ဒီနေ့ မစ်စတာ ဆန်ဂျေး ဘာအကြိုက်တွေ့သွားသည် မသိ။ လမ်းတစ်လျှောက် မြန်မာ ဘန္တေတွေကို ချီးကျူးခန်း ဖွင့်နေတော့သည်။
အခု ငါ ဆို ဘယ်လောက် ကံကောင်းတဲ့လူလဲ။ ကြည့်စမ်း ဒီလို နက်နဲတဲ့သဘောတရားတွေ ကို မင်းဆီက တစ်ဆင့် သိခွင့် ရနေတယ်။ ဒါဟာ ငါ့ဘ၀မှာ သိပ်ထူးတဲ့ ကုသိုလ်ကံပဲလို့ ငါ တွေးတယ်။
++++++++++++++++++
အဘိဓမ္မာသင်တန်းပေးနေတာ အခုဆို သမုစ္စည်းပိုင်း ဗောဓိပက္ခိယသင်္ဂဟ အခန်းကို ရောက် နေပြီ။ မနေ့က ဒီအခန်းကို စကိုင်တော့ ဘန္တေ သုဒဿန နှင့် ဘန္တေ သုမေဓာတို့ လာ ထိုင်ကြတယ်။ နောက် ဘန္တေသုဂတ ပါ ဒကာတစ်ယောက်နဲ့ ရုတ်တရက် ကိစ္စတစ်ခုနဲ့ ရာက်လာပြီး သင်တန်းကိုလာထိုင်တာမို့ အဘိဓမ္မာ သင်တန်းလေးမှာ အမှတ်မထင် လူစုံသွားတယ်။ သူတို့က အိန္ဒိယနိုင်ငံသား ဘန္တေတွေဖြစ်ကြတယ်။ သုဒဿ နနှင့် သုမေဓာတို့က တက္ကသိုလ်ထဲက ဗုဒ္ဓ၀ိဟာရမှာနေကြပြီး သုဂတကတော့ မြို့ထဲ က ကျောင်းတစ်ကျောင်း မှာ နေတယ်။
ဗောဓိပက္ခိယ ဆိုတာ ဘာလဲဆိုတာနဲ့ စတယ်။ ပြီးတော့ ၀ိုင်း ဆွေးနွေးကြတယ်။ မစ်စတာ ဆန်းဂျေး က ဘိက္ခုနာဒရ ရဲ့ a manual of Abhidhamma စာအုပ်ကို ကိုင်ထားတယ်။ ဘန္တေသုမေဓာ ကတော့ ဒေါက်တာ မင်းတင်မွန်ရဲ့ the essence of Buddha abhiddhamma စာအုပ်။ စာရေးသူကတော့ ဘိက္ခုဗောဓိ ရဲ့ comprehensive manual of Abhiddhamma စာအုပ်။ ဗောဓိပက္ခိယ နဲ့ ပတ်သက်လို့ ဘာသာပြန်ချက်တွေ မတူကြဘူး။ ဘိက္ခုဗောဓိက requisites of Enlightenment, ဘိက္ခုနာဒရ က factors of Enlightenment, ဒေါက်တာ က Enlightenment-factors လို့ ဘာသာပြန်တယ်။ ဒါပေမယ့် အဓိပ္ပါယ်ကတော့ သဘောတရားတစ်ခုတည်းပါပဲ။ ရှင်းပြတဲ့အခါ စကား လုံး ဝေါဟာရ ရင်းမြစ်ကို ကိုင်ပြီး ပြောရတယ်။ ဗောဓိ ဆိုတာ သစ္စာလေးပါးကို သိတဲ့ဥာဏ်ကို ပြောတာပဲ။ အဲဒါကို အင်္ဂလိပ်က Enlightenment လို့ဆိုတယ်။ ပက္ခ ဆိုတာ အသင်းအပင်းကို ပြောတာပဲ။ ဘာသာပြန်ရင် party, friend, association ပေါ့၊ ဗောဓိပက္ခ -ဗောဓိ ဥာဏ်ရဲ့ အသင်း အပင်း၊ အဖွဲ့အစည်း၊ Enlightenment of association လို့ ပေါ့။ iya ဆိုတာကတော့ အဲဒီ ဗောဓိ အသင်း အဖွဲ့မှာ ပါဝင်တဲ့ (membership) တွေကို ပြောတာပဲ။ ဒီတော့ ဗောဓိပက္ခိ ယဆိုတာ ဗောဓိအစည်းအရုံးကြီးတစ်ခုကို ပြောတာပဲ။ Enlightenment of association or membe- rship ပေါ့။ အဖွဲ့ဝင်ပေါင်း ၃၇ ရှိတာကို နောက်တော့ စာရင်းနှင့် တကွ လာလိမ့်မယ်။ ဒီ ၃၇ ပါးကဗောဓိ အဖွဲ့အစည်းကြီးရဲ့ (requite) မရှိမဖြစ် တွေဖြစ်ကြတယ်။ (factor) အချက် အလက် တွေဖြစ်ကြတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့ကို ကျင့်ကြံအားထုတ်ပြီးမှ မဂ်ညဏ် (ဗောဓိ)ကို ရနိုင် လို့ဖြစ်တယ်။
နောက် သတိပဋ္ဌာန လေးပါးကို ဆွေးနွေးကြတယ်။ အဲဒါကို ဘာသာပြန်တာကတော့ foundations of mindfulness ပဲ။ ဒီပြန်ဆိုချက်ကို မြန်မာ ဆရာတွေ သိပ်ပြီး အကြိုက်မ တွေ့တဲ့အကြောင်း ပြောရတယ်။ သတိ က သတိ။ ပဋ္ဌာန က နေရာ။ ဒါကြောင့် ဒီပြန်ဆိုချက် ဟာ တိုက်ရိုက်မဟုတ်ဘူးလို့ သိရမယ်။ ဒါကို အနီးစပ်ဆုံး ဘာသာပြန်ကြည့်ရင် the place of mindfulness ပဲ။ ဒီနေရာမှာ ဌာနဆိုတာက ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မဆိုတဲ့ အာရုံပဲ။ ဒါကြောင့် the object of mindfulness ဆိုလဲ ဖြစ်ပါတယ်။ နောက်တစ်ခု က ပဋ္ဌာနဆိုတာ အာရုံထဲမှာ စွဲမြဲစွာ တည် နေခြင်းလို့ အဓိပ္ပါယ်ပဲ။ ဒီနေရာမှာ သတိ နဲ့ ပဋ္ဌာနက အဓိပ္ပါယ်တူ ဖြစ်သွားတယ်။ ဒါကို အဲဒီဘာသာပြန်ချက်က မမိပြန်ဘူး။ ဘယ်လို ဘာသာပြန်ရ မယ်ဆို တာကတော့ တို့က ပညာရှင်မဟုတ်တော့ ပြောရမှာ ခက်တယ်။ အာရုံထဲမှာ စွဲမြဲစွာ တည်နေ သော သတိ mindfulness that focus on the object in contemplation ဒီလိုပဲ အဓိပ္ပါယ် ပြောကြပါစို့။ သူတို့ အားလုံး မင်သက် နားထောင်နေကြတယ်။ အဲဒီမှာ အချိန်က နံက် ၁၀ နာရီ ကျော်သွားပြီမို့ သင်တန်းကို ရပ်နားလိုက်တယ်။ နက်ဖြန် တို့လာထိုင်ပါဦး မယ်လို့ ဘန္တေသုဒဿန က ပြောလာတယ်။ မယုံပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုပဲ ခဏ ခဏ ပြောပြီး မလာဘဲ နေလာတာ ကြာပြီပဲ။ ဒါတောင် စောစောရက် သူက ပြောသေးတယ် ထိုင်ဝမ် က မဟာယာန ဘုန်းကြီးတစ်ပါး သင်တန်းလာလိမ့်မယ် တဲ့။ နောက် ၂ -ရက်လောက်နေတဲ့အထိ ပေါ်မလာတော့ '' သူလဲ အိန္ဒိယ ဘန္တေတွေလိုပဲ just speaking သမားပဲ ထင်တယ်'' လို့ ခပ်ဆပ်ဆပ်လေး ပြောလိုက်မိ သေးတယ်။
ဒီနေ့ ထုံးစံအတိုင်း သင်တန်းမှာ မစ်စတာ ဆန်ဂျေး တစ်ယောက်ထဲပါပဲ။ သင်တန်းစတော့ ဗောဓိ ဆိုတာ ဘာလဲ ဆိုတာနဲ့ ပြန်စတယ်။ ဗောဓိ ဆိုတာ သစ္စာလေးပါးကို သိနားလည်ခြင်းပဲ လို့ မစ်စတာ ဆန်ဂျေး က ဖြေတယ်။ သိနားလည်တယ် ဆိုတာ ဘာလဲလို့ ထပ်မေးတော့ သူ မဖြေနိုင်တော့ဘူး။ ဒါပေါ့ မစ်စတာ ဆန်ဂျေး ဗောဓိ၊ ဗုဒ္ဓ ဆိုတာ သစ္စာလေးပါးတရား ကို သိနားလည်းခြင်းဆိုတာလောက်တော့ လူတိုင်း သိတာပေါ့။ အဘိဓမ္မာ အလိုအရ ဘာကို ယူရ မယ် ဆိုတာကျတော့ လူတိုင်း မသိတော့ဘူး မဟုတ်လား။ ဗောဓိ အရ ဘာကို ယူရမယ်လို့ မင်း ထင်သလဲ ကြိုးစားပြီး ပြောကြည့်ပါ။ '' အဲဒါ ပညာ ပေါ့။'' သူ မရဲတရဲ ပြောလာတယ်။ မှန်တာပေါ့ ပညာ ဆိုတော့ ဘယ်ပညာလဲ။ ကာမာဝရ ပညာလား၊ ရူပါဝစရ၊ အရူပါဝ စရ၊ လောကုတ္တရာ ဘယ် ပညာ ကိုယူရမလဲ။ လောကုတ္တရာ။ အင်း ဟုတ်တယ် သစ္စာလေးပါးကို တကယ် ထိုးထွင်း သိနိုင်တဲ့ မဂ်ဥာဏ်လေးပါးကို ဒီနေရာမှာ ဗောဓိ အရ ယူရမယ်။
မစ်စတာ ဆန်ဂျေး ဒါပဲ။ ဗောဓိ လို့ လူတိုင်း ပြောနေကြတယ်။ ဒါပေမယ့် ဗောဓိ ဆိုတာ ဘာလဲ လို့ ရေရေရာရာ မသိတဲ့ သူတွေက များတယ်။ မင်းလဲ အဲဒီအထဲမှာ တစ်ယောက် အပါအ၀င်ပဲ မဟုတ်လား။
မဂ်ဥာဏ်ဆိုတာ ဘာလဲ။ သောတာပတ္တိမဂ် ဆိုတာ ဘာလဲ ဆိုတာတွေက ထပ်မေးစရာ တွေပေါ့။
မစ်စတာ ဆန်ဂျေးကို (အတော်ညံ့တာပဲ ဆိုတဲ့ အဓိပ္ပါယ်နဲ့) တစ်ချက်ကြည့်လိုက်ပြီး မျက်နှာ ခပ်လွှဲလွှဲ ထား ပြောလိုက်တယ်။
ဒါပေါ့ မင်းတို့ အိန္ဒိယမှာ သာသနာပျောက်တာ။ အလွယ်လေး (မေး) ဝေဘန်ချင်ကြတယ်။ သိအောင် တော့ မလုပ်ချင်ကြဘူး။ အချက်အလက်တွေ သိမှ ဝေဘန် စဉ်းစားနိုင်မှာပေါ့။ အခု ဟာက ဘာမှလည်း သိအောင် မလုပ်ဘူး။ တွေ့ကရာ လျှောက် ဝေဘန်နေတော့ ဘာမှ အဖြေမပေါ်ပဲ ပိုမို ရှုပ်ထွေးကုန်တာပေါ့။ နောက်ပိုင်း ဗုဒ္ဓတရားတော်တွေက ခက်တယ်ကွာ ဆိုပြီး နှင်ထုတ် လိုက်ကြတာပဲ။
ဒါက မစ်စတာ ဆန်ဂျေးနှင့် စာရေးသူတို့ရဲ့ အချင်းချင်း ထိုးနှက်ချက်ပဲ။ အခွင့်သာရင် သာသလို သူကလဲ ခက်ရာခဲဆစ် မေးတာပဲ။ မဖြေနိုင်ရင် သူက အနိုင်ဆိုတဲ့ သဘော။ စာရေးသူကလည်း အခွင့်သင့်ရင် သင့်သလို အိန္ဒိယတွေရဲ့ အားနည်းချက်ကို ကိုင်ပြီး တူနဲ့ထု သလို နှက်တော့ တာပဲ။ အဲဒါ မခံနိုင်လို့ ဘန္တေသုဒဿနတို့ အတန်းမတက်ဘဲ ဝေးဝေးက ရှောင်နေတာပဲ ကြည့် တော့။
အဲဒီ လောကုတ္တရာ စိတ်အကြောင်းတွေ စိတ်ပိုင်းတုန်းက တို့ အသေးစိတ် ဆွေးနွေး ခဲ့ပြီးပြီ။ ပြန်ကြည့်ပေါ့။ နေရာတိုင်းမှာ ဆရာ မလိုက်နိုင်ဘူး။ ကိုယ်တိုင် အားထုတ်ဘို့လဲ လိုသေးတယ်။ အဲဒါတွေ ကမ္မဋ္ဌာန်းပိုင်းကျ တစ်ခါ တွေ့ပါလိမ့်ဦးမယ်။ အခု ဒီမယ် ဗောဓိအရ မဂ်ဥာဏ်လေး ပါးကို ကောက်ရမယ်။ ပက္ခိယ အရ သတိ ၀ီရိယ စတဲ့ ၃၇ ပါးကို ယူရမယ်။ အဲဒါတွေကို ယူတဲ့အခါ မဟာကုသိုလ်စိတ်၊ မဟာကြိယာ စိတ်၊ အပ္ပနာစိတ်တွေက ယူရမယ်။ တစ်ခြားက သတိ ၀ီရိယ စတာတွေကို ဒီနေရာမှာ မယူရဘူး။ ဒီ ဗောဓိဥာဏ်ကို ဖြစ်စေတဲ့ ဗောဓိဥာဏ်ရဲ့ အသင်းအပင်းတွေဟာ တကယ့် အထက်တန်းစား တွေ ပဲ ဖြစ်ရ မယ်။ ဒီဗောဓိ အဖွဲ့အစည်း ဟာ လောကမှာ အမြင့်ဆုံး အဖွဲ့အစည်းတစ်ခု ပဲ။
မစ်စတာ ဆန်ဂျေး ပြုံးလာတယ်။ ဗောဓိပက္ခိယ ဆိုတာ ဘာလဲ ဆိုတာကို သူကောင်းကောင်းကြီး သိသွား ပြီလေ။ တင်ပလ္လင်ခွေ ထိုင်နေရာက ဒူးတုပ်ထိုင်လာတယ်။ သူသိပ်သဘော တွေ့ သွားပြီဆိုတာ သိလိုက်တယ်။
သတိပဋ္ဌာန်လေးပါးကို သွားတယ်။ သတိကိုကောက်တယ်။ အဲဒီ သတိက မဟာကုသိုလ်၊ ကြိယာ၊ အပ္ပနာဇော စိတ်တွေနဲ့ယှဉ်တဲ့ သတိပဲ။
မစ်စတာ ဆန်ဂျေး မင်း နေ့တိုင်း တရားထိုင်နေတာ ဘာစိတ်ဖြစ်သလဲ
အပ္ပနာ။
အပ္ပနာ။ မင်း က ဈာန် မဂ်ရနေတဲ့သူလား။
အင် ကုသိုလ်။ မဟာကုသိုလ် စိတ် ဖြစ်တယ်။
ဒါပေါ့ တန်ရာတန်ရာ လုပ်စမ်းပါ
ဒီနေ့ တို့သင်တန်း နားကြစို့
+++++++++++++
အင်း ပြောရရင် ကျောင်းတော်က ဆရာ သမားတွေရဲ့ ကျေးဇူးပဲ။ ငါငယ်ငယ် စာသင်သား ဘ၀မှာ သူတို့က ငါ့ကို တုတ်နဲ့ ရိုက်နှက် သင်ပေးခဲ့ကြတယ်။ ငါ စာမရတဲ့ အခါမျိုးမှာ၊ ငါ စာကျက်ပြင်းလို့ အိပ်နေတဲ့အခါမျိုးတွေမှာ သူတို့ရဲ့ ရိုက်နှက် ဆုံးမခြင်းကို ခံခဲ့ရတယ်။ ငါ အခုလို ဒါတွေကို ကောင်း ကောင်း သိတာ၊ မင်းကို ပြောနိုင်တာ ဆရာသမားများရဲ့ ကျေးဇူးပဲ။ အထူး သဖြင့် ငါ့ကို ရိုက်နှက်ခဲ့တဲ့ တုတ်ကျေး ဇူးတွေပေါ့။
အဟင်း မာရတီမှာလဲ ဒီလို ပြောထားတာ ရှိတယ်။ ချဒိ လဂျီ ချမချမ်၊ ၀ိဒျ ယေဟိ ဂါမ ဂျာမ တဲ့ -ဆရာသည် တပည့်အား ပညာတတ်စေခြင်းငှါ တုတ်ဖြင့် ရိုက်၍ ဆုံးမ၏ တဲ့။
၂၈-၇-၂၀၁၁
1 comments:
ပြောချက်က တုတ်ချက်ထက်တောင် ပြင်းတဲ့ ပခုက္ကူက ဆရာကြီးကို သတိရမိသေးလားဗျ။
Post a Comment