ဦးချိုလေးတို့ ဇနီးမောင်နှံ နှစ်ဦးသည် စာရေးသူအား ပထမဂန္ဓာရုံကျောင်းသို့
ကားဖြင့် လိုက်ပို့ပေးပြီး မန္တလေးသို့ ပြန်သွားကြသည်။ စာရေးသူသည် ပထမဂန္ဓာရုံ ဆရာတော်အား
ကန်တော့ နှုတ်ဆက်စကား ပြောဆိုသည်။ ထို့နောက် ကျောင်း တိုက်များကို လှည့်လည်ကြည့်ရှုပြီး
အရှင်ဥဇ္ဖောတ၊ အရှင်စက္ကိန္ဒတို့နှင့်တွေ့ရန် အပေါ်ထပ်သို့ တက်ခဲ့သည်။ စာရေးသူသည် ငယ်စဉ်ဘ၀က
စာပေသင်ကြား ပျော်မွေ့ခဲ့ရာနေရာများကို ကြည့်၍ ငယ်စဉ်ဘ၀ပုံရိပ်များကို ပြန်လည် လွမ်းဆွတ်
တသ နေမိသည်။ မှန်ပါသည်။ ဤကျောင်းတိုက်ကြီးသည် စာရေးသူ ငယ်စဉ်ကာလ အကလေးဘ၀ (၁၀ နှစ်သားအရွယ်
ကျောင်းသားဘ၀) ကတည်းက စတင် အခြေချခဲ့ရာ၊ ရှင်သာမဏေပြုခဲ့ရာ၊ မြင့်မြတ်သော ရဟန်းဘ၀ကို
ရောက်ခဲ့ရာ ကျောင်းတိုက်ကြီးဖြစ်သည်။ ထိုစဉ်က
စာရေးသူ၏ ဖခင်ကြီးသည် စာရေးသူအား စာရေးသူ၏ ဦးရီးတော်စပ်သူ၊ ဤကျောင်းတိုက်ကြီး၏ အဓိပတိ၊
ရွှေကျင်ဂိုဏ်း တွဲဘက်သာသနာပိုင် ဆရာတော်ကြီးထံ အပ်နှံခဲ့လေသည်။ စာရေးသူသည် ဤကျောင်းတိုက်ကြီးတွင်
အသက် ၁၀ နှစ်သားအရွယ်မှ ရဟန်း လေးဝါအထိ နေထိုင် ပညာသင်ကြားပြီးနောက် ကျမ်းကြီးဖောက်
စာသင်ရန်အတွက် ပခုက္ကူမြို့သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ စာရေးသူ ရဟန်း ၁၅ ၀ါအရတွင်
ဦးရီးတော်တစ် ဘ၀လွန်တော်မူပြီးနောက် တပည့်ကြီးဖြစ်သူ ယခုလက်ရှိ (ဒွိပိဋက) ဆရာတော်က
ကျောင်းတိုက်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ယခုလက်ရှိ ဆရာတော် လက်ထက်တွင် ကျောင်းတိုက်ကြီး
တစ်ခုလုံးသည် အစစ အရာရာ ပြောင်းလဲသွားခဲ့သည်။ အဟောင်းအဟောင်းတို့ နေရာတွင် အသစ်အသစ်တို့ဖြင့်
အစားထိုး တည်ဆောက်ထားသည်ကို တွေ့ရသည်။ ကျောင်းတွင် စာရေးသူတို့လက်ထက်က အတူနေ သူငယ်ချင်း
အသိမိတ်ဆွေဟူ၍ အရှင်တို့ ၂ ပါးသာ ရှိတော့သည်။ ကျန် စာသင်သားများကို စာရေးသူက မသိသလို
သူတို့ကလည်း စာရေးသူအား သိနိုင်မည်မဟုတ်ပါ။ အရှင်ဥဇ္ဖောတသည် စာရေးသူနှင့် တစ်နယ်တည်းသား
ဖြစ်သည်။ အစိုးရ စာချတန်းအောင်။ ၀ိနည်းလေးစောင်ပြန်၊
စာချဆရာ တစ်ပါးဖြစ် သည်။ ၀ိနည်းကို လေးစား တန်ဘိုးထားသူဖြစ်သည်။ ဆရာ့ လက်ငုတ်ဖြစ်သော
(အထက်) ယမိုက် ပို့ချစဉ် စာအုပ်ကို စာအုပ်အဖြစ်ရောက် အောင် စွမ်းဆောင်ခဲ့သည်။ အောက် ယမိုက်နှင့် ပဋ္ဌာန်းပို့ချစဉ်တို့ကိုလည်း
ရေးသားရန် စီစဉ်နေကြောင်း ပြောသည်။ စာရေးသူ တစ်ချိန်က စာအုပ်ဖြစ်ရန် ရည်ရွယ်ခဲ့ဘူးသော
လုပ်ငန်းတစ် ရပ်ကို နောင်တော် တစ်ပါးက ယခုလို အောင်မြင်စွာ လုပ်နိုင်ခဲ့သဖြင့် ၀မ်းသာ
ချီးကျူးမိသည်။ အရှင်စက္ကိန္ဒသည် စာရေးသူထက် တစ်ဝါကြီးသည်။ ၀ိနည်းတရား လွန်စွာ လေးစားသည်။ ငယ်စဉ်မှစ၍ နိဿဂ္ဂိ မထိုက်အောင်နေခဲ့သည်။ လုံ့လ၀ီရိယထက်သန်သည်။ ငယ်စဉ်က နားကို
ဂွမ်းစို့ပိတ်၍ လိုက်ဂူတွင်း တစ်ပါးတည်းနေကာ တနေကုန်စာပေ ကျက်မှတ်လေ့ရှိသည်။ ပရိယတ်ထက်
ပဋိပတ်ကို ပိုမိုစိတ်ဝင်စားသည်။ ဆရာ တော်ကြီးရှိစဉ်က (ဦးဌေးလှိုင်ရေး ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ
စာအုပ်ဖတ်၍ စွန်းလွန်း ဆရာတော်ကို အားကျကာ) တောထွက်၍ ရဟန်းတရား အားထုတ်လိုပါသည်ဟု လျှောက်ထား၍
မြင်းခြံနယ်သို့ ခြေလျင်ကြွ၍ တရားအားထုတ်ဘူးသည်။ (စကားချပ်။ ထိုအချိန်က စာရေးသူအား
လိုက်ပါခဲ့ရန်ခေါ်သော်လည်း စာရေးသူက စာသင် ချင်သေးသည်ဟု အကြောင်းပြကာ မလိုက်ပါဖြစ်ခဲ့) အရှင်သည် အထက် ထီးချိုင့်နယ်မှဖြစ်သည်။ ထိုညက အရှင်တို့
၂ ပါးနှင့် စကားစမြည် များစွာပြောဖြစ်သည်။ ပထမဂန္ဓာရုံကျောင်းက အပြန် ဇေယျာဝံသ ကျောင်းသို့လာခဲ့သည်။
ဇေယျာဝံသ ကျောင်းကား စာရေးသူ၏ နောင်တော် သီတင်းသုံးရာ ကျောင်းတိုက်ဖြစ်သည်။ နောင်တော်သည်
ပထမဂန္ဓာရုံ ကျောင်းတိုက်ထွက်ဖြစ်သည်။ ဆရာတော်ကြီး လွန်တော်မူမှ ကျောင်းထိုင်ခဲ့ခြင်းဖြစ်သည်။ ဆရာတော်အား ကန်တော့တော့ ‘’ နေပြည်တော် နန်းဦးအောင် ကျောင်းတိုက်ကို ပညာသင်က အပြန်
နေထိုင် သာသနာပြုနိုင်ရန် စီစဉ်ထားကြောင်းနှင့်
ပြည်ပတွင် ရဟန်း သညာမပျောက် နေထိုင်ရန်’’ မိန့်သည်။
(၉-၁၁-၁၁) နောက်တစ်နေ့ နံက်တွင် အောင်မြေဦး ဘကကျောင်း ဘုန်းကြီးနှင့်
အတူ အမေရိကန်ချောင်သို့ အာရုံဘုဉ်းပေးသွားကြသည်။ ထိုချောင်မှ ဆရာလေးက အစိုးရ စာချတန်း
အောင်မြင်သဖြင့် ကုသိုလ်လုပ်ခြင်းဖြစ်သည်။ ချောင်အမည်မှာ အခြား အမည်ဖြစ်သော်လည်း ချောင်ပိုင်
ဆရာကြီးသည် အမေရိကန်တွင် နေထိုင် သာသနာပြုသဖြင့် အမေရိကန်ချောင် ဟု ခေါ်ကြခြင်းဖြစ်သည်။
အာရုံဘုဉ်းပြီး နောက် ဆရာလေးတို့ ညီအစ်မ ၂ ယောက်နှင့် စကား စမြည်ပြောကြသည်။ နေ့လည်ပိုင်းတွင် မြို့ထဲသို့ သွား၍ ရန်ကုန်သွား မြတ်မန္တလာထွန်း ကား လက်မှတ်ဖြတ်သည်။ ၁၁-ရက်နေ့ ညနေ ၈-နာရီကား။ မန္တလေး ကျွဲဆည်ကန် အဝေးပြေးကားဂိတ်မှ
စီးမည်ဖြစ်သည်။ ကားလက်မှတ် ၂ စောင် ၂၂၀၀၀။ ခုံနံပတ် -၄၃။၄၄။ ဦးဗာကုလကို ရန်ကုန် လိုက်ခဲ့ရန်ခေါ်ထားသည်။ ညနေပိုင်းတွင် ဦးဗာကုလ သီတဂူသို့ ရောက်လာခဲ့သည်။
ညနေပိုင်းမှာပင် မင်္ဂလာသိရိန် ဆရာတော်၊ ဇေယျာသိရိန် ဆရာတော်တို့အား
ကန်တော့ရန်အတွက် ဦးဗာကုလနှင့်အတူ ထွက်ခဲ့သည်။ ပထမဦးစွာ မင်္ဂလာသိရိန် ဆရာတော်ကြီးအား
ကန်တော့ကြသည်။ ဆရာတော်သည် လေဖြတ်ထားသဖြင့် စကားပီသစွာ မပြောနိုင်၊ လက်တွန်း ကုလားထိုင်ဖြင့်
သွားလာရသည်။ ထိုအခြေ အနေကို စာရေးသူက သိမထားပါ။
စာရေးသူ အနီးကပ် ကန်တော့သောအခါ စာရေးသူ မျက်နှာကို လက်ဖြင့်ကိုင်ကြည့်၍ ဦးကုသလ
လား၊ ၀လို့ပါလား ဟု မိန့်သည်။ ဘယ်မှ မသွားနဲ့ ဒီမှာနေ ဟုလည်း ပီသစွာ မိန့်သည်။ စာရေးသူက
လာရင်းကိစ္စသိစေရန် ဆရာတော်အား လျှောက်ထားလိုက်သည်။ တပည့်တော် အိန္ဒိယကို ပြန်သွားရဦးမယ်
ဘုရား။ စာရေးသူ စကားဆုံးသည်နှင့် ဆရာတော်သည် ခေါင်းငိုက်စိုက် ကျကာ သူ၏ လက်နှစ်ဖက်ဖြင့်သူ၏
ရင်ဖတ်ကို အုပ်လိုက်သည်။ ထိုနောက် အိပ်ရာထက်တွင် လျောင်းစက်လိုရိပ်ပြသည်။ ထိုအခါ ရောက်ကာမှ
စာရေးသူသည် စကားကို မဆင်မခြင် ဆိုမိသည် ဟု ကိုယ့်ကိုယ်ကို နောင်တရသွားသည်။ အိန္ဒိယသို့
ခေတ္တသာ သွားမည်ဖြစ်ကြောင်း ပြန် လည် လျှောက်ထား ရသည်။ သို့သော် ဆရာတော်ထံမှ စကားတုံ့ပြန်
မလာတော့ပါ။ ထိုညက ဆရာတော် ထံပါးမှ ဆရာတော် အိပ်စက်ချိန် ည ၇ နာရီခွဲကျော်မှ ပြန်လာခဲ့သည်။
ဆရာတော် ထံပါးမှ ထွက်ခွာလာခဲ့ပြီး ဇေယျာသိရိန် ဆရာတော်ထံ သွားရောက် ကန်တော့သည်။ ထိုဆရာတော်များသည်
ပထမဂန္ဓာရုံဆရာတော်ကြီး၏ တပည့်ကြီးများဖြစ်ပြီး စာရေးသူ ပညာရင်နို့ သောက်စို့ခဲ့ရာ ငယ်ဆရာ အရင်းအချာများဖြစ်ကြသည်။
၁၀-၁၀-၁၁။ နေ့ နံက်တွင် သီတဂူ ဆေးရုံသို့သွားပြီး ဆေးစစ်သည်။
သွေး၊ ဆီး၊ နှလုံး အားလုံး ကောင်းပါသည်ဟု အဖြေထွက်လာသည်။ ဦးချစ်ထွန်းလည်း အထူးကု ဆရာဝန်နှင့်
ပြသသည်။ သူ့အား အားဆေးတစ်ဘူးနှင့် ငွေနှစ်သောင်း ပေးပြီး ကျန်းမာရေးနှင့် ပတ်သက်သမျှ
အားလုံးစစ်ဆေးပြီးမှ ပြန်ရန်ပြောရသည်။ သူသည် နှလုံးမြန်ခြင်းအပြင် သွားများလည်း မကောင်းဖြစ်နေသဖြင့်
သွားဆရာအားလည်း ပြသွားရန်မှာကြားရ၏။ ထိုနေ့က ဇေယျာကွက်သစ်ရပ် သိန်းထိုက် အောင် အိမ်တွင်
နေ့ဆွမ်းစားသည်။ နေ့ ၁၀ ခွဲလောက်တွင် ကားဖြင့် လာပင့်၏။ အိန္ဒိယသို့ ယူမည့်
အကြော်အလှော်များကို ထုပ်ပိုးပြင်ဆင်ပေးသည်။ ပညာသင်စရိတ် ငွေငါးသိန်းကိုလည်း လှူဒါန်းသည်။ လိုအပ်လျှင်လည်း မှာကြား လိုက်ရန် ပြောကြားသည်။
ဆွမ်းစားပြီး သီတဂူသို့ ပြန်၊ နေ့လည် ၁ နာရီလောက်တွင် ကိုထွန်းတင့်၊ ကိုချစ်စံတို့
ကားဖြင့် လာခေါ်ပြီး မန္တလေးသို့ ထွက်ခဲ့ကြသည်။ အိန္ဒိယသံရုံးတွင် ဗီဇာယူ။ ထို့နောက်
ကျုံးအနောက်မြောက် နန်းတွင်း သမားတော် ဆေးတိုက်သို့ ထွက်ခဲ့ကြသည်။ စာရေးသူနှင့် ဦးဗာကုလကို
နန်းတွင်း ဆေးတိုက်တွင် ထားခဲ့ပြီး ကိုထွန်းတင့်တို့ စစ်ကိုင်းသို့ ပြန်သွားကြသည်။
နန်းတွင်း ဆေးတိုက်ကားဖြင့် ကျွဲဆည်ကန် အဝေးပြေးကားဂိတ်သို့ သွားကြမည်ဖြစ်သည်။ ညနေ
၆-နာရီတွင် နန်းတွင်းကားဖြင့် ဦးနာဂ၀ံသအား တွေ့ရန် အနောက်ပြင်ရှိ အဝေရာရာမ ရန်ကင်းကျောင်းတိုက်သို့
ထွက်ခဲ့သည်။ ဦးနာဂ၀ံသသည် အိန္ဒိယ ပူနေးတက္ကသိုလ်တွင် စာရေးသူတို့နှင့် အတူနေထိုင်ခဲ့ဘူးသည်။
ယခု ဒေါက်တာဘွဲ့ ရပြီးဖြစ်သဖြင့် အဝေရာရာမ ကျောင်းတိုက်တွင် လက်ထောက် စာချလုပ်နေသည်။
အဝေရာရာမတိုက်က ပြန်ခဲ့လျှင် ည ၇ နာရီရှိပြီဖြစ်သည်။ ထို့ကြောင့် နန်းတွင်းဆေးတိုက်သို့
ပြန်ရောက်ပြီး မကြာမီ ကျွဲဆည်ကန် ကားဂိတ်သို့ သွားရန် ပြင်ဆင်ကြသည်။
0 comments:
Post a Comment