Saturday, July 17, 2010

အဘိဓမ္မာသင်ရအောင် (၈)

ပုဂံခေတ်
ပုဂံခေတ်ဆိုတာ မြန်မာတို့ရဲ့ ခေတ်ဦးခေတ်ထူးပဲ။ မြန်မာလူမျိုး မြန်မာစာ မြန်မာ့ဘာသာရယ်လို့ ဖြစ်လာအောင် ပုံဖော်ပေးခဲ့တဲ့ ခေတ်ကောင်းတစ်ခုပဲ။ အဲဒီခေတ်ဟာ ပါဠိစာပေအထွန်းကားဆုံးလို့ ပြောနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ပါဠိစာပေကို ကမ္ဘာက လေးစားရလောက်အောင် ရေးသားပြနိုင်ခဲ့လို့ဖြစ်တယ်။ သဒ္ဒါနီတိ သဒ္ဒါကျမ်းဟာ ပုဂံခေတ်မှာ ပေါ်ခဲ့တဲ့ စံပြကျမ်းစာ တစ်ခုဖြစ်တယ်။ မြန်မာ့ခေတ်ဦးမှစပြီး ယနေ့ခေတ်တိုင်အောင် ကမ္ဘာက တစ်သသဖြစ်နေတဲ့ စာအုပ်ဖြစ်တယ်။ နှောင်းပိုင်းခေတ်မှာ ရှေးရှေးဒ္ဒါကျမ်းတွေကို မီရုံတင်မက ကျော်တက်သွားအောင်အထိ ရေးပြနိုင်တာ ကမ္ဘာ့သမိုင်းမှာ မြန်မာဘဲ ရှိတယ်။ ဒါကြောင့် ပုဂံခေတ်က ပေါ်ပေါက်ခဲ့တဲ့ သဒ္ဒါကျမ်းဟာ မြန်မာတွေကို အမြင့်ဆုံးရောက်အောင် ဂုဏ်တင်ပေးလိုက်တဲ့ မြန်မာဂုဏ်ဆောင် ကျမ်းစာအုပ် တစ်အုပ်ဖြစ်တယ်။
အဲဒီခေတ်က သီဟိုဠ်ကျွန်းက ပါဠိစာပေမှာ နံပါတ်တစ်ပဲ။ သူတို့က မြန်မာကို အထင်မကြီးဘူး။ မြန်မာတွေဟာ သူတို့လောက် ပါဠိစာပေ မတတ်ကြဘူးစသည် အထင်နဲ့ပေါ့။ ဒါပေမဲ့ သဒ္ဒါနီတိကျမ်းထွက်လာတော့ မြန်မာတွေ အပေါ် မြင်ထားတဲ့ သူတို့ အမြင်တွေ ပြောင်းသွားတယ်။ မြန်မာတွေ တကယ် စာတတ်ပါပေတယ်လို့ပေါ့။ မြန်မာကို လာမလုပ်နဲ့ မစားရင်အရှင်း စားရင် ဆီထမင်း ဆိုတဲ့လူမျိုးတွေ။ မြန်မာလုပ်လိုက်ရင် ကမ္ဘာပါအထိ တုန်လှုပ်သွားတာတွေ သမိုင်းမှာ အထင်အရှားဘဲ။ ဒါကြောင့် ရှေးဦးမြန်မာတို့ရဲ့ ဇွဲသတ္တိတွေကို လျှော့မတွက်သင့်ဘူး။ အမြဲတမ်းလေးစားနေရမယ်၊ တန်ဘိုးထားနေရမယ်။
ပုဂံခေတ်မှာ ပါဠိစာပေထွန်းကားပုံက အမျိုးသမီးတွေကအစ ပါဠိစာပေ တတ်ကျွမ်းကြတယ်။ ကျစွာမင်းကြီးနဲ့ သူ၏ သမီးတော် သံပျင်မင်းသမီးဆိုတာ ရဟန်းတော်များစွာကို စာပေပို့ချပေးခဲ့သူများဖြစ်ကြတယ်။ အဘိဓမ္မာနှင့် ပတ်သက်ပြီးတော့ ပုဂံခေတ်ပုံပြင်လေးတစ်ပုဒ်ရှိဘူးတယ်။

ပုဂံခေတ်က ကလေးအမေ
တစ်နေ့မှာ အမျိုးသမီးတွေ ရေတွင်းမှာ ရေခပ်ရင်း စကားပြောနေကြတယ်။ အမျိုးသမီးငယ်တစ်ယောက် အမျိုးသမီး(အိမ်ထောင်ကျ) ရွယ်တစ်ယောက်ကို မေးတယ်။ အစ်မ တစ်နေ့ စာကျက်တာ ဘယ်လောက်ရသလဲ။ အမျိုးသမီး ရွယ်က ပြန်ပြောတယ်။ ကလေးတစ်ဖက် လုပ်ငန်းတစ်ဖက်နဲ့မို့ တွင်တွင် စာမကျက်နိုင်ဘူး။ ပဋ္ဌာန်းကုသလတိက်လောက်သာ ဆောင်နိုင်တယ်လို့ ပြောလိုက်တယ်။ အလုပ်များလှတဲ့ အိမ်ထောင်သည်မတောင် ပဋ္ဌာန်းကုသလ တိက်ကို ဆောင်နိုင်သတဲ့။ အခြားအိမ်ထောင်မရှိတဲ့ လူပျိုလူလွတ်တွေဆိုရင် ပြောမနေနဲ့တော့။ ပုဂံခေတ်အမျိုးသမီးတွေ စာတတ်ပုံကို ခုံတော်မောင်ကျဘန်း စာအုပ်ဖတ်ကြည့်ရင်သိလိမ့်မယ်။ ပဋ္ဌာန်းကုသလတိက်ဆိုတာ ယခုခေတ် ရဟန်းတော်များ ပထမကြီးတန်း ဆိုတဲ့ အဆင့် စာမေးပွဲမှာ ပြဓာန်းထားတဲ့ ပဋ္ဌာန်းဆိုင်ရာ ဘာသာရပ်တစ်ခုပဲ။ ဒါကြောင့် ပုဂံခေတ်က လူတွေဟာ အံ့သြစရာကောင်းလောက်အောင် ပါဠိ စာပေ လေ့လာကြတာပဲ။

ပဋ္ဌာန်းစရပ်များ
မြန်မာများက ဇရပ်ကျောင်းကန် တည်ဆောက်လှူဒါန်းရတာကို အင်မတန် ၀ါသနာကြီးတယ်။ ဒါကြောင့် မြန်မာ့ဝန်းကျင်မှာ စရပ်တန်းဆောင်တွေ နေရာတိုင်းမှာ ပေါမှပေါပဲ။ အဲဒီထဲမှာ ပဋ္ဌာန်းစရပ်ဆိုတာ ထူးထူးဆန်းဆန်းပဲ။ ယခုခေတ် ဥပုသ်သည်များနေဘို့ ဆောက်ထားတဲ့ ဇရပ်ကို ဥပုသ်သည် စရပ်ခေါ်သလို ပဋ္ဌာန်းတရားဟောကြား နာယူကြဘို့ တည်ဆောက်ထားတဲ့ စရကိုလည်း ပဋ္ဌာန်းစရပ်လို့ ခေါ်ခဲ့ကြတာဖြစ်တယ်။ အဲဒီစရပ်ပေါ်မှာ ပဋ္ဌာန်းတရားပွဲတွေ ကျင်းပ နာယူကြတာပေါ့။ ဒါကြောင့် အင်းဝ ညောင်ရမ်းခေတ် ကုန်းဘောင်ခေတ်တွေမှာ ပဋ္ဌာန်းတရားပွဲတွေ အဆက်မပြတ် တည်ရှိခဲ့တယ်လို့ သမိုင်းဆရာများ က ဆိုကြတယ်။
ရတနာပုံ မန္တလေးမြို့တော်ကြီး တည်ဆောက်တော့ ရွှေမြို့တော်ရဲ့ အဓိက အဆောက်အဦတွေထဲမှာ ပဋ္ဌာန်းစရပ်လည်း တစ်ခုအပါအ၀င် ဖြစ်တယ်လို့ ဆိုတယ်။ ဒါကြောင့် မြန်မာများ ပဋ္ဌာန်း အဘိဓမ္မာ တရားတွေကို ဘယ်လောက် လေးစား တန်ဘိုးထားကြတယ်ဆိုတာ မှန်းဆသိနိုင်တယ်။

0 comments:

Post a Comment