Sunday, July 24, 2011

ဆန်းဒေးစကူး (၃)

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က စပြီး ဆန်းဒေးစကူးလုပ်ဖြစ်တယ်။ ကျောင်းသားကတော့ တစ်ယောက်တည်းပါ။ သူက အမေရိကန် တက္ကစက်ပြည်သား။ ဒီမှာ ပီအိပ်ခ်ျဒီလုပ်နေတယ်။ အဆောင်မှာ နေတယ်။ အမည်က ဂျိန်းစ် တဲ့။ ဂျိန်းစ်ဘွန်းမင်းသားကို သိထားတော့ ခေါ်ရတာ လွယ်ပါတယ်။ သူက ခရစ်ယန် တရားဟော ဆရာ လည်း ဟုတ်တော့ ဘာသာရေးမှာ စိတ်ဝင်စားတာ မဆန်းဘူး။ ပြီးတော့ နိုင်ငံတကာ အတွေ့အကြုံလည်း ရှိတယ်။


ပြီးခဲ့တဲ့ (မနေ့က) ဆန်းဒေးမှာ အကြောင်းအရာ အတော်များများကို ဆွေးနွေးဖြစ်ကြတယ်။ အဲဒီဆွေးနွေးချက်ေ တွ ဖြေရှင်းချက်တွေကို အခြေခံထားပြီး ဒီပို့စ်လေးကို ရေးသွားမှာ ဖြစ်တယ်။ သင်ဘို့စီ စဉ်ထားတာက ဗုဒ္ဓဖလော်ဆိုဖီ၊ အဘိဓမ္မာ ဘာသာရပ်။ ဒါပေမယ့် သင်တန်း အခြေပျိုးတဲ့အနေနဲ့ ဆွေးနွေး မေးမြန်းမှုတွေ လုပ်နေကြတယ်။ မနေ့က သူစမေး တာက- စိတ်ဘယ်မှာ ရှိလဲ ဆိုတာပါပဲ။ သူက အဲဒါကို တိုက်ရိုက် မမေးဘူး။ ဥပမာလေးနဲ့ မေး တယ်။ ငါးနှစ်သား ကလေးတစ်ယောက်က စိတ်ဘယ်မှာ ရှိလဲလို့ မေးလာရင် ဘယ်လို အဖြေပေးရမလဲ တဲ့။ လိုရင်းက စိတ်ဘယ်မှာလဲ ဆိုတာပါဘဲ။ အဲဒီတော့ white book မှာ နာမ် နှင့်ရုပ် mind and matter ကို ရေးပြလိုက်တယ်။ ဒီ mind တွေက သိပ်မြန်တယ်။ တစ်စက္ကန့်အတွင်းမှာ မီလျံနှင့် ချီပြီဖြစ်ပျက်ကြတယ်။ ပုံစံ ဒြပ်မရှိဘူး။ ဒါကြောင့် မမြင်နိုင်ဘူး။ သူတို့က ရုပ်တွေပေါ်မှာ မှီတည်နေကြတယ်။ ဘယ်မှာ ဘယ်လို မှီတည်နေတယ်ဆိုတာကို ဒီစာအုပ်မှာ အသေးစိတ်ရှင်းပြထားတယ်။ တို့လေ့လာေ တာ့ တွေ့ ရလိမ့်မယ်။

တစ်ကမ္ဘာလုံးကို ချုပ်ကြည့်ရင် ရုပ်နဲ့နာမ် ၂ မျိုးကိုပဲတွေ့ရမယ်။ သက်ရှိနဲ့ သက်မဲ့ဆိုပါတော့။ တို့သက်ရှိတွေမှာ ရုပ်နဲ့နာမ် ၂ မျိုးလုံးရှိပြီး သစ်ပင်၊ တောတောင်၊ ရေ မြေ စတဲ့ သက်မဲ့ဝတ္ထု တွေမှာ ရုပ်သက် သက်သာဖြစ်တယ်။

တိရစ္ဆာန်တွေကော ။ (သူက မေးလာတယ်။)

အေးလေ တိရစ္ဆာန်တွေဆိုတာလည်း တို့လူသားတွေနဲ့ အတူတူုပဲပေါ့။ ရုပ် နာမ် ၂မျိုးပေါင်း စပ်ထားတဲ့ သက်ရှိတွေပဲ။ လူနဲ့ တိရစ္ဆာန် ဘာထူးလဲ။ သဘောတရား အခြေခံအားဖြင့် အတူ တူပဲ။ ပုံစံသာကွာသွားတာ။ သူတို့က အလျားလိုက် နေထိုင်သွားလာကြတယ်။ တို့က ဒေါင်လိုက် မတ်တပ်။ သူတို့လည်း စားကြ၊ အိပ်ကြ၊ ချစ်ကြ ကြိုက်ကြ၊ ရန်ဖြစ်ကြ။ တို့ လူသား တွေလည်း စားကြ၊ အိပ်ကြ၊ ချစ်ကြ၊ တိုက်ကြ ခိုက်ကြ၊ ဖိုက်ကြတာပဲ။ ဘာများ ထူးလို့လဲ။ ဆိုလိုတာက သူတို့လည်း ရုပ်နာမ်၊ တို့လည်း ရုပ်နာမ်၊ ရုပ်နာမ်ချင်း အတူတူပဲ ဆိုတာပါပဲ။ ဒါပေမယ့် ထူးတာကတော့ အရည်အသွေးပဲ။ တို့လူသားတွေက တီထွင်ကြံဆ လုပ်ကိုင်လာ လိုက်တာ တစ်ခြားကမ္ဘာ့ဂြိုဟ်ကိုတောင် ရောက်အောင် သွားနိုင်နေကြပြီ။ ဒါပေမယ့် တိရစ္ဆာန်ကမ္ဘာမှာ အခုချိန်အထိ အ၀တ်မ၀တ်တတ်သေးဘူး။ နေစရာ၊ စားစရာ မရှိကြသေး ဘူး။ တီထွင်ကြံဆမှုလည်း မရှိကြသေးတော့ သူတို့ဟာ အခုချိန်အထိ တောထဲက ထွက်မလာ နိုင်ကြသေးဘူး။ ဒါဟာ စိတ်ရဲ့ အရည်အသွေးတွေပဲ။ တို့လူသားတွေတောင် တစ်ယောက်နဲ့ တစ်ယောက် အရည်အချင်းချင်း မတူကြတာ အထင်အရှားပဲ။ ဥပမာ မင်းက ပီအိပ်ခ်ျဒီ ကျောင်းသား၊ ငါက အမ်အေ ကျောင်းသားဆိုတော့ အရည်အသွေးချင်း၊ အတွေ့အကြုံ ချင်းကွာတာပေါ့။ ဒီစိတ်တွေက မြစ်ရေထဲက ရေတွေလို အဆက်မပြတ် စီးဆင်းနေကြတယ်။ ဒါကို ဗုဒ္ဓက လွန်ခဲ့တဲ့ နှစ် ၂၅၀၀ လောက်ကတည်းက အခိုင်အမာပြောထားတယ်။ အနောက်တိုင်း ဒဿနိက ပညာရှင် အတော်များများကလည်း ဒါကိုပဲ အတည်ပြုပြောကြ တယ်။ ပြီးတော့ သိပ္ပံကလည်း ဒါကို လက်ခံတယ်။ စိတ်တွေက တစ်ခုပြီး တစ်ခု အဆက်မပြတ် သွားနေတယ်။ ဒါပေမယ့် ပုံစံမတူဘူး။ လုပ်ငန်းဆောင်ရွက်တာချင်း မတူဘူး။ တို့သက်ရှိတွေဖြစ်နေတဲ့ စိတ်အစဉ်ကို ဒီစာအုပ်မှာ အသေးစိတ်ပြထားတယ်။ အခု သဘောလောက် အရင်ပြောကြည့်မယ်။

ပ -စ -သမ် -သန်- ၀ု -ဇ-တ

ဒါဟာ တို့ဖြစ်နေတဲ့ စိတ်အစဉ်ပဲ။ မြတ်စွာဘုရားမှာလည်း ဒီစိတ်အစဉ်ပဲ။ တို့လည်း ဒီစိတ် အစဉ်ပဲ။ တိရစ္ဆာန်၊ လူသားတွေမှာ ဒီစိတ်ဖြစ်စဉ်တွေက အတူတူပဲ။ စိတ်အရည် အသွေးသာ ကွာခြားသွားတာ။ အေး ထူးခြားချက်ရှိတာကိုတော့ မြင်အောင် ကြည့်တတ်ရမယ်ပေါ့။

မင်းက ပြောတယ် လူတွေနဲ့ တိရစ္ဆာန်တွေဟာ ချစ်ခြင်း နဲ့ မုန်းခြင်းကြားမှာ ရှိနေတာခြင်း တူတယ်လို့ ပြောတယ်။ တစ်ခြား အနေအထားကော မရှိနိုင်ဘူးလား။

ဒါက တို့မှာ အဖြစ်များ တဲ့ ယေဘုယျ သဘောတရားကို ငါပြောတာပါ ။ တစ်ခြား စိတ်အခြေ အနေတွေ လည်း တို့မှာ ရှိပါတယ်။ ဥပမာ အခု တို့ သင်တန်းမှာ ပြောဆို ဆွေးနွေး နေကြတာ မျိုးပေါ့။ ချစ်ခြင်း(တပ်မက်ခြင်း) မရှိသလို မုန်းခြင်းလည်း မရှိဘူးလေ။ ဒါကို ဒီကျမ်း စာမှာ ကောင်းတဲ့ ကုသိုလ်စိတ်လို့ ခေါ်တယ်။ တို့စိတ်တွေကို ကောင်းမကောင်း နှစ်မျိုးခွဲလို့ ရတယ်။ မကောင်းတာတွေကတော့ တက်မက်ခြင်း(လောဘ)၊ မုန်းတီးခြင်း( ဒေါသ) နှင့် မသိနား မလည်ခြင်း(မောဟ) တို့ဖြစ်ကြတယ်။

စိတ်တွေကို ကောင်း မကောင်းခွဲတာဟာ ဟာသတစ်ခု ဖြစ်မနေဘူးလား။ ဥပမာ ကလေးတစ် ယောက် သူ့အမေနှင့် လမ်းလျှောက်ထွက်လာတယ်။ လူနှစ်ယောက်က လမ်းပေါ်မှာ စကားများပြီး ဖိုက်တင် ချနေကြတယ်။ ဒါကို အမေလုပ်သူက သူ့သားကို ပြောတယ်။ ငါ့သား ထိုးတာနှက်တာဟာ မကောင်းဘူးနော်။ အဲဒါမျိုး မလုပ်ရဘူး သိလား လို့ ပြောတယ်။ နောက်တစ်နေ့မှာ ကလေးက တရုပ်သိုင်းကားကို ကြည့်တယ်။ တရုပ် ရှောင်လင် ဘုန်းကြီးတွေက ဖိုက်တင်ချနေတာကို မြင်ပြီး ကလေးရဲ့အတွေးမှာ ဖိုက်တင်ချ တာ ကောင်းပါလားဆိုပြီး တွေးမိသွားပြန်တယ်။ ဒါကြောင့် ကောင်းမကောင်း ဆိုတာ ဘယ်လိုခွဲလို့ ရမလဲ။ ခွဲခြားရင် ရီစရာဖြစ်မနေဘူးလား။

ကောင်းမကောင်းဆိုတာ လူနဲ့မဆိုင်ဘူး။ action လုပ်ဆောင်မှုနဲ့ဆိုင်တယ်။ နောက်ပြီး attention စိတ်နေစိတ် ထားနဲ့လည်း ဆိုင်တယ်။ မင်းကို ငါလက်နဲ့ ရိုက်မယ်၊ ဒါ ကောင်းသလား မကောင်းဘူးလား။ ဒါပေမယ့် မင်းကို ငါခင်လို့ ရိုက်ပုတ်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ထားပါတော့ သတ်တဲ့ လှုပ်ရှားမှု၊ ခိုးတဲ့ လှုပ်ရှားမှု၊ လိမ်ညာတဲ့ လှုပ်ရှားမှုေ တွက ကောင်းသလား မကောင်းဘူးလား။

မကောင်းပါဘူး။

ဒါပေါ့။ ဒါဟာ သဘာဝတရားတစ်ခုပဲ။ ဘာသာရေး မဟုတ်ဘူး။ အချို့က သတ်တာကို ကောင်းတယ်ထင်ပြီး သတ်နေကြတာ တို့ကမ္ဘာကြီး ငြိမ်းချမ်းမှုတွေ ပျောက်နေတာ မင်း အသိပဲလေ။ ဒါကြောင့်မို့ လှုပ်ရှားမှု တိုင်းမှာ ကောင်း မကောင်း နှစ်မျိုးဆီ ရှိတာကို လက်သင့်ခံရမယ်။

မစ်စတာ ဂျိန်းစ်၊ ကောင်းကောင်း နားမလည်ရှာပါ။ ထို့ကြောင့် စာရေးသူရဲ့ အဖြေကို ဘ၀င်မကျနိုင်ရှာ။

ဒီမှာ ရဟန်းတစ်ရာ နေမယ်။ အစောင့်တစ်ယောက် ရှိတယ်။ လူသတ်သမားတစ်ယောက် လာပြီး ရဟန်းတွေကို သတ်မယ်။ ဒါပေမယ့် အစောင့်က အဲဒီ လူသတ်သမားကို သတ်ပစ် လိုက်တယ်။ ရဟန်းတစ်ရာ အန္တရာယ် ကင်းသွားတယ်။ အဲဒီ အစောင့်ရဲ့ သတ်ဖြတ်မှု ကို ကောင်းတယ်လို့ ပြောမလား၊ မကောင်းဘူးလို့ ပြောမလား။

ဒါက သတ်ဖြတ်ခြင်းဟာ မကောင်းတဲ့အလုပ်ပဲ ဆိုတဲ့ စကားကို ငြင်းဆန်တဲ့ သဘောနဲ့ ပြောလာတဲ့ စကားမှန်း သိသာတယ်။

မင်းက ကောင်းတယ်လို့ ပြောချင်တာလား။

ငါကတော့ သူ့ကို ဂုဏ်ပြုမှာပဲလေ။ သူကာကွယ်လိုက်လို့ ဒီရဟန်းတွေ မသေတာ။

ထားပါတော့။ ဒီအခြေအနေကို တို့ ဖြေးဖြေးချင်း ချဉ်းကပ် အဖြေရှာရအောင်။ သူ(အစောင့်) က ဒီလူသတ် သမားကို သတ်ချင်လို့ သတ်တာလား။ မသတ်ချင်ပဲနဲ့ (အခြေအနေ အရ) သတ်ရတာလား။ ဒါကို တို့ စဉ်းစားရ မယ်။ ငါထင်ပါတယ်။ ပထမ အဆင့်အနေနဲ့ ဒီလူကို သူ တားမယ်။ ဆီးမယ်၊ ဖမ်းမယ်။ ချုပ်မယ်ပေါ့။ မသတ်မိအောင် နည်းလမ်းတွေ အများ ကြီး ရွေးခဲ့လိမ့်ယ်။ (ရွေးရလိမ့်မယ်)။ သတ်တာဟာ နောက်ဆုံး (မဖြစ် သာတဲ့) အဆင့်ဆိုတာ တွေးလို့ ရပါတယ်။ ဒါဟာ ဘာလဲဆိုတော့ သတ်တဲ့ အမှုဆိုတာ တကယ့်ကို မကောင်းဘူး ဆိုတာ သိနေလို့ပဲ။ ဒါမှ မဟုတ် ဘေးက လူကလည်း ဒီလူကို လာသတ်မှာပေါ့။ ခုတော့ တာဝန် ရှိသူကသာ ပြုလုပ်သွားတယ်ဆိုတော့ လူမှုအသိုင်းအ၀ိုင်းမှာ သတ်တာကို အားမပေးဘူးဆို တာ ပေါ်လွင်ပါတယ်။

ဒီလူကို သတ်လိုက်တာ မကောင်းဘူးပေါ့။

သတ်တာ ကောင်းတယ်လို့ မင်း ဘယ်လို သက်သေပြနိုင်မှာလဲ။ ကောင်း မကောင်းဆိုတာ ပုဂ္ဂိုလ်နဲ့ မဆိုင်ဘူး။ သူ့ရဲ့အပြုအမူနဲ့ ဆိုင်တယ်။ ဒါကြောင့် သတ်တဲ့အမှုဟာ ဘယ်လိုပဲ တွက် တွက် မကောင်းတာကတော့ မကောင်းတာပါပဲ။ ကောင်းတယ်ဆိုရင် လူတိုင်း သတ်ဖြတ်နေ မှာပေါ့။ နောက်ပြီး ဒီလူဘက်က ကြည့်ရင်လည်း သူတာဝန်ကို သူဆောင်ရွက်သွားတာမို့ (မင်းတွေးသလို) အပြစ်ပြောစရာတော့ မဟုတ်ဘူး။ နောက်ပြီး တစ်ဖက်လူက ကာကွယ်ရင်း သေသွားတာလား။ အမှတ်တမဲ့ လက်လွန်သေသွားတာလား ဆိုတာတွေကလည်း ရှိသေး တယ်လေ။

မစ်စတာ ဂျိန်းစ်ကို ဒီထက်ပိုပြောလို့ မရတော့ဘူးဆိုတာ သိတယ်။ ဒီထက် လေးနက်တဲ့ ဗုဒ္ဓဘာသာရဲ့ သဘော တရားတွေကို ပြောနေလည်း နားလည်နိုင်တဲ့ အနေအထား သူ့မှာ ရှိမှာ မဟုတ်ဘူးဆိုတာ သိလိုက်တယ်။

0 comments:

Post a Comment