Friday, June 24, 2011

ဆန်းဒေးစကူး


ဒီနေ့ ဆန်းဒေးစကူးစတယ် ဆိုရင်ပဲ။ မစ်စတာ ဂျိန်းစ် က …

'' ဘာ Chanty ကို ရွတ်တာလဲ '' လို့ မေးလာတယ်။

သင်တန်းစရင် နမောတဿ သုံးခေါက်ဆိုတာနဲ့ ပတ်သက်ပြီး မေးတာပါ။ ယခင် သီတင်းပတ် ကလည်း ဘုရားကို သုံကြိမ်ရှိခိုးတာနဲ့ ပတ်သက်ပြီး မေးဘူးတယ်။ ဆရာ ဆန်ဂျေး က ဗုဒ္ဓဂုဏ် တော်ပါတဲ့ ဘုရားရှိခိုး စာသားကို ရွတ်ဆိုတာပါ လို့ ဖြေတယ်။ မစ်စတာ ဂျိန်းစ်က ဆက်ပြီး မေးတယ်။

'' ဒီအိန္ဒိယ နဲ့ အခြား ရွတ်ပုံချင်း မတူတတ်သလိုပဲ။ ပြီးခဲ့တဲ့ ဗုဒ္ဓပုဏ္ဏိမာ( ၀ိသာခါ) နေ့က ဘန္တေ တွေ ရွတ်ကြတာ အချင်းချင်းမတူသလိုပဲ။ ဗိယက်နာမ် ဘန္တေတွေ ရွတ်တာတွေဟာ သံစဉ် အနိမ့်အမြင့်နှင့် သွားတယ်။ အိန္ဒိယ ဘန္တေတွေလည်း ဒီလိုပဲ သံစဉ်နှင့် သွားတယ်လို့ မှတ် တယ်။ ''

''ဟုတ်တာပေါ့။ ထိုင်းလန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီယား၊ လားအိုစ် ပြီးတော့ အိန္ဒိယ ရွတ်ပုံ တွေက အတူတူပါပဲ။ ပြောရရင် ခရစ်ယန်၊ မွတ်စလင်၊ ဟိန္ဒူ၊ အားလုံးဟာ ရွတ်ပုံတွေက အတူတူပါပဲ။ '' လို့ စာရေးသူက ပြောလိုက်တယ်။ သူက ခြားဝင်ပြီး ပြောလာတယ်။

''ခရစ်ယာန်ဘုန်းကြီးတွေလည်း သမ္မာကျမ်းကို ဖတ်တဲ့အခါ ဒီလို သံစဉ်နှင့် သွားနေတာ တွေ့ရမယ်။ ဒါပေမယ့် သီချင်းဆိုတာလား ဆိုတော့ မဟုတ်ပါဘူး။ ''

သူက ခရစ်ယာန် တရားဟောဆရာ တစ်ယောက်ဖြစ်နေတော့ သူတို့ ဘုန်းကြီးတွေအပေါ် သံသယ ၀င်မှာစိုးလို့ ပြောတယ်ဆိုတာ သိသာတယ်။

'' ဒါက စိတ်နှင့် ဆိုင်ပါတယ်။ သာယာနာပျော်ဘွယ် ရှိအောင် ရွတ်ကြတာဆိုတော့ ရွတ်ပုံတွေ တူနေတာ မဆန်းပါဘူး။ အိန္ဒိယကို ကြည့်ပါလား။ သူတို့ တီဗီ channel တွေကို ကြည့်ပေါ့။ အဆိုအကတွေ သိပ်များတယ်။ (ယုတ်စွ အဆုံး တရားပွဲတွေမှာတောင် အဆိုအကမပါရင် မပြီးဘူး) ။ ဒါက ယုံကြည်မှုနဲ့လည်း ဆိုင်တယ်။ ဘဂ၀ါဂီတိ တို့ ရှိတယ်မဟုတ်လား။ သီချင်း ဂီတနဲ့ လွတ်မြောက်မှု(ချမ်းသာသုခ)ကို ရနိုင်တယ်လို့ သူတို့က ယုံတယ်။ ဒါကြောင့် အဆို အကတွေ ဒီမှာ များနေတာပေါ့။ ဒါပေမယ့် ဗုဒ္ဓကတော့ အဲဒီလို သီဆိုကခုန်တာ တွေကို အားမပေးဘူး။ ''

မစ်စ်တာ ဂျိန်းနဲ့ ဆန်ဂျေး ငြိမ်သွားပြီး စာရေးသူကို မင်သက် ကြည့်နေကြတယ်။ စာရေး သူက white board မှာ ရဿ၊ ဒီဃ၊ ပလုတ ဆိုပြီး သံစဉ်သုံးမျိုးကို ရေးပြလိုက်တယ်။

'' တို့ ပြောဆိုနေတဲ့ အသံတွေက သံတို(ရဿ)၊ သံရှည်(ဒီဃ)၊ သံနိမ့်(ပလုတ) ဆိုပြီး သုံးမျိုး ရှိတယ်။ တစ်စက္ကန့်လောက် ကြာတဲ့အသံ၊ နှစ်စက္ကန့်လောက် ကြာတဲ့အသံ၊ အဲဒီထက် ပိုလွန် သွားပြီး သုံးစက္ကန့်လောက်ကြာတဲ့ အသံ။ ဒီမှာ ပလုတ အသံဆိုတာ ပုံမှန်အသံထက် ကျော် သွားတဲ့ အသံတစ်မျိုးပဲ။ ဒီအသံမျိုးကို သီချင်းလို့ ခေါ်တာပေါ့။ ဒီ(သီချင်း) အသံ တွေဟာ တမင်ဖန်တီးမှ ထွက်လာတဲ့ အသံတွေဖြစ်တယ်။ ဒါကို ဗုဒ္ဓက (ပလုတ) အသံနဲ့ သီဆိုတာကို မလုပ်ကြဘို့ သူရဲ့တပည့် ရဟန်းတွေကို သင်ပြခဲ့တယ်။ ဘာလို့လဲဆိုတော့ လူကြီး လူကောင်း တွေဟာ ဒီလို (ပလုတ ) အသံနဲ့ ပြောဆိုလေ့ မရှိလို့ပဲ။''

'' သင်္ဂါယနာ ဆိုတဲ့ စကားကကော။ ဘယ်လို အဓိပ္ပါယ်ရသလဲ။ ဆရာတစ်ယောက်က ပြော တယ် သင်္ဂါယနာဆိုတာ together singing ပဲ တဲ့။ ဒီမှာ ဂါ + ဂေဓါတ်ရဲ့ အနက်ဟာ to singing မဟုတ်လား။ ဒါကြောင့် သင်္ဂါယနာဆိုတာ အတူတကွ သီကျူးခြင်းလို့ အဓိပ္ပါယ်ရှိ တယ်လို့ ပြောတယ်။ ဒါပေမယ့် together reciting လည်း ပြန်ဆိုတာ ရှိတယ်။ ဂါထာဆိုတာ တွေက ဗုဒ္ဓရဲ့ ပါဠိစာပေထဲမှာလည်း ၀င်ရောက်နေတယ်။ ဒါတွေက အဓိကအားဖြင့် မှတ်သားရ လွယ်အောင် သီးကုံးထားတာဖြစ်ပြီး အဲဒါတွေကို သီချင်း လို သီကျူးရမယ်လို့ ဆို တာ မဟုတ်လား။ ''

မစ်စတာ ဆန်ဂျေးရဲ့ မေးခွန်း ဆုံးသည်နှင့် စာရေးသူက white board မှာ သင်္ဂါယနာ ဆိုတဲ့ စကားလုံးကို ရေးပြလိုက်တယ်။ ပြီးတော့ ရှင်းလင်းချက်။

'' ဟုတ်တယ် ဒါမှန်တယ်။ ဒါပေမယ့် ဘယ်လိုရွတ်ရမယ်ဆိုတာ သိဘို့လိုတယ်။ သင်္ဂါယနာ ဆိုတာ သံ နဲ့ ဂါယနာ တွဲထားတာပဲ။ အတူတကွ စုပေါင်း ရွတ်ဆိုခြင်းလို့ အဓိပ္ပါယ် ရတယ်။ ဂါယနာ၊ ဂီတ၊ ဂီတိ ဓါတ်ခြင်းက အတူတူပဲ။ အင်္ဂလိပ်က ဂစ်တာ လို့ ပြောတယ်။ တစ်နေရာ တည်းမှာ အတူတကွ လာရောက်ပြီးတော့ မြတ်စွာဘုရားရဲ့စကားတော်တွေကို မှတ်တမ်းတင် ရွတ်ဆိုတာကို ပြောတာပဲ။ သီချင်းလို ရွတ်ဆိုကြတယ်လို့ မဆိုလိုဘူး။ မစ်စတာ ဆန်ဂျေး ဘယ်လိုမြင်လဲ၊''

'' ဒါက ဟင်ဒီ ဘာသာ ထုံးစံက ပြောင်းသွားတာဆိုတော့ အဲလို( သူတို့လို) ပဲ(သီချင်းဆိုသ)လို ရွတ်ဆိုကြတယ် လို့ကော မပြောနိုင်ဘူးလား။''

'' အေး ဒီမှာ ဂါ ဓါတ် သို့မဟုတ် ဂေ ဓါတ်က သီကျူးခြင်း၊ ရွတ်ဆိုခြင်း ဆိုတဲ့ အနက်ကို ဟောတာပဲ။ reciting and singing ပေါ့။ ဒီနှစ်မျိုးက တူမယောင်နှင့် ကွဲပါတယ်။ ဗုဒ္ဓဇင်အလို ဒါက reciting = ရွတ်ဆိုခြင်းလို့ ယူပြီး အခြား အိန္ဒိယ ယဉ်ကျေးမှုနှင့် ဟိန္ဒူဘာသာ အရ ဆိုရင် singing တေးသီချင်းဆိုတာပေါ့။ သူတို့က တရားဟောတာတောင် အကအဆိုလေးနဲ့ မဟုတ်လား။''

'' နောက်ပြီးတော့ မေးစရာရှိတာက၊ ဒီလို ဂါထာတွေကို သီချင်းလို ဆိုရမယ်ဆိုတာကို ဘုရား က ဘယ်မှာပြောတာ ရှိလို့လဲ။''

'' ခုဒ္ဒက ပါဌ မှာ….''

'' ဘယ်သုတ်မှာလဲ? ဘုရားက ဂါထာပါဋ္ဌ်သားတွေကို သီချင်းလို သီကျူးရွတ်ဆိုရမယ်လို့ နဲနဲမျှ မပြောခဲ့ပါဘူး။ ''

'' အင် မပြောခဲ့ဘူးလား''

'' ဟုတ်တယ်။ ဗုဒ္ဓက တေးဆို ကခုန်တဲ့ လုပ်ငန်းကို လွတ်မြောက်ရာ လမ်းကြောင်းရဲ့ ဖီလာဆန့်ကျင်ဘက်=၀ိသုက ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒီသီဆိုမှုက အထက်တန်းကျတဲ့ လုပ်ငန်းမဟုတ်လို့ပဲ။ ဆိုပါစို့ မင်းတို့ အိန္ဒိယနိုင်ငံက ၀န်ကြီးချုပ် သီချင်း ဆိုတာ တွေ့ဘူး သလား။ ဒါဟာ အထက်တန်းကျ (လူကြီးလူကောင်း) တွေရဲ့ လုပ်ငန်းမျိုး မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ အခု အိန္ဒိယမှာ နာမည်ကြီးနေတဲ့ မင်းသား မင်းသမီးတွေ သူတို့ကခုန်တာက တစ်မျိုးလေ။ သူတို့ ငွေရရေးအတွက် လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကြတာ။ စဉ်းစားကြည့်ပေါ့ မင်းသမီး ချိုပရာ ကို ငွေပေး ခေါ်ရင် သူမ လာမှာပဲ၊ ကမှာပဲ။ ဘာလဲ ဒါက ငွေအတွက်ဆိုတာ ထင်ရှား။ အိန္ဒိယ ဖလော်မှာ ထင်ရှားတဲ့ နာဍပုတ္တဆိုတာ သဘင် သည်မျိုးနွယ်ထဲကပဲ။ ဒီတော့ ချုပ်ရရင် ဒီသီဆိုကခုန်မှုဆိုတာ အမြင့်စား လုပ်ငန်းတစ်ခု မဟုတ်ဘူးဆိုတာပါပဲ။ အေး တစ်ခု က သီချင်းလို သီကျူးတယ်ဆိုရတဲ့ အခါမှာ တောင် ပါဠိစာပေက ဥဒါန်းစကားလို့ သုံးတယ်။ ''

'' မင်းကော လမ်းပေါ်မှာ သီချင်းဆို၊ ကခုန်မှုမျိုး လုပ်နိုင်သလား။ ''

'' ခက်ပါတယ်။ မလုပ်နိုင်ပါဘူး။''

0 comments:

Post a Comment