Wednesday, November 23, 2011

အတန်းများနဲ့ ချာချာလည်

(M.PHILL) အမ်းဖီး တန်းကို တက်နေသည်။ သင်သည့် ဘာသာရပ်များကား များလွန်းစွ။ ဖီလိုဆိုဖီ၊ အင်ဒိုလော်ဂျီ၊ မင်နျူစစ်ကရစ်၊ ရီဆာခ်ျမက်သိုလော်ဂျီ၊ ဘေသဇခန္ဒက၊ ဇိနာစရိတ။ တစ်ပတ်လျှင် ၆- ရက်။ စာတမ်းများက ရေးရသေးသည်။ အတန်းတွေစတယ် ဆိုရင်ပဲ ဆရာမက ပြောသည်။ မင်းတို့ အဆောင်ကို မပြန်ကြနဲ့၊ စာကြည့်တိုက်မှာပဲ အချိန်ကုန်ကြ တဲ့။ စာကြည့် တိုက်နှင့် အင်တာနက်ကို အသုံးပြုခိုင်းထားသည်။ အင်ဒိုလော်ဂျီဆရာမကလည်း သူ၏ ဘာသာရပ်ကို လက်တွေ့လုပ်ခိုင်းသည်။ ရှေးဟောင်း ကျောက်စာများ ကို ရေးရသည်။ ဖတ်ရသည်။ မင်နျူစစ်ကရစ် ဆရာမကတော့ မင်နျူစစ်ကရစ် တွေအကြောင်း သုတေသန လုပ်ခိုင်းသည်။ အိန္ဒိယတစ်နိုင်ငံလုံးရှိ အစိုးရ မင်နျူစစ်ကရစ်ဌာနများကို စာရင်ကောက် စာတမ်း တင်ခိုင်း သည်။ ရီဆာခ်ျမက် သိုလော်ဂျီကိုလည်း သုတေသနစာတမ်းများကို ပေး၍ အနှစ်ချုပ်ရေးခိုင်းသည်။ အနှစ်ချုပ် ရေးဘို့ နေနေသာသာ ရေးထားသည်ကိုပင် ဖမ်းမမိပါဟု ပြောကြည့်သော အခါ မင်းတစ်ယောက် မဟုတ်၊ ရေးဘို့ရာ မင်းတာဝန် ဟု ပြောသည်။ အနှစ်ချုပ်ရေး ဘို့ စာတမ်း ၂စောင်ပေးထားရာ တစ်စောင်မှ မတို့ရသေး။ ဘေသဇခန္ဒက ဆရာမကြီးကလည်း ကျမ်းစာလာ ဆေးအကြောင်းများကို ခရာရေ လွှတ် ပြော ပြ သည်။ ဇိနာစရိတ ဆရာကလည်း ကျမ်းဆရာ၊ ကျမ်း၏ အာဘော်များကို ထုတ်နှုတ်တင်ပြခိုင်းထားသည်။ ဖီလိုဆိုဖီဆရာကြီးကလည်း ၁၈-ရာစုနှစ်က အတွေးအခေါ်ဆရာကြီးများ၏ ဘာသာရပ်ဆိုင်ရာ ဖီလော် အကြောင်းများကို ဒိုးဒိုးဒေါက်ဒေါက် ပြောပြသည်။ ခြေချင်းလိမ်နေသော ဖီလော်ဆရာကြီးများ၏ မပြီးနိုင်သော ဒဿနပညာရပ်များကို ငေးမော နားထောင်နေရုံမှတစ်ပါး ဘာမှ မတတ်နိုင်ပေ။ ဒီလ ၁ ရက်မှ ၁၈ ရက်အထိ တက္ကသိုလ် ဧည့်ဆောင်တွင် ပါဠိ ဌာနက ကြီးမှူး ပြုလုပ်သည့် မဏိစူဒ ဇာတ် အင်္ဂလိပ်ဘာသာပြန် workshopကိုလည်း တက်ရောက်ခဲ့သေးသည်။ ဂျာမနီနိုင်ငံမှ ဒေါက်တာ ဟန်နိသည် သမ္မိတိယဂိုဏ် လား ရှေးဟောင်း ဇာတ်တော်တစ်ခုဖြစ်သည့် ဤဇာတ်ကို မင်နျူစစ် ကရစ်မှ ရိုမန်၊ ရိုမန်မှ အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုခဲ့သည်။ ၄င်း၏ ဘာသာပြန်ချက်များကို ဆန်စစ်ကရစ်၊ ပါရာကရစ်၊ ပါဠိတတ် ကျွမ်းသည့် ဆရာကြီး များရှေ့မှောက်တွင် ချပြပြီး အကြံဥာဏ်များကို ရယူခြင်း ဖြစ်သည်။ ထိုဘာသာ ပြန်အလုပ်ရုံကို နံက် ၁၀ နာရီမှ ၁၊ နေ့ ၂ နာရီမှ ၅ နာရီ ပြုလုပ်သည်။ ၁၈ ရက်ပြည့်သောအခါ တက်ရောက်လေ့လာသူများကို လက်မှတ် များပေးအပ်သည်။ ဤအလုပ်ရုံအတွေ့အကြုံမှ မင်နျူစစ်ကရစ် အကြောင်း၊ ဘာသာပြန် လုပ်ငန်းအကြောင်း များကို ထဲထဲဝင်ဝင် သိနားလည်ခဲ့ရသည်။ မင်နျူစစ်ကရစ်များသည် ဘာသာရပ် အားလုံး ၏ ရေသောက်မြစ်ဖြစ်သည်။ ဥပမာ- ပါဠိ၊ ဆန်စစ်ကရစ်၊ ပါရာကရစ်၊ ဟင်ဒီ၊ မာရတီ ဘာသာရပ်များ၏ မင်နျူစစ်ကရစ်သည် ဒေ၀နာဂရီဖြစ်ပြီး အင်္ဂလိပ်၊ ဂျာမာန်၊ စပိန် စသည်များ၏ မင်နျူစစ်ကရစ်သည် ရိုမာန်ဖြစ် သည်။ အိန္ဒိယတစ်နိုင်ငံလုံးရှိ ဘာသာရပ်များ၏ မင်နျူစစ်ကရစ် သည် စုစုပေါင်း ၁၅ ခုရှိသည်။ အိန္ဒိယနိုင်ငံသုံး ရူပီ ငွေ ၅ ရာတန်နှင့် ၁၀၀၀ တန်များတွင် ထိုမင်နျူစစ်ကရစ်များကို ထည့်သွင်းပြထား သည်ကို တွေ့နိုင် သည်။ မြန်မာနိုင်ငံ မြန်မာ၊ မွန်၊ ပျူစာပေတို့၏ မင်နျူစစ်ကရစ်သည် အိန္ဒိ ယနိုင်ငံ ဗြဟ္မီအက္ခရာများဖြစ်ကြောင်း သိရသည်။ ဟုတ်တာပေါ့၊ ဒါကြောင့် မင်းတို့နိုင်ငံကို ဗရမာ လို့ ခေါ်တာလေ။ ဟု အတန်းဆရာမ က ပြောပြသည်။ အင်ဒို လော်ဂျီဆရာမ၏ သင်တန်းသည် များစွာ စိတ်ဝင်စား စရာကောင်းသည်။ ခေတ် အလိုက်တည်ရှိခဲ့သော ရှေးဟောင်း အဆောက်အအုံ၊ ကျောက်စာ၊ လှိုဏ်ဂူ၊ ပုထိုး၊ နေရာများကို ကွန်ပျူတွင် ဓာတ်ပုံများဖြင့် ပြသသင်ကြားသည်။ အဆောက် အအုံ၊ ရုပ်တု၊ ကျောက်တိုင်၊ ကျောက်စာ စသည်များကို ဘီစီ (၃) ရာစု ကတည်းက ဗုဒ္ဓဘာသာ က အစော ဆုံး ဆောင်ရွက်ခဲ့ကြသည် ဟုသိရသည်။ ဗုဒ္ဓဘာသာ ၀င်များ သည် ဗုဒ္ဓ၀င်၊ ဇာတ်တော်များ ကို ဘုရား ကျောင်း တန်ဆောင်းတို့တွင် လူအများ မြင်သာအောင် ထုဆစ်ပြသ ထား လေ့ရှိကြသည်။ ဤနည်းဖြင့် ဗုဒ္ဓဘာသာကို လူအများသိရှိလာပြီး တိုးတက်ပြန့် ပွားခြင်းဖြစ်ကြောင်း ဆရာမက ပြောပြသည်။ မင်နျူစစ်ကရစ် အကြောင်းကို မင်နျူစစ် ကရစ် သင်တန်းဆရာမထက် အင်ဒိုလော် ဂျီသင် ဆရာထံက ပိုမို သိနားလည်ခွင့်ရသည်။ အင်ဒိုလော်ဂျီ ဆိုသည်မှာ အန္ဒိယ နိုင်ငံလုံး ဆိုင်ရာ ရှေးဟောင်းများကို လိုက်စားသည့် ပညာရပ်ကို ဆိုခြင်းဖြစ်သည်။

0 comments:

Post a Comment