Thursday, May 26, 2011

အဘိဓမ္မာ ရေအေးအေးတစ်ခွက်

နေကပူတော့ ဘယ်မှလည်း မထွက်ချင်ဘူး။ စာမေးပွဲက ပြီးပြီဆိုတော့ စိတ်အေးလက်အေးနဲ့ အားလပ်ရပ်ကို အပြည့်ယူနေသလိုဖြစ်နေတယ်။ စားလိုက် အိပ်လိုက်နဲ့လို့တော့ မပြောချင်ဘူး။ မအိပ် မစားဘူးတော့ မဟုတ် ဘူး ၀တာ(မှာ)ကို မကြိုက်လို့ အိပ်တာ စားတာကို သိပ် စိတ်မ၀င်စားဘူး။ စာမေးပွဲအတွင်းလောက်က လဲမလိုဖြစ်နေတယ် ခန္ဓာကိုယ် အခုတော့လည်း သူမဟုတ်သလိုပဲ တစ်ပတ်နှစ်ပတ်အတွင်း ပြန်ပြည့်လာ လိုက်တာ။ ထားပါတော့ ပိန်တာ ၀တာ လှတာ မလှတာတွေက သူ့(ခန္ဓာ)ရဲ့ အလုပ်တွေပဲ။ သိပ်မမှု လောက် ပါဘူး။ ကိုယ့်အလုပ်က အခု ကျောင်းသားဖြစ်နေတော့ ပညာရေးကို ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆို တာပဲ။ အမ်အေ ပြီးတော့ ဒီမှာ ပီအိပ်ခ်ျဒီဆက်လုပ်ဘို့ စိတ်ကူးထားတယ်။ အများစုကတော့ အမိမြန်မာပြည် ပြန် ပြီးတော့ မိခင်တက္ကသိုလ်ကြီးမှာ ပီအိပ်ခ်ျဒီ လုပ်ကြဘို့ စီစဉ်ကြတယ်။ အချို့လည်း ပြန်ကြပြီ။ ဘာလို့လဲ ဆိုတော့ ယခုနှစ်ကစတင်ပြီး ပီအိပ်ခ်ျဒီကျောင်းသားတွေ လက်ခံပြီဖြစ်ကြောင်း မိခင် တက္ကသိုလ်ကြီးက ကြေငြာထား လို့ဖြစ်တယ်။

ဒီ( အိန္ဒိယ) မှာ ယမာန်နှစ်ကစပြီး တက္ကသိုလ်စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလဲလိုက်တယ်။ ပီအိပ်ခ်ျဒီအတွက် ၀င်ခွင့်တွေ ဖြေရမယ်။ ကျောင်းသားကြေး ငွေ လေးငါးဆ တိုးပေးရမယ်။ ဆရာတစ်ယောက်မှာ နိုင်ငံခြား ကျောင်းသား တစ်ယောက်သာ လက်ခံနိုင်ခွင့်ရှိတယ် စတဲ့ စတဲ့ စည်းမျဉ်းတွေ ဖြစ်တယ်။ ယခင်ကဆို အမ် အေပြီး ဆရာရတာနဲ့ ပီအိပ်ခ်ျဒီကျောင်းသား ဖြစ်တော့တာပဲ။ ၀င်ခွင့်တွေ ဘာတွေ မလိုဘူး။ အခုဆိုရင် ချမှတ်လိုက်တဲ့ စည်းကမ်းကလနား အသစ်တွေကြောင့် နိုင်ငံခြား ကျောင်းသားအတော်များများ အတော်လေး ရင်လေးကြရတယ်။ ၀င်ခွင့်ဖြေမယ့်ရက်က ဘယ်ရက်ဆိုတာလည်း အတိအကျ မသိကြရတော့ ပတ်စပို့ ဗီဇာ အခက်အခဲတွေနဲ့ လုံးချာလိုက်နေတော့တာပေါ့။

စာမေးပွဲ ဂေဇက်တွေက ဂျူလိုင် ပထမပတ်လောက်မှာ ထုတ်ပြန်မယ်။ ၀င်ခွင့်လည်း အဲဒီနောက်ပိုင်းလောက်မှာ ဖြစ်နိုင်မယ်လို့ ထင်ကြေးပေးကြတယ်။ အချို့က ဂျွန် နောက်ဆုံးပတ်လောက်တဲ့။ သောက်ကျိုးနဲ။ အဲဒီရက်က စာမေးပွဲ ဂေဇက်တောင် မထွက်သေး။ အခု မေလ် ကုန်တော့မယ်။ ၀င်ခွင့် ရက်ကို ရှင်းရှင်းလင်းလင်း မကြေငြာ သေး။

ဝင်ခွင့်အတွက် နှစ်ဘာသာဖြေရမယ်။ ပထမမေးခွန်းက အထွေထွေ ဘာသာရပ်အားလုံးနဲ့ဆိုင်တဲ့မေးခွန်း။ ဒုတိယမေးခွန်းက သက်ဆိုင်ရာ ဌာန က မေးတဲ့ မေးခွန်း။ နောက်ပြီးတော့ လူတွေ့ စစ်ဆေး မေးမြန်းမှုတွေ လည်းပါသေးသတဲ့။


သက်ဆိုင်ရာ ဒီပါ့တမင့် ဌာန က မေးမှာမို့ ဒုတိယနေ့ မေးခွန်းကို မကြောက်ရပေမယ့် ပထမနေ့ မေးခွန်းကိုတော့ ကြောက်ရမယ်။ ပြီးခဲ့တဲ့ နှစ်က မေးခွန်းဟောင်းရှိတယ်။ အဲဒါကို ကြည့်ပြီး ၀င်ခွင့်မအောင်နိုင်လောက်ဘူးလို့ ထင်ကြေးပေးကြတယ်။ ဟုတ်တယ် မေးခွန်းတွေက အထွေထွေ မေးခွန်းတွေ။ သင်္ချာ၊ လော့ဂျစ်၊ အင်္ဂလိပ်၊ ဖီလိုစတဲ့ မေးခွန်းတွေ။ ဒါပေမယ့် ဆရာနဲ့ လုပ်ကြည့်တော့ မသိနားမလည်လောက်အောင် ခက်တာ မရှိသ လောက်ပါပဲ။

နွေမှာ ခရီးသွားချင်စရာပဲ။ အချို့ သီရိလင်္ကာပဲ ထွက်သွားကြတယ်။ အချို့ ချင်နိုင်း၊ ဟိုက်ဒရာဘတ်စသည်။ စာရေးသူလည်း စာမေးပွဲ မတိုင်မီကတည်းက သက်ဆိုင်ရာ နိုင်ငံက သူငယ်ချင်း တွေက လိုက်ခဲ့ပါခေါ်လို့ စာမေးပွဲပြီး ဗင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာကို သွားလည်ဘို့ ခရီးစဉ် ဆွဲထားတာပဲ။ အခု ၀င်ခွင့် စာမေးပွဲ ပယောဂ ကြောင့် ဘယ်မှ မသွား မလိုက်ဖြစ်တော့ဘဲ အဆောင်မှာပဲ အချိန်ကုန်နေတော့တယ်။ အင်္ဂလိပ်စာ အားနည်း တာကြောင့် အဲဒီအတွက် ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း ကုလား သတင်းစာကို ကြိုးစားဖတ်တယ်။ အင်္ဂလိပ် ၀တ္ထုစာအုပ်တစ်အုပ်ကိုလည်း ဖတ်နေတယ်။ ဦးရွှေအောင်ရဲ့ အနှိုင်းမဲ့ဗုဒ္ဓ အင်္ဂလိပ်ဘာသာပြန်ကိုလည်း တစ်ခါတစ်ခါ ကောက်ကြည့်မိတယ်။ ထိုင်းကျောင်းသားတစ်ယောက်နှင့်အတူ ကုလားဘုန်းကြီးတစ်ပါးဆီမှာ ဟင်ဒီစာသင်ဘို့ ဆွေးနွေးထားတယ်။ ဒါပေမယ့် ကုလားဘုန်းကြီးလေးက စာငပျင်းဖြစ်နေတော့ နေ့ရွှေ့ ညရွှေ့နဲ့ အခုထိ မစဖြစ်သေးဘူး။ ဒါပေမယ့် တက္ကသိုလ် ပရ၀ုဏ်အတွင်းက ဗုဒ္ဓ၀ိဟာရမှာ နံနက်တိုင်း ဆရာ ဆန်ဂျေးကို သင်ပေးနေတဲ့ အဘိဓမ္မာသင်တန်းလေးကတော့ ဆက်လက် စီးမျောနေတုန်းပါပဲ။


နံနက် ၇ နာရီခွဲတာနဲ့ ဆရာ ဆန်ဂျေး သူဆိုင်ကယ်လေးနဲ့ အဆောင်ရှေ့ကို ရောက်လာပြီး စာရေးသူကို လာခေါ်တယ်။ ဗုဒ္ဓ၀ိဟာရက ဘုရားကျောင်းထဲမှာ သင်တန်းမစမီ ဆယ့်ငါးမီနစ်လောက် တရားထိုင်ကြတယ်။ ပြီးမှ နမောတဿ သုံးခေါက် ပြိုင်တူ ဆိုင်ပြီး သင်တန်းစတယ်။ သင်တန်း စပြီး မကြာမီမှာပဲ ကုလား ကိုရင်ငယ် က ကုလားကျရေ ချိုချိုတစ်ခွက် ပုံမှန် လာချပေးတယ်။ ကုလားကျရေချိုကို ချွေချွေတာတာ သောက်ရင်း အဘိဓမ္မာ သဘော လောက သဘောတွေကို ပြောပြရင်း တစ်နာရီခွဲ ကျော်ကြာကြာ အချိန်တွေကို တန်ဘိုးရှိရှိ ဖြတ်ကျော် မောင်းနှင်ဖြစ်ကြတယ်။ သင်တန်းပြီးတော့ ဆရာ ဆန်ဂျေးက စာရေးသူကို အဆောင်ပြန်ပို့ပြီး သူက သူ့အိမ်ကို ပြန်တယ်။

အင်း...နေပူ လေပူတွေကြားက အဘိဓမ္မာရေ အေးအေး တစ်ခွက်ကို မစ်စတာ ဆန်ဂျေးတစ်ယောက် အငမ်းမရ သောက်သုံးနေပါလား။ အင်း ဘာလို့ပါလိမ့်။

Saturday, May 21, 2011

ကဆုန်လပြည့် ဗုဒ္ဓနေ့

ယနေ့သည် ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓနေ့ အခမ်းအနားများကို ဗုဒ္ဓဘာသာများနေထိုင်ရာ ကမ္ဘာ့နေရာအနှံ့အပြား၌ ကျင်းပသည်ကို တွေ့ရသည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ယခုလို နေ့ထူးနေ့မြတ်၌ ဘုရားပွဲတော်များ၊ သံဃဒါနဆွမ်းလောင်းပွဲများ၊ ပရိတ်ပဋ္ဌာန်း စုပေါင်း ရွတ်ဆိုပွဲများ။ ညောင်ရေ သွန်းပွဲ များဖြင့် နေရာတိုင်း၌ စည်ကားနေပေမည်။ အိန္ဒိယ က ယနေ့ကို ဗုဒ္ဓပုဏ္ဏိ မာ နေ့ဟု ခေါ်သည်။ မြတ်စွာဘုရား၏ လပြည့်နေ့ဟုဆိုလိုသည်။ မြတ်စွာဘုရား ဖွားမြင်တော်မူ သော နေ့ဟု ဆိုကြသည်။ အမှန်စင်စစ် ယနေ့သည် မြတ်စွာဘုရား ဖွားမြင် တော်မူသော နေ့သည်သာ မဟုတ်သေး။ မြတ်စွာဘုရား ဗောဓိပင်နှင့် ရွှေပလ္လင်တော် ထက်တွင် သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူသော နေ့၊ နောက်ဆုံး ခန္ဓာဝန်ချတော် မူသော မဟာပရိနိဗ္ဗာန နေ့လည်း ဖြစ်သည်။

ဗိယက်နာမ်ကျောင်းသားအဖွဲ့က ဦးစီး၍ ဗုဒ္ဓနေ့ အခမ်းအနားကို အိန္ဒိယနိုင်ငံ ပူနေးမြို့ ပူနေး တက္ကသိုလ် ပရိဝုဏ် အတွင်း ရှိ ဗုဒ္ဓ၀ိဟာရ၌ ဆင်ယင်ကျင်းပရာ အခမ်းအနားသို့ မြန်မာ၊ ထိုင်း၊ ဗိယက်နာမ်၊ ကိုရီယား၊ အိန္ဒိယ ရဟန်းတော်၊ သီလရှင် ကျောင်းသား ကျောင်းသူများ၊ ဒကာ ဒကာမများ တက်ရောက်ကြသည်။ အခမ်းအနားကို နံနက် ၉ နာရီတွင် ကျင်းပရာ ရှေးဦးစွာ ဘုရားကျောင်းဆောင်တွင် စုပေါင်း နေရာယူကြပြီး ဘုရားရုပ်ပွားတော်မြတ်အား အမွှေးနံ့သာ ဆီမီး ဖယောင်းများဖြင့် ပူဇော်ခြင်း။ ဗိယက်နာမ်ရဟန်းတော်၊ သီလရှင်များက မဟာယာန ထုံးတမ်းစဉ်လာနှင့်အညီ ဘုရားရှင်၏ ဂုဏ်တော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ မြန်မာရဟန်း တော်များက ထေရ၀ါဒထုံးတမ်းနှင့်အညီး အနေကဇာတင်ဂါထားများကို ရွတ်ဖတ် ပူဇော်ခြင်း များကို အသီးအသီး ဆောင်ရွက်ကြသည်။ ထို့နောက် ရဟန်းတော်များနှင့် သီလရှင်များအား လှူဘွယ် ၀တ္ထုများကို လှူဒါန်းခြင်း၊ တက်ရောက်လာသူများအား လက်ဆောင်ပစ္စည်းများ ပေးခြင်းများကို ပြုလုပ်ပြီး ဘုရားကျောင်းဆောင်တော်ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် နေ့လည်စာ စားသောက်ခြင်း၊ ဆင်းရဲသူများအား ဆန်ဆီများကို ပေးကမ်းခြင်းများကို ဆောင်ရွက်ကြပြီး ဗုဒ္ဓနေ့အခမ်း အနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံ ကျောင်းသား ကျောင်းသူများ အဖွဲ့က ဦးစီး၍ ဗုဒ္ဓနေ့ အခမ်းအနားကို တက္ကသိုလ်အတွင်း ထို ဗုဒ္ဓ၀ိဟာရမှာပင် ဆင်ယင်ကျင်းပ ခဲ့ကြောင်း သိရသည်။

စာရေးသူသည် ဗုဒ္ဓပုဏ္ဏိမာပူဇော်ပွဲ ကြွရောက်ပါရန် ကုလားဘုန်းကြီးတစ်ပါး လာရောက် ပင့်ခေါ်သဖြင့် ည ၈ နာရီအချိန်တွင် မြို့တွင်း ဒါပူရီရပ်ကွက် ဘုရားကျောင်းတစ်ခုသို့ လိုက်ပါခဲ့သည်။ ဒါပူရီရပ်ကွက်သို့ ရောက်သောအခါ ဘုရားလှည့်ပွဲ မပီးသေးပေ။ ထို့ကြောင့် ဘုရားကျောင်းဆောင်မှပင် အနားယူရင်း စောင့်ဆိုင်းနေကြသည်။ မကြာမီ ဘုရားလှည့် လူဒကာ ဒကာမများ ကျောင်းဆောင်ပေါ်သို့ ရောက်လာကြပြီး စုပေါင်း နေရာယူကြသည်။ စာရေးသူက သီလပေး တရားဟော ပရိတ်ရွတ် ဆောင်ရွက်ပေးရသည်။ ပရိတ်ကြိုးများကို လက်တွင် ပတ်ပေးရသည်။ ထို့နောက် ကုလားကျွေးခန်း မွေးခန်းများကို လှည့်လည် ကြည့်ရှု ပြီး ည ၁၁ နာရီအချိန်တွင် အဆောင်သို့ ပြန်လာခဲ့သည်။

Monday, March 21, 2011

ကောင်းကင် ဘာ့ကြောင့် ကိုင်းရတယ်(၂)

ကမ္ဘာ့ပြဿနာများ


သတ်တဲ့ ပြဿနာ။ ဘာသာရေးအတွက်၊ နိုင်ငံရေး၊ လူမျိုးရေး၊ စီးပွားရေး အမျိုးမျိုးသော အရေးတွေကို အကြောင်းပြုပြီး သတ်ဖြတ်နေကြတယ်။ သတ်ဖြတ်ပြီးတော့ ပြဿနာကို ဖြေရှင်းကြတယ်။ ဘယ်ကလာ ငြိမ်းတော့မလဲ။ ပိုဆိုးတော့တာပေါ့။ သတ်တာ ကောင်းတဲ့ အလုပ်လို့တောင် ထင်မှတ်နေကြပြီ။ မသတ်ဘဲ မနေနိုင်ကြတော့ဘူး။ သတ်လွန်းလို့ အချို့ တိရစ္ဆန်တွေ မျိုးတုန်းတော့မယ်။ ဒါပေမယ့် ဗုဒ္ဓက မသတ်ဘို့ သတိပေးခဲ့တယ် မဟုတ်လား။

ခိုးတဲ့ ပြဿနာ။ ခိုးတဲ့ ပြဿနာက ပိုကျယ်ပြန့်တယ်။ ခါးပိုက်နှိုက်တာက အစ ကျူးကျော်စစ်ပြုတာအထိ ခိုးတဲ့အထဲ ထည့်လို့ ရတယ်။ ရုံးဝန်ထမ်း အချိန်မလေးစားတာ လည်း အပါအ၀င်ပေါ့။ ကမ္ဘာ့စစ်ပွဲတွေဟာ ခိုးတာက စတာလို့ ပြောလို့ရတယ်။ ကျမ်းဂန်မှာ ဆို ကံငါးပါးအစဟာ ခိုးခြင်းပဲလို့ ပြောထားတယ်။ ခိုးလို့ သတ်။ သတ်လို့ လိမ်။ ဘယ်လိုပဲဖြစ်နေနေ ခိုးတာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ ပြဿနာတစ်ခုလို့ ပြောလို့ရတယ်။ ဒါကြောင့် ဗုဒ္ဓက မခိုးဘို့ မှာခဲ့တာပဲ။

ကာမဂုဏ်ပြဿနာ။ အရွယ်ရောက်လာရင် ကာမဂုဏ်ကို လိုက်စားတတ်ကြတာ ကမ္ဘာ့နိယာ မကြီးတစ်ခုပဲ။ မသင်ပဲ တတ်တဲ့ ပညာရပ်ထဲမှာ အဲဒါလည်း ပါတယ်။ တိရစ္ဆာန်တွေလည်း သိတယ်ဆိုတော့ ဒီပညာရပ်က အတော်လေး လွယ်လို့ နေမှာပေါ့။ ထားပါ တော့ ရှောင်လွဲခြင်း ငှာ မစွမ်းသာတဲ့ အမှုဆိုတော့ သူသူငါငါ လိုက်စားတတ်ကြတာ မဆန်း ဘူးပေါ့။ ဆန်းတာ ကတော့ တိရစ္ဆာန်တွေနဲ့ မခြား စည်းကမ်းကလနားမထားပဲ ပျော်ပါးကြတာ ဖြစ်တယ်။ အဲဒီတော့ အချင်းချင်း မုန်းပြီး မလိုအပ်တဲ့ အပြုအမူ အပြောအဆိုတွေနဲ့ ငြိမ်းချမ်းမှုတွေ ပျောက်သွားတော့တာပေါ့။ နောက်ဆက်တွဲ ပြဿနာက ဆေးမတိုးတော့တဲ့ ရောဂါတွေပေါ် ပေါက်လာခြင်းဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓက ပြောခဲ့တယ် စည်းကမ်းလေးနှင့် ပျော်ကြဘို့။

လိမ်ညာမှုပြဿနာ။ လိမ်ညာမှုတွေကတော့ တစ်မိုးလုံးဖျောက်ဆိပ်ဆိုတာလိုပဲ။ သတ်ဘို့လိမ်၊ ခိုးဘို့လိမ်။ ကာမအတွက် လိမ်စသည် နည်းမျိုးစုံပေါ့။ လိမ်ပါများတော့ အယုံအကြည်တွေ ကင်းမဲ့လာကြတယ်။ အခုဆို အချင်း ချင်း မယုံတော့ဘူး။ နိုင်ငံအချင်းချင်း မယုံတော့ဘူး။ သံသယမျက်လုံးတွေနဲ့ စခန်းသွားနေကြတော့တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေ့တစ်မျိုး နောက်တစ်ဖုံ လိမ်တာတွေ များလို့ပေါ့။ လိမ်မှုရဲ့ နောက်ကွယ်မှာ မရိုးသားမှုတွေ ရှိတယ် ဆိုတာ လူတိုင်း သိကြတယ်။ ဒါကြောင့် ဗုဒ္ဓက ပြောထားတာ ရှိတယ်။ လူလိမ်တစ် ယောက် အတွက် မလုပ်ရဲတဲ့ မကောင်းမှုရယ်လို့ မရှိတော့ဘူးတဲ့။ ဘာပဲဖြစ်နေနေ တည်ငြိမ် အေးချမ်းမှုတွေကို ပျောက်ပျက်သွားစေတဲ့ သံသယတွေကို တိုးပွားစေတတ်တဲ့ လိမ်ညာမှု တွေကို လျော့သင့်တာကတော့ အမှန်ပဲ။

မူးရစ်ပြဿနာ။ မလိုလားအပ်တဲ့ ပြဿနာများရဲ့ နောက်ကွယ်မှာ မူးရစ်ဆေး(အရက်စသည်) အမြဲတမ်းပါ နေတတ်တာ တွေ့ရလိမ့်မယ်။ မူးရစ်ဆေးက စိတ်ကို ပုံမှန်မဟုတ်အောင် လုပ်တတ်တယ်။ စိတ်က ပုံမှန်မဟုတ်တော့ အမြင်တွေ ခံယူချက်တွေကလည်း ပုံမှန် မဟုတ် တော့ဘူး။ တကယ်တမ်း လူသားများစိတ်က ပုံမှန်တာများတယ်။ အမြင်တွေ ခံယူချက်တွေ တူတတ်တယ်။ အချင်းချင်း ကူညီဖေးမ မျှဝေတတ်တယ်။ အကောင်းအဆိုး ခွဲခြမ်းနိုင် စွမ်းရှိတယ်။ အဲဒီပုံမှန်စိတ်တွေကို မူးရစ်အကူအညီနဲ့ ဖျောက်ဖျက်ပြီး ပုံမှန်မဟုတ်တဲ့ လုပ်ငန်းတွေ လုပ်ကြတာတော့ အတော်လေး ဆိုးတယ်။ ဒါကြောင့်လည်း ဗုဒ္ဓက ပုံမှန်စိတ်လေးနဲ့ ပုံမှန်တဲ့ လုပ်ငန်းတွေကိုသာ လုပ်ကြဘို့ သတိပေးတဲ့အနေနဲ့ ရှောင်လေ ဝေးဝေး မူးရစ်ဆေးလို့ မိန့်ခဲ့တာပဲ။

ကမ္ဘာကို ပြောင်းလဲစေသော အရာများ

အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာ ဆိုတဲ့အတိုင်း အပူအပင်တွေ များနေတဲ့ လောကကြီးမှာ သဘာဝတရားတွေပါ လိုက်ပါ ပူနေတာ ဆန်းတော့ မဆန်းဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သက်ရှိတွေနဲ့ သက်မဲ့တွေက ဆက်စပ်နေလို့ဖြစ်တယ်။ ဒီအချက်ကို သိပ္ပံက မတွေ့ဘူး။ ဒါပေမယ့် ဗုဒ္ဓကတော့ အစောကတည်းက ပြောထားခဲ့တာပဲ။ လူတွေ ကိုယ်ကျင့်ပျက်တဲ့ အတွက် ရာသီဥတုတွေပြောင်းလဲသွားပုံ။ သီးနှံတွေ အရသာပေါ့ပျက်ပျက်ဖြစ်လာပုံတွေကို အသေးစိတ်ရှင်းပြခဲ့တာ အံ့စရာပဲ။ အဘိဓမ္မာမှာ ဆိုထားတာရှိတယ်။ ရုပ်တွေဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရတွေကြောင့် ဖြစ်ရတယ်ဆိုတာ။ ကံဆိုတာကတော့ သိတဲ့အတိုင်း အပြုအမူ အပြောအဆို အတွေးအခေါ်တွေပါဘဲ။ ပြုမူ ပြောဆို တွေးကြံမှုတွေက ကောင်းနေရင် ကမ္ဘာကြီးက ကောင်းနေမှာပဲ၊ ငြိမ်နေမှာပဲ။ မကောင်းရင်တော့ ဘီလူးဆိုင်းထွက်ကသလို ကသောင်းကနင်းတွေ ဖြစ်လာမယ်ပေါ့။ နောက်ပြီးတော့ စိတ်ဓာတ်တွေ ကောင်းမကောင်း ပေါ်မူတည်ပြီးတော့လည်း ကမ္ဘာက ပြောင်းလဲနေတာပဲ။ စိတ်ပူတွေကြောင့် ကမ္ဘာကြီးပူ လာတာ။ စိတ်အအေးတွေကြောင့် ကမ္ဘာကြီးအေးလာတာလို့ဆိုလိုတာပေါ့။ သတ်တာ၊ လုတာ၊ ကာမဖောက်ပြားတာ၊ လိမ်ညာတာ၊ မူးရစ်သုံးတာတွေများနေရင် ကံကောင်းဘို့ ခဲယဉ်းမယ်။ ကံမကောင်းရင် ကမ္ဘာကြီးကလည်း မကောင်းတော့ဘူးပေါ့။ လိုချင်ရမက်တွေ၊ မုန်းတီး စိတ်တွေ၊ မသိနားမလည်မူတွေ များနေရင် စိတ်အပူတွေနဲ့ ကမ္ဘာကို မီးတိုက်သလိုဖြစ် နေတာမို့ ကမ္ဘာကြီး မီးကျွမ်းလာမှာ မလွဲဘူးပေါ့။

ကမ္ဘာ့ငြိမ်ဆေး

မသတ်ဘူး။ မခိုးဘူး။ ကာမမဖောက်ပြားဘူး။ မလိမ္ဘူး။ မူးရစ်မသုံးဘူး ဆိုရင် ကံကောင်းခြင်း အတွက် လုံလောက်ပါပြီ။ အဲဒါတွေကို မလုပ်ဖြစ်ဘို့ စိတ်ဓာတ်တွေကိုလည်း ပြောင်းလဲပြစ် ရမယ်။ ဘာလို့လဲဆိုတော့ သတ်တယ် ညှစ်တယ်။ လုတယ် ယက်တယ် ဆိုတာ တွေက မကောင်းတဲ့ စိတ်ဓာတ်တွေကို အခြေခံလာတာမဟုတ်လား။ ဒီတော့ ဆိုးသွမ်းတဲ့ အပြုအမူ တွေ မဖြစ်ပေါ်ဘို့ ဆိုးသွမ်းတဲ့ စိတ်မိုက်စိတ်ရိုင်းတွေကို ထိန်းချုပ်ရမှာပေါ့။ အစားထိုး ပြောင်းလဲပစ်ရမှာပေါ့။ အချင်းချင်း ရက်စက်နေမဲ့အစား ချစ်ချစ် ခင်ခင်နေကြမယ်။ အပြန် အလှန် အကူအညီတွေပေး ဖေးဖေးမမ နေကြမယ်။ ၀မ်းသာကြည်နှုးမှု တွေရှိကြမယ်။ ကြင်နာ သနားစိတ်ထားကြမယ်။ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ်နေကြမယ်။ ဘယ်လောက် များ ကောင်း ထားလဲ။ နေတတ်ရင် ကမ္ဘာကြီးက ပျော်စရာကြီးပါ။ အချုပ်က ချစ်ခင်ရမယ်။ ၀မ်းမြောက်ရမယ်။ သနားညှာတာ တတ်ရမယ်။ လျစ်လျူ ရှုနိုင်ရမယ်။ ဒါဆို ကမ္ဘာကြီး ငြိမ်းပြီပေါ့။ ငြိမ်းမှတော့ ငြိမ်ပြီပေါ့။ ကမ္ဘာကြီးကို ငြိမ်ဆေးတိုက်ဘို့ လက်မနှေးသင့်ဘူး။

အချုပ်

ကံ၊ စိတ်ဆိုတဲ့ သဘာဝတရားတွေနဲ့ကွန်ယက်သဘွယ် ဆက်စပ်နေတဲ့ ဒီလောကကြီးကို သဘာဝတရားတွေနဲ့ပဲ ပြန်လည်ထိန်းချုပ်ရမှာ ဖြစ်တယ်။ သဘာဝမဟုတ်တဲ့ ပြုင်ဖန်တီးမှု တွေနဲ့ စခန်းသွားလာတာ ကြာပြီးပဲ။ ဘာတစ်ခုများ ပြောင်းလဲတိုးတက်လာတာ ရှိလို့လား။ ပိုလို့သာ ဆိုးဆိုးလာခဲ့တယ် မဟုတ်လား။ အချုပ်ကို ဆိုရရင် ကမ္ဘာကြီး ပြန်လည် ကောင်းစား ဘို့ရာအတွက် အပြုအမူကောင်းတွေ လိုတယ်။ အပြုအမူကောင်းတွေ ဖြစ်ဘို့ စိတ်ထား ကောင်းတွေလိုအပ်တယ်။ စိတ်ထားကောင်းတွေဖြစ်ဘို့ နည်းမှန်လမ်းမှန်နဲ့ ကြိုးစား အားထုတ် ဘို့ လိုအပ်တယ်။

Sunday, March 20, 2011

ကောင်းကင် ဘာ့ကြောင့် ကိုင်းရတယ်

'' လောဘကြောင့် အငတ်ဘေးဆိုက်တယ်။ ဒေါသကြောင့် လက်နက်ဘေးဆိုက်တယ်။ မောဟကြောင့် ရောဂါဘေးရောက်တယ်လို့ ကျန်းဂန်မှာဆိုတယ်။ သဘာဝဘေးတွေ ဆိုက်တော့ ဘာကြောင့်လို့ ပြောလို့ ရမတုန်း။ ''

ဘီဘီစီကလာတဲ့ ဂျပန်ဆူနာမီသတင်းကြည့်နေတုန်းမှာ ကိုကြီးညောက မေးလာတာဖြစ်တယ်။ '' သဘာဝဘေးတွေကတော့ အားလုံးကြောင့်လို့ ပြောရမှာပဲ '' လို့ တိုတိုပဲ ဖြေလိုက်တယ်။ ဟုတ်တယ်လေ= သဘာဝဘေးဆိုးတွေ လာရင် သေမယ်။ ငတ်မယ်။ ရောဂါ များမယ် ဒါတွေပဲ မဟုတ်လား။ ယခု ဂျပန်ကြည့် ဆူနာမီကြောင့် လူတွေ သေတယ်။ အစားအစာပြတ် လပ်ကုန်တယ်။ ရာသီဥတု ဆိုးဝါးမှုကြောင့် ရောဂါတွေ ဖြစ်ကုန်တယ်။ ပိုဆိုးတာက နျူကလီးယား ဓာတ်ငွေ့ အဆိပ်သင့်မှု အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်။ လက်နက်ဘေး။ အငတ်ဘေး၊ ရောဂါဘေး တွေ အစုံဝင်သွားတာပဲ မဟုတ်လား။

ဓာတ်လေးပါးအန္တရာယ်

ကမ္ဘာ့နေရာ အနှံ့ အပြားမှာ ကြုံတွေ့ဖြစ်ပွားနေတဲ့ ပြဿနာက သဘာဝဘေးအန္တရာယ်တွေပဲ။ သဘာဝ အန္တရာယ်တွေကို သိပ္ပံကလည်း မချုပ်နိုင်ဘူး။ လာနေမှန်း သိလျက်နဲ့ လက်ပိုက် ကြည့်နေရတာပဲ။ သိပ္ပံတိုင်းတန်လေးတောင် ရေထဲ လေထဲပါပါသွားလို့ လိုက်ကောက်ပြီး ပြန်တပ်ထားရတာ အကြိမ်ကြိမ်ပဲ။ ကမ္ဘာ့တ၀ှမ်း ဖြစ်ပွားနေတဲ့ သဘာဝဘေးတွေကို ချုပ်လိုက် ရင် မြေ ။ လေ။ ရေ။ မီး ဆိုတဲ့ ဓာတ်လေးပါးကို တွေ့ရမယ်။ ယခုဆို ကမ္ဘာ့ မြေကြီးက သိပ်မငြိမ်တော့ဘူး။ ခုန်တာတွေ များလာတယ်။ လေတွေက မလတ်ဆတ် မနုညံ့တော့ဘူး။ ၀ုန်းဒိုင်းကြဲပြီး ဒလကြမ်း လာနေတော့တာပဲ။ ရေတွေကလည်း မအေးတော့ဘူး။ ဒေါသတကြီး ဆူပွက်အော်ဟစ်နေတာပဲ။ မီးတွေကလည်း အချိန်ပြည့် လောင်နေတာ ငြှိမ်းသတ်လို့ကို မရအောင်ပဲ။ အခု ဂျပန်က နျူကလီးယား ဓာတ်ပေါင်းဖိုကို ကြည့်လေ။ စိုးရိမ်ရေမှတ် ရောက် နေတာ။ ၂၀၁၂ မှာ ကမ္ဘာ့လျှပ်စစ်မီးတွေ ထတောက်မယ် ဆိုပါလား။ ဗုန်းတွေ ကျည်တွေ ဆိုကလည်း မီးတောက်တွေပဲ မဟုတ်လား။ မီးတောင်တွေကလည်း ပေါက်တော့မယ် တကဲကဲ လုပ်နေတာ ကျောချမ်းစရာပဲ။ ဒါကြောင့် သဘာဝဘေးဆိုတာ ဓာတ်လေးပါး ပုံမှန်မဟုတ်တော့တာ။ တနည်းအားဖြင့် ဟန်ချက် မညီတော့တာကို ဆိုတာပဲ။ အကယ်၍သာ ဓာတ် လေးပါး ဟန်ချက်ညီနေရင် ကမ္ဘာကြီး ငြိမ်နေမှာပေါ့။

ဘယ်သူ့လက်ချက်လဲ

ဘာဖြစ်လို့ သဘာဝဘေးတွေ ဆက်တိုက်ဖြစ်ပေါ်လာနေရတာလဲ။ ဓာတ်လေးပါး ဟန်ချက် မညီမှုကြောင့်။ ဘာကြောင့် ဒီဓာတ်လေးပါး မညီမမျှဖြစ်နေတာလဲ။ သိပ္ပံကြောင့်။ သိပ္ပံက အကန်းပဲ။ ဘာမှ ခွဲခြမ်းနား လည်နိုင်တာ မဟုတ်ဘူး။ ကမ္ဘာ့အလှကို ဖျက်နေတာ သူပဲ။ မီးဖို ချောင်ကအစ မိုးကောင်းကင်အထိ နေရာတကာ ၀င်ရောက် နှောက်နေတာ သူပဲ။ ကြည့်လေ ကမ္ဘာ့အစားအစာတွေ သူလက်ချက်ကြောင့် မလတ်ဆတ်တော့ဘူး။ သူပေးတာတွေ စားနေကြတော့ ဖြစ်လိုက်တဲ့ ရောဂါတွေ။ မျိုးပေါင်းကို စုံလို့။ ပြီးတော့ ကမ္ဘာ့မိုးကောင်းကင်ကို မှိုင်းတိုက်ပြီး အကျည်းတန်အောင်လုပ်နေတာ။ ကမ္ဘာ့ခေါင်းမိုးကို ဒိုးယိုပေါက်အောင် ဖောက်ပြီး ကမ္ဘာကို အပူဆိုက်အောင် အပူတိုက်ပေးနေတာ။ ကမ္ဘာ့ သယံဇာတဖြစ်တဲ့ မြေ၊ ရေ၊ လေစွမ်းအင်တွေကို အတိုင်းအတာမဲ့ သုံးစွဲပြီးတော့ ကမ္ဘာကြီး ချည့်နဲ့ သွားအောင် လုပ်နေတာ။ ကမ္ဘာဖျက် နျူးကလီးယား….ကို ဖန်တီးပေးပြီး လူသားမျိုးနွယ်အားလုံးကို မျိုးတုန်း သွားအောင် လုပ်ဘို့ ကြိုးစားနေတာ။ လက်နက်တွေ အမျိုးမျိုးထုတ်ပေးပြီး လူသားတွေကို သေတမ်း ကစားခိုင်းနေတာ။ အခုဆို ကမ္ဘာကြီး အသက်က လက်ညှိုးဖျား တစ်ချက်စာသာ ရှိတော့ တာဆိုပဲ။

အကျိုးဆက်

သိပ္ပံအားကိုးနဲ့ ကမ္ဘာတစ်ဝှမ်း ၀ိုင်းသမလိုက်ကြတာ အခုဆို သစ်ပင်တွေ ကုန်သလောက်ဖြစ် နေပြီ။ သစ်ပင်များ မရှိတော့ ကမ္ဘာ့ရာသီဥတုတွေ ဟန်ချက်ပျက်လာတယ်။ အပူတွေ ခိုကိုးရာ မဲ့ဖြစ်ပြီး လေထဲရောက် ရေထဲရောက် မြေထဲရောက်။ အရေးထဲ ကောင်းကင်က ပေါက်နေ တော့ နေအပူက ကမ္ဘာ့မြေဆီ အကာအကွယ်မဲ့ တိုက်ရိုက်ရောက်လာတယ့်။ အပူတွေများ လာတော့ ကမ္ဘာကြီး မခံနိုင်တော့ဘူး။ မြေကြီးခုန် လာတယ်။ လေတွေ ထလာတယ်။ ရေတွေ ဆူလာတယ်။ မီးတွေ ပွင့်လာတယ်။ ရာသီဥတုတွေ ပြောင်း လာတယ်။ AIDS, ကင်ဆာတို့လို အပူနာတွေ အဖြစ်များလားတယ်။

ဘယ်လို လုပ်မလဲ

ဒါတွေ တကယ်ဖြစ်နေတာ။ ဘယ်လို ထိန်းချုပ်ကြမလဲ။ စက်ရုံ အလုပ်ရုံတွေကို လျော့။ သစ်ပင်တွေ ပြန်စိုက်။ ဒါဆို ကမ္ဘာကြီး ပြန်လည် တည့်မတ်လာစရာ ရှိတယ်လို့ ပြောကြတယ်။ ဒါပေမယ့် လုပ်ဘို့ သိပ်ခက်နေကြတယ်။ ညှိလို့ မရဘူး။ စိုက်လို့ မနိုင်ဘူးဖြစ်နေတယ်။ ဒါဆို ကမ္ဘာကြီး ရေစုံမျှောတော့မယ်ပေါ့။ သဘာဝဘေး တွေကြောင့် ဒုက္ခ ရောက်နေရတဲ့အထဲ အချင်းချင်း သတ်ဖြတ်တိုက်ခိုက်မှုတွေက တစ်မှောက်။

Wednesday, February 2, 2011

ပါဠိသဒ္ဒါသင်တန်းစတင်ခြင်း

နံနက် ၈ နာရီက ၁၀ နာရီအထိ ဗုဒ္ဓ၀ိဟာရမှာ အဘိဓမ္မတ္ထသင်္ဂဟကျမ်းစာ နေ့တိုင်း ချပို့နေ တယ်။ သင်တန်းသားကတော့ သုံးယောက်ထဲပါ။ ပါဠိဌာနဆရာ ဆန်ဂျေး၊ ပါဠိဌာနမှာ တရုပ်စာ ပြနေတဲ့ ဗိယက်နာမ်သီလရှင် တစ်ပါး နှင့် အိန္ဒိယ ဘန္တေ ၀ံသပါလတို့ဖြစ်တယ်။ အခု သင်တန်းစလာတာ တစ်လကျော်မှာ စေတသိက်ပိုင်း စိတ်ယှဉ်စေတသိက်ယှဉ်ရောက်နေပြီ။ သင်ကြားတဲ့နည်းက မြန်မာ့နည်း မြန်မာ့ဟန်အတိုင်းပါဘဲ။ ပါဠိဖတ်၊ ဘာသာပြန်ဖတ်၊ အဓိပ္ပါယ်ပြော၊ သရုပ်ကောက်။ သဒ္ဒါမှာရုပ် သဂြိုဟ်မှာ သရုပ်ဆိုတဲ့အတိုင်း သရုပ်သကန် ကောက်တတ်ဘို့က အဓိကဘဲလေ။ အဓိပ္ပါယ်တွေ ဆွေးနွေးမှုတွေ ဘယ်လောက်ပဲလုပ်လုပ် နောက်ဆုံးကျတော့ သရုပ်ကျန်ဖို့ရာက အဓိကပဲမဟုတ်လား။ ဒါကြောင့် သရုပ်သကန် ကျေဖို့ ဝေဒနာဘေဒ၊ ပယောဂဘေဒ၊ သင်္ခါရဘေဒဆိုတဲ့ နည်းလမ်းတွေက အတော်လေး အထောက်အကူဖြစ်စေတာပဲ။ စိတ်ပိုင်းတစ်ပိုင်းလုံး ပတ်ချာလည် သွားအောင် မွှေနှောက် သင်ကြားအပြီးမှာ စေတသိက်ပိုင်းကို ကူးတာပဲ။ စေတသိက်ပိုင်း ရောက်တော့ စေတသိက် တွေကို တစ်ခုချင်းရှင်းလင်းပြသ သင်ပေးတယ်။ လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တွေ ထုတ်ပြပေးတယ်။ အစက ဒါတွေကို အသေးစိတ်သင်ပြပေးဘို့ စိတ်ကူးမရှိဘူး။ ဖဿစေတသိက်တစ်ခုကိုတော့ နမူနာအဖြစ် လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်အပြည့် အစုံထုတ်ပြမယ်။ ကျန်တာတွေကိုတော့ လက္ခဏာတစ်ခုလောက်သာ ပြောပြပေးရင် အခြေခံ သမားများအတွက် လုံလောက်တယ်ပေါ့။ ခက်တာက ဖဿစေတသိက်ကို နမူနာအဖြစ် လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်အပြည့် အစုံထုတ်ပြသင်လိုက်တာ ကျန်တာ တွေကိုလည်း အပြည့်အစုံထုတ်သင်ပြပေးဘို့ ဖြစ်လာတော့တယ်။ သင်ချင်သူ တောင်းဆိုသူကတော့ ဗိယက်နာမ် သီလရှင်ပဲ။ သူက အတန်းမှာ အဓိကလူ လိုဖြစ်နေတယ်။ ပါဠိစာပေ အားနည်း ပေမယ့် သိချင်စိတ်ပြင်းပြတယ်။ ဓာတ်ပစ္စည်းခွဲပြမှ ကျေနပ်သူဖြစ်တယ်။ အဓိပ္ပါယ်ပြောတာ ကိုတော့ အတ္တနောမတိတွေ များလွန်းတယ်အထင်နဲ့ သိပ်မကြိုက်လှဘူး။ သင်တန်းအစ တုန်းကဆို ငါတို့ကို တရားဟောဘို့ မကြိုးစားနဲ့လို့တောင် ပြောဘူးတယ်။ ဒေါက်တာ ဘွဲ့လည်းပြီး အင်္ဂလိပ်စာကလည်းကောင်း၊ တရုပ်စာလည်း ရဆိုတော့ တစ်ဖက်ကို အထင် မကြီးတာ မဆန်းဘူးပေါ့။ စကားပြောတာ သွားတာလာတာကြည့်ရုံနဲ့ မာနရှင်တစ် ယောက် ဆိုတာ သိနိုင်တယ်။ ဒါကြောင့် သင်တန်းအစမှာ အော်ကျယ်အော်ကျယ်နဲ့ ဘယ်လို သင်ရမယ်။ ဘယ်လို ဖြစ်ရမယ် စသည် ဆူညံဆူညံတွေ လုပ်နေတာပေါ့။ နောက်တော့လည်း ပါဠိစာပေရဲ့လေးနက်မှုအောက်မှာ အဘိဓမ္မာဘာ သာရပ်ရဲ့ ဆွဲစောင်မှုအောက်မှာ မျက်စိ လေး ကလယ်ကလယ်နဲ့ ငြိမ်ချက်သား ကောင်း သွားတာပေါ့။

မေးတာ မကြိုက်သူများ

တစ်ခါတစ်ခါ ခက်လွန်းလို့ စာနာစိတ်နဲ့ နားလည်လားလို့ မေးတာတောင် မကြိုက်ဘူး။ လူကြားမှာ အဲလိုမေးတာမျိုး ရှက်တယ်ထင်ပါရဲ့။ ငါအတွက် မစိုးပါနဲ့။ ငါ အင်္ဂလိပ်စာဘက်မှာ မင်းထက်ကောင်းတာ သေချာပါတယ် စသည်ပြန်ပြောတယ်။ မြန်မာ့ဆရာတွေထုံးစံအတိုင်း တပည့်ကို နားလည်စေချင်တဲ့စိတ်နဲ့ နားလည်လား လို့ မေးတတ်တာက နိုင်ငံတကာအမြင်မှာ တစ်မျိုးဖြစ်နေသလား မပြောတတ်ဘူး။ မြန်မာပြည်တုန်းက ကိုးရီးယား သီလရှင် တစ်ယောက်ကို သဂြိုဟ်သင်ပေးတုန်းကလည်း မှတ်မိခြင်း ရှိမရှိ မေးဘူးတယ်။ ဒါကို သူမက မကြိုက်လှပဲ ဒါက မင်းအတွက် လိုအပ်လို့လားလို့ ပြန်မေးတာကို ခံရဘူးတယ်။ ခုလဲ ငါကို သိပ်စိုးရိမ်မပေးပါနဲ့တဲ့။ ဂျပန်မလေး တစ်ယောက်ကလည်း အဲလိုမေးလို့ အပြင်လမ်း လျှောက်ထွက်တုန်းမှာ အတန်းထဲမှာ ငါ့ကို စာမမေးပါနဲ့လို့ ပြောဘူးတယ်။ ဘာပြုလို့လဲ၊ ငါမေးတာ မင်းနားလည် မလည်သိချင်လို့မေးတာ၊ ပြီးတော့ မင်းနားမလည်ရင် ငါကူညီပြောရအောင်လို့ မေးတာပါလို့ ပြောတာတောင် မမေးပါနဲ့တဲ့ သူများတွေ သံသယဖြစ် ကုန်ပါလိမ့်မယ်တဲ့။ ကောင်းရောဗျာ အရပ်ကတို့။ ကိုရီးယားမလေးတစ်ယောက်လည်း ဒီအတိုင်းပဲ။ ရှေ့ဆုံးက စိတ်ထက်ထက်သန်သန်နဲ့ သင်ယူနေတာဆိုတော့ စေတနာနဲ့ မင်းနား လည်လားပေါ့။ နောက်တော့ သူမလည်း ပေါ်မလာတော့ဘူး။ အော် မေးပြီးသင်တာ သူတို့အမြင်မှာ တစ်မျိုးဖြစ်နေပါလား၊ ဆင်ခြင် သင့်ပါလားလို့ တွေးမိတယ်။

ငိုမဲ့မဲ့မျက်နှာ

အခု သဂြိုဟ်သင်နေတာ သမ္ပယောဂနည်းရောက်နေပြီ။ စေတသိက်တွေနဲ့ စိတ်တွေ ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာကို ပြတဲ့အခန်းပေါ့။ ဒီအပိုင်းမှာ စိတ်ပိုင်းကိုလည်း ပြန်ကောက်နေရတာမို့ ပိုမိုခက်ခဲမှုရှိတယ်။ ဒါကြောင့် စိတ်ပိုင်းနားလည်မထားရင် ရွာလည်ပြီ သာမှတ်။ သမ္ပယောဂနည်းစတယ်ဆိုရင်ပဲ ဗိယက်နာမ်မဆီက အသံထွက်လာတယ်။ ငါ့နောက်ခံက တရုပ်စာ၊ မင်းတို့က ပါဠိစာ။ ဒါတွေကို ခုမှတွေ့ရတာ။ ငါ့အတွက် သိပ်ခက်တယ်ဆိုတာ--။ ငါ ရှေ့ဆက် သင်ချင်တဲ့စိတ်တွေ မရှိတော့ဘူး။ စသည် အကြောင်းမဲ့ ဒေါသ စကားတွေ ပြောလာတယ်။ အဲဒီအချိန်မှာ သူမမျက်နှာ သွေးမရှိတော့ သလိုဖြစ်နေတာမို့ ကြာကြာ မကြည့်ရက်လို့ မျက်နှာလွှဲထားရတယ်။ ဟုတ်လိမ့်မယ်။ ခုမှ ပါဠိစာပေကို တွေ့ပြီး ခက်ခဲတဲ့ အဘိဓမ္မာဘာသာရပ်ကို သင်မိတာ။ ပြီးတော့ သင်ကြားမှုမှာ မညှာတတ်တဲ့ မြန်မာ့သင်နည်းနဲ့ သင်နေတာ။ သူခမျာ မငိုချင်ရက်ပဲ ရှိတော့မလဲ။ နားလည်မှု များစွာနဲ့ ဘာမှ ပြန်မပြောဘဲ တိတ်တိတ်ပဲ နေပေးလိုက်တယ်။ ဆရာဆန်ဂျေးကတော့ စိတ်မပျက်ပါနဲ့ တို့လည်း ဒီလိုပါဘဲ စသည်ပြောပြီ ဖျောင်းဖျနေလေရဲ့။ ငါ သင်ရတာကို ကြိုက်ပါတယ်။ ပါဠိအားနည်းတော့ မှတ်မိတာနည်းတယ်။ ဒါကြောင့် စိတ်ပျက်မိတာပါ လို့ နောက်မှ လေပြေလေး ထိုး ပြောလာတယ်။ ဖြစ်ရမယ်လေ။ အဘိဓမ္မာအရသာကို သိသွားသူ တစ်ယောက်အနေနဲ့ ဘယ်နည်းနဲ့မှ ဒီသင်တန်းကို လွယ်လွယ် လက်လွတ်ခံမှာ မဟုတ်ဘူးဆိုတာကို တွက်ပြီးသားပါ။ ပြီးခဲ့တဲ့ သင်တန်းမှာတုန်းက ၀ုန်းဒိုင်းကြဲသွားတဲ့ ကိုရီး ယားနှင့် ဂျပန်အပုမလေးအချို့တောင် အတန်းပြန်တက်ချင်လို့ ရစ်သီရစ်သီ လုပ်နေကြ တာ ကြည့်ပေတော့။ ဒီတစ်ခါ သင်တန်းမှာ ဘယ်သူကိုမှ ဖိတ်မနေတော့ဘူး။ ရှိတဲ့သူနဲ့ပဲ စခန်း သွားမယ်လို့ စိတ်ဆုံးဖြတ်ပြီး သင်လာတာ တကယ်စိတ်ဝင် စားသူများသာ လာရောက်သင် တာမို့ မီးကျိုးမောင်းပျက် မလာတစ်ရက်လာတစ်ရက်သမားတွေ မပါလို့ အတော်လေး တာသွားတာကို တွေ့ရတယ်။ သင်တန်းအရှိန်မြှင့်မယ့်အလုပ်မှာ ဗိယက်နာမ်မဆီက ငိုသံ သဲ့သဲ့ ထွက်လာတာကြည့်ပေတော့။ ဒါပေမယ့် နောက်ရက်မှာ သူမ ပုံမှန်လာပါတယ်။

မြန်မာ့စိတ်ဓာတ်

စာသင်တာ အကြောင်းမဲ့သင်နေတာ မဟုတ်ဘူး။ အင်္ဂလိပ်စာ အလေ့အကျင့်ရအောင်ဆိုတဲ့ အတွေးပြင် မြန်မာဆိုတာ ဘာလဲဆိုတာကိုလည်း သိစေချင်တဲ့ အတွေးတွေပါတယ်။ မြန်မာဆိုရင် စီးပွားရေးမဖွံ့ဖြိုးတဲ့ နိုင်ငံတစ်ခုလို့ရှုမြင်ပြီး အရာရာကို အထင်အမြင်သေးတာ နည်းနည်းမှ မခံချင်ဘူး။ မြန်မာတွေဆီမှာ ဘာတွေရှိတယ်ဆိုတာကို သိစေချင်တယ်။ ငုံ့ကြည့်နေ တာတွေကို မော့ကြည့်လာအောင်လုပ်ချင်တယ်။ ဂျပန်တွေ ဗိယက် နာမ်တွဆိုတာ အတော် စိတ်ဓာတ် ပြင်းတဲ့အမျိုးတွေပဲ။ ဂျပန်မတစ်ယောက် အတန်းထဲမှာ စိတ်ပိုင်းက စိတ်တွေ ရေတွက်ရတုန်း ခက်လို့ သူ့မခေါင်းသူ ပြန်ထုနေတာကြည့်ပြီး ပြုံးမိတယ်။ အခုလဲ ဗိယက်နာမ် သီလရှင် ငိုချင်ချင်ဖြစ်နေတာကြည့်ပြီး ပြုံးရသေးတယ်။ ဒါပဲလေ မြန်မာဆိုတာ။ ဂျပန်အပုမလေးတစ်ယောက်ဆို လမ်းမပေါ်မှာ ဒူးထောက်ပြီး အရိုအသေ ပေးဘူးတယ်။ အကောင်းတော့ မဟုတ်ဘူး။ အရွဲ့တိုက်တာ။ ဘာပဲဖြစ်နေနေ ဂျပန်တစ် ယောက်က ဒူး ထောက်ဘို့ဆိုတာ လွယ်ကူတဲ့အလုပ်မှ မဟုတ်တဲာ။ အင်း ဂျပန်က ဒူးထောက်ရတဲ့ မြန်မာ တစ်ယောက်အဖြစ် ဂုဏ်ယူရမလိုဖြစ်နေပြီ။

ပါဠိသဒ္ဒါသင်တန်းစတင်ခြင်း

ဒီနေ့ ညနေ ၆ နာရီ ပါဠိ ဆရာ ဆန်ဂျေးအိမ်မှာ ပါဠိသဒ္ဒါ သင်တန်းစတယ်။ ကစ္စည်း သဒ္ဒါကြီးကို သင်ပေးဘို့ ဆရာ ဆန်ဂျေးက တောင်းဆိုလို့ သင်ကြားခြင်းဖြစ်တယ်။ ပါဠိသဒ္ဒါ သင်မယ်ဆိုတော့ သင်ချင်တဲ့သူတွေ ရောက်လာကြတယ်။ ဖီလော်ဆိုဖီဌာန ပထမ နှစ်ကျောင်းသူ မစ်စ် ယောင် (ကိုရီးယာူး)။ ပီအိပ်ခ်ျဒီ ကျောင်းသူ အချိနာ(အိန္ဒိယ) ၊ ဗိယက်နာမ် သီလရှင် တန်၊ အိန္ဒိယ ဘန္တေ ၀ံသပါလ၊ သုဒဿန၊ ဒီပါနန္ဒ (ဘင်္ဂလားဒေ့ရှ်) နှင့် ဆရာဆန်ဂျေးတို့ဖြစ်ကြတယ်။

၁-၂-၂၀၁၁

Monday, January 3, 2011

့happy new year

31 ရက်နေ့ ။ ဗုဒ္ဓ၀ိဟာရ ဘန္တေသုဒဿန က ဗုဒ္ဓ၀ိဟာရကို လာခဲ့ပါဦးဆိုလို့ သီရိလင်္ကာ အရှင်ကုမာရကဿပ။ ဘင်္ဂလားဒေ့ရှ် အရှင်ဒီပါနန္ဒနှင့် စာရေးသူတို့ တက္ကသိုလ်ထဲက ဗုဒ္ဓ၀ိဟာရကို ည ၈ နာရီလောက်မှာ ထွက်ခဲ့ကြတယ်။ ဗုဒ္ဓ၀ိဟာရ ရောက်တော့ ကုလားဒကာလေး လေးငါးယောက်နှင့် သုဒဿနတို့က ကြိုဆိုနေကြတယ်။ ပြီးတော့ happy new year အတွက် ဘာလုပ်ရင် ကောင်းမလဲလို့ တိုင်ပင်တယ်။ '' ဒါက တို့နှင့်မဆိုင်ဘူး'' လို့ ပြောရမှာ ခက်သွားတယ်။ ''' အေးလေ အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်း ရွတ်ကြတာပေါ့ '' လို့ ပြောလိုက်ရတယ်။ ဒါနဲ့ ဘုရားကျောင်းထဲမှာ တန်းစီ ထိုင်ကြပြီး မင်္ဂလသုတ်၊ ရတနသုတ် နှင့် မေတ္တာသုတ်တို့ကို သံပြိုင်ရွတ်ဆိုကြတယ်။

ပရိတ်ရွတ်ပြီးတော့ နှစ်သစ်လက်ဆောင် စကားလေး ပြောပါဦးဆိုလို့ စာရေးသူက စပြီး အလှည့်ကျ ပြောကြ ရတယ်။

စာရေးသူက။

'' နက်ဖြန်ဆိုရင် နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ရောက်လာတော့မည်ဖြစ်ကြောင်း။ အဲဒီအခါ တစ်နှစ်အို၍ သေခြင်းတရားနှင့် တစ်နှစ်နီးသွားပြီဟု တရားသဘောအရ ဆင်ခြင်သတိပြုသင့်ပါကြောင်း။ နှစ်သစ်မှာ စိတ်သစ် ကိုယ်သစ်ဖြင့် ဘ၀သစ်ကို မွေးမြူရမည်ဖြစ်ပါကြောင်း။ နှစ်သစ်ကို ဘာနှင့် ကြိုဆိုကြမလဲဆိုသည်မှာလည်း မေးစရာဖြစ်လာကြောင်း။ နိုင်ငံတိုင်းတွင် နှစ်သစ်ကူးပွဲတော်ကို ကျင်းပလေ့ရှိကြကြောင်း။ ဤနေရာတွင် မြန်မာနိုင်ငံ၏ နှစ်သစ်ကူးပွဲတော်အကြောင်းကို အနည်းငယ် ပြောပြလိုပါကြောင်း။ မြန်မာနိုင်ငံတွင် နှစ်သစ်ကူး ပွဲတော်ကို နှစ်စဉ် ဧပြီ ၁၄ ရက်နေ့တွင် စတင် ကျင်းပလေ့ရှိကြောင်း။ ယင်းနှစ်သစ်ပွဲတော်ကို တစ်ဦးနှင့်တစ်ဦး ရေစင်ပက်ဖျန်းခြင်းဖြင့် ဆင်နွှဲကြကြောင်း။ ရေစင်ပက်ဖျန်းသည့်အဓိပ္ပါယ်မှာ နှစ်ဟောင်းက မကောင်းမှု အညစ် အကြေးများ နှစ်သစ်တွင် မလိုက်ပါစေရန် နှင့် နှစ်သစ်ခါသမယတွင် ကိုယ်သစ် စိတ်သစ်ဖြင့် ဘ၀သစ်ကို ထူထောင်နိုင်စေရန် ဟူသော ရည်ရွယ်ချက်ဖြစ်ပါကြောင်း။ အထူးသဖြင့် မြန်မာနိုင်ငံသူ၊ သားများသည် နှစ်သစ် ကူး ခါသမယတွင် ကုသိုလ်ကောင်းမှုများကို ဂရုတစ်စိုက် ပြုလုပ်လေ့ရှိပါကြောင်း။ များစွာသော လူတို့သည် ဘုရားကျောင်းကန်သို့ သွားရောက်ကြ၍ ဥပုသ်သီတင်းစောက်တည်ခြင်း။ အလှူဒါနပြုလုပ်ခြင်း။ ကမ္မဋ္ဌာန်း တရားထိုင်ခြင်း။ သီလရှင်ဝတ်ခြင်း။ ရဟန်းပြုခြင်းများကို ပြုလုပ်ကြကြောင်း။ မြန်မာနိုင်ငံတွင် နှစ်သစ်ကူး ခါသမယ၌ သီလရှင် ဘုန်းကြီးဝတ်ခြင်းသည် ဖက်ရှင်တစ်မျိုးကဲ့သို့ဖြစ်နေကြောင်း။ နှစ်သစ်ကူးပွဲတော်ပြီးလျှင် ကတုံးနှင့် အမျိုးသမီးလေးများ အမျိုးသားလေးများကိုတွေ့က သီလရှင်၊ ဘုန်းကြီးဝတ်ထားသူဟု အလွယ်တကူ သိနိုင်ကြောင်း။ ပြောလိုသည်မှာ မြန်မာများသည် နှစ်သစ်ကို ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၍ ကြိုဆိုကြ ပါကြောင်း။

ယခုလည်း မိမိတို့သည် ကမ္ဘာသူ ကမ္ဘာသားများ ကျန်းမာ ချမ်းသာစေရန် ဘေးအန္တရာယ် ကင်းရှင်း စေရန်ဟူသော ရည်ရွယ်ချက် ပရိတ်တရားများကို ရွတ်ဆို၍ နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်မှာ ကောင်းသော ကြိုဆိုခြင်းဖြစ်ပါကြောင်း။ နှစ်သစ်တွင် ကိုယ်သစ် စိတ်သစ်ဖြင့် ဘ၀သစ်ကို မိမိအတွက် ပတ်ဝန်းကျင်အတွက် ကမ္ဘာ့လူသားများအတွက် အကျိုးပြုလုပ်ငန်းများကို တတ်အားသလောက် ဆောင်ရွက်ခြင်းဖြင့် ဘ၀သစ်ကို တည်ထောင်သင့်ပါကြောင်း '' စသည် ပြောသည်။

ထို့နောက် သီရိလင်္ကာ ရဟန်းတော် အရှင်ကုမာရကဿပ က
'' မိမိသည် ယခု ကျောင်းပိတ်ရက် ကာလတွင် ဘင်္ဂလားဒေ့ရှ် ရဟန်းတော် အရှင်ဒီပါနန္ဒနှင့်အတူ ဘုံဘေ၊ ဒေလီ၊ ဗာရာဏသီ၊ ဗုဒ္ဓဂယာ၊ ကာလကတ္တားမြို့များသို့ ခရီးထွက်ခဲ့ပါကြောင်း။ ထိုခရီးစဉ်တွင် ဘုရားဖူးခြင်း။ ကုသိုလ် ကောင်းမှု ဒါနများပြုခြင်း။ အထွေထွေ ဗဟုသုတများကို လေ့လာဆည်းပူးခြင်းများကို ပြုလုပ်နိုင်ခဲ့ပါကြောင်း။ ထိုပြုပြုသမျှသောကုသိုလ်ကောင်းမှုအစုစုကို ယခုနှစ်သစ်တွင် မိမိ၏ အကောင်းဆုံး လက်ဆောင်အဖြစ် ယခုရောက်လာသူများကို ဝေမျှလိုက်ပါကြောင်း။ နှစ်သစ်ခါသမယတွင် ကျန်းမာ ပျော်ရွှင်ပါစေကြောင်း ဆုမွန် ကောင်းများလည်း တောင်းလိုက်ပါကြောင်း'' စသည် ပြောဆိုသည်။

ဘင်္ဂလာဒေ့ရှ် အရှင်ဒီပါနန္ဒက။
မိမိသည်လည်း အရှင်ကုမာရ နည်းတူ မိမိပြုခဲ့သမျှ ကောင်းမှုများကို မျှဝေလိုက်ပါကြောင်း။ စသည်ပြောသည်။

ဘန္တေသုဒဿန ကမူ။

သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ
သုခါ သဒ္ဓမ္မဒေသနာ
သုခါ သံဃဿ သာမဂ္ဂီ
သမဂ္ဂါနံ တပေါ သုခေါ
ဆိုသော ဓမ္မပဒတွင် လာသည့် ဂါထာသည် အလွန်စိတ်ဝင်စားစရာ ကောင်းပါကြောင်း။ လောက၌ ဘုရားပွင့် တော်မူလာခြင်း။ သူတော်ကောင်းတရား နာကြားရခြင်း၊ သံဃာတော်များ ညီညွတ်ကြခြင်း။ ညီညွတ်ကြသူတို့၏ ညီညွတ်ခြင်းအကျင့်ကို ကျင့်ခြင်းများသည် အများသတ္တ၀ါ ချမ်းသာသုခကို ဖြစ်စေသည် ဟုဆိုလိုပါကြောင်း။ ယခုလည်း နှစ်သစ်ကြိုဆိုတဲ့အနေနဲ့ ညီညီညွတ်ညွတ် ရောက်ရှိလာပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ဆိုခြင်း။ တရားစကား ပြောကြခြင်းများသည် တရားတော်နှင့် ညီညွတ်သည်ဟု ဆိုနိုင်ပါကြောင်း။ ဘုရားရှင် ပွင့်တော် မူလာသဖြင့် အမြင်မှန်များကို ရရှိရပါကြောင်း။ အမြင်မှန်မှတဆင့် စကားကောင်းများ။ အလုပ်ကောင်းများ၊ အတွေးကောင်းများကို တစ်ဆင့်ပြီး တစ်ဆင့် ပြုလုပ်နိုင်ပါကြောင်း။ နှစ်သစ်တွင် အမြင်မှန်ကို အခြေခံ၍ စကား ကောင်း။ အလုပ်ကောင်းများဖြင့် ဘ၀သစ်ကို တည်ဆောက်နိုင်ပါစေ ဟု ဆုမွန်ကောင်းများ ချွေလိုက် ပါကြောင်း'' ပြောဆိုသည်။

ထို့နောက် ဘန္တေသုဒဿန က စာရေးသူတို့ သုံးပါးအား ဦးသုံးကြိမ်ချ ကန်တော့သည်။ သူသည် တိဘက်တန် လားမား (မဟာယာန) ရဟန်းတော်ဖြစ်သည်။ သို့သော် ထေရ၀ါဒအလိုအရ သူသည် ရှင်သာမဏေတစ်ပါးမျှသာ ဖြစ်သည်ဟု သူ့ကိုယ်သူ ခံယူပြီး ယင်းသို့ နှစ်သစ်တွင် ဦးသုံးကြိမ်ချ ကန်တော့ခြင်းဖြစ်သည်။

ထို့နောက် အလှူရှင် ကုလားဒကာလေး နိခိလ ၏ အကျွေးအမွေးကို လက်ခံစားသုံးခြင်းဖြင့် ည ၁၂ နာရီကို ဖြတ်ကျော်ကြသည်။ ၁၂ နာရီထိုးလျှင် စာရေးသူက ၁၂-ထိုးပြီဟု သတိပေးစကား ပြောလိုက်ရာ သီရိ လင်္ကာရဟန်းတော် အရှင်ကုမာရက '' ဘ၀တု သဗ္ဗမင်္ဂလံ '' အောင်ဆုတောင်း ဂါထာကို စတင် ရွတ်ဆိုလိုက်ရာ အားလုံးပင် သံပြိုင်လိုက်ပါ ရွတ်ဆိုကြသည်။

Thursday, December 16, 2010

သင်္ကန်းကပ် အလှူ

ဘန္တေ သုဒဿန က နံက် အဘိဓမ္မာစာဝါ ချပို့စဉ်ကပင် ပြောထားသည်။ ယနေ့ ညနေ ၄ နာရီ သင်္ကန်း ကပ်ရှိသည်။ အလှူရှင်က မြန်မာဘန္တေ ၄- ၅ ပါးလောက် လိုချင်တဲ့အကြောင်း။ ထိုအခါ လိုက်နိုင်မည့် မြန်မာ ရဟန်းတော် ဘယ်နှစ်ပါးရနိုင်မလဲ စဉ်းစားလိုက်သည်။ အဆောင်တွင် ၁၀ ပါးခန့်ရှိသော်လည်း ကုလား အပင့်အဖိတ် လိုက်ချင်သူမရှိလှ။ ဂရုစိုက်မှုနည်းပါးသော ကုလားပွဲများကို မြန်မာရဟန်းတော်များ အဝေးက ရှောင်ကြသည်။ အချို့တစ်ပါးတစ်လေ တစ်လောက်သာ စေတနာ ရှေ့ထား၍ တစ်ဖုံ၊ အတွေ့အကြုံရရန် တစ်မျိုး လိုက်ပါလေ့ရှိသည်။ ကုလားပွဲများကို စိတ်စေတနာ ရှေ့ထား လိုက်ပါလေ့ရှိသော အရှင်ဇ၀နသည် လည်း ယခုအခါ စင်ကာပူသို့ ကြွနေ၍ အဆောင်တွင် မရှိ။ ထို့ကြောင့် အခြား မြန်မာ ရဟန်းတော်များကို ရနိုင် မည်မဟုတ်ကြောင်း နှင့် မိမိကတော့ လိုက်ပါနိုင်ကြောင်း ပြောလိုက်သည်။

ညနေ ၄ နာရီအချိန် အဆောင်သို့ ကားရောက်လာသည်။ ဘင်္ဂလာဒေ့ရှ်တစ်ပါး၊ ဗိယက်နာမ် (မဟာယာန) တစ်ပါး။ သုဒဿန နှင့် စာရေးသူ ၄ ပါးလိုက်ပါသွားကြသည်။ အိမ်သို့ ရောက်လျှင် ကားရပ်၍ တိုက် အပေါ်ထပ်သို့ ဓာတ်လှေခါးဖြင့် တက်သွားကြသည်။ ကုလားများသည် အိမ်ရာစခန်းများ၌ စုပေါင်း၍ နေထိုင် လေ့ရှိကြသည်။ ယခု အလှူ့ရှင်သည်လည်း ၇ ထပ်မြောက်တွင် နေထိုင်သဖြင့် ဓာတ်လှေခါးဖြင့် တက်ရောက် ရခြင်းဖြစ်သည်။

အိမ်သို့ ရောက်လျှင် ထုံးစံအတိုင်း အိမ်ရှင်က ရေဆက်ကပ်၏။ စကားစမြည်ပြောကြ၊ မိတ်ဆက်ကြသည်။ အလှူရှင်ဇနီးမောင်နှံနှစ်ဦးအမည်မှာ သန္တုဿီ နှင့် သီလ၀ါတို့ဖြစ်ကြသည်။ သူတို့ ၂ ဦးလုံးသည် ဂုရုကြီးဂို အင်ဂါ၏ ၀ိပဿနာတပည့်များဖြစ်ကြပြီး ၀ိပဿနာ တရားပြဆရာများလည်းဖြစ်ကြသည်။ ဇနီးဖြစ်သူသည် ၂၀၀၄ ခုနှစ်က ဂုရုကြီး ဂိုအင်ဂါနှင့်အတူ မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ဘူးသူဖြစ်သည်။ မြန်မာနိုင်ငံသို့ ရောက်ခိုက် သံဃာတော် အပါး ၅၀ ခန့် (ဆွမ်းခံ) စီတန်းကြွလာသည်ကို ဖူးမြင်ခဲ့ရ၍ စိတ်ထဲတွင် မြတ်စွာ ဘုရားနှင့် သံဃာတော်များ ကြွလာတော်မူသည်ဟု ထင်မှတ်စွဲလမ်းကြည်နူးခဲ့ရပါကြောင်း။ မိမိသေခါနီးတွင် ယူရမည့် အာရုံသည် ၄င်းအာရုံပင်ဖြစ်သည်ဟု တွေးထင်ထားပါကြောင်း။ မြန်မာနိုင်ငံ အလည် အပတ်ခရီးသည် မိမိဘ၀အတွက် အလွန်ကြီးကျယ်သော အတွေ့အကြုံကြီးတစ်ခုဖြစ်ပါကြောင်း ။ လယ်တီ ဆရာတော်၏ ဇာတိ မုံရွာမြို့ကိုလည်း ရောက်ခဲ့ပါကြောင်း၊ ဆရာတော်ကြီး တရားအား ထုတ်တော်မူခဲ့သည့် လိုဏ်ဂူထဲတွင် တစ်နာရီကြာ တရားအားထုတ်ခဲ့ပါကြောင်း စသည် မနားတမ်းပြောသည်။ ခင်ပွန်းသည်ကမူ ဂုရုကြီးနှင့်အတူ ဗုဒ္ဓဂယာ၊ သာဝတ္ထိ ဇေတ၀န် အရပ်သို့ လိုက်ပါဘူးကြောင်း ပြောပြသည်။

အလှူရှင် မိသားစုတွင် ၅ နှစ် ၆ နှစ်အရွယ် သမီးလေး တစ်ယောက်ရှိသည်။ နာမည်မှာ တုသိတာ ဟူ၍ ဖြစ်သည်။ သူမကိုယ် ၀န်ရစဉ်က ရဟန်းတော်များ၏ သင်္ကန်းရောင်ကိုသာ မြင်နေရပါကြောင်း။ ထို့ကြောင့် ရဟန်းသံဃာတော်များအား ပင့်ဖိတ်၍ သင်္ကန်းကို မကြာခဏ လှူဖြစ်ပါကြောင်း အလှူ့အမက ပြောပြသည်။

ဘန္တေသုဒဿန က အခမ်းအနားပြင်သည်။ ဆင်းတုတော်သီတင်းသုံးသည့်စားပွဲခုံကို ပိတ်လွှမ်းခြင်း။ ပန်း ရေချမ်း အလင်းတိုင် နံသာတိုင်များကို နေသားတကျ ထားရှိပူဇော်ခြင်း ဖြစ်၏။ ဤသည်မှာ ဘန္တေသုဒဿန ၏ အလုပ်။ ဘန္တေသုဒဿန မြန်မာထုံးစံ ဘယ်လိုလဲ ဟု မေးသည်ကို အခမ်းအနား အပြင်အဆင်ကို ဒကာဒကာမ များကသာ ပြင်ဆင်ကြောင်း။ ဘုန်းကြီးရဟန်းများက သင့်မသင့်သာ ကြည့်ပေးတတ်ကြောင်း ပြောပြသည်။ အခမ်း အနားပြင်ဆင်မှုမှာ အခြားဘာသာများတွင် ဘုန်းကြီးများအတွက် အဓိကကျသော လုပ်ငန်းဖြစ်သော် လည်း ဗုဒ္ဓဘာသာရဟန်းတော်များအတွက် အဓိက လုပ်ငန်းတစ်ခု မဟုတ်ကြောင်း ပြောလိုက်သည်။

အခမ်းအနားစလျှင် စာရေးသူက ငါးပါးသီလ ပေးရသည်။ မင်္ဂလသုတ် မေတ္တသုတ်များကို ရွတ်ဖတ် ပေးကြသည်။ ဘုရားဆင်းတုတော်အား အနေကဇာတင်ကြသည်။ ထို့နောက် စာရေးသူနှင့် သုဒဿနတို့က တရားစကား အနည်းငယ်စီ ပြောကြသည်။ ထို့နောက် ညစာ ဆက်ကပ် လှူဒါန်းကြသည်။

ကုလားများသည် ဘုန်းကြီး ရဟန်းများကို ညနေအချိန်တွင် ပင့်ဖိတ်ကျွေးလေ့ရှိသည်။ ဤသည်မှာ ထုံးစံကြီးတစ်ခုလိုဖြစ်၍ နေတော့သည်။ ဗုဒ္ဓဘာသာအကြောင်းကို ကောင်းကောင်းသိသူများပင် ယင်းသို့ ညနေ စာ၊ ညစာပင့်ဖိတ်ကျွေးမွေးခြင်းကို စိတ်အားထက်သန်စွာ ပြုလုပ်လေ့ရှိကြသည်။ ညစာစားခြင်းသည် ဘုန်းကြီး ရဟန်းများအတွက် ဘာမျှ ၀န်တက်စရာ မရှိဟု တွေးထင်ထားကြပုံရသည်။ အထူးအားဖြင့် သူတို့ လုပ်ငန်း အားလပ်ချိန်မျိုးဖြစ်နေခြင်း က အဓိက ဖြစ်သည်။ အိန္ဒိယဘုန်းကြီးများကလည်း ဘာကိုမျှ ဟန့်တားကန့်ကွက် နိုင်ခြင်း မရှိခြင်းကလည်း ယင်းသို့ဖြစ်နေခြင်း၏ အကြောင်းဖြစ်၏။ ထို့ကြောင့် အိန္ဒိယတွင် ၀ိကာလ ဘောဇန သိက္ခာပုဒ်သည် အလိုလို ပျောက်ကွယ်လျက်ရှိသည်။ (ရောတိရောရာ တို့လည်းပါ)

ညနေစာကို ကုလားအစားအစာများဖြစ်သည့် ချပါတီ၊ ထမင်း၊ ဘာဂျီ၊ စသည်များဖြင့် မွန်မွန် မြတ်မြတ် ဆက်ကပ်လှူဒါန်းသည်။ ဆက်ကပ်ပြီးနောက် မစားမီ သုံးဆောင်ပါမည့်အကြောင်း ရိုသေစွာ လျှောက်ထား တောင်းပန်သမှုပြုကြသည်။ ထိုလျှောက်ထား တောင်းပန်စာကို ဘန္တေ သုဒဿနက ရှေ့က တိုင်ပေး၍ အားလုံး နောက်က လိုက်ဆိုရသည်။

အဓိပ္ပါယ်မှာ

အရှင်ဘုရား မွန်မွန် မြတ်မြတ် ချက်ပြုတ်ထားအပ်သော ဘောဇဉ်ကို သုံးဆောင် တော်မူပါဘုရား ဟူ၍ဖြစ် သည်။

ထို့နောက် ရဟန်းတော်များက ဤမွန်မြတ်သော ဘောဇဉ်အား မြတ်စွာဘုရားကို ဆက်ကပ် လှူဒါန်းပါ၏။ သာသနာပြုနိုင်ရန်အတွက် သုံးဆောင်ပါ၏ အဓိပ္ပါယ်ရသော စာကို ရွတ်ဆို၍ စားသောက်ကြသည်။

ညနေစာ ဆက်ကပ်ပြီးလျှင် (သင်္ကန်းစ၊ ကော်ဇော၊ ထီး၊ ဆပ်ပြာ အကြမ်းအနု၊ အပ်ချည်လုံး၊ အပ်၊ အသီးအနှံ၊ ရူပီး ၁၅၀၊) လှူဘွယ်ဒါန်းဘွယ်များကို ဆက်ကပ်လှူဒါန်းကြသည်။ အလှူ့အမက နောက်မကြာမီအချိန်တွင် မြန်မာ့အစားအသောက်ဖြင့် ဆက်ကပ်လှူဒါန်း ချင်ပါ ကြောင်း၊ မြန်မာ့အစားအစာ ချက်ပြုတ်နည်းများကို အင်တာနက်တွင် ရှာ၍ ချက်ပြုတ် မည်ဖြစ်ကြောင်း ပြောသည်။ ညနေ ၇ နာရီအချိန်တွင် အလှူ့ရှင်တို့ အားနှုတ်ဆက်၍ အလှူ့ရှင်တို့နေအိမ်မှ အဆောင်သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။