Friday, August 19, 2011

အမ်ဖီးလ် အင်တာဗျူး ဖြေဆိုခြင်း သို့ ဘာမျှ ဘာမျှ မတတ်နိုင်ပါ

အမ်ဖီး အင်တာဗျူး ဖြေဆိုခြင်း

သို့ ဘာမျှ ဘာမျှ မတတ်နိုင်ပါ

၁၈-၈-၁၁

ယနေ့ နေ့ ၁- နာရီအချိန် ပါဠိဌာနတွင် အမ်ဖီး (M.PHIL) ဒီဂရီဘွဲ့အတွက် လူတွေ့ ၀င်ခွင့် အင်တာ ဗျူး ဖြေကြသည်။ မြန်မာ၊ ထိုင်လန်း၊ တရုပ်၊ ဗိယက်နမ်၊ အိန္ဒိယ စုစုပေါင်း ကျောင်းသား ၉ ယောက်။ တစ်ဦးချင်း စီ အခန်းတွင်းသို့ ခေါ်၍ မေးစစ်သည်။ စစ်မေးသည့် ဆရာများမှာ ပါဠိဌာန ဌာနမှူး ပရော်ဖက် ဆာ ဒေါက်တာ ဒေ၀ကာ၊ ပြင်ပ examiner များအဖြစ် ပရော်ဖက်ဆာ ဒေါက်တာ ဗဟုကာ နှင့် ဒေါက်တာ ဂိုဂိတ်တို့ တက်ရောက်ကြသည်။ အချိန်ရောက်လျှင် အခန်းစောင့် မစ်စတာ ကုနာလ က ကျောင်းသားများကို နံပတ်စဉ် အလိုက် နာမည် ခေါ်သည်။ ပထမဦးစွာ မောင်အိန္ဒာ၊ ဒုတိယ မောင် ခေမိသ်၊ တတိယ က စာရေး သူ။ မြန်မာ ကျောင်းသား သုံးယောက် ရှေ့နောက်ဆင့် ရှေးဦးစွာ ခေါ်ယူစစ်မေးသည်။ မေးခွန်းမှာ အထူးအထွေ မဟုတ်ပါ။ မင်းရဲ့ အမ်အေ ပညာသင်နှစ် အကြောင်းကို ပြောပါ။ မင်းရဲ့ အောင်မှတ်က ဘယ်လောက်လဲ။ ဘယ် ဂရိတ်လဲ။ မင်း လုပ်ချင်တဲ့ ဘာသာရပ်က ဘာလဲ။ ဘယ်က ဧရိယာ လဲ စသည့် ဘာသာရပ် ဆိုင်ရာ ဖြေလွယ် သည့် မေးခွန်းများပင်။ အမှန်တော့ အင်္ဂလိပ် နှင့် ပါဠိ(ဗုဒ္ဓဇင် ဘာသာရပ်) အရည်အ သွေး ဘယ်လောက် ရှိသ လဲ စမ်းသပ်ခြင်းပင်။ စာရေးသူတို့ မြန်မာ ကျောင်းသား သုံးဦးမှာ ကိုယ်ပြုလုပ်မည့် ဘာသာရပ် နှင့် လက်ပွန်း တတီး ရှိထားသူများဖြစ်၍ မေးခွန်းအားလုံးကို လွယ်ကူစွာ ဖြေဆိုနိုင်ကြသည်။

စာရေးသူက '' မိမိ ပြုလုပ်လိုသည့် ဘာသာရပ် နယ်ပယ်မှာ the Buddha's philosophy and psychology ဖြစ်ကြောင်း ယင်းမှာ ပါဠိ ပိဋကတ်လာ အဘိဓမ္မာဘာသာရပ်ကို ဆိုလိုကြောင်း။ အထူးပြု သုတေ သနပြုလိုသည့် ဘာသာရပ်မှာ စိတ်ဖြစ်စဉ်များ (၀ီထိ=thought process) အကြောင်းပင် ဖြစ်ကြောင်း။ အရှင် အနုရုဒ္ဓါ ရေးပြုထားသည့် အဘိဓမ္မတ္ထသင်္ဂဟကျမ်းတွင် ယင်းအကြောင်းများကို အသေး စိတ် ဖော်ပြ ထားကြောင်း။ အဘိဓမ္မတ္ထသင်္ဂဟကျမ်းသည် အဘိဓမ္မာ ၇ ကျမ်းကို အနှစ်ထုတ်ထားသော ကျမ်းဖြစ်၍ ယင်းကျမ်းပါ အချက်အလက်များ သည် အဘိဓမ္မာ ၇ ကျမ်းမှ အချက်အလက်များပင်ဖြစ်ကြောင်း။ ထို့ကြောင့် ပါဠိ အဋ္ဌကထာ ဋီကာ ကျမ်းများနှင့် အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ညှိနှိုင်းဘို့ မလွယ်သော်လည်း သိပ်ခက်ခဲမည် မထင်ပါကြောင်း။ သို့သော် ကျမ်းပြု ဆရာ အရှင်အနုရုဒ္ဓါသည် အေဒီ ၆ ရာစု လောက်တွင် ပေါ်ထွန်းခဲ့ သူဖြစ်ကြောင်း။ ၃င်းအရင် ( ပါဠိပိဋကတ်အပြင် ) မည်သူများက ဒီလို ၀ီထိတွေ အကြောင်းကို ပြောပြထား ခဲ့သေးလဲ။ ဒီဝီထိတွေရဲ့ (source) ပင်မ ရေသောက်မြစ် က ဘယ် ( သူ၊ ဘယ်ကျမ်းတွေ ) က အစပျိုးမှတ်တမ်း တင်ခဲ့တာလဲ။ နောက်ပြီး ဗုဒ္ဓဇင် ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ မဟာယာန ကျမ်းစာတွေမှာကော မဟာယာန ဆရာကြီး များဖြစ်ကြ တဲ့ အရှင်နာဂဇ္ဇုန၊ ဓမ္မကိတ္တိ၊ ၀သုဗန္ဓု တို့ ဒါနဲ့ပတ်သက်ပြီး ဘယ်လို ပြောခဲ့ကြသေးလဲ။ တစ်ခြား ဟိန္ဒူ၊ ဂျိန်းကျမ်းစာတွေမှာ ကော ဘယ်လို တင်ပြထားတာ ရှိလဲ။ ဒါကို အဓိကထား သုတေသနလုပ်လိုသည့် စာ တမ်းဖြစ် ကြောင်း '' ပြောသည်။

'' မင်း မဟာယာန ကျမ်းစာတွေကော လေ့လာဘူးသလား'' ( ဒေါက်တာ ဒေ၀ကာ မေး)

'' မလေ့လာဘူးပါဘူး။ ဒါကြောင့် အဲဒီအတွက် ငါ့မှာ ဆရာလိုတယ်။ ဒါကြောင့်လည်း ဒီ (မင်း တို့ ဆီ) မှာ ဆက် လက် ပညာသင်လိုခြင်းဖြစ်တယ်။''

'' အဲဒီအတွက် အင်္ဂလိပ်စာ ကောင်းဘို့ လိုလိမ့်မယ်။ ပီအိပ်ခ်ျဒီစာတမ်းဆို ပိုကောင်းတာပေါ့ ''

ဒေါက်တာ ဂိုဂလိတ်က philo ဘာသာရပ်က စိတ်ဖြစ်စဉ် အကြောင်း အချို့ကို ပြောနေသေး သည်။ သို့သော် မေးခွန်းမလာ။ ဒေါက်တာ ဗဟုကာ ကတော့ ဘာမှ မမေးပဲ စာရေးသူ၏ ကျောင်းသားမှတ်တမ်း စာရွက်ဖိုင်ကိုသာ လှန်လှောကြည့်နေ၏။ ထိုမျှဖြင့် စာရေးသူ၏ အင်တာဗျူး လူတွေ့စစ်မေးမှု ကိစ္စသည် ပြီးဆုံး သွားသည်။ အခန်းထဲက ထွက်လျှင် ဗိယက်နမ် သီလရှင် က အနားလာ၍ မေးလာ၏။

'' ဘာတွေ မေးတာလဲ ဟင်၊ ခက်သလား။ ''

'' သိပ်အခက်ကြီး မဟုတ်ပါဘူး။ ဘယ်မှာ အမ်အေ ပြီးတာလဲ။ ဘယ်ခုနှစ်လဲ။ မင်းလုပ်ချင်တာ ဘယ်လို ဘာသာ ရပ်မျိုးလဲ။ ဘယ် ဧရိယာ(နယ်ပယ်)ကလဲ။ ဒါပါပဲ။ လူတိုင်းကို ဒါပဲ မေးမှာပဲလေ''

'' ငါတော့ ခက်လိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ (ကုလားတွေ) ပြောတာတွေကို ကောင်း ကောင်း နားမ လည်ဘူး။''

'' မခက်ပါဘူး။ မင်းဘယ်မှာ ကျောင်းပြီးခဲ့တာလဲ မေးတဲ့အခါ ဘယ်မှာ ဘယ်ခုနှစ် တန်းပြောရုံပဲ။ မင်း လုပ်ဘို့ စိတ်ကူးထားတဲ့ ဘာသာရပ်က ဘာလဲ''

'' ၀ိနယပိဋက ''

'' စာတမ်း ခေါင်းစီးက ဘာလဲလို့ မေးရင် ''

'' Four noble truths =သစ္စာလေးပါး''

'' အင် မဟုတ်သေးဘူးလေ။ သစ္စာလေးပါးက သုတ္တန်ပိဋကမှာ အဓိက လာတာလေ။ ၀ိနယ ပိဋကမှာ မဟုတ် ဘူး။ မင်း နားလည်လား။ ခေါင်းစီးက သစ္စာလေးပါး။ ဧရိယာက သုတ္တ၊ ပိဋက သုံးပုံကလို့ ပြောရင်လည်း ရပါ တယ်။''

ညပိုင်းတွင် စာရေးသူ ကြားသိရသည်မှာ ကျောင်းသား ၉ယောက်အနက် ၈ ယောက် အောင်၍ တစ်ဦး ကျရှုံး သတတ်။ ယင်း အင်တာဗျူး ကျရှုံးသော သူမှာ ယင်း ဗိယက်နမ် သီလရှင်ပင် ဖြစ်ကြောင်း သိရသည်။ သူမ၏ အဓိက ပြဿနာမှာ မေးသည်ကို နားမလည်ခြင်းဖြစ်ကြောင်း။ ပြုလုပ်လိုသော ဘာသာရပ်ရဲ့ ဧရိယာ ကို ပြောပါ ဟု ဆရာမေးသောအခါ ပူနေးဟု ဖြေသတတ်။ စာရေးသူမှာ သူမအတွက် စိတ်မကောင်းခြင်းကြီး စွာ ဖြစ်ရုံမှတစ်ပါး အခြား အခြား ဘာမျှ ဘာမျှ မတတ်နိုင်တော့ပါ။

၁၉-၈-၁၁

0 comments:

Post a Comment