Tuesday, December 14, 2010

ဘုရားကျောင်းနဲ့တူတဲ့အိမ်

ဟိုတစ်နေ့က မြို့ထဲက အိပ်တစ်အိမ်ကို ပရိတ်ရွတ်လိုက်သွားတယ်။ အကြောင်းက အိမ်ရှင် မိသားစု ဗုဒ္ဓဂယာဘုရားဖူးကအပြန် ပရိတ်တရားနာချင်လို့ဆိုပဲ။ အိမ်ရှင်ဒကာက အိမ်ပေါက်က ထွက်ကြိုပြီး အိမ်ထဲကို ပင့်တယ်။ အိမ်ထဲ ၀င်ဝင်ချင်း စိတ်ထဲမှာ အတော်လေး ခံစား လိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ဟာ လူနေအိမ်နှင့်မတူဘဲ ဘုရားကျောင်း အပြင် အဆင်နှင့် တူနေလို့ပဲ။ ကြည့်ပါ။ ဧည့်ခံမှာ ဘုရားစင်ကို မုခ်ဦးနှင့်တကွ ခန်းပြည့် လုပ်ထား တယ်။ ဆင်းတုတော်ရဲ့ ရှေ့မှာ သောက်တော်ရေချမ်း၊ ပန်း၊ အမွှေး၊ ဖယောင်း၊ သစ်သီးပွဲ တွေကို စနစ်တကျ လှလှပပ ဆက်ကပ်လှူဒါန်းထားတယ်။ အခြား ပုတီး။ ခြင်္သေ့ သစ်ကျား၊ ဆင်စတဲ့ အရုပ်တွေကိုလည်း ဘုရားစင်မှာ ကျကျနန စီရရီ မျက်စိပသာဒဖြစ်အောင် ခင်းကျင်း ထားတယ်။ ဘုရားစင်ကို ကြည့်လိုက်တာနဲ့ ဒီမိသားစုရဲ့ ဗုဒ္ဓဘာသာဝင် စိတ်ဓာတ်ကို ခန့်မှန်း လို့ ရနေပြီ။ အိန္ဒိယမှာက ဗုဒ္ဓဘာသာလို့ ဆိုရပေမဲ့ အများစုက ဘုရားစင်မရှိတဲ့ ဗုဒ္ဓဘာသာ တွေဖြစ်ကြတယ်။ ရှိပေမဲ့ ပန်း၊ ရေချမ်း၊ သစ်သီး ဆက်ကပ်လှူဒါန်းရကောင်းမှန်း မသိကြဘူး။ ဆွမ်းကပ်ဘို့ဆိုတာ ဝေလာဝေးပေါ့။ သူတို့ အလေးထားတာက သူတို့ရဲ့ လွတ်လပ်ရေးခေါင်း ဆောင် ဒေါက်တာ အမ်ဘေဒကာပဲဖြစ်တယ်။ အိန္ဒိယမှာက ဒေါက်တာ အန်ဘေဒကာဟာ ခေတ်သစ် ဗုဒ္ဓပဲ။

မြန်မာ့ပရိတ်

စကားစမြည်ပြောဆိုပြီး ပရိတ်ရွတ် အစီအစဉ်စတယ်။ ပထမ ငါးပါးသီလပေး။ ပရိတ်ရွတ်။ ပရိတ်ရွတ်တော့ မြန်မာအသံနှင့် ရွတ်ပြလိုက်တယ်။ ဘန္တေသုဒဿနကတော့ ကုလားသံနဲ့ပေါ့။ ပရိတ်ရွတ်ပြီး တရားစကားအနည်းငယ်ပြောခိုင်းလို့ အိမ်ရဲ့အနေအထားကို ထည့်ပြော ဖြစ်တယ်။

''ဒီအိမ်ဟာ လူနေအိမ်နဲ့ မတူဘူး။ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ တူနေတယ်။ ဘုရားစင်ကို ကြည့်လိုက်တာနဲ့ ဒီအိမ်က လူတွေရဲ့ ဗုဒ္ဓအပေါ်ထားတဲ့ စိတ်ဓာတ်ကို ခန့်မှန်းလို့ ရတယ်။ ဗုဒ္ဓကို ဘယ်လောက်ချစ်တယ်၊ လေးစားတယ်ဆိုတာကို ဘုရားစင်က ပြောနေတာပဲ။

ဒီအလေ့အထဟာ မြန်မာနိုင်ငံက အလေ့အထနဲ့သွားတူနေတယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာ သာနိုင်ငံဖြစ်လေတော့ အိမ်တိုင်းမှာ ဘုရားစင်ရှိတယ်။ ပန်း ရေချမ်း ဆီမီး မပြတ်ပူဇော်ကြ တယ်။ အိမ်သစ်မဆောက်မီကတည်းက ဘုရားခန်းနေရာကို အလေးထား ကြိုတင် သတ်မှတ် ထားကြတယ်။ ဒီအိမ်ဟာ ဗုဒ္ဓရဲ့ ငြိမ်းချမ်းမှုဓာတ်ကို အရယူထားတာပဲ။ အမြဲတစေ ဗုဒ္ဓပုံ တော်ကို မြင်တွေ့နေရတဲ့အတွက်ကြောင့် ဗုဒ္ဓဆိုတဲ့ အသိဟာ အမြဲတစေ ကိန်းအောင်းနေမှာပဲ။ ဒါဟာ အချိန်တိုင်းမှာ တန်းဘိုးကြီးတဲ့ ဘ၀ကို ပိုင်ဆိုင်နေကြတာပဲ။ ဒီမိသားစုဟာ ဗုဒ္ဓနဲ့ အတူတကွ နေထိုင်နေတာပဲ။ ဗုဒ္ဓဟာ မိသားစုရဲ့ ဆရာပဲ၊ အစ်ကိုကြီးပဲ၊ မိတ် ဆွေကောင်းကြီးပဲ။ ''

ပရိတ်ရွတ်တုန်းက မြန်မာအသံနှင့် ရွတ်ပြလိုက်တာ သူတို့ သိပ်သဘောကျသွားတဲ့ပုံပဲ။ မြန်မာဘန္တေတွေကို ပင့်ပြီး အိမ်မှာ ပရိတ်ရွတ်ပွဲ လုပ်ချင် တယ်လို့ ပြောလာတယ်။ ဒီလတော့ မြန်မာဘန္တေတွေ ဗုဒ္ဓဂယာဘက် ဘုရားဖူးထွက် နေလို့ မဖြစ်နိုင်ဘူး။ နောက်လဆိုရင်တော့ ဖြစ်နိုင်လောက်ပါတယ် လို့ ပြောလိုက်တယ်။

နေ့ဆွမ်းဆက်ကပ်

နေ့ဆွမ်းကို စားပွဲကုလားထိုင်နှင့် ဆက်ကပ်တယ်။ ဒါလဲ တစ်မျိုးထူးနေတာပဲ။ ကုလားအိမ် အတော်များများ လိုက်စားဘူးတယ်။ ကျမ်းပြင်မှာ တန်းစီစားရတာချည်းပဲ။ ဒီအိမ်ကတော့ မြန်မာလို ဟန်ကျပန်ကျ စားပွဲခုံမြင့်နဲ့။

ကိုယ်ပိုင်စိတ်ကူးပါ

စားသောက်ပြီး သူတို့နေတဲ့ အိပ်ခန်းတွေကို လိုက်ပြတယ်။ တိုက်က အသစ်၊ ပစ္စည်းပစ္စယ တွေက အသစ်ဆိုတော့ လှချင်တိုင်း လှနေတာပေါ့။ အိပ်ခန်းတခါးမကို သေချာကြည့်မိတယ်။ မှန်ပန်းချီသွင်းထားတာပဲ။ ပုံက မြည်းလှည်းနှင့် လူနှစ်ယောက်။ ဘုရား အလောင်းတော် တောထွက်ခန်းဖြစ်နေတယ်။ အံ့စရာပါဘဲ။ ဘယ်လိုစိတ်ကူးနဲ့ အိပ်ခန်းတံခါးမှာ အလောင်း တော် တောထွက်ခန်းပုံ ထည့်ထားရတာလဲ။ ဒါလည်း ဗုဒ္ဓဘာသာစိတ်ကူးပဲလို့ တွေးမိတယ်။ ဧည့်ခန်းကို ပြန်လာတော့ နံရံတွေမှာ လိုက်ကာကပ်ထားသလို ပန်းချီဆေးချယ်ထားတယ်။ ဘန္တေသုဒဿန က ဒါဟာ မဏ္ဍပ သဘောပေါ့ လို့ ပြောတယ်။ ဟုတ်လိုက်လေ။ ဘုရားစင် ရှိတဲ့ ဧည့်ခန်းကို မဏ္ဍပ်ပုံစံမျိုးပေါ်အောင် လုပ်ထားတာပဲ။ ဧည့်ခန်းက ၂ခန်း။ ဘုရားခန်းရဲ့ တစ်ဖက်က အခန်းမှာ စက်ဝိုင်းပုံ၊ ခရုသင်း စတဲ့ပုံတွေနဲ့ အထက်နံရံမှာ ချယ်သ ထားတယ်။ ဒါတွေဟာ တိဘက်ဗုဒ္ဓဘာသာ မင်္ဂလာပုံတွေပေါ့ လို့ ဘန္တေသုဒဿန က ပြောပြန်တယ်။ အင်း ကောင်းတာပေါ့။ ထမင်း စားပွဲခုံရှည်ကြီးနားက နံရံမှာတော့ ကလေး များနဲ့ တရုပ်သူဋ္ဌေးကြီး ဦးတည်ပွားပုံ ဖန်ပန်းချီကားကြီး။ ဒါဟာ laughing Buddha ပဲလို့ ဘန္တေ သုဒဿန ပြောပြန်တယ်။ အင်း ငါသိ တယ်။ မြန်မာတွေက ဦးတည်ပွားလို့ခေါ်တယ်။ သူက happy Buddha ပေါ့လို့ ပြောလိုက်တယ်။

အိမ်ကို သိပ်သဘောကျသွားတယ်။ စိတ်ကူးအားလုံးဟာ ဗုဒ္ဓဘာသာစိတ်ဓာတ်ပေါ်မှာ တည်ဆောက်ထား တာပဲ။ အိမ်ရှင် ဒကာကြီးကို မေးကြည့်တယ်။

'' ဒီလိုအနေအထားမျိုးကို ဘယ်ကနေ ပုံတူယူထားတာလဲ ''

'' ဘယ်ကမှ ပုံတူမကူးပါဘူး၊ စိတ်ကူးထဲမှာ ပေါ်တဲ့အတိုင်း လုပ်ထားတာပါ။''

'' နို့ ဒကာရဲ့ ဧည့်သည်တွေ လာတဲ့အခါ သူတို့အနေနဲ့ အနှောက်အယှက်ကော မဖြစ်နိုင် ဘူးလား။''

''မဖြစ်ပါဘူး၊ ဖြစ်ရင်လည်း မတတ်နိုင်ဘူးလေ။ ဒါက ကိုယ့်အိမ် ကိုယ်စိတ်ကြိုက် ဖန်တီး နိုင်တာပဲ ဥစ္စာ။ ''

'' ဒကာတို့က အိမ်တစ်ခုလုံးကို ဘုရားသီတင်းသုံးဘို့ လှူထားတာပေါ့လေ'' လို့ပြောတော့ ဒကာကြီးက ပြုံးနေတယ်။ ဘန္တေ သုဒဿနက '' of course ! '' '' ဘာလို့ မဟုတ်ရမှာလဲ '' ဟု ၀င်ပြောလိုက်တယ်။

အိမ်ကအပြန် အမည်မသိ ခံစားချက်တစ်ခု ရင်တွင်းမှာ ငြိကပ်ပါလာတယ်။ ကုလားတိုင်း ကုလားလို မဟုတ်ပါလား။

0 comments:

Post a Comment