Wednesday, April 4, 2012

နှစ်သစ်အကြို ခရီးသွားမှတ်တမ်း (၆)

၂၈-၁၂-၁၁

နံနက် ၇-နာရီလောက်မှာ ဘုရားဘက်သွားဘို့ စိတ်ကူးနေတုန်းမှာ ဦးဇ၀န၊ ဦးပညာနန္ဒတို့ ဦးကောလိနိယ ကို ဆေးခန်းလိုက်ပို့ဘို့ ပြင်ဆင်နေတာတွေ့တာနဲ့ သူတို့နဲ့အတူ ဂယာမြို့ ဆေးရုံကိုလိုက်သွားတယ်။ ဆေးရုံရောက်တော့ ဒေါက်တာက မရောက်သေးတာနဲ့ နာရီဝက်လောက် စောင့်နေရတယ်။ နံနက် ၈-ခွဲမှာ ဒေါက်တာရောက်လာပြီး ဦးကောလိနိယကို စမ်းသပ်။ ခေါင်းကို ဓာတ်မှန်ရိုက်ဘို့ ညွှန်တယ်။ ဦးကောလိနိယ က သီတဂူတက္ကသိုလ်က ဖြစ်ပြီး ယခု ဘုံဘေမှာ ဒေါက်တာဘွဲ့လုပ်နေတာဖြစ်တယ်။ လဆန်းပိုင်းတုန်း က သီတဂူဆရာတော်နဲ့အဖွဲ့ ဒေလီ Buddhist conference ကိုကြွရောက်လာတော့ လာရောက်ဖူးမျှော်ရင်း ကျောင်းသားကျောင်းမှာ အဖျားမိနေတာ ဖြစ်တယ်။ စဖြစ်တုန်းက ဂယာဆေးရုံမှာ ၃ ရက်လောက် တက်လိုက်ရသေးတယ်လို့ဆိုတယ်။ ဒေါက်တာက ဦးဏှောက်အဖျား ရောဂါလို့ပြောတယ်။ အဖျားသွေးမရှိ ပေမယ့် ခေါင်းတစ်ခြမ်း အမြဲမူးနေတာကြောင့် ကောင်းကောင်း အိပ်လို့ မပျော်ဘူးလို့ပြောတယ်။ ခေါင်းမူး တာ တစ်ရက်မဟုတ်တော့ ခေါင်းကို ဓာတ်မှန်ရိုက်ကြည့်ချင်တယ်ဆိုလို့ ယခု ဆေးရုံကို ထွက်လာခဲ့ခြင်းဖြစ် တယ်။ ခေါင်းကို scan ဖတ်ဘို့ ဆရာဝန်ညွှန်လိုက်တဲ့ ဓာတ်မှန်ဌာနကို သွားကြတယ်။ ငွေသွင်း ဘောင်ချာဖြတ်။ ဖြစ်ချင်တော့ ဓာတ်မှန်ရိုက် စက်က ဖွင့်မရဘူးဖြစ်နေတယ်။ ၁- နာရီ လောက် ကြာသွားတဲ့ အထိ စက်က အဆင်သင့်မဖြစ်သေးတာနဲ့ အခြားဓာတ်မှန်(ဆေးရုံ) တစ်ခုဆီကို ထွက်လာခဲ့ကြတယ်။ အဲဒီမှာလည်း လူနာတွေများတာမို့ စောင့်ရဦး မယ်ဆိုလို့ စောင့်နေကြတယ်။ နေ့လည်စာစားချိန် ရောက်လာတော့ ဂယာမြို့ထဲက စားသောက်ဆိုင် တစ်ခုကို သွားရောက်စားကြတယ်။ စားသောက်ပြီး ပြန်လာတဲ့အထိ ဓာတ်မှန်ရိုက်ဘို့ အဆင်သင့်မဖြစ်သေး တာနဲ့ ညနေမှ ပြန်လာကြမယ်ဆိုပြီး ကျောင်းကို ပြန်ခဲ့ကြတယ်။ ညနေ ၄ နာရီလောက် ဘုရားဘက်ကို ထွက်ခဲ့တယ်။ ဘုရားကအပြန် ဦးကောလိနိယ အတွက် ဝေဖာ၊ မုန့်ချောက်ကလေးတွေ ၀ယ်လာခဲ့တယ်။ နက်ဖြန် နံနက် (၈)နာရီမှာ ဒုက္ကရိယစရိယ တောင်ကိုသွားကြမယ်ဘို့ နာလန္ဒာတက္ကသိုလ် ဦးသုဇနက ဖုန်းနဲ့ ပြောလာတယ်။  

၂၉-၁၂-၁၁
နံနက်(၈)နာရီမှာ ဘုရားလမ်းထဲကို ကားဝင်လို့မရ၊ ဒါကြောင့် ဘုရားဘက်ကို ထွက်လာခဲ့ဘို့ ဦးသုဇနက ဖုန်းဆက်။ ဒလိုင်းလားမားကြီး တရားပွဲ နီးကပ်လာသည်နှင့်အမျှ တိဘက်လူမျိုးများ တစ်ဖွဲဖွဲ ရောက်လာ နေသဖြင့် နေရာတိုင်းတွင် လူများဖြင့် ပြည့်ညပ်နေ။ ဆိုက်ကားယဉ်မှတစ်ပါး အခြား ကားများ ဘုရားလမ်း ထဲ မ၀င်ရန် ယနေ့မှစ တားမြစ်နေပြီဖြစ်တယ်။ ဘုရားဂိတ်ပေါက်က ဈေးဆိုင်တန်းမှာ နံက်စာ ပူတီ၊ လဘက်ရည်သောက်ကြတယ်။ လမ်းမှာ စားဘို့ မုန့်ပဲသွားရည်စာဝယ်။ ဒီခရီးစဉ် စီစဉ်သူ ကောင်းမှုရှင်က အရှင်သုဇနဖြစ်တယ်။ ပန်ချပ်-ပတျာလမြို့ တက္ကသိုလ်မှာ ပီအိပ်ခ်ျဒီ လုပ်နေတဲ့ မြန်မာသီလရှင် ဆရာလေး မသိင်္ဂါသိရီနှင့် ဗိယက်နမ်သီလရှင် ဆရာလေး တမ်တို့ကို အဓိက လိုက်ပါပို့ ဆောင်ပေးခြင်းဖြစ်။ ဆရာလေး မသိင်္ဂါသိရီက ကောလင်းမြို့ဇာတိ စစ်ကိုင်းတောင်ရိုး သမိဒ္ဓေါဒယချောင်ကဖြစ်တယ်။ ၁၀-တန်းကျောင်းသူ ဘ၀ကတည်းက သီလရှင်ဘ၀ကို ရယူခဲ့ပြီး သီလရှင်ဘ၀နဲ့ ဘီအေ(မြန်မာစာ) ဘီအေ(ဗုဒ္ဓဇင်)၂ ဘွဲ့ရခဲ့ တယ်။ ဘီအေ(ဗုဒ္ဓဇင်)ကတော့ စစ်ကိုင်း သီတဂူတက္ကသိုလ်က ရခြင်းဖြစ်တယ်။ အဲဒီနောက် အိန္ဒိယကို ထွက်လာခဲ့ပြီး ပန်ချပ်စတိတ်က ပထျာလမြို့ တက္ကသိုလ်မှာ အမ်အေဘွဲ့လုပ်တယ်။ အမ်အေပြီးတော့ အဲဒီ တက္ကသိုလ်မှာပဲ ဒေါက်တာဘွဲ့အတွက် ဆက်လုပ်နေတယ်လို့သိရတယ်။ ပထမဦးစွာ ဒုက္ကရစရိယတောင် ကို သွားကြတယ်။ စာရေးသူက တစ်ကြိမ်ရောက်ဘူးထားလို့ လမ်းပြပေးရတယ်။ ဒါပေမယ့် လမ်းနေရာ မမှတ်မိတာမို့ လွန်သွားပြီးမှ မေးမြန်းပြီး နောက်ပြန်လာရတယ်။ ဒုက္ကရစရိယတောင် ရောက်တော့ တောင်ခြေမှာ ကားထားခဲ့ပြီး တောင်ပေါ်ကို လမ်းလျှောက်တက်ရတယ်။ ဒီမှာလည်း တိဘက်လူမျိုးဘုရားဖူးတွေနဲ့ ပြည့်နေ တာကို တွေ့ရတယ်။ တောင်တက်လမ်းတစ်လျှောက် နေပူ ကြဲကြဲ လမ်းဘေးမှာ ထိုင်ပြီး တောင်းရမ်းနေကြတဲ့ လူတန်းကြီးကလည်း အစမှအဆုံး။ ဘုရားဖူးလာတဲ့ တိဘက်တွေက သူတို့ကို ချိုချဉ်လုံးတွေ ဝေငှပေးသွား တာကို တွေ့ရတယ်။ သူတို့ကို ပေးဘို့ ချိုချဉ်ရောင်းတဲ့သူတွေကလည်း ပေးသူ နောက်က လိုက်နေတာကို တွေ့ရတယ်။  တောင်းလို့ရတဲ့ သူတွေကလည်း ရလာတဲ့ ချိုချဉ်တွေစုပြီး ရောင်းမယ့်သူတွေဆီ ပြန်အပ် ဆိုတော့ ချိုချဉ်သံသရာလည်နေတာပေါ့။ တောင်းရမ်းနေကြ တဲ့ သူတွေ ၀ယ်ယူစားသောက်ဘို့ စားစရာ ဈေးဆိုင်လေးတွေလည်း သူတို့နဲ့ မလှမ်းမကမ်းမှာ ရှိတယ်။ တောင်အောက်က ဒုက္ကရစရိယ လိုဏ်ရှိတဲ့ တောင်ပေါ်ကို မိနစ် ၂၀-လောက် လျှောက်ရတယ်။ လမ်းတစ် လျှောက် တောင်းရမ်းသူတွေနဲ့ပြည့်နေတာမို့ နားဘို့ အခွင့်သာဘူး။ လိုဏ်ဂူဆီရောက်တော့လည်း အထဲကို ၀င်ဘို့တန်းစီစောင့်ရတယ်။ လိုဏ်ထဲ ရောက်ပြန်တော့လည်း နောက်လူရှိသေးတာမို့ ကြာကြာ နေခွင့်မရှိ ဘူး။ လိုဏ်ဂူအ၀င်ပေါက်က ၂-ပေလောက်သာရှိတာမို့ အထဲကို ခေါင်းငုံ့ဝင်ရတယ်။ လိုဏ်ထဲကို စနစ်တကျ ၀င်ကြဘို့ တိဘက်ဘုန်း တော်ကြီး ၂ ပါးက ကြီးကြပ်ပေးနေတာကို တွေ့ရတယ်။ လိုဏ်ထဲမှာ မြတ်စွာဘုရား ဒုက္ကရစရိယ ကျင့်တော် မူပုံ ဆင်းတုတော်ထားရှိတယ်။ ဘေးနားမှာ ကုလား ၂ယောက်က ရုပ်တုတစ်ခုကို ပြပြီး ပိုက်ဆံအလှူခံ နေတာကိုလည်း တွေ့ရတယ်။ ဒုက္ကရစရိယတောင်ကပြန်လာပြီး မဟာဗောဓိကို ပြန် လာ။ တိဘက်စား သောက် ဆိုင်တစ်ခုမှာ နေ့လည်စာစား။ အဲဒီနောက် သုဇာတာရွာ၊ ဥရုဝေဠတောကို သွား။ အဲဒီကပြန် ကျောင်းသားကျောင်းကို စာရေးသူအား လိုက်ပို့။ ဆရာလေးများအား သူတို့တည်းခိုသည့် နေရာကို လိုက်ပို့ ပေးပြီး  ဦးသုဇန  နာလန္ဒာကိုပြန်။ ည ၁၂ နာရီမှာ  ဆရာလေး ၂ ပါး ပန်ချပ်ကို ည-၃ နာရီ ရထားနဲ့ပြန် မှာဖြစ်လို့ ဦးပညာနန္ဒနှင့်အတူ ဂယာဘူတာကို လိုက်ပို့ပေးကြတယ်။ ဘူတာရုံမှာ ရထားစောင့် နေစဉ် ဆရာလေးများ စီးမည့် ရထား မလာနိုင်ကြောင်း ကြေငြာသဖြင့် လက်မှတ်ငွေ ပြန်တောင်းပြီး ကျောင်းသား ကျောင်းသို့ပြန်လာခဲ့ကြ။ ဆရာလေးများအား အပေါ်ထပ် ဘုရားဆောင်တွင် နေရာပေး။


၃၀-၁၂-၁၁
ဒီနေ့ ည (၁၀း၅၄) နာရီ ရထားနဲ့ စာရေးသူ ဒေလီကို သွားမှာဖြစ်တယ်။ ဒီနေ့မှာပဲ ဦးကောလိနိယ၊  ဦးနန္ဒ၀ံသ၊ ကျောင်းအစ်မကြီး ဒေါ်မြရှင်တို့အဖွဲ့  ညနေ ၃ နာရီလေယာဉ်နဲ့  မြန်မာပြည်ကို ပြန်ကြမှာဖြစ် တယ်။ နံနက်ပိုင်းမှာ ထုပ်ပိုးပြင်ဆင်။ နေ့လည်စာစားပြီး အချိန်ရသေးတာနဲ့ ဘုရားဘက်ကို ထွက်ခဲ့တယ်။ ဘုရားမှာ ပရိတ်သတ်များနဲ့ တစ်နေ့ထက်တစ်နေ့ ပိုမိုရှုပ်ထွေး များပြားလာတာကိုတွေ့ရတယ်။ ဘုရားမှာ ထုံးစံအတိုင်း တရားထိုင်၊ ပဋ္ဌာန်းရွတ်၊ မေတ္တာပို့။ ယခုတစ်ခေါက် ဗုဒ္ဓဂယာကို ထွက်လာတာ တန်တယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မဟာဗောဓိကို ဖူးဘို့ အချိန်တွေအများကြီးရလို့ဖြစ်တယ်။ ရတဲ့အတိုင်း ဘုရားထဲမှာပဲ အချိန်ကုန်အောင် နေဖြစ်ခဲ့တယ်။ ပဋ္ဌာန်း၊ ပရိတ်ရွတ်၊ တရားထိုင်၊ မေတ္တာပို့သမှုတွေ ကိုလည်း များများ လုပ်ဖြစ်တယ်။ ကုသိုလ်ကောင်းမှုတွေကို မေတ္တာပို့၊ အမျှဝေတဲ့အခါ အထူးသဖြင့် မြန်မာပြည်သူ ပြည်သားတွေကို အဓိကထားပို့တယ်။ နတ်ကောင်းနတ်မြတ်တွေကတစ်ဆင့် ဗုဒ္ဓဘာ သာကြီးကို အစဉ်သဖြင့် စောင့်ထိန်းလာခဲ့ကြတဲ့ မြန်မာနိုင်ငံတော်ကြီး အစဉ်သဖြင့် အေးချမ်း သာယာ အောင် ကူညီစောင်မပေးကြဘို့တွေလည်း ပါတယ်။ ဘုရားကအပြန်  ဦးကေလာသနဲ့ တွေ့ဘို့ သူတို့နေတဲ့ အခန်းဆောင်ဘက်ကို ထွက်ခဲ့တယ်။ အိမ်မှာ ဦးကေလာသကို မတွေ့ရဘူး။ ဂယာလေဆိပ်ကို မြန်မာပြည် က လာမယ့် သူ့ သူငယ်ချင်းကို သွားကြိုတယ်လို့ သူနဲ့အတူနေ ရွှေတောင်ဦး ဦးဇင်းက ပြောတယ်။ ဦးကေ လာ ပြန်လာရင် ဖုန်းခေါ်ဘို့မှာထားခဲ့ပြီး ဘုရားဘက်ကို ပြန်ထွက်ခဲ့တယ်။ ကိုင်နေကျ ဖုန်းမနေ့ညက ပျက်သွားတာမို့ ဘုရားဈေးမှာ ဖုန်းအသစ်တစ်လုံးဝယ်။ ဈေးတန်းလျှောက်ပြီးတော့ ကျောင်းသားကျောင်းကို ပြန်လာခဲ့တယ်။ ည  ၉ - နာရီအချိန်မှာ သုံးဘီးစီးပြီး ဘူတာရုံကို ထွက်ခဲ့တယ်။ ဦးကေလာသ၊ ဦးပညာ နန္ဒနှင့် အခြား ဦးဇင်းငယ်တစ်ပါးလိုက်ပို့ကြတယ်။ ဦးကေလာသ က ကော်ဖီ၊ တီးမစ်၊ လဘက်၊ ပဲကြော် အစုံထည့်ထားတဲ့ အထုပ်တစ်ထုပ် ပေးတယ်။ ယမန်နေ့ကလည်း နာလန္ဒာ  ဦးသုဇနသီရိက သင်္ကန်း ၃ စုံ၊ ကတီပါ ခြုံထည် ၁။ ထီး ၁၊ ကော်ဖီ ၅ ထုပ်၊ ဗမာဆေး ၁ ထုပ် ပါတဲ့ အထုပ်တစ်ထုပ် ပေးခဲ့သေးတယ်။ သယ်စရာတွေများနေတာမို့ သင်္ကန်းတစ်စုံနှင့် ခြုံထည်ကို ပြန်ပေးလိုက်ရတယ်။ အစောရက်ကလည်း ပူနေး ကို ပြန်ကြမယ့် မောင်သီလာတို့ကို ပူနေးသံဃာများအတွက် နာလန္ဒာတက္ကသိုလ် က သံဃာများက စုစည်း ပြီး ငါးပိ ငါးခြောက်၊ ကော်ဖီ၊ လဘက်စို၊ ခြောက် အစုံ ထည့်ပေးလိုက်ကြသေးတယ်။ အိန္ဒိယကို မြန်မာဘုရားဖူးတွေလာတဲ့အခါ စာသင်သား ရဟန်းတော်များအတွက် မြန်မာဖြစ်စားစရာ ငါးပိ ငါးခြောက်၊ ကော်ဖီ၊ ပဲကြမ်းစတာတွေကို ယူလာကြတယ်။ ဘုရားဖူးအရောက်များတဲ့ ဗုဒ္ဓဂယာ၊ နာလန္ဒာ၊ ဗာရာဏ သီမြို့က ရဟန်းတော်များအနေနဲ့ စားစရာအတွက် ကြောင့်ကြစရာမလိုသလောက်ပါပဲ။ မြန်မာဘုရား ဘုရားဖူးအဖွဲ့ အရောက်အပေါက်မရှိတဲ့ ပူနေး၊ ဘုံဘေ၊ နာဂဇ္ဇုန စတဲ့တက္ကသိုလ်က စာသင်သား ရဟန်း တော်များကိုတော့ ဒီဘက်က ရဟန်းတော်များက မျှဝေပေးကြတယ်။ ဒါကြောင့်တစ်နှစ်တစ်ခါ ကျောင်းသား စည်းဝေးကို လာရတာ ဘုရားလည်းဖူး ပန်းလည်းခူးဆိုတာလို အတော်ကလေးကို အကျိုးများလှတယ်လို့ အစောက ပြောခဲ့တာပေါ့။ စာရေးသူစီးမယ့် ရထားက ရာဇဓာနီ၊ 2 AC , A2, 10. အချိန်က ည ၁၀ -၄၅။ ဦးကေလာတို့ စာရေးသူရထားပေါ်ရောက်မှ ပြန်သွားကြတယ်။ ရထားက အချိန်ကိုက်ရောက်လာပြီး အချိန် ကိုက်ပြန်ထွက်တယ်။ တစ်မိနစ်လေးများ နောက်ကျမလားလို့ နာရီကြည့်နေသေးတယ်။ တခါ တစ်လေ ကု လားက အဟုတ်ပါလားလို့ စိတ်ထဲချီးကျူးမိသေးတယ်။ ရထားထွက်ပြီး မကြာဘူး သောက်ရေသန့်လာ ပေးတယ်။ ခေါင်းဦး၊ စောင်၊ အိပ်ရာခင်း၊ မျက်နှာသုတ်အပြည့်အစုံ။ လိုက်ကာများနဲ့ အခန်းအသီးသီးကို ကာပေးထားတယ်။ 2 AC ဖြစ်တာမို့ ဈေးရောင်း ဈေးဝယ်၊ ခုံမဲ့၊ အပိုလူတွေကို မတွေ့ရဘူး။