၂၆-၁၂-၁၁
အစည်းအဝေးပြီးပြီဆိုတော့
ပြန်သူပြန်။ ဘုရားဖူးလှည့်သူလှည့်။ စာရေးသူကတော့ လွန်ခဲ့တဲ့ (၂) နှစ်က ဘုရားဖူးလှည့်ထားပြီးဖြစ်တာကတစ်ကြောင်း၊
ဒေလီဘက်သွားဘို့ စီစဉ်ထားတာက တစ်ကြောင်းမို့
ဘုရား ဖူးလှည့် မလိုက်တော့ပဲ ဗုဒ္ဓဂယာမှာပဲ အချိန်ကုန်တယ်။ စာရေးသူတို့ ပူနေးက အစည်းအဝေးကို (၅) ပါးလာကြတယ်။
၂ ပါးက ပူနေးကို ပြန်မှာဖြစ်ပြီး စာရေးသူအပါအ၀င်ကျန် ၃ ပါးက ဒေလီကို ခရီးဆက်ကြ မှာဖြစ်တယ်။
အလာတုန်းက သူတို့ ၃ ပါးတွဲက အရင်သွားနှင့်ပြီး
စာရေးသူနဲ့ ကိုအိန်ဒါက နောက်မှ လိုက် လာကြခြင်းဖြစ်တယ်။ ဒေလီကို ၃ ပါးသွားမယ်ဆိုပေမယ့်
ရထားလက်မှတ်ဖြတ်တာ မတူတာမို့ စာရေးသူက သီးသန့်သွားရမှာဖြစ်တယ်။ ဒါပေမယ့် ရထားတစ်စီးတည်း၊
တစ်ရက်တည်း၊ တစ်ချိန်တည်းဖြစ်တယ်။ သူတို့ ၂ပါးက ဗာရာဏသီက စီးမှာဖြစ်ပြီး စာရေးသူက ဂယာဘူတာက
စစီးမှာဖြစ်တယ်။ ဒါကြောင့် သူတို့ ၂ ပါးလုံး
ညနေပိုင်း ဗာရာဏသီပြန် ရဟန်းတော်များကားနဲ့ ဗာရာဏသီကို လိုက်သွားကြတယ်။ ပူနေးပြန်မည့် ကိုအိန်ဒါနှင့်မောင်သီလာတို့လည်း ဗာရာဏသီကို ပြန်လည်လိုက်ပါသွားကြလေရဲ့။ ဒေလီသွားမည့်
ရက်က (၃၁) ရက်နေ့မို့ ဗုဒ္ဓဂယာမှာ နောက်ထပ် လေးငါးရက် လောက်နေရဦးမှာဖြစ်တယ်။ ရသမျှအချိန်ကို
ဘုရားမှာပဲ အချိန်ကုန်ဘို့ စိတ်ကူးထားတဲ့အတိုင်း အားလပ်တာနဲ့ ဘုရားဘက်ကိုလည်း ခြေဦးလှည့်မိတယ်။
နေ့ဆွမ်းစားပြီး ဦးသုဝဏ်နှင့် ဘုရားဘက်ထွက်ခဲ့တယ်။ နံနက်ကလည်း နေ့ဆွမ်းမစားမီ မဂဓတက္ကသိုလ်
ကွင်းထဲက တိဘက်တန်ဘုရားဖူးတစ်သိန်းကျော် တည်းခိုဘို့ ပြုလုပ်ထားတဲ့ အ၀တ်တဲအိမ်များကို
သွား ကြည့်ကြသေးတယ်။ ဂျပန်ဘုရားကို အရင်သွားတယ်။ ဒါပေမယ့် နေ့ခင်း တံခါးပိတ်ချိန်ရောက်နေတာမို့
ပြန်လာခဲ့ကြတယ်။ အပြန်လမ်းမှာ တိဘက်ဘုန်းကြီး တစ်ကျောင်းကို တွေ့တာနဲ့ ၀င်ပြီး လေ့လာတယ်။
နေ့ခင်း ၀တ်ပြု ဆုတောင်းချိန်မို့ တိဘက်ဘုန်းကြီး ကိုရင်၊ ဦးဇင်းလေးတွေ တန်းစီထိုင်ပြီး
ဝတ်ပြုဘို့ပြင် ဆင်နေကြတာကို တွေ့ရတယ်။ တိဘက်တွေ ဘုရားဝတ်ပြုရင် နှဲ၊ မောင်း၊ လင်းကွင်း၊
ဗျော စည် တီးခတ်ပြီး သံပြိုင်သီဆို ပူဇော်လေ့ရှိကြတယ်။ တိဘက်တန်ဘုန်းကြီးကျောင်းနဲ့မလှမ်းမကမ်းမှာ
အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သံဃာ့အဖွဲ့အစည်းတည်ရှိတဲ့ ကုလားဘုန်းကြီးကျောင်းရှိတယ်။
ကျောင်းတိုက်အတွင်းမှာ လမ်း လျှောက်နေဟန် ကြေးသွန်း ဆင်းတုတော်ကြီးတစ်ဆူကို ဖူးတွေ့ရတယ်။
ဒီကုလား ဘုန်းကြီးကျောင်းမှာ လူ အသွားအလာ မရှိသလောက်ပဲ။
မဟာဗောဓိဘုရားတစ်ဝိုက်မှာ ဘုရားဖူး အသွားအပြန်တွေနဲ့ သိပ်စည်ကားတယ်။ ကား၊ ဆိုက်ကား၊
ဈေး ဆိုင်တွေနဲ့ အမြဲလို ရှုပ်ထွေးနေတယ်။ မြန်မာပြည် အညာဒေသက ဘုရားပွဲဈေးတန်းနဲ့ သွားတူနေတာတွေ့
ရတယ်။ ဘုရားဖူးလာတဲ့သူတွေက တိဘက်တန် လူမျိုးတွေများတယ်။ တိဘက်ခေါင်းဆောင်ကြီး ဒလိုင်း
လားမား မကြာမီရက်မှာ ဗုဒ္ဓဂယာကို တရားဟောကြွရောက် လာမှာမို့ နိုင်ငံတကာက တိဘက်လူမျိုးတွေနဲ့
ပိုမိုစည်းကားနေခြင်းဖြစ်တယ်။ ဘုရားအပြင်မှာ စည်းကား နေသလို ဘုရားပရိဝုဏ်အတွင်းမှာလည်း
တိုးမပေါက်အောင် စည်ကားလွန်းလှတယ်။ တိဘက်တွေက ဗုဒ္ဓဘာသာစိတ်ထက်သန်သူများဖြစ်တာမို့ ရှေးအခါကဆိုရင်
တိဘက်ပြည်မှာ တစ်အိမ်ထောင်မှာ ယော က်ျားလေးတစ်ယောက်နှုန်း ဘုန်းကြီးဝတ်ရတဲ့ ဓလေ့ရှိခဲ့ဘူးတယ်လို့ ကြားဘူးတယ်။
တိဘက်နိုင်ငံကို ဗုဒ္ဓဘာသာ ရဟန်း (မင်း)များကသာ အစဉ်အဆက် အုပ်ချုပ်ခဲ့ကြတယ်။ ၁၉၅၆ ခုနှစ်က
တိဘက်ကို တရုပ်က သိမ်းတော့ အိန္ဒိယကို ထွက်ပြေးလာတဲ့ (ယခု
လက်ရှိ) ဒလိုင်းလားမားဟာ တိဘက် နိုင်ငံရဲ့ (၁၄) ယောက်မြောက် ခေါင်းဆောင် လားမား တစ်ယောက်ဖြစ်တယ်။
တိဘက်တွေက ဒလိုင်း လားမားကြီးကို များစွာ ကြည်ညို လေးစားကြတယ်။ တိဘက်ပြည်ပြန်လည်လွတ်မြောက်ရေးအတွက်
ဒလိုင်း လားမားကြီးကိုပဲ အားထားနေကြရတယ်။ ဒလိုင်းလားမားကြီးက နိုင်ငံရေး၊ လူမျိုးရေး၊
ဘာသာရေး ခေါင်းဆောင်အဖြစ် ကမ္ဘာမှာကျော်ကြား ထင်ရှားသူတစ်ယောက်ဖြစ်တယ်။ အနယ်နယ် အရပ်ရပ် ရောက်နေတဲ့ သူ့လူမျိုးတွေ ကမ္ဘာအရပ်ရပ်က ထောက်ပံ့ကြေးတွေ ရနေတာ သူ့စွမ်းဆောင်မှုဖြစ်တယ်။ ဗောဓိပင် အနီးတစ်ဝိုက်မှာ
အေးအေး လူလူ ထိုင်ရင်း ပရိတ် ပဋ္ဌာန်းရွတ်၊ တရားထိုင်။ ဓာတ်ပုံရိုက်။ ဘုရားထဲမှာပဲ နေကုန်တယ်ဆိုပါတော့။
ညနေစောင်းတော့ ဦးကေလာသ ဘုရားဝိုင်းထဲကို လာပြီး
စာရေးသူကို လာခေါ်တယ်။ သူနေတဲ့ အခန်းကို ခေါ်ပြီး ရေနွေး လဘက်နှင့် ဧည့်ခံတယ်။ သူက ဗုဒ္ဓဂယာ
မြန်မာကျောင်းအနီးက အိမ်တစ်အိမ်မှာ သူငယ်ချင်း တစ်ယောက် နှင့် အခန်းငှားနေထိုင်ပြီး
မဂဓတက္ကသိုလ်မှာ အမ်အေနောက်ဆုံးနှစ်တက်ရောက်နေတာဖြစ်တယ်။ ဇာတိ က ပခုက္ကူ-ကန်လှရွာဇာတိဖြစ်တယ်။
စာရေးသူ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်ကြီးမှာ နေတုန်းက သူကကိုရင်ဖြစ်ပြီး စာရေးသူရဲ့
စာချဆရာတော့် ကျောင်းမှာနေတယ်။ စာရေးသူနဲ့ဆို ဆရာတူတပည့်ဖြစ် တယ်။ ဦးကေလာက သူ့အခန်းမှာ
ညအိပ်ပါလို့ ပြောတာနဲ့ သူတို့နေထိုင်တဲ့ အိပ်ခန်းဆောင်မှာ တစ်ညတာ ညအိပ်လိုက်တယ်။ နောက်
တစ်နေ့ ရောက်တော့ နံက်စာ၊ နေ့လည်စာတွေချက်ကျွေးတယ်။
0 comments:
Post a Comment