Thursday, May 26, 2011

အဘိဓမ္မာ ရေအေးအေးတစ်ခွက်

နေကပူတော့ ဘယ်မှလည်း မထွက်ချင်ဘူး။ စာမေးပွဲက ပြီးပြီဆိုတော့ စိတ်အေးလက်အေးနဲ့ အားလပ်ရပ်ကို အပြည့်ယူနေသလိုဖြစ်နေတယ်။ စားလိုက် အိပ်လိုက်နဲ့လို့တော့ မပြောချင်ဘူး။ မအိပ် မစားဘူးတော့ မဟုတ် ဘူး ၀တာ(မှာ)ကို မကြိုက်လို့ အိပ်တာ စားတာကို သိပ် စိတ်မ၀င်စားဘူး။ စာမေးပွဲအတွင်းလောက်က လဲမလိုဖြစ်နေတယ် ခန္ဓာကိုယ် အခုတော့လည်း သူမဟုတ်သလိုပဲ တစ်ပတ်နှစ်ပတ်အတွင်း ပြန်ပြည့်လာ လိုက်တာ။ ထားပါတော့ ပိန်တာ ၀တာ လှတာ မလှတာတွေက သူ့(ခန္ဓာ)ရဲ့ အလုပ်တွေပဲ။ သိပ်မမှု လောက် ပါဘူး။ ကိုယ့်အလုပ်က အခု ကျောင်းသားဖြစ်နေတော့ ပညာရေးကို ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆို တာပဲ။ အမ်အေ ပြီးတော့ ဒီမှာ ပီအိပ်ခ်ျဒီဆက်လုပ်ဘို့ စိတ်ကူးထားတယ်။ အများစုကတော့ အမိမြန်မာပြည် ပြန် ပြီးတော့ မိခင်တက္ကသိုလ်ကြီးမှာ ပီအိပ်ခ်ျဒီ လုပ်ကြဘို့ စီစဉ်ကြတယ်။ အချို့လည်း ပြန်ကြပြီ။ ဘာလို့လဲ ဆိုတော့ ယခုနှစ်ကစတင်ပြီး ပီအိပ်ခ်ျဒီကျောင်းသားတွေ လက်ခံပြီဖြစ်ကြောင်း မိခင် တက္ကသိုလ်ကြီးက ကြေငြာထား လို့ဖြစ်တယ်။

ဒီ( အိန္ဒိယ) မှာ ယမာန်နှစ်ကစပြီး တက္ကသိုလ်စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလဲလိုက်တယ်။ ပီအိပ်ခ်ျဒီအတွက် ၀င်ခွင့်တွေ ဖြေရမယ်။ ကျောင်းသားကြေး ငွေ လေးငါးဆ တိုးပေးရမယ်။ ဆရာတစ်ယောက်မှာ နိုင်ငံခြား ကျောင်းသား တစ်ယောက်သာ လက်ခံနိုင်ခွင့်ရှိတယ် စတဲ့ စတဲ့ စည်းမျဉ်းတွေ ဖြစ်တယ်။ ယခင်ကဆို အမ် အေပြီး ဆရာရတာနဲ့ ပီအိပ်ခ်ျဒီကျောင်းသား ဖြစ်တော့တာပဲ။ ၀င်ခွင့်တွေ ဘာတွေ မလိုဘူး။ အခုဆိုရင် ချမှတ်လိုက်တဲ့ စည်းကမ်းကလနား အသစ်တွေကြောင့် နိုင်ငံခြား ကျောင်းသားအတော်များများ အတော်လေး ရင်လေးကြရတယ်။ ၀င်ခွင့်ဖြေမယ့်ရက်က ဘယ်ရက်ဆိုတာလည်း အတိအကျ မသိကြရတော့ ပတ်စပို့ ဗီဇာ အခက်အခဲတွေနဲ့ လုံးချာလိုက်နေတော့တာပေါ့။

စာမေးပွဲ ဂေဇက်တွေက ဂျူလိုင် ပထမပတ်လောက်မှာ ထုတ်ပြန်မယ်။ ၀င်ခွင့်လည်း အဲဒီနောက်ပိုင်းလောက်မှာ ဖြစ်နိုင်မယ်လို့ ထင်ကြေးပေးကြတယ်။ အချို့က ဂျွန် နောက်ဆုံးပတ်လောက်တဲ့။ သောက်ကျိုးနဲ။ အဲဒီရက်က စာမေးပွဲ ဂေဇက်တောင် မထွက်သေး။ အခု မေလ် ကုန်တော့မယ်။ ၀င်ခွင့် ရက်ကို ရှင်းရှင်းလင်းလင်း မကြေငြာ သေး။

ဝင်ခွင့်အတွက် နှစ်ဘာသာဖြေရမယ်။ ပထမမေးခွန်းက အထွေထွေ ဘာသာရပ်အားလုံးနဲ့ဆိုင်တဲ့မေးခွန်း။ ဒုတိယမေးခွန်းက သက်ဆိုင်ရာ ဌာန က မေးတဲ့ မေးခွန်း။ နောက်ပြီးတော့ လူတွေ့ စစ်ဆေး မေးမြန်းမှုတွေ လည်းပါသေးသတဲ့။


သက်ဆိုင်ရာ ဒီပါ့တမင့် ဌာန က မေးမှာမို့ ဒုတိယနေ့ မေးခွန်းကို မကြောက်ရပေမယ့် ပထမနေ့ မေးခွန်းကိုတော့ ကြောက်ရမယ်။ ပြီးခဲ့တဲ့ နှစ်က မေးခွန်းဟောင်းရှိတယ်။ အဲဒါကို ကြည့်ပြီး ၀င်ခွင့်မအောင်နိုင်လောက်ဘူးလို့ ထင်ကြေးပေးကြတယ်။ ဟုတ်တယ် မေးခွန်းတွေက အထွေထွေ မေးခွန်းတွေ။ သင်္ချာ၊ လော့ဂျစ်၊ အင်္ဂလိပ်၊ ဖီလိုစတဲ့ မေးခွန်းတွေ။ ဒါပေမယ့် ဆရာနဲ့ လုပ်ကြည့်တော့ မသိနားမလည်လောက်အောင် ခက်တာ မရှိသ လောက်ပါပဲ။

နွေမှာ ခရီးသွားချင်စရာပဲ။ အချို့ သီရိလင်္ကာပဲ ထွက်သွားကြတယ်။ အချို့ ချင်နိုင်း၊ ဟိုက်ဒရာဘတ်စသည်။ စာရေးသူလည်း စာမေးပွဲ မတိုင်မီကတည်းက သက်ဆိုင်ရာ နိုင်ငံက သူငယ်ချင်း တွေက လိုက်ခဲ့ပါခေါ်လို့ စာမေးပွဲပြီး ဗင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာကို သွားလည်ဘို့ ခရီးစဉ် ဆွဲထားတာပဲ။ အခု ၀င်ခွင့် စာမေးပွဲ ပယောဂ ကြောင့် ဘယ်မှ မသွား မလိုက်ဖြစ်တော့ဘဲ အဆောင်မှာပဲ အချိန်ကုန်နေတော့တယ်။ အင်္ဂလိပ်စာ အားနည်း တာကြောင့် အဲဒီအတွက် ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း ကုလား သတင်းစာကို ကြိုးစားဖတ်တယ်။ အင်္ဂလိပ် ၀တ္ထုစာအုပ်တစ်အုပ်ကိုလည်း ဖတ်နေတယ်။ ဦးရွှေအောင်ရဲ့ အနှိုင်းမဲ့ဗုဒ္ဓ အင်္ဂလိပ်ဘာသာပြန်ကိုလည်း တစ်ခါတစ်ခါ ကောက်ကြည့်မိတယ်။ ထိုင်းကျောင်းသားတစ်ယောက်နှင့်အတူ ကုလားဘုန်းကြီးတစ်ပါးဆီမှာ ဟင်ဒီစာသင်ဘို့ ဆွေးနွေးထားတယ်။ ဒါပေမယ့် ကုလားဘုန်းကြီးလေးက စာငပျင်းဖြစ်နေတော့ နေ့ရွှေ့ ညရွှေ့နဲ့ အခုထိ မစဖြစ်သေးဘူး။ ဒါပေမယ့် တက္ကသိုလ် ပရ၀ုဏ်အတွင်းက ဗုဒ္ဓ၀ိဟာရမှာ နံနက်တိုင်း ဆရာ ဆန်ဂျေးကို သင်ပေးနေတဲ့ အဘိဓမ္မာသင်တန်းလေးကတော့ ဆက်လက် စီးမျောနေတုန်းပါပဲ။


နံနက် ၇ နာရီခွဲတာနဲ့ ဆရာ ဆန်ဂျေး သူဆိုင်ကယ်လေးနဲ့ အဆောင်ရှေ့ကို ရောက်လာပြီး စာရေးသူကို လာခေါ်တယ်။ ဗုဒ္ဓ၀ိဟာရက ဘုရားကျောင်းထဲမှာ သင်တန်းမစမီ ဆယ့်ငါးမီနစ်လောက် တရားထိုင်ကြတယ်။ ပြီးမှ နမောတဿ သုံးခေါက် ပြိုင်တူ ဆိုင်ပြီး သင်တန်းစတယ်။ သင်တန်း စပြီး မကြာမီမှာပဲ ကုလား ကိုရင်ငယ် က ကုလားကျရေ ချိုချိုတစ်ခွက် ပုံမှန် လာချပေးတယ်။ ကုလားကျရေချိုကို ချွေချွေတာတာ သောက်ရင်း အဘိဓမ္မာ သဘော လောက သဘောတွေကို ပြောပြရင်း တစ်နာရီခွဲ ကျော်ကြာကြာ အချိန်တွေကို တန်ဘိုးရှိရှိ ဖြတ်ကျော် မောင်းနှင်ဖြစ်ကြတယ်။ သင်တန်းပြီးတော့ ဆရာ ဆန်ဂျေးက စာရေးသူကို အဆောင်ပြန်ပို့ပြီး သူက သူ့အိမ်ကို ပြန်တယ်။

အင်း...နေပူ လေပူတွေကြားက အဘိဓမ္မာရေ အေးအေး တစ်ခွက်ကို မစ်စတာ ဆန်ဂျေးတစ်ယောက် အငမ်းမရ သောက်သုံးနေပါလား။ အင်း ဘာလို့ပါလိမ့်။

0 comments:

Post a Comment