စကားဦး။
ဤ ပို့စ်သည် စာရေးသူ၏ ကိုယ်ရေးကိုယ်တာ မှတ်တမ်းတစ်ခုဖြစ်၍ ဘလော့ဂ်တွင် မတင်လိုပါ။ သို့သော်လည်း အချိန်ပေး၍ ရေးသားထားသော စာဖြစ်နေ၍လည်း မပျောက်ပျက်စကောင်းဟု ယူဆ၍ တင်ရပါသည်။ စာသမားတစ်ယောက်ရေးသည့် စာမျှသာ ဟု သဘောထား၍ ဖတ်ကြပါကုန်။
လေးစားလျက်
စာရေးသူ
မြန်မာပြည်သို့ ပြန်ခဲ့သည်
အမ်အေဘွဲ့ပြီးသည့်နောက် အမ်ဖီးဘွဲ့တက်ရန်အတွက် ပတ်စပို့ ဗီဇာ
အသစ်လုပ် ရဦးမည် ဖြစ်သည်။ အမ်အေအတွက် ၂ နှစ်တာ ကျောင်းသား ဗီဇာသည် ကုန်ပြီဖြစ်သလို
အသစ်တက်မည့် အမ်ဖီးဘွဲ့ အတွက်လည်း ဗီဇာအသစ် ထပ်လျှောက်ရဦးမည်ဖြစ်သည်။ ထိုအတွက် အမိမြန်မာပြည်သို့
မဖြစ် မနေ ပြန်ရဦးမည်ဖြစ်သည်။
၂-၁၀-၁၁ ည ၁း၄၅ PG လေကြောင်းနဲ့ ဘုံဘေအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်။ ဘန်ကောက်မှ ရန်ကုန်။ ရန်ကုန် သီတဂူ
တက္ကသိုလ်သို့ နံက် ၁၀ ခွဲလောက် ရောက်။ တာဝန်ခံ
ဆရာတော် အရှင်သုန္ဒရ အား တွေ့ဆုံဦးတိုက်၊ အခန်း ၂၀၀၄ တွင် နေရာချထား ပေးသဖြင့် တည်းခိုနေထိုင်။
ရောက်သည့်နေ့မှာပင် ကမ္ဘာအေး ဘဲဥကန်ရှိ သာသနာ ရေးဝန်ကြီးဌာနသို့ သွားရောက်ပြီး ပတ်စပို့
သက်တမ်းတိုးရန်အတွက် လျှောက်လွှာ တင်။ သက်ဆိုင်ရာ မြို့နယ် သံဃနာယက၊ ရဲဌာန ထောက်ခံစာများ
လိုပါသေးသည်ဟု ဆိုသဖြင့် ပြန်လာရ။ နောက် တစ်နေ့ နေ့လည်ပိုင်း ထိုကိစ္စများ ပြီးစီးအောင်
ဆောင်ရွက်။ ၅-ရက်နေ့ လျှောက်လွှာတင်။ ထိုလျှောက်လွှာသည် ပတ်စပို့ သက်တမ်းတိုးနိုင်ရေးအတွက်
သာသနာရေးဌာန၏ ထောက်ခံစာ ရယူရန်ဖြစ်သည်။ ထိုလျှောက်လွှာကို နေပြည်တော်သို့ တင်ပြရမည်ဖြစ်ပြီး
ထိုထောက်ခံစာ ရရှိရန် အတွက် တစ်ပတ် ဆယ်ရက် ခန့် စောင့်စားရမည်ဖြစ်သည်။ ထိုထောက်ခံစာ
ရပါမှ ပတ်စပို့ရုံးသို့ သွား၍ ပတ်စပို့ သက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ်သည်။ ရုံးတာ ၀န်ခံက
၁၃- ရက်နေ့လောက်မှ လာရောက်စုံစမ်းပါဟု ဆိုသည်။ ရက်အနည်း ငယ်ကြာ ရန်ကုန်တွင် ဆက်လက်ရှိနေစဉ်
ရန်ကုန်ရှိ အသိဒကာ ဒကာမများက ဆွမ်းစားပင့် တွေ့ဆုံနှုတ်ဆက်ကြသည်။ ကိုယ်တိုင် လာရောက်
တွေ့ဆုံသူများကလည်း မနည်းလှ။ ဒီကြားထဲ နယ်မှ ဖုန်းသတင်းတစ်ခုက ရောက်လာသည်။ ၀က်လက်ကို
အမြန်ဆုံးလာခဲ့ပါ။ စာရေးသူ၏အစ်မဖြစ်သူ နေမကောင်း။ တွေ့ချင်လို့တဲ့။
၁၃-၁၀-၂၀၁၁။ ပတ်စပို့
တင်ပြီးတဲ့ နေ့မှာပဲ ည-၇ နာရီ မြတ်မန္တလာ ထွန်းကားနဲ့ မန္တလေးကို ထွက်ခဲ့တယ်။ မန္တလေးကို နံက် ၅ ခွဲလောက်
ရောက်။ မန္တလေး နန်းတွင်း ဆေးတိုက် ဒကာကြီးနဲ့ ဒကာမကြီးတို့ ကျွဲဆည်ကန် အဝေးပြေးကားဂိတ်မှာ
လာရောက်ကြိုနေကြ။ နန်းတွင်း ဆေးတိုက်မှာ အာရုံနှင့် နေ့လည်စာ စား။ စစ်ကိုင်း သီတဂူ
တက္ကသိုလ်မှာ ညအိပ်။ နောက်နေ့ နံက် ဇေယျာဝံသကျောင်း နောင်တော် ဆရာတော်အား ဦးတိုက်ကန်တော့။
ညနေ ၄-နာရီတွင် ၀က်လက် မှ ဖိုးသန့်တို့ လင်မယား ၀က်လက်ပြန်မည်ဟု ဆိုသဖြင့် ကားကြုံလိုက်ဘို့
စီစဉ်ထား။ သို့သော် ကားကြုံမသွားဖြစ်သဖြင့် နောက်တစ်နေ့ နေ့လည် အထူးအမြန်ရထားနဲ့မှ
ဝက်လက်ကို သွားဖြစ်။ ၀က်လက်ကို ညနေ ၄ နာရီ လောက်ရောက်။ ၀က်လက် အုတ်တိုက် ကျောင်းမှာ
ညအိပ်။ နောက်တစ် နေ့ နံနက် ၇-နာရီလောက်မှ ကျူရှင်ဆရာ မောင်ဌေးသိန်းနိုင်ခေါ်၍ ဆိုင်ကယ်နှင့်
ရွာဘက်ကိုသွား။ ရွာကျောင်းကိုဝင် ဆရာ တော်အား ကန်တော့ပြီး ရွာထဲ အစ်မအိမ်သို့သွား။
အိပ်ရာထက်တွင် စာရေးသူ အား စောင့်မျှော်နေသော အစ်မ။ သို့သော် သူမကား ဘယ်သူလဲ လို့ မေးရလောက်အောင်
အရိုးပေါ် အရေတင် ကမ္မဋ္ဌာန်း ရုပ်ပေါက်လျက် ချိနဲ့ ပိန်ချုံး အားအင် ကုန်ဆုံး နေလေပြီ။
အို ခေတ္တမျှ ငေးငိုင်သွားမိသည်။ တောသူမဖြစ်ပေမယ့်
အသားအရည် ကြည်ကြည်နဲ့ အမြဲတစေ သန့်သန့်ရှင်းရှင်း ၀တ်စား နေတတ်တဲ့ အစ်မ။ အရပ်အ မောင်း
ကောင်းကောင်း၊ ခွန်နဲ့အားနဲ့ လုပ်ငန်း သိပ်လုပ်တဲ့ အစ်မ။ ခုတော့ မင်းအလှ မင်းခွန်အားတွေက
ဘယ်ရောက် ကုန်ပြီလဲ။ ဖြစ်မှ ဖြစ်ရပလေ အစ်မရယ်။ အစ်မ အိပ်ရာဘေးက တန်းလျားတွင် ဟန်မပျက်
ဝင်ထိုင်ပြီး အစ်မကို နှုတ်ဆက်စကား ဆိုလိုက်သည်။ အစ်မက အားယူပြီး စာရေးသူ မျက်နှာကို
လှမ်းကြည့်သည်။ ထို့နောက် လက်ခါ ပြသည်။ သူ့ကို ကုသလို့ မရတော့ဘူးဆိုသည့် သဘော။ ရင်ထဲ
တွင် ဆို့နင့်သွားသည်။ ရေအေးအေး ဦးလေးကို ကပ်ပါ ဟု သမီးဖြစ်သူအား ပြောသည်။ သူ့စကားသံမှာ
(အားနည်း) တီးတိုး လွန်းလှသဖြင့် သူ၏ အနီးနေ သမီးမှ တစ်ပါး အခြားသူ မသိနိုင်ပေ။ ကုလားပြည်က
ပါလာသော တံဘက်အဖြူ တစ်ထည်။ နံ့သာပုတီး တစ်ကုံး။ နံ့သာ ရေမွှေး တစ်ပုလင်းကို အိပ်ထဲက
ထုတ်ပြီး အစ်မအား ပေးလိုက်သည်။ အစ်မ လှမ်းမယူနိုင်ပါ။ တစ်ချိန်က စာရေးသူ ပေးခဲ့ဘူး
သော ပခုက္ကူဖြစ် စောင်တံဘက်ကလေး သူ့မကိုယ်ပေါ်မှာ လွှမ်းခြုံထားတာကို တွေ့ရသည်။ ဒါ ငါ့မောင် ပေးထားတာလို့ ပြောသတဲ့။ မီးစာကုန်
ဆီခန်းဖြစ်နေသော အစ်မကို အားပေးစကား များများပြောခွင့် မသာပါ။ စာရေးသူရောက်သည့်နေ့၊
ညမှာပင် အစ်မ ဘ၀တစ်ပါး ပြောင်းသွားခဲ့သည်။ အစ်မရဲ့ နောက်ဆုံးအချိန်မှာ အတွေ့ ချင်ဆုံး
အမြင်ချင်ဆုံးသူက စာရေးသူ ဖြစ်နေလိမ့်မည် ဟု စာရေးသူ တွေးမထား မိခဲ့ရိုးအမှန်။ အစ်မ၏
ရောဂါမှာ အူမကြီး ကင်ဆာဖြစ်ပြီး မန္တလေး ဆေးရုံကြီးတွင် ခွဲစိတ် ကုသမှု ပြုခဲ့သည်ဟု သိရသည်။
အစ်မက စာရေးသူကို မျှော်နေသည်ဆိုသည်မှာ သေဘို့ (သူမ အသေဖြောင့်ဖို့)
မျှော်နေခြင်း သာ ဖြစ်ပေမည်။ စာရေးသူ အလာကို ယဲ့ယဲ့မျှသာ ကျန်တော့သော သူမ ခန္ဓာကိုယ်ဖြင့်
စိတ်အားတင်း စောင့်မျှော်နေသော အစ်မဖြစ်သူရဲ့ စိတ်ဆန္ဒကို စာရေးသူ ဘယ်လို နားလည်ရမည်နည်း။
မိသားစု စုံလင်စွာ သူမအနားမှာ ရှိနေပါလျက် အဝေးက မောင်ဖြစ်သူကို မျှော်နေခဲ့သည်။ အခြား စောင်တစ်ဘက်တွေ မခြုံဘဲ မောင်ဖြစ်သူ ပေးခဲ့ တဲ့
စောင်တစ်ဘက်လေးတစ် ထည်ကိုပဲ ရွေး ချယ်ပြီး နောက်ဆုံးအချိန်အထိ လွှမ်းခြုံသွားခဲ့သည်။
စာရေးသူတို့မှာ ၁။ မောင်ချစ်ထွန်း။ ၂။ မမိသိန်း။ ၃။ မညိမ်း၊
၎။ မောင်ဥာဏ်ထွန်း၊ ၅။ မောင်ကြီးမောင် ဟူ၍ ညီ အစ်ကို မောင်နှစ်မ ငါးယောက်ရှိသည်။ စာရေးသူ
က အငယ်ဆုံးနှင့်အထွေးဆုံးဖြစ်သည်။ မိသားစုတွင် စာရေးသူက အငယ်ဆုံးဖြစ်၍ အား လုံးက မောင်ငယ်ဟု
ခေါ်ခဲ့ကြသည်။ ၁၀ နှစ်သားအရွယ် စစ်ကိုင်းရောက်ကာမှ ဦးရီးတော်ဘုရားက မငယ်တော့ ကြီးပြီဟုဆိုကာ အရာရာ
ကြီးမြင့်စေဟူသော ရည် ရွယ်ချက်ဖြင့် မောင်ကြီးမောင်ဟု
အမည်သစ် ပြောင်းလည်းပေးခဲ့သည်။ မွေးချင်း ၅ ဦးအနက် ယခု ကွယ်လွန်သွားသော အစ်မသည် ၂-ယောက်
မြောက်ဖြစ်သည်။ သူမ သည် သားသုံးယောက်၊ သမီး သုံးယောက် အပါအ၀င် သားသမီး ၆ ယောက်ထွန်း
ကားသည်။ ရှင်ပြုနားသ အလှူကြီးပေးခဲ့ဘူးသည်။ သူမ၏ သမီးအကြီးသည် ငယ် စဉ်ကာလ အပျိုစင်ဘ၀ကပင်
သာသနာ့နွယ်ဝင် သီလရှင်ဘ၀ သို့ ဖြူဖြူစင်စင် တက်ရောက်ခဲ့သူဖြစ်ပြီး သူမ၏ သားငယ် ၂ယောက်သည်လည်း
ငယ်စဉ်တောင် ကျေး ကလေးဘ၀ကပင် သာသနာ့ဘောင်သို့ တက်ရောက်ခဲ့ကြသည်။ အားလုံး သာသနဓဇဓမ္မာစရိယ တန်း
ရောက်ကာမှ လူဝတ်ဘ၀သို့ ပြန်လျောကျသွားကြခြင်း ဖြစ်သည်။ ထိုသားသမီး သုံးယောက် သာသနာ့ဘောင်
ရှိနေစဉ်က အစ်မ ဘ၀သည် ပီတိ အဟုန်စား၍ ငါလိုလူ ဇမ္ဗူရှိသေးရဲ့လား ဆိုသည့် သဘောဖြင့် ကောင်းကင်သို့
မြောက်တက်ခြင်း မလှမြောက်တက်နေခဲ့သည်။ မောင်က ဘုန်းကြီး၊ တူက ဘုန်းကြီး၊ ဦးကြီး ဘကြီးတွေကလည်း
ဘုန်းကြီးတွေ။ နောက် ရင်နှစ်သည်းချား သားသမီး တို့ကလည်း မားမား မတ်မတ် ဘုန်းကြီးတွေ။
တောသူမကြီး အစ်မ မော်ပေမယ်ပေါ့။ ဒါ သူ့ဘ၀။ သူ့လောက။ သူ့အတွေး သူ့ဆန္ဒတွေလေ။ အစ်မ ကြာကြာ
မပျော်လိုက် ရပါ။ သားသမီးများက တစ်ယောက်ပြီး တစ်ယောက် လူဝတ်လဲလာကြသောအခါ အစ်မဘ၀သည် လေလျော့သော ပူဖောင်းကဲ့သို့ မလှမပ ဖြစ်လာခဲ့သည်။
အမြင့် အနိမ့် လောကဓံကို သတိမထားမိသော အစ်မသည် ဆောက်တည်ရာ မရဖြစ်ခဲ့ရသည်။
မျှားသုံးချက် ထိမှန်ခံရသော သမင်မ တစ်ကောင်ကဲ့သို့ အစ်မ ဘ၀ အထိနာခဲ့သည်။ ယခုလို အိပ်ရာထက်တွင်
ဘုန်းဘုန်းလဲရသော အခြေသို့ ဆိုက်ရောက်ခဲ့ရခြင်းသည် ထိုအကျိုးဆက်များ မကင်းပေ။ သားတွေ
လူထွက်တာ ဘာဆန်းလဲ တိုင်းပြည်နဲ့ လူမျိုးအတွက်။ မိသားစုအတွက် လုပ်အားတန်ဘိုး တောင်
တိုးလာသေးတယ်လို့ မတွက်ချက်တတ်သော တောသူမ အမိုက်အမဲ အစ်မ။
0 comments:
Post a Comment