အစ်မသည် သူမ၏
နောက်ဆုံးအချိန်တွင် သာသနာ့မိခင် တစ်ယောက် အနေဖြင့် ရွှေ ထီးဆောင်းလျက် ဘ၀တစ်ခုကို လှလှပပ
အဆုံးသတ် သွားချင်ပေမည်။ သို့သော် သူမ ဖြစ်ချင်သည်များက ဖြစ်မလာခဲ့။ နောက်ဆုံးတော့
အဝေးသို့ ရောက်နေသော မောင် ဘုန်းကြီးကို မျှော်၍ မောင်ဘုန်းကြီးပေးခဲ့ဘူးသော တံဘက်တစ်ထည်ကိုသာ
သူမ ကိုယ် ထက်မှာ လွှမ်း၍ ဘ၀တစ်ခုကို အဆုံးသတ် သွားရှာသည်။ သာသနာ့ အရိပ်က အဲဒီလောက်အထိ
အေးသတဲ့လား အစ်မရယ်။
စာရေးသူ၏ ၂-ဘက် မိဘ မျိုးရိုးသည် နိုင်ငံဝန်ထမ်း၊ စာရေးစာချီ၊
ရောင်းဝယ် ဖောက်ကား ကုန်သွယ် ပွဲစားများ မဟုတ်ကြပါ။ ဘိုးဘွား တို့အမွေ လယ်ယာ မြေများဖြင့်
ဘ၀ကို ရိုးသား အေးချမ်းစွာ တည်ဆောက်ရပ်တည်ခဲ့ကြသည့် ဓားမဦးချ တောင်သူမျိုးရိုး စဉ်ဆက်ဖြစ်ပါသည်။
ဘုန်းကြီး ရဟန်း ၀တ်သူဝတ်။ ဘုရားတည် ကျောင်းဆောက် သာသနာ့ဒါယကာ လုပ်သူလုပ်ဖြင့် သာသနာနှင့်
အလွန်နီး စပ်သော မျိုးရိုးလည်းဖြစ် ပါသည်။ လောကတွင် အမြတ်ဆုံးဘ၀သည် ရဟန်း ဘ၀ဖြစ်သည်။
အမျိုးသားမှန်လျှင် ဘုန်းကြီး ရဟန်းဝတ်ဘူးရမည်ဟူသော အသိ စိတ်ဓာတ်မှာ အမျိုးတို့၏ မွေးရာပါ သဘော
ဖြစ်နေသည်။ ထို့ကြောင့် အမျိုးထဲတွင် သားယောက်ျားမွေးလာလျှင် သားရှင်ပြုပွဲ ပြုလုပ်၍
ဘုန်းကြီး ရဟန်းဝတ်ပေးဘို့ တာဆူနေကြတတ်ကြသည် မှာ ရှေးရိုးအစဉ် အလာကြီး တစ်ခုလိုဖြစ်နေပါသည်။ စာရေးသူတို့ အမျိုးသည် ဘုန်းကြီး ရဟန်းမျိုးရိုး ဟု ပြောလျှင်လည်း
ရပါသည်။ အဘယ့်ကြောင့်ဆိုသော် အဆက်အစဉ် အားဖြင့် ဘုန်းကြီး ရဟန်းဝတ်သူ များပြားခဲ့ သောကြောင့်ဖြစ်သည်။
ဦးကြီး ဘုန်းကြီး။ ဦးလေး ဘုန်းကြီး၊ အစ်ကို ဘုန်းကြီး၊ ညီ ဘုန်းကြီး။ တူ ဘုန်းကြီး။
မြေး ဘုန်းကြီး။ မြစ် ဘုန်းကြီးစသည်ဖြင့် ဘုန်းကြီး ရဟန်း များက အမျိုးထဲတွင် ပြေးမလွတ်အောင်
ကွန်ယက်သဘွယ် ယှက်နွယ်နေပေသည်။ သည်အမျိုးထဲတွင်လူလာဖြစ်သူ သည် ကျောင်းဆရာ၊ စစ်ဗိုလ်၊
ပွဲစား၊ ၀န်ကြီး ချူပ်ဖြစ်ရမည်ဟူသော စိတ်ကူးထက် အစ်ကို ဘုန်းကြီး။ ဦးရီး ဘုန်းကြီး
ကဲ့သို့ ဘုန်းကြီးတစ်ပါးဖြစ်ဘို့ အားကျ အတုယူ စိတ်ကူးတတ်ကြသည်မှာ မဆန်းကြယ် သော သဘောတရားတစ်ခုဖြစ်နေသည်။
ရဟန်းဘ၀သည် မြင့်သည်၊ မြတ်သည်၊ အထက်တန်းကျသည်၊ လူ့ဘ၀သည် သားကျွေး မယားကျွေးမှုများဖြင့်
ယုတ်နိမ့် သည် ဟု အယူရှိထားသည့်အတိုင်း ရဟန်းတစ်ပါးဖြစ်ဘို့ ၀ိုင်းဝန်းမြှောက်စား အားပေးတတ်ကြသလို ရဟန်း လူထွက်လာလျှင်လည်း
ဝိုင်းဝန်း ရှုတ်ချဘို့ ၀န်မ လေးတတ်ကြပေ။
စာရေးသူတို့ မိသားစုကို ကြည့်ပါဦး။ စာရေးသူရဲ့ အမေဘက်ကဆိုရင်
ဘုန်းကြီး ရဟန်း ပညာတတ်ပိုများသည်။ အမေရဲ့ (အမေ့ မောင်ကြီး) ဦးကြီး ၂ ယောက်က ဘုန်းကြီးဖြစ်ခဲ့ပြီး
တစ်ပါးကဆိုလျှင် ရွှေဘိုတောင် လက်နယ် မဟာဗိုလ်ဂိုဏ်းချုပ် မဟာနာယက ဆရာတော်ကြီး တစ်ပါးဖြစ်ခဲ့သည်။ အမေရဲ့ (အဖေ့ညီနှင့်တူ) ဦးလေးနှင့် မောင်ဝမ်းကွဲ
၂ယောက်ကလည်း ဘုန်းကြီး ရဟန်းဖြစ်ခဲ့ကြသည်။ အမေရဲ့ တစ်ဝမ်းကွဲမောင် သည် ရွှေကျင်ဂိုဏ်း
ဒုတိယသာသနာပိုင် (စစ်ကိုင်း တောင်ရိုး ပထမဂန္ဓာရုံ ကျောင်းတိုက်) ဆရာတော်ကြီး တစ်ပါးဖြစ်လာခဲ့သည်။
အမေသည် သားသုံးယောက်အနက် သားတစ်ယောက် (စာရေးသူ)ကို သာသနာ့ ဘောင်သို့ သွတ်သွင်း ပေးနိုင်ခဲ့သည်။
သူ၏ သားသမီးများအနက် သားအကြီး ဆုံးသည် သူ၏ ပထမဦးဆုံးသော သား (ယခု ၀က်လက်မြို့ ပညာပါရမီ
လူငယ်ဖွံ့ဖြိုး ရေးကျောင်း နာယက ဆရာတော်) ကို ရဟန်းဘောင်သို့ တက်ရောက်စေနိုင်ခဲ့သလို
သမီးအကြီး (မမိသိန်း)သည်လည်း သား ၂ ယောက်နှင့် သမီး ၁ ကို သာသနာ့ ဘောင်သို့ တက်ရောက်စေနိုင်ခဲ့သည်။
အစ်မငယ် မညိမ်းတွင် သားယောက်ျား မထွန်းကားသဖြင့် သာသနာ့မိခင် မဖြစ်နိုင်ခဲ့သော် လည်း
မောင်(စာရေးသူ) အား သိက္ခာထပ်၊ သမီး နှင့် မြေး များအား နားသ၊ ရှင်ပြု။ ကိုရင်ငယ် ၂
ပါးကို မွေးစား ချီးမြှောက် ထောက်ပံ့၍ သာသနာနှင့် ဆွေမျိုးတော်စပ်မှု ကို ပြုလုပ်နိုင်ခဲ့သည်။
ဤကား အကြောင်းတိုက်ဆိုင်သဖြင့် စာရေးသူ၏ မျိုးရိုးအနွယ်ကို အမြွက်မျှ ပြောပြ ခြင်းဖြစ်သည်။
အစ်မ ကွယ်လွန်သည့် ည-၂ နာရီလောက်က အစ်မ (အသက် လေးဆယ် အရွယ်
လောက်က) ရုပ်ပုံလှလှလေးကို အိပ်မက်လိုလို မြင်ပြီး အိပ်ရာက နိုးတော့ အစ်မ တော့ သွားပြီထင်တယ်
ဟု တွေးထားသည့်အတိုင်း နံနက်တွင် အစ်မ ညက ဆုံးပါး သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ အစ်မ၏
ရုပ်အလောင်းကို မိုးလေအခြေအနေ အရ နေ့ချင်းပင် သဂြိုံဟ်မှု ပြုလိုက်သည်။ သုံးရက်နှင့် ရက်လည်သည်။
ငါးရက်၊ ခုနစ်ရက် နေ့များတွင်လည်း သားသမီးများက ရက်လည် ဆွမ်းသွပ်လုပ်ကြသေးသည်။ ၁၇-၁၀-၂၀၁၁
နေ့ ည ၂ နာရီအချိန် အသက် ၆၄ နှစ်အရွယ်တွင် အစ်မ မသိန်း ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် စာရေးသူ အိန္ဒိယ မသွားမီ လွန်ခဲ့သော
၂ နှစ်က စာရေး သူ၏ ဖခင်ကြီး ဆုံးပါးကွယ်လွန်ခဲ့သည်။
ယခု အိန္ဒိယ က ပြန်လာတော့ အစ်မဖြစ် သူနှင့် တစ်ရက်မျှသာ တွေ့လိုက်ရသည်။ စာရေးသူ အိန္ဒိယရှိနေစဉ်
စာရေးသူအား မိဘ သဘွယ် စောင့်ရှောက် ထိန်းသိမ်းခဲ့ ကြသော စာရေးသူ၏ အဒေါ် ၂ ယောက်တို့ လည်း
ရှေ့ဆင့် နောက်ဆင့် ဆုံးပါးခဲ့ကြသည်။ စာရေးသူ
အိန္ဒိယတွင် ၂ နှစ်ကြာ နေမည် ဟု ပြောသောအခါ အော် ၂ နှစ်ဆိုတာ မန်ကျည်း ၂ ခါနုကြာတာပါပဲ
ဟု ပြောခဲ့ဘူးသော ၀က်လက်မြို့ ဦးအုန်းမောင်သည်လည်း မန်ကျည် ၂ ခါနု ပြည့်သည် အထိ မစောင့်နိုင်ဘဲ
ဘ၀တစ်ပါးသို့ ပြောင်းသွားခဲ့သည်။ ပြောင်းလဲမှုတို့က မြန်ဆန် လွန်းစွ။
အစ်မကိစ္စ (၇-ရက်) ရက်လည်ပြီး နောက်တစ်ရက် ၀က်လက်မြို့နှင့်
၃- မိုင်ခန့် ဝေး သည့် အောင်ချမ်းသာရွာသို့ ဆွေမျိုးများနှင့် တွေ့ဆုံရန် သွားရောက်ခဲ့သည်။ ဤရွာသည် စာရေးသူ၏ ဖခင်ကြီး ဇာတိရွာဖြစ်သည်။ စာရေးသူ၏
ဖခင်ကြီးကို အောင်ချမ်း သာရွာ ရွာသူကြီး မြေပိုင်ရှင် အဖ ဦးဘိုးကြမ်း အမိ ဒေါ်နန်းမေတို့မှ
ဖွားမြင်ခဲ့သည်။ မောင်ကြည်ခင်၊ မသန်းကြည်၊
မောင်ကြည်အောင်၊ မောင်ကြည်အ၊ မောင်ကြည်ဝ၊ မသန်းမြိုင်၊ မသန်းဆိုင် ဟူသော သားသမီး ၇-
ယောက်အနက် သားကြီးသြရသဖြစ်သည်။ ငယ်ရွယ်စဉ်က လူချော လူလှတစ်ဦးဖြစ်၍ အလှူမင်္ဂလာများတွင်
ရွှေထီးဆောင်း၊ ကွမ်းတောင် ကိုင်ခဲ့ရသည်ဟု သိရသည်။ ဤရွာ တစ်ရွာလုံးသည် စာရေးသူ ၏ ဆွေမျိုးသားချင်းများသာဖြစ်သည်။
စာရေးသူ ငယ်စဉ်က တစ်နှစ် တစ်ခါ ကျင်းပသည့် ဤရွာ ရွှေမုတ္တောဘုရားပွဲသို့ ဖခင်ကြီးနှင့်အတူ
လိုက်ပါသွား လေ့သည်။ ဘုရားပွဲရက် အတွင်း ဆွေမျိုးများ အိမ်က လဘက်ရည် သောက်ဖိတ် သည်ကို
ဖခင်ကြီး နောက်မှ တစ်အိမ်ဝင်ထွက် တကောက်ကောက် လိုက်ပါခဲ့ရ ဘူးသည်။ စာရေးသူတို့နယ် သည်
ကောက်ကြီးတက် စပါးပေါ်ချိန်ရောက်လျှင် သားရှင်ပြု သမီးနားသ အလှူမင်္ဂလာ ပွဲများ။ ရွာဘုံ
ဘုရားပွဲကို နှစ်စဉ် မပျက် စုပေါင်း ပြုလုပ်ကြသည်။ ဘုရားပွဲတွင် ရိုးရာမုံ့များဖြစ်ကြသည့်
မုန့်ပေါက်ကျော်၊ မုန့်ဆီ ကျော်၊ မုန့်ဖက်ထုပ်၊ ကောက် ညင်းထုပ်၊ မုန့်လက်ကောက်၊ လဘက်၊
ယို စသည် တို့ကို ပြုလုပ် ၍ မြတ်စွာဘုရားနှင့် သံဃာတော်များအား လောင်းလှူကြသည်။ ရပ်ဝေးရပ်နီးမှ
လာကြသော ဆွေမျိုး မိတ် ဆွေများအား ဧည့်ခံကျွေးမွေးကြသည်။ လက်ဆောင်ပေးကြ သည်။ အထူးသဖြင့်
မုန့်ပေါက်ကျော် ခေါ် မသိုးမုန့်ကို များစွာပြု လုပ်ကြသည်။ သံဃာ့ဒါန ဆွမ်းလောင်းလှူရာ တွင်
မုန့်များကို ဘုန်းကြီးကျောင်းသား များက ကျောင်းသို့ လှည်းဖြင့် တိုက်ထုတ်သွား ရလောက် သည်အထိ
ပေါများလှ သည်။ စာရေးသူ သာသနာ့ ဘောင်တက် ရဟန်းပြုသော အခါ စာရေးသူ၏ အရီးဖြစ် သူ ဘုရားဒကာ
ဦးလှထွန်း ဒေါ်သန်းကြည် မိသားစုက ရဟန်း ဒကာ ဒကာမ အဖြစ် ခံယူကြသဖြင့် စာရေးသူနှင့် ဤရွာရှိဆွေမျိုးတို့မှာ
အလှမ်းကွာ မသွားခဲ့ပေ။ ပြောရ လျှင် စာရေးသူ၏ ပညာတော်သင် (ရဟန်း) ဘ၀တစ်လျောက်လုံးကို
ဤရွာရှိ ဆွေမျိုးများက အစစအရာရာ ထောက်ပံ့ အားပေးခဲ့ကြသည်။ အထူးသဖြင့်
စာရေး သူ၏ ရဟန်းအမ အရီးဖြစ်သူသည် စာရေးသူအား များစွာချစ်ခင်သည်။ ရဟန်းခံပွဲပြု စဉ်ကပင်
အမွေစား အမွေခံအဖြစ် ကြေငြာခဲ့သည်။ ယခုအခါ ဤရွာတွင် ဖခင်၏ မွေးရင်း ချာ များအနက် ညီမ
အငယ်ဆုံး (ဒေါ်သန်းဆိုင်) တစ်ဦးသာ ကျန်ရှိတော့ သည်။ ရွာတွင် နှစ်မဖြစ်သူ မလှပိုတို့အိမ်တွင်
နေ့ဆွမ်းစားပြီး အိုအို မမ ရွယ်ရွယ် ပုပု သေးသေး ကွေးကွေး ဆွေမျိုးအများကို လက်ခံ တွေ့ဆုံ
စကားပြောသည်။ နေမွန်း လွဲချိန်လောက်တွင် အရီးဖြစ်သူ နေထိုင်မကောင်းဖြစ် နေသည်ဟု သိရသဖြင့်
အိမ် သို့ သွား၍ အားပေးစကား ပြောရသည်။ သူမသည် စာရေးသူ၏ မယ်တော် ဘက်မှ အရီးတော် စပ်သူဖြစ်ပြီး
စာရေးသူအား သိက္ခာထပ်ထားသော ရဟန်းအမ တစ်ဦး လည်းဖြစ်သည်။ ညနေစောင်းအချိန်တွင် ညီဝမ်းကွဲ မောင်ကိုကြီး ဆိုင်ကယ်ဖြင့်
ဝက်လက်သို့ ပြန်ခဲ့ပြီး ကြို့ပင် စာသင်တိုက်သို့ ၀င်၍ ကျောင်းထိုင်ဆရာတော် အား တွေ့ဆုံသည်။
ဆရာတော်သည် အောင်ချမ်းသာရွာ ဇာတိဖြစ်ပြီး စာရေးသူနှင့် ညီအစ်ကို ၂ ၀မ်းကွဲ တော်စပ်သည်။
စာရေးသူအောက် ၂ နှစ်ခန့် ငယ်သည်။ ငယ်စဉ် က မြောက်တောရ ကျောင်းဆရာတော် (ယခုကုန်းကြီးရွာကျောင်း)
ထံတွင် အတူတကွ ပညာရင်နို့ သောက်စို့ခဲ့ကြသည်။ ဆရာတော်သည် ယခုအခါ သံဃာ ၁၅၀ ခန့်ရှိသော စာသင်တိုက်ကို ဦးဆောင်
သာသနာပြုလျက်ရှိသည်။ ဘုန်းကံကြီး မားသည်။ ကုသိုလ် ကောင်းမှု များစွာ ပြုလုပ်သည်။ စာရေးသူ
ပြည်ပ ပညာသင် စရိတ်ဖြစ်မြောက်အောင် ဦးဆောင်ပေးသူလည်း ဖြစ်သည်။ ယခုလည်း လိုအပ်သော ပညာစရိတ်ကိုပြောပါ
ဆွေမျိုးများနှင့် ညှိနှိုင်း ပြုလုပ်ပေးပါမည် ဟုပြောလာသည်။ ဆရာတော်နှင့် စကားစမြည်
ပြောပြီး အုတ်တိုက်ကျောင်းသို့ ပြန်လာခဲ့သည်။
0 comments:
Post a Comment