Saturday, June 11, 2011

အင်္ဂလိပ်စကားပြော လေ့ကျင့်ခြင်း

အတန်းထဲမှာ စကားအများဆုံးက စာရေးသူပဲ။ အင်္ဂလိပ်စကား မတောက်တစ်ခေါက်နဲ့ ကုလားဆရာ ဆရာမတွေသင်တာ ကြားတာတွေကို မှားတယ် မှန်တယ် ဆရာကြီးစတိုင်နဲ့ တောက်လျှောက် ဝေဘန်လိုက် လာတာ စာသင်နှစ်ပြီးဆုံးတဲ့အထိ ဆိုပါတော့။ ကြာတော့ ကုလား(ဆရာ ဆရာမ) တွေ မပြောနဲ့ အချင်းချင်းက တောင် လက်လန်ယူရတယ်။ အတန်းထဲ တွင်လား။ မဟုတ်ဘူး။ အခြားက တကယ့် မာစတာ စကော်လာ ဆိုတဲ့သူတွေ ပြောဟော ပို့ချတဲ့ သင်တန်းတွေမှာလဲ အာပေါင် အာရင်းသန်သန် မေးလိုက် မြန်းလိုက်နဲ့ ကိုစွာကျယ် အလုပ်ဆုံးက စာရေးသူပဲ။ အဆောင်မှာ လည်း အချင်းချင်း စာပေရေးရာ ၀ါဒရေးရာတွေမှာ တစ်ရာနဲ့ တစ်ယောက် ဆိုတာလို ပွက်လောလန်အောင် ငြင်းခုံဆွေးနွေးတတ်တာ ဘယ်သူ မှတ်သလဲ ဤကိုယ်ဖေပဲပေါ့။ ဒါကြောင့် စာရေးသူရဲ့ ကိုစွာကျယ် အပြုအမူကို ကွယ်ရာမှာ အတင်းအဖျင်း ပြောရုံနဲ့ အချိုး ပြောင်း မလာတဲ့အဆုံး '' ကိုယ်က ဘယ်လောက်သိလို့ ပရော် ဖက်ဆာတွေကို ဝေဘန်ရတာလဲ။'' စသည် တိုက်ရိုက် ပြောတာတွေလုပ်လာကြတယ်။ အချို့ ကတော့ သဘော မနောနဲ့ '' ဆရာ ဆရာမတွေ သင်တဲ့အခါ သိပ်မဝေဘန်(ဆွေးနွေး)ပါနဲ့။ ကိုယ်က ကျောင်းသားဆိုတော့ နားထောင်ရုံပဲပေါ့။ မှားတော့လည်း သူတို့က ဒီလိုယူဆ ပါလား ဆိုပြီးတော့ မှတ်ထား ရုံပဲပေါ့။ သူတို့က တစ်ခုခု လုပ်(ကန့်) လိုက်ရင် ကိုယ်ပဲ ခံရမှာမို့ ပါ။'' စသည် သတိပေးစကား ပြောလာရတဲ့အထိ။ (အင်း စာတွေက သင်ထားတော့လည်း သိပြီးသားတွေ ဖြစ်နေ တယ်။ သိနေတော့လည်း မှားနေတာတွေ မြင်ရရင် မပြောပဲ မနေနိုင်အောင် စိတ်ထဲမှာ ရွပိုးထိုးနေတယ်။ ပြောပြန်တော့လည်း အလိုက်မသိရာ ရောက်နေပြန်။)

တစ်ခါ ပါဠိဋ္ဌာနက ကြီးမှူးဖွင့်လှစ်တဲ့ သင်တန်းတစ်ခုမှာ။ မှတ်မှတ်ရရ Ph.D ကျောင်းသားများ အတွက် ဖွင့်လှစ်တဲ့ Methodology သင်တန်းတစ်ခုမှာပါ။ စာရေးသူက Ph.D ကျောင်းသား မဟုတ်ပေမယ့် အတွေ့အကြုံ ရချင်တဲ့ သဘောနဲ့ အဲဒီ သင်တန်းကို အစ အဆုံး တက်ရောက် သင်ဖြစ်တယ်။ သင်တန်း နောက်ပိုင်းရက်တွေမှာ ကျောင်းသားတွေကို စာတမ်းတွေ ပေးပြီး presentation တွေ အလှည့်ကျ လုပ်ခိုင်းတယ်။ စာရေးသူရဲ့ အလှည့်မှာတော့ အများနှင့် မတူတဲ့ ဟောပြောချက်တွေကြောင့် ပွဲဆူသွားတယ်။ မေးခွန်းပေါင်းများစွာ၊ အဖြေပေါင်း များစွာနဲ့ ရွှန်းရွှန်းဝေလို့ပေါ့။ သိတယ်မဟုတ်လား။ '' ကမ္ဘာ့ဘာသာ တရားတွေထဲမှာ သိပ္ပံ ပညာရဲ့ ထောက်ခံအားပေးမှုရနေတဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာ သည်သာ အစစ်မှန်ဆုံးဟု ဆိုရမှာ ဖြစ်ကြောင်း။ ငြိမ်းချမ်းမှု အမှန်တကယ်လိုချင်ရင် ဗုဒ္ဓတရားတော်များကို အများသိ အောင် ဖြန့်ချိရမှာဖြစ်ကြောင်း။'' ဗုဒ္ဓဘာသာ အကြောင်းကို သည်မျှလောက်ပြောရုံနဲ့ ဒီ (အိန္ဒိယ) မှာ လုံလောက်တဲ့ ပွဲဆူမှုကို ရနိုင်တယ်ဆိုတာ သိထားတယ်။ ဘာလို့လဲဆိုတော့ ကုလား ဆရာ ဆရာမ (ပညာတတ်) အများစုက ဗုဒ္ဓဘာသာကို အမြဲတမ်း ဝေဘန်တိုက်ခိုက် အပြစ် ပြောနေတဲ့ ဟိန္ဒူ၊ ဂျိန်းဘာသာ ၀င်များသာ ဖြစ်ကြလို့ပဲ။ အဲဒီတော့ အဲလို ပြောလာတဲ့ သူရှိရင် ဘက်ပေါင်းစုံက နည်းပေါင်းစုံနဲ့ လက်ဝှေ့စင် ပေါ်က လက်ဝှေ့သမားများလို နလံမထူအောင် ၀ိုင်းတွယ်ကြတော့တာပဲ။ ဒီလိုနဲ့ သူတို့အောင် ပွဲခံလာကြတာ နှစ်ပေါင်း အတော် ကြာပြီပဲ။

ဆရာတစ်ယောက်က စတင် မေးခွန်းထုတ်တယ်။ '' ဗုဒ္ဓက သူ့ကို ယုံဘို့ မပြောခဲ့ဘူး။'' ပါဠိဌာန က ပါဠိစာ သင်ပေးနေတဲ့ ဗုဒ္ဓဘာသာဝင် ကုလားဆရာ ပေါက်စ။ ကိုရင်ဝတ်နဲ့ မြန်မာ ပြည်မှာ တောင် သုံးလေးနှစ် နေထိုင်ခဲ့ဘူးတဲ့ သူက ဒီမေးခွန်း မေးရက်ပလေ ဟု စိတ်ထဲ အောက်သက်သက် ဖြစ်သွားတယ်။ '' ငါ ပြန်မေးပါရစေ ဒီလို စကားမျိုးကို ဘုရားက ဘယ်သုတ်မှာ ပြောခဲ့လို့လဲ။'' ဆရာပေါက်စ ငြိမ်သွားတယ်။ အဲဒါကို ဘေးမှာ ထိုင်နေတဲ့ ပရော်ဖက်ဆာ ဆိုသူက '' ကာလာမ သုတ်မှာ '' ဟု ပြောလာတယ်။ '' ဘယ်လိုပြောတာလဲ။'' အသံအတန်ငယ် ကျယ်သွားတာကို သတိပြုမိလိုက်တယ်။ ဆရာကြီးထံမှ အဖြေပြန်မလာ။ အခန်းတစ်ခုလုံး စက္ကန့်သုံးဆယ်ခန့် ငြိမ်သက်သွား။ '' ဒီလို ယောင်တောင်တောင် ၀ါးတားတား သမားတွေက ဆရာတက်လုပ်နေကြလို့ ဒီမှာ ဗုဒ္ဓ၀ါဒဆိုတာလည်း ၀ါးတားတား ဖြစ်နေခြင်းဖြစ် တယ်။'' ဒီစကားကို ရင်ထဲမှာပဲ ပြောဖြစ်။ '' မင်းက သိပ္ပံက ကမ္ဘာကို ဖျက်ဆီးနေတယ် ဘာညာနဲ့ အပြစ်ပြောတယ်။ လက်တွေ့မှာ သိပ္ပံရဲ့အကျိုးကျေးဇူးကို ခံစားနေရတာ အားလုံး အသိပဲ။ မင်းကိုယ်တိုင်ပဲ ကြည့်လေ သိပ္ပံနှင့် စမ်းသပ်တီထွင်းထားတဲ့ မျက်မှန်ကို တပ်ပြီးစာကြည့် ပြောနေရတယ် မဟုတ်လား။ မျက်မှန်မပါရင် မင်း…။'' ပါဠိဌာနက နောက်ထပ် ဆရာတစ် ယောက်ပါ။ အမြဲတမ်း ကို့လို့ကန့်လန့် အတွေးမျိုးတွေနဲ့ ဗုဒ္ဓဘာသာ စာပေတွေကို သင်ကြားပေးနေတဲ့သူ။'' မင်း ဘာစကား ပြောတာလဲ။ မင်း ဆရာတစ်ယောက် လုပ်နေပြီးတော့ ဆရာနဲ့တန်တဲ့ စကားမျိုးကို မပြောတတ်ဘူးလား။'' အဖြေကတော့ မာန်ငေါက်လိုက်ခြင်းပါပဲ။ '' မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ရက်နဲ့ ဘာဖြစ်လို့ ဆူနာမီ ဘေးဒုက္ခကြုံရတာလဲ။'' မေးသူ က ထိုင်းကျောင်းသား မစ်စတာ ဥတေန။ ဒါက မေးခွန်း မဟုတ် ဘူးဆိုတာ သိတယ်။ ဒါပေမယ့် ဖြေလိုက်တယ်။ '' တစ်ခြား နိုင်ငံများကြောင့်ပါ။'' အဖြေဆုံးသည်နှင့် အားလုံး ပွဲကျသွားတယ်။ '' ဘာ့ကြောင့် ပြောနိုင်ပါသလဲ။'' '' ဟုတ်တယ် လေ အခြား စက်မှုနိုင်ငံကြီးတွေက သူတို့စီးပွားရေးအတွက် စက်ရုံအလုပ်ရုံ ပစ္စည်းတွေကို အများ အပြားထုတ်လုပ်။ ငွေရတော့ သူတို့။ သဘာဝ ဘေးရန်တွေ ရောက်လာတော့ တစ်ကမ္ဘာလုံး ၀ိုင်းစုခံရ။ အဲဒီထဲမှာ မြန်မာလည်း ပါသွားတာပေါ့'' လို့ ဖြေလိုက်တယ်။ '' ဗုဒ္ဓဘာသာနှင့် သိပ္ပံ အတူတူဘဲလို့ ဘယ်လို ပြောနိုင်လဲ။'' ပရော်ဖက်ဆာတစ်ဦးက မေးသော မေးခွန်းပင်။ ပင်ကိုယ်က သိပ္ပံပညာကို နကဏ်းတစ်လုံးသိတဲ့သူ မဟုတ်ပေမယ့် ခပ်တည် တည်ပါပဲ။ '' အဟမ်း မင်းတို့ သိပါတယ်။ ၁၉ ရာစုခေတ်မှာ သိပ္ပံပညာ တစ်ဟုန်ထိုး တိုးတက် လာပြီးနောက် ကမ္ဘာ့အကိုးကွယ်ခံ ဘာသာ တရား အားလုံးနီးပါး သိပ္ပံဒိုင်းခွက်ထဲမှာ ကားယား ကျကုန်တာ။ သိပ္ပံက သူရဲ့ဒိုင်ခွက်ထဲမှာ ရှာမတွေ့တဲ့ အတွက်ကြောင့် ဂေါ့ဒ်ကို ကောင်းကင် ဘုံက ဖြုတ်ချလိုက်တာ မင်းတို့အသိပဲ။ ဒါပေမယ့် အံ့စရာကောင်းတာက ဗုဒ္ဓကိုတော့ သူက တစ်လေး တစ်စား လက်တွဲ ခေါ်သွား လိုက်တာ ယနေ့အထိပဲ။ သိပ္ပံ ဆရာကြီး အိုင်စတိုင်က ပြောတယ်မဟုတ်လား။ တို့တွေ့ သမျှက ဗုဒ္ဓဘာသာ နယ်ပင် အတွင်းမှာပဲရှိတယ် ဆိုတာ။ ဒီတော့ သိပ္ပံ နှင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနှင့် သိပ္ပံ တစ်လမ်းတည်းအတူ သွားနေတယ်ဆိုတာ လယ်ပြင်မှာ ကျွဲသွားသလို ကွဲပြားပါတယ်။'' အားလုံး ငြိမ်သွားကြပြန်တယ်။ '' အခု စာတမ်းမှာ ဗုဒ္ဓဘာသာ သင်္ဂါယနာ မှတ်တမ်းခုနှစ်တွေကို မမှန်ဘူးလို့ ဝေဘန်ထားတာပဲ။ ဒါကို မင်းဘယ်လိုမြင်သလဲ။'' ဆရာ တစ်ယောက်ရဲ့အမေး။ '' သူက ဝေဘန်တော့ တို့ကလည်း သူ့ကို ဝေဘန်လို့ ရတာပေါ့။ သူ ပြောတာတွေကကော တကယ်မှန်တယ်လို့ ပြောလို့ရလို့လား။ '' သူက အကိုးအကား အထောက်အထားတွေ ပေးထားတယ်လေ။'' ''သူ့လိုပဲ တစ်ခြား နောက်ပေါက် ဆရာတွေလည်း ပေးပြီး ရေးကြတာပဲ။ ဘာလို့ အချင်းချင်း အမြင်မတူကြ တာလဲ။ ဒါဆို တစ်ယောက် တစ်ယောက်က အမြဲတမ်း လွဲနေလို့ပေါ့။ ထားပါတော့ ပါဠိမှတ် တမ်းတွေအတိုင်း လက်ခံ အတည်ပြုထားသောအားဖြင့် တို့မှာ ဘာတစ်ခု ဆုံးရှုံး နစ်နာ သွားတာ ရှိလို့လဲ။ ဒါက အဓိက အချက်ပဲ။ အခုဆို သင်္ဂါယနာ ခြောက်ကြိမ်တောင် ရှိသွားပြီ။ ဗုဒ္ဓစာပေတွေကို မူရင်းအတိုင်း ထိန်းသိမ်းထားနိုင်ကြတာ ဒီမှတ်တမ်းတွေရဲ့ ကျေးဇူးကြောင့်ပဲ မဟုတ်လား။'' ''မင်းက အိန္ဒိယမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားတာဟာ ဖလော် ဒဿန ပညာရပ်တွေ အားကောင်းလာလို့လို့ ပြောတယ်။ ဒါက ဘယ်လို ဆက်စပ်မှု ရှိလို့လဲ။'' ဟုတ်တယ် ဖလော် ဒဿနပညာ ရပ်တွေဆိုတာ လက်တွေ့(အကျင့်)မပါတဲ့ အတွေးပညာရပ် တွေပဲ။ ဗုဒ္ဓတရား တော်တွေဆိုတာက လက်တွေ့အကျင့်မပါဘဲ ကြံဆတွေးတောနေရုံနဲ့ မသိနား မလည်နိုင်ဘူး။ ဒါကြောင့် ဗုဒ္ဓကိုယ်တော်တိုင် ပြောခဲ့တယ် မဟုတ်လား။ သူ့(တွေ့ ထားတဲ့) တရားတွေက အတက္က၀စရ=အတွေးကို ကျော်နေတယ်လို့။ ဆိုလိုတာက ဖလော် ဒဿနာဆိုတဲ့ အတွေး ပညာရပ်များနဲ့ တကယ့် အမှန် တရားတွေကို မသိနားမလည်နိုင်ဘူးလို့ ပြောခဲ့တာပဲ။ အကျင့်ကို ပယ်ပြီး အတွေးပညာရပ် များသာ ထွန်းကားလာတဲ့အခါ လက်တွေ့ ပညာရပ်ဖြစ်တဲ့ ဗုဒ္ဓတရားတော်တွေလည်း ဒီမှာ မှေးမှိန်သွားရတာပေါ့။'' အဖြေဆုံးသည်နှင့် ပရော်ဖက်ဆာ အချို့ ခေါင်းချင်းဆိုင် တီတိုးပြောနေကြသည်။ နာဂဇ္ဖုန ၊ ဓမ္မကိတ္တိစတဲ့ မဟာ ယာန ရဟန်းများ အလေးထား ရေးသားခဲ့တဲ့ ဖလော်၊ လော့ဂျစ် စာအုပ်တွေမှာ ကျင့်စရာ မပါဘူးလို့ ပြောနေကြ ခြင်းဖြစ်တယ်။ မေးခွန်းတွေ ကုန်လောက်ပြီဖြစ်သွားတာမို့ ဗုဒ္ဓဘာသာ က သိပ္ပံဆုံးတဲ့ နေရာ က စတာပါ လို့ ပြောရင်း စာရေး သူရဲ့ဟောပြော ချက်ကို အဆုံးသတ် လိုက်တယ်။

အဆောင်ပြန်ရောက်တော့ ဒီသတင်းက ပြန့်နေပြီ။ မြန်မာပီပီ အချင်းချင်း ထုနှက်ဘို့ စောင့်စား နေကြသည်။ ဘာလို့ ဒီလို…. သတိထားဦးမှပေါ့။ မြန်မာတွေကို ဘယ်လို ထင်သွား မယ်ဆိုတာကော မစဉ်းစားမိဘူးလား။ ဘာညာ စသည်….။ အင်း ဒါက ဒီလိုရှိပါတယ်။ ဒီလိုမှ မပြောရင် အင်္ဂလိပ်စကား ပြောဖြစ်မှာ မဟုတ်လို့ပါ။ အင်္ဂလိပ်စကား ကြိုးစား ပြောနေတာကို (အခြား နိုင်ငံသားများလို) အားပေးသင့်တာပေါ့။ အကြံပြုသင့်တာပေါ့၊ ဟုတ်ဘူးလား၊ ဘာပဲဖြစ်နေနေလေ။ ခုဟာက အင်္ဂလိပ် စကားပြော လေ့ကျင့်တဲ့အနေနဲ့ ပြောတာပါ၊ တစ်ခြား မဟုတ်ပါဘူး။

၇-၆-၂၀၁၁

1 comments:

Anonymous said...

သွေးကတော့ ရဲသဗျာ။
ဒါမှ academic monk အစစ်။

Post a Comment