္ဂီညီနောင်တို့ကို သာသနာဘောင် ၀င်ရောက်အောင် စည်းရုံးနိုင်ခဲ့ပြီး နောက်ပါသံဃာ ၁၀၀၀ ကျော်နှင့်အတူ ဂယာအနီးက ဂယာသီသတောကို ကြွတော်မူခဲ့တယ်။ ဥရုဝေဠတောက သာသနာတော်ရဲ့ အဦးအစမှာ အတော်လေး အရေးပါခဲ့တာကို တွေ့ရတယ်။ ယခုတော့ ဥရုဝေဠတောအုပ်ဆိုတာ ဘယ်မှာလဲ လို့ မေးရလောက်အောင် တောနဲ့သစ်ပင်တွေ ဆိတ်သုဉ်းနေတာကို တွေ့ရတယ်။ ရေကြည်သန့်ပါတယ်ဆို တဲ့ နေရဉ္ဇရာမြစ်ကလည်း သူရဲ့ အနွတ္ထအမည်ကို ထိန်းမထားနိုင်ရှာတော့ဘူးထင်ပါရဲ့။ နေရဉ္ဇရာမြစ်က သုဇာတာရွာရှေ့မှာ မြောက်ကတောင်ဘက်ကို စီးဆင်းလာပြီး ရွာရဲ့အနောက်ဘက်မှာတော့ တစ်ဖန် တောင်ကနေ မြောက်ဘက်ကို ဂငယ်ကွေ့ စီးဆင်းသွားတာကို တွေ့ရတယ်။ ရွာရဲ့ အနောက်ဘက် မြစ်တစ်ဘက်ကမ်းမှာ ဘုရားအလောင်း ဘုရားဖြစ်တော်မူရာ မဟာဗောဓိညောင်ပင်ရှိတယ်။ ဒါကြောင့် စာပေမှာ နေဇ္ဇာ နေရဉ္ဇရာယ သမီပေ ဗောဓိရုက္ခမူလေ (ရေကြည်သန့်တဲ့ နေရဉ္ဖရာမြစ်အနီးက ဗောဓိ ညောင်ပင်အောက်မှာ)လို့ မှတ်တမ်းတင်ထားတာပေါ့။ သောတ္ထိယမြက်ထမ်းသမား မြက်ရှစ်ဆုပ် လှူဒါန်းခဲ့ တဲ့ နေရာကတော့ သုဇာတာရွာရဲ့ မြောက်ဘက်၊ မြစ်ရဲ့ ဒီဘက်ကမ်းမှာပဲရှိတယ်။ သောတ္ထိယ ငစင် မြက်ရှစ်ဆုပ်လှူဒါန်းတဲ့နေရာကို မသွားတော့ဘဲ နေရဉ္ဇရာမြစ်သဲသောင်ကိုဖြတ်ပြီး မင်းတုန်းမင်း ဇရပ်ဆီကို လာခဲ့ကြတယ်။ နေရဉ္ဇရာမြစ်သဲသောင်းအတွင်းမှာ မြေမြုပ်ဘုန်း(အီးပုံ)တွေ များစွာရှိတယ်လို့ ဦးကေလာ က သတိပေးတာနဲ့ သတိကြီးစွာထား သွားနေရတယ်။ ဟုတ်တယ် မြစ်သဲသောင်းတွင်းမှာ အဲဒါတွေက နေရာမလပ်နီးပါးရှိနေတာမို့ အတော်လေး ခဲရာခဲဆစ်သွားယူရတယ်။ ၂-နာရီလောက်ခရီးပြင်း လျှောက် လိုက်ရလို့ အတော်လေး မောသွားတယ်။ မဟန့်နန်းတော်ထဲကိုဝင်။ နန်းတော်အဆောင် အပေါ်ထပ်မှာ နားနားနေနေ အမောပြေထိုင်နေကြတယ်။ မကြာပါဘူး ဟိန္ဒူဘုန်းကြီးတစ်ပါးက ဆင်းခဲ့ရန်ပြောသဖြင့် အောက်ကိုပြန်ဆင်းပြီး မင်းတုန်းမင်းဇရပ်ဘက်ကို ထွက်ခဲ့ကြတယ်။ မင်းတုန်းမင်းတရားကြီး ကောင်းမှု တော်ဇရပ်ကြီးက မဟန့်နန်းတော်ဟောင်း အုတ်တံတိုင်းအတွင်းမှာ တည်ရှိတယ်။ ရှေးအခါက မဟန့်ဆို တဲ့ ဟိန္ဒူဘုန်းကြီးများက ဒီဒေသက ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တွေကို သိမ်းပိုက်ထားခဲ့ကြတယ်။ သီရိ လင်္ကာနိုင်ငံသား အနာဂါရိက ဓမ္မပါလရဲ့ ကြိုးပမ်းမှုကြောင့် မဟာဗောဓိစေတီတော်အပါအ၀င် ဗုဒ္ဓဘာ သာအဆောက်အအုံတွေကို ဗုဒ္ဓဘာသာဝင်များက ပြန်လည်ထိန်းသိမ်းခွင့်ရခဲ့ကြတယ်။ မင်းတုန်းမင်း ဇရပ်ကိုလည်း မဟန့်တို့က သိမ်းပိုက်ထားတာမို့ သီပေါမင်းသက်သေနဲ့ အနာဂါရိကဓမ္မပါလတို့ ပြန်လည် တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ကြဘူး။ မင်းတုန်းမင်းက ဒီဇရပ်ကြီးကို ကျောက်စာ ကဗျည်းများနှင့်တကွ အခိုင်အမာ တည်ဆောက်လှူဒါန်းခဲ့တာဖြစ်တယ်။ ကျောက်စာရုံ စေတီပြဿာဒ်သဏ္ဍန် ၂ခုကိုလည်း ဇရပ်ကြီး အနားမှာ ယနေ့တိုင်မြင်တွေ့နိုင်သေးတယ်။ ကျောက်စာထဲမှာ မင်းတုန်းမင်းက မဟာဗောဓိစေတီ တော်ကို ရွှေငွေကျောက်သံပတ္တမြားများကို လှူဒါန်းခဲ့ကြောင်း ရေးသားထားတယ်။ မင်းတုန်းမင်းဇရပ်ကြီးကို ဆွေးဆွေးမြေ့မြေ့ကြည့်ရင်း ရှေးမြန်မာတို့ရဲ့ စိတ်ဓာတ်နှင့် အမျှော်အမြင်ရှိပုံများကို ချီးကျူးမိတယ်။ မင်း တုန်းမင်းဇရပ်ရဲ့ ၄-ဘက် ၄-တန်းက အခန်းတွေမှာ လူတွေနေထိုင်ပြီး ကျွဲနွားများဖြင့် ညစ်ပတ်ပေရေနေတာကို တွေ့ရတယ်။ မင်းတုန်းမင်းဇရပ်က ပြန်ထွက်ခဲ့ပြီး မဟာဗောဓိဘုရားကို လာခဲ့ကြတယ်။ အချိန်မှာ ညနေ သုံးနာရီရှိပြီ။ ဘုရားထဲကို မ၀င်သေးဘဲ ဘုရားဈေးတန်းက ကုလား အအေးဆိုင်မှာ အပန်းဖြေ ထိုင်ရင်း လိမ္မော်ရည် ၂ ခွက် ဆင့်သောက်လိုက်တယ်။ ဖျော်ရည်သောက်ပြီးနောက် ဦးကေလာသ စာရေး သူကို နှုတ်ဆက်ပြီး သူ့အဆောင်ကို ပြန်သွားတယ်။ စာရေးသူကတော့ ဘုရားထဲဝင်ပြီး အချိန်ကုန်အောင် နေလိုက်တယ်။ ဘုရားက ကျောင်းသားကျောင်းကိုအပြန် သိပ်ပင်ပန်းသွားပြီးမို့ ဆိုက်ကား စီးခဲ့ရတယ်။

Monday, March 5, 2012

နှစ်သစ်အကြို ခရီးသွားမှတ်တမ်း (၄)


 ၂၆-၁၂-၁၁

အစည်းအဝေးပြီးပြီဆိုတော့ ပြန်သူပြန်။ ဘုရားဖူးလှည့်သူလှည့်။ စာရေးသူကတော့ လွန်ခဲ့တဲ့ (၂) နှစ်က ဘုရားဖူးလှည့်ထားပြီးဖြစ်တာကတစ်ကြောင်း၊ ဒေလီဘက်သွားဘို့ စီစဉ်ထားတာက တစ်ကြောင်းမို့  ဘုရား ဖူးလှည့် မလိုက်တော့ပဲ ဗုဒ္ဓဂယာမှာပဲ အချိန်ကုန်တယ်။  စာရေးသူတို့ ပူနေးက အစည်းအဝေးကို (၅) ပါးလာကြတယ်။ ၂ ပါးက ပူနေးကို ပြန်မှာဖြစ်ပြီး စာရေးသူအပါအ၀င်ကျန် ၃ ပါးက ဒေလီကို ခရီးဆက်ကြ မှာဖြစ်တယ်။ အလာတုန်းက သူတို့ ၃ ပါးတွဲက  အရင်သွားနှင့်ပြီး စာရေးသူနဲ့ ကိုအိန်ဒါက နောက်မှ လိုက် လာကြခြင်းဖြစ်တယ်။ ဒေလီကို ၃ ပါးသွားမယ်ဆိုပေမယ့် ရထားလက်မှတ်ဖြတ်တာ မတူတာမို့ စာရေးသူက သီးသန့်သွားရမှာဖြစ်တယ်။ ဒါပေမယ့် ရထားတစ်စီးတည်း၊ တစ်ရက်တည်း၊ တစ်ချိန်တည်းဖြစ်တယ်။ သူတို့ ၂ပါးက ဗာရာဏသီက စီးမှာဖြစ်ပြီး စာရေးသူက ဂယာဘူတာက စစီးမှာဖြစ်တယ်။ ဒါကြောင့်  သူတို့ ၂ ပါးလုံး ညနေပိုင်း ဗာရာဏသီပြန် ရဟန်းတော်များကားနဲ့ ဗာရာဏသီကို လိုက်သွားကြတယ်။ ပူနေးပြန်မည့် ကိုအိန်ဒါနှင့်မောင်သီလာတို့လည်း ဗာရာဏသီကို ပြန်လည်လိုက်ပါသွားကြလေရဲ့။ ဒေလီသွားမည့် ရက်က (၃၁) ရက်နေ့မို့ ဗုဒ္ဓဂယာမှာ နောက်ထပ် လေးငါးရက် လောက်နေရဦးမှာဖြစ်တယ်။ ရသမျှအချိန်ကို ဘုရားမှာပဲ အချိန်ကုန်ဘို့ စိတ်ကူးထားတဲ့အတိုင်း အားလပ်တာနဲ့ ဘုရားဘက်ကိုလည်း ခြေဦးလှည့်မိတယ်။ နေ့ဆွမ်းစားပြီး ဦးသုဝဏ်နှင့် ဘုရားဘက်ထွက်ခဲ့တယ်။ နံနက်ကလည်း နေ့ဆွမ်းမစားမီ မဂဓတက္ကသိုလ် ကွင်းထဲက တိဘက်တန်ဘုရားဖူးတစ်သိန်းကျော် တည်းခိုဘို့ ပြုလုပ်ထားတဲ့ အ၀တ်တဲအိမ်များကို သွား ကြည့်ကြသေးတယ်။ ဂျပန်ဘုရားကို အရင်သွားတယ်။ ဒါပေမယ့် နေ့ခင်း တံခါးပိတ်ချိန်ရောက်နေတာမို့ ပြန်လာခဲ့ကြတယ်။ အပြန်လမ်းမှာ တိဘက်ဘုန်းကြီး တစ်ကျောင်းကို တွေ့တာနဲ့ ၀င်ပြီး လေ့လာတယ်။ နေ့ခင်း ၀တ်ပြု ဆုတောင်းချိန်မို့ တိဘက်ဘုန်းကြီး ကိုရင်၊ ဦးဇင်းလေးတွေ တန်းစီထိုင်ပြီး ၀တ်ပြုဘို့ပြင် ဆင်နေကြတာကို တွေ့ရတယ်။ တိဘက်တွေ ဘုရားဝတ်ပြုရင် နှဲ၊ မောင်း၊ လင်းကွင်း၊ ဗျော စည် တီးခတ်ပြီး သံပြိုင်သီဆို ပူဇော်လေ့ရှိကြတယ်။ တိဘက်တန်ဘုန်းကြီးကျောင်းနဲ့မလှမ်းမကမ်းမှာ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သံဃာ့အဖွဲ့အစည်းတည်ရှိတဲ့ ကုလားဘုန်းကြီးကျောင်းရှိတယ်။ ကျောင်းတိုက်အတွင်းမှာ လမ်း လျှောက်နေဟန် ကြေးသွန်း ဆင်းတုတော်ကြီးတစ်ဆူကို ဖူးတွေ့ရတယ်။ ဒီကုလား ဘုန်းကြီးကျောင်းမှာ လူ အသွားအလာ  မရှိသလောက်ပဲ။ မဟာဗောဓိဘုရားတစ်ဝိုက်မှာ ဘုရားဖူး အသွားအပြန်တွေနဲ့ သိပ်စည်ကားတယ်။ ကား၊ ဆိုက်ကား၊ ဈေး ဆိုင်တွေနဲ့ အမြဲလို ရှုပ်ထွေးနေတယ်။ မြန်မာပြည် အညာဒေသက ဘုရားပွဲဈေးတန်းနဲ့ သွားတူနေတာတွေ့ ရတယ်။ ဘုရားဖူးလာတဲ့သူတွေက တိဘက်တန် လူမျိုးတွေများတယ်။ တိဘက်ခေါင်းဆောင်ကြီး ဒလိုင်း လားမား မကြာမီရက်မှာ ဗုဒ္ဓဂယာကို တရားဟောကြွရောက် လာမှာမို့ နိုင်ငံတကာက တိဘက်လူမျိုးတွေနဲ့ ပိုမိုစည်းကားနေခြင်းဖြစ်တယ်။ ဘုရားအပြင်မှာ စည်းကား နေသလို ဘုရားပရိဝုဏ်အတွင်းမှာလည်း တိုးမပေါက်အောင် စည်ကားလွန်းလှတယ်။ တိဘက်တွေက ဗုဒ္ဓဘာသာစိတ်ထက်သန်သူများဖြစ်တာမို့ ရှေးအခါကဆိုရင် တိဘက်ပြည်မှာ တစ်အိမ်ထောင်မှာ ယော က်ျားလေးတစ်ယောက်နှုန်း ဘုန်းကြီးဝတ်ရတဲ့ ဓလေ့ရှိခဲ့ဘူးတယ်လို့ ကြားဘူးတယ်။ တိဘက်နိုင်ငံကို ဗုဒ္ဓဘာသာ ရဟန်း (မင်း)များကသာ အစဉ်အဆက် အုပ်ချုပ်ခဲ့ကြတယ်။ ၁၉၅၆ ခုနှစ်က တိဘက်ကို တရုပ်က သိမ်းတော့ အိန္ဒိယကို ထွက်ပြေးလာတဲ့  (ယခု လက်ရှိ) ဒလိုင်းလားမားဟာ တိဘက် နိုင်ငံရဲ့ (၁၄) ယောက်မြောက်  ခေါင်းဆောင် လားမား တစ်ယောက်ဖြစ်တယ်။ တိဘက်တွေက ဒလိုင်း လားမားကြီးကို များစွာ ကြည်ညို လေးစားကြတယ်။ တိဘက်ပြည်ပြန်လည်လွတ်မြောက်ရေးအတွက် ဒလိုင်း လားမားကြီးကိုပဲ အားထားနေကြရတယ်။ ဒလိုင်းလားမားကြီးက နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ခေါင်းဆောင်အဖြစ် ကမ္ဘာမှာကျော်ကြား ထင်ရှားသူတစ်ယောက်ဖြစ်တယ်။ အနယ်နယ် အရပ်ရပ် ရောက်နေတဲ့ သူ့လူမျိုးတွေ ကမ္ဘာအရပ်ရပ်က ထောက်ပံ့ကြေးတွေ ရနေတာ သူ့စွမ်းဆောင်မှုဖြစ်တယ်။  ဗောဓိပင် အနီးတစ်ဝိုက်မှာ အေးအေး လူလူ ထိုင်ရင်း ပရိတ် ပဋ္ဌာန်းရွတ်၊ တရားထိုင်။ ဓာတ်ပုံရိုက်။ ဘုရားထဲမှာပဲ နေကုန်တယ်ဆိုပါတော့။  ညနေစောင်းတော့ ဦးကေလာသ ဘုရားဝိုင်းထဲကို လာပြီး စာရေးသူကို လာခေါ်တယ်။ သူနေတဲ့ အခန်းကို ခေါ်ပြီး ရေနွေး လဘက်နှင့် ဧည့်ခံတယ်။ သူက ဗုဒ္ဓဂယာ မြန်မာကျောင်းအနီးက အိမ်တစ်အိမ်မှာ သူငယ်ချင်း တစ်ယောက် နှင့် အခန်းငှားနေထိုင်ပြီး မဂဓတက္ကသိုလ်မှာ အမ်အေနောက်ဆုံးနှစ်တက်ရောက်နေတာဖြစ်တယ်။ ဇာတိ က ပခုက္ကူ-ကန်လှရွာဇာတိဖြစ်တယ်။ စာရေးသူ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်ကြီးမှာ နေတုန်းက သူကကိုရင်ဖြစ်ပြီး စာရေးသူရဲ့ စာချဆရာတော့် ကျောင်းမှာနေတယ်။ စာရေးသူနဲ့ဆို ဆရာတူတပည့်ဖြစ် တယ်။ ဦးကေလာက သူ့အခန်းမှာ ညအိပ်ပါလို့ ပြောတာနဲ့ သူတို့နေထိုင်တဲ့ အိပ်ခန်းဆောင်မှာ တစ်ညတာ ညအိပ်လိုက်တယ်။ နောက် တစ်နေ့ ရောက်တော့ နံက်စာ၊ နေ့လည်စာတွေချက်ကျွေးတယ်။