Sunday, October 17, 2010

သုံး၍မကုန်သော ရတနာတုံး ရတနာခဲများ(၃)

မေတ္တာပို့နေမယ်

စစ်ကိုင်း မင်္ဂလာသိရိမ်ဆရာတော်ကြီးသည် ပထမဂန္ဓာရုံဆရာတော်ဘုရားကြီး၏ တပည့်ကြီး တစ်ပါးဖြစ် တော်မူသည်။ စာရေးသူအား အခြေခံပညာရပ်များနှင့် အထက်တန်းစာဝါကြီးများကို ချပို့သင်ပြပေးတော်မူခဲ့ သော ငယ်ဆရာရင်းတစ်ပါးဖြစ်သည်။ ဆရာတော်ကြီးသည် ယခုအခါ သက်တော် ၈၄-နှစ် အရွယ်ရှိပြီဖြစ်သည်။ ဆရာတော်ကြီးက စာရေးသူအား သြ၀ါဒပေး တော်မူသည်မှာ-


'' မေတ္တာပို့ နေပါ့မယ် ''


စာရေးသူသည် ဆရာတော်ဘုရားကြီး မိန့်ခွန်းတော်ကြောင့် ခွန်အားများပြည့်လျှံသွားလေ သည်။ ဆရာ တော်ကြီး၏ မေတ္တာအစွမ်းအာနိသင်များဖြင့် အဝေးတစ်နေရာတွင် ကျန်းမာချမ်းသာစွာဖြင့် ပညာရေး ခရီး ပြီးဆုံးအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

လိုအပ်တာကို ပြောပါ

ပထမဂန္ဓာရုံကျောင်းတိုက်ကို ဆရာတော်ကြီး ဘ၀နတ်ကျောင်း ပြောင်းရွှေ့တော်မူသောအခါ ဆရာတော်၏ တပည့်ကြီးတစ်ပါးဖြစ်သည့် တိပိဋက ၂ ပုံခွဲအောင် ဆရာတော် အရှင်ဇဋိလ က ဆက်လက် ထိန်းကျောင်း တော်မူခဲ့သည်။ လက်ရှိ ပဓာနဆရာတော်အား စာရေးသူ သွား ရောက်ဦးတိုက်သောအခါ '' အေး - လိုအပ်တာကို ပြောပေါ့ '' ဟု မိန့်တော်မူရှာသည်။


ကုလားမနဲ့ မငြားခဲ့စေနဲ့

ဇေယျာသီရိမ်ကျောင်းတိုက်သည် မင်္ဂလာသိရိမ်ကျောင်းတိုက်နှင့် ရှေ့နောက်ကပ်လျက် တည်ရှိသည်။ ကျောင်းထိုင် စာချ ဆရာတော်များသည် ပထမဂန္ဓာရုံဆရာတော်ကြီး၏ တပည့်ကြီးများဖြစ်တော်မူကြသည်။ မင်္ဂလာသိရိမ်၊ ဇေယျာသိရိမ်၊ အောင်မြေဘုံစံ၊ မြစကြာ၊ လေးမျက်နှာ၊ မဟာမြိုင် စသော ကျောင်းတိုက် များသည် ပထမဂန္ဓာရုံ ဆရာတော်ကြီး၏ သြ၀ါဒခံ ကျောင်းတိုက်များဖြစ်ခဲ့ကြသည်။

ဇေယျာသီရိန်ဆရာတော်နှင့် စာချဆရာတော်တို့သည် စာရေးသူ၏ ငယ်ဆရာ အရင်းအချာ များ ပင်ဖြစ်ရကား သွားရောက် အသိပေး ကန်တော့ရပြန်သည်။

ဆရာတော်ကမူ အိန္ဒိယသို့ ဘုရားဖူးရောက်ဖူးကြောင်းစသည်ပြောဆိုပြီး စာချဆရာတော်ကမူ အောက်ပါအ တိုင်း တိုတိုပြတ်ပြတ် မိန့်တော်မူသည်။


'' ကုလားမနဲ့ မငြားခဲ့စေနဲ့ ''


တိုတိုနှင့် တာသွားသော အဆုံးအမတစ်ခုပင်ဖြစ်သည်။ လွတ်လပ်သော နယ်မြေတွင် လူငယ်စိတ်ဖြင့် မနေမိ စေရန် ကြိုတင်အသိပေးလိုက်ခြင်းဖြစ်သည်။ အိန္ဒိယတွင် ကုလားမ သာမက ဂျပန်၊ ဂျာမာန်၊ ကိုရီးယား၊ အီရန်၊ အီရတ်၊ အာဖဂန်နစ်စတန်၊ ပါကစ္စတန်၊ ထိုင်း၊ ဗိယက်နာမ်၊ သီရိလင်္ကာ စသည်စုံစွာ အပျိုကညာတွေ အစီအရီ ပေါချင်တိုင်း ပေါလှ၏။ ထိုအခါ ဆရာ၏ စကားသည် ဘ၀ကို တိမ်းစောင်းမသွားအောင် ထိန်းကျောင်း ပေးနေသော ပဲ့ထိန်းသဘွယ်ဖြစ်၍ နေပေသည်။ မြင်တော်မူ သိတော်မူသည့် ဆရာပေဟု ချီးကျူး ရသည်။


မညာနဲ့ မညှာနဲ့

ရန်ကုန်ရောက်တော့ မြောက်ဒဂုံ အောင်မြေသာစံ စာသင်တိုက်ဆရာတော်ထံ သွားရောက် ကန်တော့သည်။ ဆရာတော်သည် စစ်ကိုင်း ပထမဂန္ဓာရုံဆရာတော်ကြီး၏ တပည့်တစ်ပါး ဖြစ်၍ စာရေးသူနှင့် ဆရာတူ တပည့်ဖြစ်သည်။ ဆရာတော်က သြ၀ါဒချွေတော်မူသည်မှာ-


'' အသက်က ငယ်တယ်လို့ ပြောလို့မရတော့ဘူး။ အလုပ်လုပ်ချိန် သိပ်မရှိတော့ဘူး။ ပညာရေး သာမက သံသရာရေးကလည်း ရှိသေးတယ်။ ဒါကြောင့် အချိန်ရှိခိုက်မှာ မညာတမ်းနှင့် မညှာ တမ်းကြိုးပမ်းခဲ့ဘို့ လိုတယ် ''


စာရေးသူကား ကံအလွန်ကောင်းသူဟု ဆိုရမည်ဖြစ်သည်။ ဆရာကောင်း သမားကောင်းများ၏ အလယ်၌ ဘ၀အတွက် တန်ဘိုးဖြတ်မရသော စကားကောင်းများကို နေရာတိုင်း၌ ရရှိနေသောကြောင့်ဖြစ်သည်။ ထိုစကားကောင်းများသည် စာရေးသူ၏ ဘ၀တစ်သက်တာတွင် သုံး၍မကုန်သော ရတနာတုံး ရတနာခဲများ အဖြစ် တည်ရှိနေမည်ဖြစ်သည်။


KM

0 comments:

Post a Comment