Thursday, December 16, 2010

သင်္ကန်းကပ် အလှူ

ဘန္တေ သုဒဿန က နံက် အဘိဓမ္မာစာဝါ ချပို့စဉ်ကပင် ပြောထားသည်။ ယနေ့ ညနေ ၄ နာရီ သင်္ကန်း ကပ်ရှိသည်။ အလှူရှင်က မြန်မာဘန္တေ ၄- ၅ ပါးလောက် လိုချင်တဲ့အကြောင်း။ ထိုအခါ လိုက်နိုင်မည့် မြန်မာ ရဟန်းတော် ဘယ်နှစ်ပါးရနိုင်မလဲ စဉ်းစားလိုက်သည်။ အဆောင်တွင် ၁၀ ပါးခန့်ရှိသော်လည်း ကုလား အပင့်အဖိတ် လိုက်ချင်သူမရှိလှ။ ဂရုစိုက်မှုနည်းပါးသော ကုလားပွဲများကို မြန်မာရဟန်းတော်များ အဝေးက ရှောင်ကြသည်။ အချို့တစ်ပါးတစ်လေ တစ်လောက်သာ စေတနာ ရှေ့ထား၍ တစ်ဖုံ၊ အတွေ့အကြုံရရန် တစ်မျိုး လိုက်ပါလေ့ရှိသည်။ ကုလားပွဲများကို စိတ်စေတနာ ရှေ့ထား လိုက်ပါလေ့ရှိသော အရှင်ဇ၀နသည် လည်း ယခုအခါ စင်ကာပူသို့ ကြွနေ၍ အဆောင်တွင် မရှိ။ ထို့ကြောင့် အခြား မြန်မာ ရဟန်းတော်များကို ရနိုင် မည်မဟုတ်ကြောင်း နှင့် မိမိကတော့ လိုက်ပါနိုင်ကြောင်း ပြောလိုက်သည်။

ညနေ ၄ နာရီအချိန် အဆောင်သို့ ကားရောက်လာသည်။ ဘင်္ဂလာဒေ့ရှ်တစ်ပါး၊ ဗိယက်နာမ် (မဟာယာန) တစ်ပါး။ သုဒဿန နှင့် စာရေးသူ ၄ ပါးလိုက်ပါသွားကြသည်။ အိမ်သို့ ရောက်လျှင် ကားရပ်၍ တိုက် အပေါ်ထပ်သို့ ဓာတ်လှေခါးဖြင့် တက်သွားကြသည်။ ကုလားများသည် အိမ်ရာစခန်းများ၌ စုပေါင်း၍ နေထိုင် လေ့ရှိကြသည်။ ယခု အလှူ့ရှင်သည်လည်း ၇ ထပ်မြောက်တွင် နေထိုင်သဖြင့် ဓာတ်လှေခါးဖြင့် တက်ရောက် ရခြင်းဖြစ်သည်။

အိမ်သို့ ရောက်လျှင် ထုံးစံအတိုင်း အိမ်ရှင်က ရေဆက်ကပ်၏။ စကားစမြည်ပြောကြ၊ မိတ်ဆက်ကြသည်။ အလှူရှင်ဇနီးမောင်နှံနှစ်ဦးအမည်မှာ သန္တုဿီ နှင့် သီလ၀ါတို့ဖြစ်ကြသည်။ သူတို့ ၂ ဦးလုံးသည် ဂုရုကြီးဂို အင်ဂါ၏ ၀ိပဿနာတပည့်များဖြစ်ကြပြီး ၀ိပဿနာ တရားပြဆရာများလည်းဖြစ်ကြသည်။ ဇနီးဖြစ်သူသည် ၂၀၀၄ ခုနှစ်က ဂုရုကြီး ဂိုအင်ဂါနှင့်အတူ မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ဘူးသူဖြစ်သည်။ မြန်မာနိုင်ငံသို့ ရောက်ခိုက် သံဃာတော် အပါး ၅၀ ခန့် (ဆွမ်းခံ) စီတန်းကြွလာသည်ကို ဖူးမြင်ခဲ့ရ၍ စိတ်ထဲတွင် မြတ်စွာ ဘုရားနှင့် သံဃာတော်များ ကြွလာတော်မူသည်ဟု ထင်မှတ်စွဲလမ်းကြည်နူးခဲ့ရပါကြောင်း။ မိမိသေခါနီးတွင် ယူရမည့် အာရုံသည် ၄င်းအာရုံပင်ဖြစ်သည်ဟု တွေးထင်ထားပါကြောင်း။ မြန်မာနိုင်ငံ အလည် အပတ်ခရီးသည် မိမိဘ၀အတွက် အလွန်ကြီးကျယ်သော အတွေ့အကြုံကြီးတစ်ခုဖြစ်ပါကြောင်း ။ လယ်တီ ဆရာတော်၏ ဇာတိ မုံရွာမြို့ကိုလည်း ရောက်ခဲ့ပါကြောင်း၊ ဆရာတော်ကြီး တရားအား ထုတ်တော်မူခဲ့သည့် လိုဏ်ဂူထဲတွင် တစ်နာရီကြာ တရားအားထုတ်ခဲ့ပါကြောင်း စသည် မနားတမ်းပြောသည်။ ခင်ပွန်းသည်ကမူ ဂုရုကြီးနှင့်အတူ ဗုဒ္ဓဂယာ၊ သာဝတ္ထိ ဇေတ၀န် အရပ်သို့ လိုက်ပါဘူးကြောင်း ပြောပြသည်။

အလှူရှင် မိသားစုတွင် ၅ နှစ် ၆ နှစ်အရွယ် သမီးလေး တစ်ယောက်ရှိသည်။ နာမည်မှာ တုသိတာ ဟူ၍ ဖြစ်သည်။ သူမကိုယ် ၀န်ရစဉ်က ရဟန်းတော်များ၏ သင်္ကန်းရောင်ကိုသာ မြင်နေရပါကြောင်း။ ထို့ကြောင့် ရဟန်းသံဃာတော်များအား ပင့်ဖိတ်၍ သင်္ကန်းကို မကြာခဏ လှူဖြစ်ပါကြောင်း အလှူ့အမက ပြောပြသည်။

ဘန္တေသုဒဿန က အခမ်းအနားပြင်သည်။ ဆင်းတုတော်သီတင်းသုံးသည့်စားပွဲခုံကို ပိတ်လွှမ်းခြင်း။ ပန်း ရေချမ်း အလင်းတိုင် နံသာတိုင်များကို နေသားတကျ ထားရှိပူဇော်ခြင်း ဖြစ်၏။ ဤသည်မှာ ဘန္တေသုဒဿန ၏ အလုပ်။ ဘန္တေသုဒဿန မြန်မာထုံးစံ ဘယ်လိုလဲ ဟု မေးသည်ကို အခမ်းအနား အပြင်အဆင်ကို ဒကာဒကာမ များကသာ ပြင်ဆင်ကြောင်း။ ဘုန်းကြီးရဟန်းများက သင့်မသင့်သာ ကြည့်ပေးတတ်ကြောင်း ပြောပြသည်။ အခမ်း အနားပြင်ဆင်မှုမှာ အခြားဘာသာများတွင် ဘုန်းကြီးများအတွက် အဓိကကျသော လုပ်ငန်းဖြစ်သော် လည်း ဗုဒ္ဓဘာသာရဟန်းတော်များအတွက် အဓိက လုပ်ငန်းတစ်ခု မဟုတ်ကြောင်း ပြောလိုက်သည်။

အခမ်းအနားစလျှင် စာရေးသူက ငါးပါးသီလ ပေးရသည်။ မင်္ဂလသုတ် မေတ္တသုတ်များကို ရွတ်ဖတ် ပေးကြသည်။ ဘုရားဆင်းတုတော်အား အနေကဇာတင်ကြသည်။ ထို့နောက် စာရေးသူနှင့် သုဒဿနတို့က တရားစကား အနည်းငယ်စီ ပြောကြသည်။ ထို့နောက် ညစာ ဆက်ကပ် လှူဒါန်းကြသည်။

ကုလားများသည် ဘုန်းကြီး ရဟန်းများကို ညနေအချိန်တွင် ပင့်ဖိတ်ကျွေးလေ့ရှိသည်။ ဤသည်မှာ ထုံးစံကြီးတစ်ခုလိုဖြစ်၍ နေတော့သည်။ ဗုဒ္ဓဘာသာအကြောင်းကို ကောင်းကောင်းသိသူများပင် ယင်းသို့ ညနေ စာ၊ ညစာပင့်ဖိတ်ကျွေးမွေးခြင်းကို စိတ်အားထက်သန်စွာ ပြုလုပ်လေ့ရှိကြသည်။ ညစာစားခြင်းသည် ဘုန်းကြီး ရဟန်းများအတွက် ဘာမျှ ၀န်တက်စရာ မရှိဟု တွေးထင်ထားကြပုံရသည်။ အထူးအားဖြင့် သူတို့ လုပ်ငန်း အားလပ်ချိန်မျိုးဖြစ်နေခြင်း က အဓိက ဖြစ်သည်။ အိန္ဒိယဘုန်းကြီးများကလည်း ဘာကိုမျှ ဟန့်တားကန့်ကွက် နိုင်ခြင်း မရှိခြင်းကလည်း ယင်းသို့ဖြစ်နေခြင်း၏ အကြောင်းဖြစ်၏။ ထို့ကြောင့် အိန္ဒိယတွင် ၀ိကာလ ဘောဇန သိက္ခာပုဒ်သည် အလိုလို ပျောက်ကွယ်လျက်ရှိသည်။ (ရောတိရောရာ တို့လည်းပါ)

ညနေစာကို ကုလားအစားအစာများဖြစ်သည့် ချပါတီ၊ ထမင်း၊ ဘာဂျီ၊ စသည်များဖြင့် မွန်မွန် မြတ်မြတ် ဆက်ကပ်လှူဒါန်းသည်။ ဆက်ကပ်ပြီးနောက် မစားမီ သုံးဆောင်ပါမည့်အကြောင်း ရိုသေစွာ လျှောက်ထား တောင်းပန်သမှုပြုကြသည်။ ထိုလျှောက်ထား တောင်းပန်စာကို ဘန္တေ သုဒဿနက ရှေ့က တိုင်ပေး၍ အားလုံး နောက်က လိုက်ဆိုရသည်။

အဓိပ္ပါယ်မှာ

အရှင်ဘုရား မွန်မွန် မြတ်မြတ် ချက်ပြုတ်ထားအပ်သော ဘောဇဉ်ကို သုံးဆောင် တော်မူပါဘုရား ဟူ၍ဖြစ် သည်။

ထို့နောက် ရဟန်းတော်များက ဤမွန်မြတ်သော ဘောဇဉ်အား မြတ်စွာဘုရားကို ဆက်ကပ် လှူဒါန်းပါ၏။ သာသနာပြုနိုင်ရန်အတွက် သုံးဆောင်ပါ၏ အဓိပ္ပါယ်ရသော စာကို ရွတ်ဆို၍ စားသောက်ကြသည်။

ညနေစာ ဆက်ကပ်ပြီးလျှင် (သင်္ကန်းစ၊ ကော်ဇော၊ ထီး၊ ဆပ်ပြာ အကြမ်းအနု၊ အပ်ချည်လုံး၊ အပ်၊ အသီးအနှံ၊ ရူပီး ၁၅၀၊) လှူဘွယ်ဒါန်းဘွယ်များကို ဆက်ကပ်လှူဒါန်းကြသည်။ အလှူ့အမက နောက်မကြာမီအချိန်တွင် မြန်မာ့အစားအသောက်ဖြင့် ဆက်ကပ်လှူဒါန်း ချင်ပါ ကြောင်း၊ မြန်မာ့အစားအစာ ချက်ပြုတ်နည်းများကို အင်တာနက်တွင် ရှာ၍ ချက်ပြုတ် မည်ဖြစ်ကြောင်း ပြောသည်။ ညနေ ၇ နာရီအချိန်တွင် အလှူ့ရှင်တို့ အားနှုတ်ဆက်၍ အလှူ့ရှင်တို့နေအိမ်မှ အဆောင်သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

0 comments:

Post a Comment