Friday, February 3, 2012

နှစ်သစ်အကြို ခရီးသွားမှတ်တမ်း (၂)


၂၄-၁၂-၁၁
နံနက် ၈ နာရီအိပ်ရာထ။ မျက်နှာသစ်၊ ထုပ်ပိုးပြင်ဆင်။  အောက်ထပ် ဦးသေဋ္ဌိလအခန်းကို ထွက်ခဲ့။  ယနေ့ နေ့လည်မှာ ဗာရာဏသီမြို့ တက္ကသိုလ် ၂ခုက မြန်မာရဟန်းတော်များ ကျောင်းသား အစည်းအဝေးတက် ရောက်ရန်အတွက် ဗုဒ္ဓဂယာကို ကားနဲ့ သွားကြမယ်။ စာရေးသူတို့လည်း အတူလိုက်ပါရန် စီစဉ်ထား။ နံနက်စာ ကွေကွာ ၂ထုပ်ဖျော်သောက်။ အင်တာနက်ကြည့်။ ရေချိုး၊ နံနက်စာကို နံနက် ၁၀- ခွဲမှာ နောင် တော် ဦးသုန္ဒရ ရဲ့ လက်ရာ ကြက်သားသုပ်စပ်စပ်ကို အားပြုပြီးစား။ နေ့ ၁၁ ခွဲမှာ  BHUမှ စုရပ်ဖြစ်တဲ့ ဆန်စစ်ကရစ်တက္ကသိုလ်ကို သုံးဘီးနဲ့ ထွက်ခဲ့ကြ။ ဆန်စစ်ကရစ်တက္ကသိုလ်မှ ဗုဒ္ဓဂယာသို့ ဘတ်စ်ကားနဲ့ နေ့လည် ၁၂ နာရီမှာ စတင်ထွက်ခွါ။ ဗာရာဏသီမှ ဗုဒ္ဓဂယာသို့ ဘုံဘေ စောမယကောလိပ်မှ ၇ ပါး၊ ပူနေးမှ ၂ ပါးအပါအ၀င် စုစုပေါင်း ရဟန်းတော် ၂၄ ပါး လိုက်ပါလာကြတယ်။ ဗာရာဏသီနှင့် ဗုဒ္ဓဂယာ ကီလိုမီတာ (၂၁၀) ဝေးပြီး ၅-နာရီ၊ ၆-နာရီလောက် ကားမောင်းရတယ်လို့ သိရတယ်။ ဗုဒ္ဓဂယာရှိ  မြန်မာ ကျောင်းသားများကျောင်းကို ည-၇ နာရီမှာရောက်တယ်။ ကျောင်းသားကျောင်းကို ရောက်တယ်ဆိုရင် ကျောင်းသား ကျောင်း ဥက္ကဋ္ဌဆရာတော်အမှူးပြုတဲ့ ရဟန်းတော်များက ကြိုဆိုနေရာချထားပေးကြတယ်။ နေစရာ အခန်းရတယ်ဆိုရင်ပဲ ဘုရားဖူးဘို့ မဟာဗောဓိဘုရားဘက်ကို ထွက်ခဲ့ကြတယ်။ ကျောင်းသားကျောင်းနဲ့ မဟာဗောဓိ စေတီတော်က ၂ ကီလိုမီတာလောက်ဝေးတယ်။ ခြေလျင်လျှောက်သွားရင်  မိနစ် အစိတ်၊ သုံးဆယ်လောက်ကြာမယ်ပေါ့။ ရူပီး ၁၅-ကျပ်လောက်ပေးပြီး ဆိုက်ကားစီးသွားရင်လည်းရတယ်။ ဘုရား ဖူးရာသီ ရောက်တာမို့ ဗုဒ္ဓဂယာတစ်ဝိုက်မှာ လူတွေသိပ်စည်တယ်။ အထူးသဖြင့် တိဘက် လူမျိုးတွေက ဒီအချိန် ရောက်ရင် အုပ်လိုက်ကျင်းလိုက် ဗုဒ္ဓဂယာဒေသကို ဘုရားဖူးလာကြတော့တာပဲ။ ဗုဒ္ဓဂယာဒေ သမှာ ၂ လ  ၃လ ဆောင်းခိုနေထိုင်ပြီးမှ သူတို့ဒေသကို ပြန်ကြတယ်လို့ သိရတယ်။ အိန္ဒိယက ဗုဒ္ဓဒေသ တွေကို ကမ္ဘာတစ်ဝှမ်းက လူတွေလာကြတယ်။ အထူးသဖြင့် တိဘက်၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ဗိယက် နမ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ (စင်ကာပူ၊) ဂျပန်၊ ကိုရီးယား ဗုဒ္ဓဘာသာနိုင်ငံတွေက အဓိက လာကြတာများ တယ်။ ရွှေမြန်မာတွေက ဘုရာဖူးမှာ သူ့ထက်ကဲတာမို့ အိန္ဒိယက ဗုဒ္ဓဒေသတွေမှာ မြန်မာဆိုရင် သိကြသူ များတယ်။ မြန်မာတွေက ဗန်းပရုပ်ဆီလက်ဆောင် ပေးလေ့ရှိတာမို့ ကုလားများက မြန်မာကိုမြင်ရင် ဗန်းဗန်းနဲ့ ပရုပ်ဆီတောင်းတော့တာပဲ။ မဟာဗောဓိစေတီတော်ရောက်တော့ ဂန္ဓကုဋီတိုက်ထဲကို အရင် ၀င်ပြီး အပရာဇိတပလ္လင်တော်နေရာမှာ သီတင်းသုံးတော်မူတဲ့ ရုပ်ပွားဆင်းတုတော်မြတ်ကို မမှိတ်မ သုန်ကြည့်ပြီး မြတ်ဗုဒ္ဓဂုဏ်တော်တွေကို အထပ်ထပ်ရွတ်ပွား ပူဇော်နေမိတယ်။ ဒီနေရာမှာ တို့မြတ်ဗုဒ္ဓ မာရ် ငါးပါးကို အောင်တော်မူပြီး အမြတ်ဆုံး ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့တဲ့ နေရာဖြစ်တယ်လို့ သိရ  တယ်။ ဂန္ဓကုဋီတိုက်ထဲမှာ အတော်ကလေးကြာနေခဲ့ပြီး မဟာဗောဓိညောင်ပင်ဆီကိုလာခဲ့တယ်။ ဒီ မဟာဗောဓိ ပင်နဲ့ စေတီတော်နေရာက ဗုဒ္ဓဘာသာမှာ အဓိကကျတဲ့ နေရာဖြစ်တယ်ဆိုရင် မမှားဘူး။  သမိုင်းအရ အပရာဇိတပလ္လင်တော်နေရာမှာ အသောကမင်းတရားကြီးက အထိန်းအမှတ်စေတီငယ် တစ်ဆူတည်ခဲ့ တယ်။ ခရစ်နှစ် ၂ ရာစုခန့်မှာ မဂဓတိုင်းဘုရင်တစ်ပါးက အသောကမင်းရဲ့စေတီငယ်ကို ယခုလက်ရှိပုံစံ စေတီတော်ကြီးအဖြစ် တည်ဆောက်ခဲ့တယ်။ ကာလဒါဏ်ချက်ကြောင့် ပျက်ဆီးသွားတဲ့ စေတီတော်ကြီးကို ၁၂၃၉ ခုနှစ်မှာ မြန်မာဘုရင် မင်းတုန်းမင်း တရားကြီးက တစ်ဖန် ပြုပြင်ခဲ့တယ်။  ယခု လက်ရှိ ဖူးတွေ့ နေရ တဲ့ ကမ္ဘာကျော် မဟာဗောဓိစေတီတော်ကြီးက  ရွှေမြန်မာတို့ရဲ့ကောင်းမှုဖြစ်တယ်လို့ ဂုဏ်ယူဝင့်ကြွား ပြောလို့ရတာပေါ့။ ယခုလက်ရှိ မဟာဓောဓိ ညောင်ပင်ကလည်း မြတ်စွာဘုရားလက်ထက်တော်အခါက ညောင်ပင် မဟုတ်တော့ပဲ နောက်မှပြန်လည်စိုက်ပျိုးထားတဲ့ ညောင်ပင်ဖြစ်တယ်လို့သိရတယ်။ ဗောဓိ ညောင်ပင်ကို အသောကမင်းမိဘုရားငယ် တိဿရက္ခာ ကတစ်ခါ၊ ဘင်္ဂလားနယ် ရှီဝဘုရင် ဆာဆင်္ကာက ၂ခါ၊ မဂိုလ်မင်းရဲ့စစ်သားတွေက တစ်ခါ အကြိမ်ကြိမ်ဖျက်ဆီးခဲ့ကြတယ်။ ယခုလက်ရှိညောင်ပင်က (၁၈၇၆) ခုနှစ် လေပြင်းမုန်တိုင်းကြောင့် လဲပြိုသွားတဲ့ မဟာဗောဓိညောင်နေရာမှာ ဟိန္ဒူဘုန်းကြီး မဟန့်က ဗုဒ္ဓဘာ သာဝင်များဖူးမျှော်ဘို့ ပြန်လည်စိုက်ပျိုးထားခဲ့တဲ့ ညောင်ပင်ဖြစ်တယ်လို့သိရတယ်။ ဘာပဲဖြစ်နေနေ ဘုရား တန်ခိုးတော်ကြောင့် ပူဇော်စရာ ကျန်နေသေးတာကိုပင် ကျေးဇူးတင်ရပေမယ်။ ညောင်ပင်အောက်မှာ ဂုဏ် တော်ပွား၊ အနေကဇာတင်၊ ပဋ္ဌာန်းပစ္စယ နိဒ္ဒေသ ရွတ်ဘာသ်ပူဇော်၊ တရားထိုင်၊ မေတ္တာပို့၊ အမျှဝေ။ မဟာဗောဓိစေတီတော်က ပြန်ထွက်တော့ ည ၉ နာရီရှိပြီ။  မဟာဗောဓိ စေတီတော် ဂိတ်ပေါက်ကို နံက် ၆ နာရီဖွင့်၍ ည ၉ နာရီပိတ်တယ်လို့ သိရတယ်။ ဒါပေမယ့် ဘုရားတံတိုင်းတွင်းမှာ ညလုံးပေါက် တရားထိုင်၊ ဘုရားဖူးနေချင်ရင်တော့ သက်ဆိုင်ရာကို ပတ်စပို့ပြ၊ ရူပီး (၅၀၀) ပေးရင် ရတယ်လို့ သိရတယ်။

0 comments:

Post a Comment