Sunday, January 15, 2012

ဘွဲ့နှင်းသဘင် နှင့် ဆု

ယနေ့ ၁၄-၁-၂၀၁၂ ခုနှစ်၊ စနေနေ့။ 

ပူနေးတက္ကသိုလ်ရဲ့ (၁၀၄) ကြိမ်မြောက် ဘွဲ့နှင်း သဘင် အခမ်းအနားကို ပူနေးတက္ကသိုလ် main building အနီးမှာ မဏ္ဍပ်ကန္နား သုံးလေးခုထိုးပြီး နံက် (၁၁) နာရီအချိန်က စတင်လို့ ဆင်ယင်ကျင်းပခဲ့တယ်။ ဒီတက္ကသိုလ်မှာ တစ်နှစ်တစ်ခါ ကျင်းပတဲ့ ကျောင်းသားဘွဲ့နှင်းသဘင်တွေကို လဟာပြင်မှာ တဲ(မဏ္ဍပ်) ထိုးကျင်းပ လေ့ရှိတာကို တွေ့ရတယ်။ ဒီက တက္ကသိုလ်တွေမှာ မြန်မာနိုင်ငံက တက္ကသိုလ်များလို ခမ်းနား ထည်ဝါတဲ့ ဘွဲ့နှင်းသဘင် ခမ်းမဆောင်ဆိုတာမျိုးကို မတွေ့မိဘူး။ ဘာလို့ ဘွဲ့နှင်းသဘင် မဆောက်ကြတာလဲ။ မလိုအပ် လို့ဖြစ်ပါလိမ့်မယ်။ ကျောင်းသားအင်မတန်များတာကြောင့် ဘယ်လောက်ကြီးကြီး သေးနေမှာမို့ မဆောက်တာပဲဖြစ်မယ်လို့ တွေးမိတယ်။ ဒီထက်ကြီးတဲ့ အခမ်းအနားမျိုးတွေ ဆိုရင်တော့ အားကစားကွင်းလို နေရာမျိုးတွေရှိတယ်လေ။ ဒီမှာက တက္ကသိုလ်ရဲ့ တကယ့်ကြီးကြီးကျယ်ကျယ် အဆောက်အအုံတွေဆိုတာ စာကြည့်တိုက်တွေ၊ ပြတိုက်တွေပဲ ဖြစ်တယ်။ စာကြည့်တိုက်ဆိုတာ ကျောင်းသားများအတွက် မရှိ မဖြစ်လို အပ်တဲ့ အရာဖြစ်တယ်။ စာကြည့်တိုက်က တက္ကသိုလ်ကျောင်းသားများရဲ့ ပညာသိုက်ဖြစ်သလို နားနေ ဆောင် တစ်ခုလည်းဟုတ်တယ်။ စာကြည့်တိုက်မှာ ကျောင်းသားများအတွက် (၂၄) နာရီ စာကြည့် စာဖတ်နိုင်အောင် စီစဉ်ပေးထားတဲ့ စာကြည့်ဆောင်တွေရှိတယ်။ အဲဒီစာကြည့်ဆောင်မှာ စာကြည့် ချင်ကြည့်၊ တရေးတမော ခေါင်းငိုက်စိုက်ချပြီး အိပ်ချင်အိပ်ပေါ့။ အဆောင်ဆိုတာ ရေချိုးချိန်နဲ့ ညအိပ်စက် ချိန်လောက်သာ ပြန်ကြတာကလား။ စကားစပ်လို့ ပြောရဦးမယ်။ အိန္ဒိယကျောင်းသားတွေမှာ စာအုပ်ကိုင် တာ(၀ယ်တာ) မတွေ့ရဘူး။ ဘာသာရပ်အားလုံးကို စာကြည့်တိုက်က၊ အင်တာနက်ကရှာကြ ဖွေကြ၊ ကူးကြ၊ ရေးကြတာပဲ။ ဒါကြောင့် ကျောင်းသားများဟာ စာကြည့်တိုက်မှာပဲ အချိန်ကုန်တာကို တွေ့ရတယ်။ တက္ကသိုလ်မှာ အဓိကပင်မ စာကြည့်တိုက်ကြီးရှိသလို ဌာနတိုင်းမှာလည်း စာကြည့်တိုက်တွေ ကိုယ်စီရှိကြ တယ်။ ဒီက ပညာရေးစနစ်က စာကြည့်တိုက် အသုံးချ ပညာရေးစနစ်လို့ပြောလို့ရတာပေါ့။ ဘွဲ့နှင်း သဘင် အကြောင်း ဆက်ကြဦးစို့။ ဘွဲ့နှင်းသဘင်ဆိုလို့ ကျောင်းသူ ကျောင်းသား၊ ဆရာ ဆရာမတွေက မိတ်ကပ် တွေ ကာချယ်တွေနဲ့   ဘွဲ့ဝတ်စုံတွေ ဘာတွေနဲ့  မီးစလိုက်တွေ ကင်မရာတွေနဲ့  စတိတ်စင်ပေါ် တက်ပြီး ဆရာ ပါမောက္ခများ ကိုယ်တိုင်ပေးအပ် ချီးမြှင့်တဲ့ ဘွဲ့လက်မှတ်ကို ဟန်ပါပါ ယူရလိမ့်မယ်လို့တော့ မထင်လိုက်နဲ့နော်။ အွန်လိုင်းက ရောက်လာတဲ့ ဖိတ်စာ၊ ဖြတ်ပိုင်းလေးကို ယူပြီး ဆိုင်ရာ ဘာသာရပ် အလိုက် နံပတ်စဉ်ပြထားတဲ့ ၀ါးလုံးတန်းများကြားမှာ တန်းစီ၊  လက်မှတ်ပေးအဖွဲ့ကို နံပတ်ပြလိုက်တာနဲ့ ဘွဲ့လက် မှတ်ရတော့တာပါဘဲ။ ဘွဲ့လက်မှတ်ရတာနဲ့ အောင်မြင်သူအဖြစ် လက်မှတ်ကို မြှောက်ကိုင်ပြီး လူအုပ်ကြား က ပြန်လည်တိုးထွက်လာခဲ့ရုံပါပဲ။ ပြီးတော့ သူငယ်ချင်းများနဲ့ ဓာတ်ပုံရိုက်ချင်ရိုက်ပေါ့။ ဒီလောက်များတဲ့ လူတွေကို တစ်ယောက်ချင်း အခန်းအနားနဲ့ ခေါ်ပေးနေရရင်လည်း တစ်ပတ်၊ ၂ ပတ်လောက် အချိန်ပေး ရလိမ့်မယ်လို့ သူငယ်ချင်းကထင်ကြေးပေးတယ်။ ဒီရောက်ကာမှ ကိုယ့်နိုင်ငံရဲ့ အဆင့်မြင့်မား ခမ်းနား ထည်ဝါမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာမိတော့တယ်။ အမိမြန်မာပြည်မှာဆို ဒီလို ပွဲသဘင်တွေကို မိသားစုစုံလင်စွာနဲ့ မင်းသား မင်းသမီးများလို အလှပဆုံး ခြယ်သ၀တ်ဆင်မှုတွေနဲ့ အဆောင် အယောင် အပြင်အဆင် ခမ်းနားထည်ဝါစွာနဲ့ ဘ၀တစ်သက်မှာ မေ့မရလောက်အောင်  တလေးတစား အားပါးတရ အရေးတယူ ဂုဏ်ယူ လုပ်ဆောင်လေ့ရှိကြတယ်။  ဒီမှာတော့ ဒီနေ့လို အခမ်းအနားမှာတောင် နေ့စဉ် ကျောင်းတက်လာတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုထက်  မပိုတဲ့ အသွင်အပြင်များနဲ့ ပေါ့။ နေရာလည်းမပေးနိုင်သလို တလေးတစား ဂုဏ်ပြုမှတ်တမ်းတင်ခြင်းမျိုးတွေကိုလည်း ပြုလုပ် မပေးနိုင်ပါဘူး။ ပိုတာတွေ လိုတာတွေ အသာထားလို့ ရွှေမြန်မာတို့ရဲ့ ကြီးကျယ်ခမ်းနားမှုကတော့ ကမ္ဘာတစ်လွှားမှာ ပြိုင်စံရှားတယ်လို့ပဲ ပြောပါရစေတော့။  ဒီမှာ ဘွဲ့လက်မှတ်ကို ယူတဲ့ နေရာမှာ ကိုယ်တိုင် တက်ရောက် ယူခြင်း၊ အဝေးရောက်ယူခြင်းဆိုပြီး ၂ မျိုးခွဲထားတယ်။ ၂ မျိုးစလုံးက အမည်သာကွဲပြီး ဘာမျှထူးခြားခြင်း မရှိပါဘူး။ အခမ်းအနားကျင်းပတဲ့နေ့မှာ ယူခြင်းနဲ့ အခမ်းအနားပြီး နောက်နေ့များမှာ ထုတ်ယူခြင်းပါပဲ။ အခြားသူငယ်ချင်းတွေက နောက်ရက်မှထုတ်ယူဘို့ စီစဉ်ထားပေမယ့် စာရေးသူကတော့ အတွေ့အကြုံရှိ အောင်ဆိုပြီး ဒီနေ့မှာပဲ သွားရောက် ထုတ်ယူလိုက်တယ်။ ရောင်စုံကာလာ(ကုလား) တွေကြားမှာ သင်္ကန်းဝတ်တစ်ပါး တိုးဝှေ့လက်မှတ်ထုတ်နေတာဆိုတော့ အထူးအဆန်းဖြစ်နေတာပေါ့။ လက်မှတ်ရပြီး တော့ အခြားလက်မှတ်ပေး ဌာနများဘက်ကိုလည်း လျှောက်ကြည့်လိုက်သေးတယ်။ အခမ်း အနားကျင်း ပရာ တက္ကသိုလ်လမ်းတစ်လျှောက်မှာ သွားကြလာကြ၊ တိုးကြဝှေ့ကြ၊ အော်ကျ ဟစ်ကြ၊  ဆူညံ ပွက်လော ရိုက်နေတာပါပဲ။ Main Building ရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်တယ်။ (ကိုယ်ကပဲ ချောလို့ လားမ သိဘူး) ဓာတ်ပုံ အတူတွဲရိုက်လိုတဲ့ သူတွေကလည်း မနဲဘူး။ ဒီဘွဲ့အတွက် အိန္ဒိယကို လာပြီး ၂ နှစ်တာ ကြိုးစားခဲ့ရတာ လူလည်း အတော်လေး နွမ်းသွားတယ်။ ဘာဖြစ်လို့လဲမသိဘူး ဒီဘွဲ့ရတာ ငယ်စဉ် ကာလ မူလတန်းစာမေးပွဲ အောင်တုန်းကလောက် အရသာရှိရှိ မပျော်ပိုက်မိတာအမှန်။ အင်း.. အသက်က စကား ပြောပြီးထင်ပါရဲ့…။ 

` ဒီမှာ မနက်က ဦးကောဝိဒ ဒကာကြီး မိသားစု လှူသွားတဲ့ ၀တ္ထုငွေ (၁၀၀၀)’

ဦးဇ၀န အခန်းထဲဝင်လာပြီး ရူပီးငွေ (၁၀၀၀) လာပေးတယ်။ အင်တာနက်ကြေး (၂၅၀) နှုတ်လိုက်တော့ (၇၅၀) ပဲရတော့တယ်။ ဟုတ်တယ် နံက်က ဘုံဘေတက္ကသိုလ်မှာ ဒေါက်တာဘွဲ့လုပ်နေတဲ့ သီတဂူစတား လို့ နာမည်ကျော်တဲ့ ဦးကောဝိဒသီရိနှင့် သူရဲ့ ဒကာကြီးများမိသားစု ပူနေးကို sightseeing ထွက်လာရင်း ကျောင်းသားဆောင်ကိုလာပြီး မြန်မာရဟန်းတော် (၁၀) ပါးအတွက် ရူးပီးငွေ တစ်သောင်းကျပ် လှူဒါန်း သွားတယ်။ အဆောင်ကို ရောက်ရောက်ချင်း ဒကာမကြီးက  သူသိဘူးတဲ့ ဦးဇင်းတစ်ပါးအထင်နဲ့ ‘ ဦးဇင်းက စကားဝဲတယ်နော်’ လို့မေးလာတယ်။ ‘ မ၀ဲပါဘူး၊ ကျုပ်က ရွှေဘိုသားပဲ အုတ်စာ’  လို့ချက်ချင်းပဲ ပြန်ဖြေ လိုက်တယ်။ အားတော့နာပါရဲ့ မြန်မာသွေးစစ်ပုံကို အထင်းသားသိစေချင်တဲ့သဘောနဲ့ ဇာတိကို ထည့်ပြော လိုက်ရတာပါ။ အလှူရှင် ဒကာကြီးမိသားစုက ရန်ကုန်ကဖြစ်ပြီး လေကြောင်း အင်ဂျင်နီယာတာဝန်နဲ့ အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှာနေကြတယ်လို့သိရတယ်။ မြန်မာပီပီ ရတနာသုံးပါးနဲ့ကင်းပြီး မနေတတ်ကြောင့် ဘုန်းကြီး သံဃာတွေရှိတဲ့ နေရာတွေကို အရောက်သွားပြီး လိုအပ်ရာရာတွေကို အထောက်အပံ့ပြုပေးနေတဲ့ တကယ့် စေတနာရှင် မိသားစုဖြစ်တယ်ဆိုတာကို စတားရဲ့ website ကို ကြည့်ရင်သိလိမ့်မယ်။ နတ်တမာန် စေညွှန်းလိုက်လေရော့သလားမသိ။ ဘွဲ့နှင်းသဘင် ကျင်းပတဲ့နေ့မှာ ဒီအလှူရှင်မိသားစု ပူနေးကိုအရောက် လာပြီး ဘွဲ့ယူမြန်မာရဟန်းတော်များအား ဆုတော်ငွေလှူဒါန်းသလိုဖြစ်နေတယ်။ ဘာပဲဖြစ်နေနေ စာရေး သူကတော့ ဒီနေ့ ရလာတဲ့ငွေ (၁၀၀၀) ကို စာမေးပွဲအောင်လို့ ရတဲ့ ဆုအဖြစ် မှတ်ယူလိုက်ပါတယ်။ အလှူရှင်မိသားစု ဘေးဘယာ ဝေးကွာပါစေ ။

0 comments:

Post a Comment