စာရေးသူကား အိန္ဒိယပြန်ဘို့ ဗီဇာ မလုပ်ရသေးပေ။ ပတ်စပို့အသစ်ကိုမူ ရန်ကုန်မှ ကိုဇော်သောင်းက လှမ်းပို့ထားသဖြင့် အဆင်သင့် ရထားပြီးဖြစ်သည်။ ဗီဇာကို မန္တလေး အိန္ဒိယ သံရုံးတွင် လုပ်က နေ့ချင်းပြီး လွယ်ကူကြောင်း သိရ။ တက္ကသိုလ်မှ ထောက်ခံစာပါက ပိုမို အဆင်ပြေသည်ဟု ပြောသဖြင့် ထောက်ခံစာရဘို့ မော်ကွန်းထိန်း ဆရာတော်ထံသွားရာ (အင်္ဂလိပ်လို ရေးထားသည့်) ထောက်ခံစာ အဆင်သင့် မဖြစ်သေး၊ နောက်နေ့မှ လာယူရန် ပြောသဖြင့် ပြန်လာရ။ နောက်နေ့ ညပိုင်းတွင် ဦးဇာဂရ အကူအညီဖြင့် ထောက်ခံစာ စာမူရေး၍ သွားပြ။ နက်ဖြန်မှ ပြန်လာပါ ဟု ပြောသဖြင့် ပြန်လာရ။ နောက်နေ့ နေ့လည်ပိုင်းမှသာ ထိုထောက်ခံစာကို ရသည်။ ထိုထောက်ခံစာအတွက် သုံးရက်ခန့် ကြိုးစားယူရသည်။
၇-၁၁-၁၁။ တနင်္လာနေ့ နေ့လည်ပိုင်းတွင် စစ်ကိုင်း ဇေယျာကွက်သစ်ရပ် သိန်းထိုက် အောင်အိမ်က ကားဖြင့် မန္တလေး အိန္ဒိယသံရုံးသို့ သွားသည်။ သိန်းထိုက်အောင်ဆန်ဆိုင် မိသားစုသည် စာရေးသူအား လိုအပ်တာမှန်သမျှ ထောက်ပံ့ကူညီ ပေးနေ သော ရပ်မျိုးမကင်းသည့် မိသားစုဖြစ်သည်။ စာရေးသူ M.A ဘွဲ့အတွက် အိန္ဒိယသွားစဉ်က မိသားစု စုပေါင်း၍ အကြော်အလှော်စားစရာများနှင့်တကွ ငွေ ၁၀ သိန်းပေးလိုက်သည်။ နောက်လည်း သုံးသိန်းကျပ် လှမ်းပို့ပေးသေးသည်။ ပညာရေးပြီးပါက သိမ်ထပ် ဒကာခံဘို့လည်း ဖွင့်ဟ ပြောထားသည်။ သူတို့သည် မန္တလေး စဥ့်ကူးနယ် ကြက်တူ ရွေးရွာမှ ဖြစ်ကြသည်။ ထိုနေ့က ဆရာတော် အရှင်နန္ဒမာလာ ဦးဆောင်သည့် သီတဂူတက္ကသိုလ်သုံးခုမှ ဆရာများ ဖွဲ့စည်းပုံ ပြန်လည် တည်ဆောက်ရေးအတွက် စည်းဝေးထိုင်သည့်နေ့ဖြစ်သည်။ စစ်ကိုင်းမှ နေ့ ၁ နာရီထွက်လာရာ သံရုံးသို့ ညနေ ၃ နာရီခန့် ရောက်သည်။ ပါလာသော တက္ကသိုလ် ထောက်ခံစာကို သံရုံးတာဝန်ခံအား ပြလိုက်သည်။ တာဝန် ခံက ယခုအချိန်သည် ဗီဇာ ထုတ်ပေးချိန်ဖြစ်သည်။ လက်ခံချိန် မဟုတ်ပါ။ သို့သော် သီတဂူတက္ကသိုလ်ကဖြစ်သဖြင့် လက်ခံ ယူထားလိုက်ပါမည်ဟု ပြောသည်။ စာရေးသူ မျက်လုံးပြူးရပြီ။ စာရေးသူ သံရုံးသို့ လာချိန်သည် ညနေပိုင်းဖြစ်သဖြင့် ဗီဇာထုတ် ပေးချိန်ဖြစ်နေသည်။ ဗီဇာထုတာ တစ်ရက်တည်း ပြီးသည်ဆိုသည်မှာ နံက်ချိန် အရောက် သွားမှဖြစ်နိုင်သည်။ သံရုံး ပြန်ကြားရေးဌာနတွင် အလုပ်လုပ်နေသော မသော်သော်ထက်သည် စာရေးသူ၏ ပတ်စပို့ကို ကြည့်၍ ၀က်လက်မြို့ ဇာတိမှန်း သိလျှင် တပည့်တော်လည်း ၀က်လက် သူပါပဲ ဟု ပြော၍ မိတ်ဆက်လာသည်။ သူမ၏ အမေသည် ၀က်လက်မြို့ အထက ကျောင်းကြီးတွင် ကျောင်းအုပ် ဆရာမကြီးလုပ်ခဲ့ဘူးသည်။ ၀က်လက်သားနှင့် အိမ်ထောင်ကျပြီး သားတစ်ယောက်၊ သမီး၂ ယောက်ဖွားမြင်ခဲ့သည်။ မသော်သော်ထက် အသက် ၁၅-နှစ်အရွယ် မန္တလေးသို့ ပြောင်းရွှေ့လာကြသည်။ မသော်သော်ထက် အမေသည် ကရင်အမျိုးသမီး တစ်ယောက်ဖြစ်ပြီး အမည်မှာ ဒေါ်နော်ဗြူးလာဖြစ်သည်။ ယခုအခါ မန္တလေးမြို့ ပုသိမ်ကြီးသွားလမ်းတွင် နေထိုင်ကြောင်း သိရသည်။ မသော်သော်ထက်မှာ ကရင် သွေးပါသဖြင့် အသားဖြူ၊ ၀ဖြိုး၍ ရုတ်တရက်ကြည့်လျှင် တရုပ်အမျိုးသမီးတစ်ဦးလေလားဟု ထင်မှတ်ရသည်။ မသော်သော် ထက် အိန္ဒိယသံရုံးတွင် အလုပ်လုပ်လာသည်မှာ ၁၀ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ မသော်သော်ထက် က ခဏစောင့်ပါ နေ့ချင်း ရလိုရငြား ပြောကြည့်ပေးပါမည်ဟု ပြောသည်။ ဗီဇာ ပြုလုပ်ပေးသည့် တာဝန်ခံ ပုဂ္ဂိုလ်ရောက်လာလျှင် စာရေးသူ၏ ဖိုင်တွဲများအား စစ်ဆေးပြီး လက်ခံရယူသည်။ သို့သော် နေ့ချင်းရဘို့ကား မဖြစ်နိုင် ပါကြောင်း ပြောဆိုသည်။ သံမှူးက ကြာသပတေး နံက်ပိုင်း ရနိုင်ကြောင်း ပြောသည်။ သို့သော် ဗီဇာ တာဝန်ခံ ပုဂ္ဂိုလ်က ၄င်းနေ့ နံက်တွင်လည်း မရနိုင်ကြောင်း ညနေ ၄ -နာရီနောက်ပိုင်းမှသာ ရနိုင် မည်ဖြစ်ကြောင်း ပြောသည်။ ဘာမျှ မတတ်နိုင်တော့ပါ။ ဗီဇာ တာဝန်ခံ ကုလား ပြောသည့်အတိုင်း ၄င်း ညနေပိုင်းမှသာ လာယူရတော့မည်။ တာဝန်ခံ ကုလားက စာရေးသူ၏ စာရွက်ဖိုင်ကို လက်ခံရယူပြီး ဗီဇာထုခ ဒေါ်လာ ၇၈ ကျပ်တောင်းသည်။ စာရေးသူက ဒေါ်လာ တစ်ရာတန်ထုတ် ပေးလိုက်သည်။၂၀ ပြန်အမ်းသည်။ ၂ ဒေါ်လာ အကြွေမရှိသေးလို့ပါ ဟု ပြောသည်။ ကုလား အကျင့်ကို သိနေသဖြင့် မပြန်ခင် တောင်းရမည်ဟု တွေးထားသည်။ တာဝန်ခံကုလား တိုက်အပေါ် ထပ်သို့ ပြန်တက်သွားသည်။ ကားဆရာ ကိုထွန်း တင့်သည် စာရေးသူအား သံရုံးတွင် ထားခဲ့ပြီး ဆေးရုံးကြီးသို့ ဆေးစစ်သွားရန် ထွက်သွားသည်။ သူသည် နှလုံးသွေးကြောကျဉ်း ရောဂါရှိရာ ထိုရောဂါအတွက် မန္တလေး ဆေးရုံးကြီးတွင် နောက်တစ်ပတ် ရောက်လာမည့် နိုင်ငံခြား ခွဲစိတ်ဆရာဝန်ကြီးများနှင့် ခွဲစိတ်ကုသရန် စာရင်းပေးထားရမည်ဖြစ်သည်။ ထိုအတွက် ဆေးရုံးကြီးသို့ သွားခြင်းဖြစ်ပြီး ထိုမှ စာရေးသူအား ပြန်လည် ခေါ်မည်ဖြစ်သည်။ စာရေးသူသည် သံရုံးထဲမှာပင် ညနေ ၄ နာရီကျော်သည်အထိ ကိုထွန်းတင့်အား စောင့်စားနေခဲ့သည်။ ညနေ ၄ နာရီနီးလျှင် ဗီဇာ ထုတ်ယူမည့် သူများ သံရုံးသို့ ရောက်လာကြသည်။ ဗီဇာ တာဝန်ခံ ကုလားလည်း ညနေ ၄ နာရီအချိန်တွင် အပေါ်ထပ်မှ ဆင်းလာပြီး ဗီဇာများကို ထုတ်ပေးသည်။ စာရေးသူသည် ဗီဇာယူမည့်သူများ ပြန်သွားသည့်တိုင် သံရုံးထဲမှာပင် ရှိသေးသည်။ ထိုကုလား အပေါ်ထပ်သို့ တက်ခါနီးတွင် ဒေါ်လာ ၂ ကျပ် ပြန်ပေးရန် ရှိသေးကြောင်း ပြောလိုက်သည်။ ထိုအခါ ကုလား ဒေါပွသွားပြီး ငါ ပြောပြီးပြီပဲ၊ အနုတ်မရှိသေးလို့ မပေးသေးတာပါလို့။ ဒီလိုဆို ငါ့ငွေ ပြန်ပေး။ မင်း ငွေတစ်ရာ ဒီမှာ။ ဟု ပြောလာသည်။ ထို့နောက် စာရေးသူ၏ စာရွက် ဖောင်များအား ပြန်ပေးပြီး မင်း ဘယ်အချိန်ရောက်လာတာလဲ သိလား။ အခု ငါ လက်မခံတော့ဘူး။ ကြာသပတေးနေ့မှပဲ လာတော့။ ဟု ပြောလေ၏။ စာရေးသူ ယခုမှ သဘောပေါက် တော့သည်။ ထို့ကြောင့် ကုလားအား ကဲပါ ငါပြောတာ ဗွေမယူပါနဲ့၊ အဲဒီ ၂ ကျပ် ငါ မတောင်းတော့ပါဘူး။ မင်းကို ပေးပါတယ် ဟု ပြောရလေ၏။ ထိုအချိန်တွင် မသော်သော်ထက်မှာ စာကြည့်တိုက်ဘက်သို့ ရောက်နေသဖြင့် အနီးနားတွင် မရှိချေ။ ထိုအချိန် ကိုထွန်းတင့်တို့ ရောက်လာသဖြင့် ကားဖြင့် သံရုံးမှ ပြန်ထွက်ခဲ့သည်။ ထို ၂ ကျပ်ကို ပြန်တောင်းခြင်းသည် မနှစ်မြို့စရာဖြစ်သော်လည်း ကုလားသ ဘောထားကို သိထားသူ တစ်ယောက်ဖြစ်ပါမူ အလွန်မဟုတ်ဟု နားလည်ပေမည်။ (ထို၂ ကျပ်ကို ကုလားသည် ဗီဇာထုတ်သောနေ့၌ စာရေးသူအား ပြန်လည်ပေး အပ်ခဲ့သည်။) ထိုနေ့က စစ်ကိုင်းသို့ ညနေ ၅ နာရီခွဲလောက်မှ ပြန်ရောက်သည်။
၈-၁၁-၁၁။ နေ့ဆွမ်းဘုန်းပေးရန် သုဗောဓာရုံတိုက် သီလရှင် ဆရာလေး မ၀ူပသမာ ဇရပ်သို့ သီတဂူ မောင်သန့်ဇင် ဆိုင်ကယ်ခေါ်၍ ထွက်ခဲ့သည်။ မ၀ူပသမာသည် ရန်ကုန် အလုံမြို့ဇာတိ ဘွဲ့ရ ခေတ်ပညာတတ်တစ်ယောက် ဖြစ်သည်။ သီလရှင်ဘ၀သို့ ကူးပြောင်းလာပြီး စစ်ကိုင်းတောင်ရိုး သီတဂူတက္ကသိုလ်၌ ဗုဒ္ဓစာပေများကို လေ့လာနေရာ ဒီပလိုမာ၊ ဘီအေဘွဲ့များကို အောင်မြင်ပြီးနောက် ယခုအခါ အမ်အေဘွဲ့အတွက် စာတမ်းပြုစုနေသည်။ တစ်ဖက်မှလည်း မ၀ူပသမာသည် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ထံ၌ ပိဋကတ်အခြေခံစာပေများကို လေ့လာဆည်းပူးလျက်ရှိသည်။ စာရေးသူသည် စစ်ကိုင်းသီတဂူတက္ကသိုလ်တွင် မ၀ူပသမာအား အဘိဓမ္မာဘာသာရပ် သင်ကြားပေးဘူးသဖြင့် ဆရာတပည့်ကဲ့သိုဖြစ်နေသည်။ ရန်ကုန်ရှိ သူမ၏ မိသားစုနှင့်လည်း အကျွမ်းတ၀င်ရှိသည်။ စာရေးသူ ရောက်ခိုက် ဆွမ်းစားကြွပါဟု ဖိတ်သဖြင့် သူမ၏ ဇရပ်သို့ သွားရောက်၍ နေ့ဆွမ်းစားရခြင်းဖြစ်သည်။ စာရေးသူဆွမ်းဘုဉ်းပြီး အချိုပွဲဘုဉ်းနေစဉ် စာရေးသူ၏ ဒကာအား နေ့လည်စာကျွေးသည်။ သို့သော် ဒကာချင်းလွဲနေ၍ ငိုအားထက် ရီးအားသန်ဖြစ်ရသည်။ ဖြစ်ပုံမှာ ဒကာအား ထမင်းကျွေးချိန် အခြား (စာရေးသူ၏ အသိ) ဒကာ ၂ယောက်က ဇရပ်တွင် စာရေးသူရှိသည်ဟူ၍ လာရောက်တွေ့ကြသည်။ ဆရာလေးက ထိုဒကာ ၂ယောက်ကို စာရေးသူနှင့် ပါလာသော ဒကာများအမှတ်ဖြင့် နေ့လည်စာဖြင့် ဧည့်ခံလေ၏။ ထိုဒကာ ၂ယောက်ကလည်း ဘာမျှမပြော အဆင်သင့် ထိုင်လျက် စားကြတော့၏။ စာရေးသူကား အချိုပွဲဘုဉ်းရင်း ဆရာလေးများနှင့် စကားစမြည်ပြောနေ၏။ ခဏကြာမှ နောက်သို့ လှည့်ကြည့်မိရာ ကိုယ့်ဒကာ မဟုတ်မှန်းသိရ၍ ဘယ်မှာလဲ ငါ့ဒကာဟု နှုတ်မှ ပြောမိ၏။ ထိုအခါမှ ဆရာလေးများလည်း မျက်လုံးပြူးသွားပြီး ဘယ်မှာလဲ ဦးဇင်းဒကာ ဟု မေးပြီး ဇရပ်အပြင်ဘက်ထွက်ကြည့်ရာ သစ်ပင်အောက်တွင် လေညှင်းခံနေသော ဆိုင်ကယ်ဒကာ မောင်သန့်ဇင်ကို တွေ့ရလေသည်။ ထိုနေ့က ၂ ယောက်စာပိုသွား၍ ဆရာလေးများ ဆွမ်းမ၀ တ၀နှင့် တစ်နေ့တာ ပြီးရမည့်အရေးကို တွေး၍ စိတ်မကောင်းဖြစ်မိသည်။ ဇရပ်တွင် ဆွမ်းစားပြီး ဆရာတော် အရှင်နန္ဒမာလာထံ သွားရောက်ကန်တော့သည်။ ဆရာတော်က ယမန် နေ့က သီတဂူတွင် ဆရာများ အစည်းဝေးလုပ်ကြောင်း၊ ဖွဲ့စည်းပုံအချို့ ပြင်ဆင် ပြောင်းလည်းခဲ့ကြောင်း စသည်မိန့်တော်မူသည်။ စာရေးသူသည် အိန္ဒိယတွင် ပြုလုပ်မည့် အဘိဓမ္မာ စာတမ်းအတွက် မေးလျှောက်ဘွယ်အချို့ကို မေးလျှောက်ပြီး သီတဂူသို့ ပြန် လာခဲ့သည်။
ညနေပိုင်းတွင် စစ်ကိုင်းမြို့ထဲမှ ဦးချိုလေး နှင့် ဒေါ်လှတို့ ဇနီးမောင်နှံနှစ်ဦး ကားဖြင့် ရောက်လာကြသည်။ စာရေးသူအား ပညာသင်စရိတ် ငွေ ၂ သိန်းကျပ်လာရောက် လှူကြခြင်းဖြစ်သည်။ ယမန်နှစ်ကလည်း ဆွေမျိုးများစုပေါင်း၍ ငွေ ( ၆) သိန်း လှူလိုက်ကြသေးသည်။ စာရေးသူ ငယ်စဉ်ကလေး ဘ၀ကပင် ဒေါ်လှနှင့် ခင်မင်ရင်းနှီး သည်။ စာရေးသူ ငယ်စဉ် ကျောင်းသားဘ၀က ဒေါ်လှ ၏ အဒေါ်များက စာရေးသူတို့ ပထမဂန္ဓာရုံ ကျောင်းတိုက် သံဃာတော်များအား နေ့စဉ် ဆွမ်းဝတ်ပြု လောင်းလှူသည်။ ဤဆွမ်းဝတ်ကို ဒေါ်လှ က နေ့စဉ် ဆောင်ရွက်ရသည်။ စာရေးသူက ဒေါ်လှတို့ အိမ်သို့ နေ့စဉ်သွားရောက်၍ ဒေါ်လှ ဆွမ်းလောင်းရာတွင် ကူညီလုပ်ကိုင် ပေးရသည်။ သံဃာတော်များအား ဆွမ်းလောင်းပြီးလျှင် (သံဃာတော်များ အကျန် ဆွမ်းဟင်းဖြင့်) ဒေါ်လှကျွေးသည်ကို နံနက်စာအဖြစ် စားသောက်ပြီးပါမှ အခြားအိမ်များသို့ အိမ်စဉ် လှည့်၍ ဆွမ်းချိုင့်ယူသည်။ ဒေါ်လှသည် စိတ်သဘောထားဖြူ စင်၍ တပါးသူအပေါ် သနားကြင်နာတတ်သည်။ ဘာသာတရား ကိုင်းရှိုင်း ရိုသေသူဖြစ်သည်။ နောင်အခါ ဆွေရိပ် မျိုးရိပ် မကင်းသော ဦးချိုလေးနှင့် အကြောင်းပါခဲ့သည်။ ဦးချိုလေးသည် ဒေါ်လှထက် အသက်ငယ်သည်။ ယခုအခါ ဒေါ်လှမိသားစုသည် မန္တလေးမြို့သစ်တွင် ပြောင်းရွှေ့နေထိုင်လျက် ကား အရောင်း အ၀ယ်လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကြောင်း ပြုနေသည် ဟု သိရသည်။
0 comments:
Post a Comment