Saturday, September 18, 2010

ပါဠိနေ့ အထိမ်းအမှတ် အခမ်းအနား

















၁၇ - ၉- ၂၀၁၀ နေ့ ညနေ ၃း00 နာရီအချိန်တွင် အိန္ဒိယနိုင်ငံ မဟာရဋ္ဌစတိတ် ပူနေးမြို့ ပူနေးတက္ကသိုလ် ခမ်းမဆောင် တွင် သာသနာ့အာဇာနည် သီရိလင်္ကာ နိုင်ငံသား အနာဂါရိက ဓမ္မပါလကို ဂုဏ်ပြုသောအားဖြင့် ၄င်း၏ မွေးနေ့ကို ပါဠိနေ့အဖြစ် သတ်မှတ်၍ ဆင်ယင် ကျင်းပအပ်သည့် ပါဠိနေ့အထိမ်းအမှတ်ပွဲသဘင်ကို ပူနေး တက္ကသိုလ် ပါဠိ ဌာနမှ ကြီးမှူး၍ ဆင်ယင်ကျင်းပခဲ့သည်။ ယခုနှစ်သည် အနာဂါရိက ဓမ္မပါလ၏ မွေးဘွားသည့် နှစ် ၁၄၆ နှစ်ဖြစ်ပြီး ပါဠိဌာနမှ ကြီးမှူးကျင်းပသည့် ပါဠိနေ့အထိမ်းအမှတ်ပွဲသည်လည်း သုံးနှစ်ရာသီသို့ ရောက်ခဲ့ပြီဖြစ်သည်။ ၄င်း ပါဠိနေ့ အထိမ်း အမှတ်ပွဲသို့ အထူးဖိတ်ကြားထားသော မဟာရဋ္ဌ စတိတ် ၀န်ကြီး မစ္စတာ R.M. Misal , သီရိလင်္ကာနိုင်ငံ ကိုလန်ဘို တက္ကသိုလ်မှ ဒေါက်တာ အာသင်္က တေလကရ ရတန။ ပါဠိဌာနမှ ဆရာ ဆရာမများ။ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

အခမ်းအနားကို ရှေ့ပိုင်း နောက်ပိုင်း ၂ ပိုင်းခွဲ၍ ကျင်းပရာ ရှေ့ပိုင်းတွင် ပါဠိစာပေဆိုင်ရာ ဗဟုသုတ မေးခွန်းများ မေးမြန်းသည့် အစီအစဉ်နှင့် ပါဠိအကြောင်း သိကောင်းစရာ ဟောပြောခြင်း အစီအစဉ်တို့ပါဝင်သည်။ ထိုအစီအစဉ်တွင် မြန်မာနိုင်ငံမှ ရဟန်းတော် အရှင် ကုသလ က ပါဠိစာပေဆိုင်ရာ အကြောင်းအရာ များ ကို ပါဠိဘာသာဖြင့် ရေးဖွဲ့ထား သည့် ပါဠိဆောင်းပါး တစ်စောင် ကို ရှေးဦးစွာ ဖတ်ကြားတင်သွင်းသည်။

အခမ်းအနား ဒုတိယပိုင်းကို ညနေ ၆း ၀၀ နာရီတွင် စတင်ကျင်းပရာ ဘုရားဆင်းတုတော်အား ပန်းရေချမ်း ဆီမီးဆက်ကပ်လှူဒါန်းခြင်း၊ အထူး ဖိတ်ကြားထားသည့် ၀န်ကြီး၊ ပါမောက္ခ အာသင်္ကတို့အား လက်ဆောင် ပစ္စည်း များ ပေးခြင်း။ ပါဠိဌာနမှ အတန်းအလိုက် ပထမ အဆင့်ဖြင့် အောင်မြင်သော ကျောင်းသား ကျောင်းသူများ အား အောင်လက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်း အစီအစဉ်များကို ပြုလုပ်သည်။ ထို့နောက် ပါမောက္ခ အာသင်္က၏ ဟောပြောမှု၊ ၀န်ကြီး၏ ဟောပြောမှု၊ ပါဠိဌာန အကြီးအကဲ ဒေါက်တာ ဒေ၀ကာ၏ ပါဠိ အင်္ဂလိပ် မာရတီ သုံးဘာသာဖြင့် ဟောပြောမှု အစီအစဉ်များကို ဆက်လက်ပြုလုပ်သည်။ ထို့နောက် ပါဠိဌာန ကျောင်းသားကျောင်းသူများ၏ ဇာတ်သရုပ်ကပြ ဖျော်ဖြေမှု အစီအစဉ်ဖြင့် ပါဠိနေ့ အထိမ်းအမှတ် အခမ်းအနားကို ည ၈း၃၀ နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်း လိုက်သည်။

0 comments:

Post a Comment