ယခုလ ၁ -ရက်နေ့က ဂျာမန် ပညာရှင် မစ်စတာ ဟာနိခ်ျ (Albnecht Hanich) ၏ ရှေးဟောင်း သမ္မိတိယ ဂိုဏ်းလာ စာပေ တစ်ခုဖြစ်သည့် မဏိစူဒ ဇာတက အင်္ဂလိပ် ဘာသာပြန် workshop ကို ပူနေးတက္ကသိုလ် ဧည့်ဆောင် ခန်းမတွင် ပူနေး တက္ကသိုလ် ပါဠိဌာနမှ ကြီးမှူးကျင်းပခဲ့သည်။ ၁၈ ရက်ကြာပြုလုပ်သည့် ဘာသာပြန် လုပ်ငန်းအလုပ်ရုံ ဆွေးနွေးပွဲသို့ ပါဠိဌာန၊ ဆန်းစစ်ကရစ်၊ ဖီလော်ဆိုဖီ ဌာနများမှ ဆရာ ဆရာမများ၊ ကျောင်း သား ကျောင်းသူများ နှင့် အခြား စိတ်ပါဝင်စားသူများ တက်ရောက် လေ့လာကြသည်။
မဏိစူဒ ဇာတ်စာပေကို ရှာဖွေ ဖော်ထုတ်သူ မစ်စတာ ဟာနိသည် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်တွင် Nepal Research center တစ်ခုတည် ထောင်လျက် ရှေးဟောင်း စာပေများကို ဖော်ထုတ်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်နေသူဖြစ်ပြီး ယခုအခါ ရှေးဟောင်း သမ္မိတိယ ဂိုဏ်းလာ ဇာတကမာလာဇာတ် အင်္ဂလိပ် ဘာသာ ပြန် ၂ အုပ်တွဲနှင့် အခြား သုတေသန ဆောင်းပါးများစွာကို ရေးသားခဲ့ ထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ပေ၊ ပုရပိုက်၊ သစ်သား၊ သွပ်၊ သံ စသည်များပေါ်တွင် လက်ဖြင့် ရေးသားထားသော ရှေးလက်ရာ စာ၊ ပုံများကို manuscript ဟု ခေါ်သည်။ ထိုစာပေများသည် နိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အဆိုအမိန့်၊ ဘာသာ၊ စကား၊ အတတ်ပညာများကို ဖော်ပြပါရှိသဖြင့် နိုင်ငံနှင့် လူမျိုးအတွက် တန်ဘိုးဖြတ် မရသော ရှေးလက်ရာ အမွေအနှစ် များဖြစ်ကြသည်။ ရှေးစာများကို ဖတ်ရှုခြင်း၊ ဘာသာပြန်ခြင်း အတတ် ပညာသည် ယခုအခါ ကမ္ဘာနှင့် အ၀န်း ကျယ်ပြန့်စွာ ပြုလုပ်လာသော လုပ်ငန်းရပ် တစ်ခုဖြစ်လာခဲ့သည်။ အထူးသဖြင့် ကမ္ဘာအရပ်ရပ်မှ ပညာရှင်များသည် ရှေးဟောင်း အမွေအနှစ် များပေါကြွယ်ဝသော အိန္ဒိ ယနိုင်ငံသို့ လာရောက်ကြပြီး ထိုပညာရပ်ကို အကောင် အထည်ဖော် ဆောင်ရွက် လုပ်ကိုင်လေ့ရှိကြသည်။ ယခုအခါ အိန္ဒိယနိုင်ငံ တွင် ထိုရှေးဟောင်း စာပေ ဖော်ထုတ်ခြင်း လုပ်ငန်းရပ်ကို စိုက်လိုက် မတ်တတ် ဆောင်ရွက်နေသော အင်စတင်ကျူ ပေါင်း ၄၀-ကျော် ရှိကြောင်း နှင့် အိန္ဒိယ တစ်နိုင်ငံ တည်းမှာ ပင် ရှေးလက်ရာ စာပေအက္ခရာ ငါးသန်းကျော် စုစည်းရရှိပြီးဖြစ်သည်ဟု သိရသည်။ ဤကိန်း ဂဏန်းသည် ကမ္ဘာပေါ်တွင် အများဆုံးသော စုစည်းရရှိမှုဖြစ်ပြီး အခြား အင်္ဂလန်၊ ဂျာမန်၊ အီတလီ စသည်နိုင် ငံတို့တွင်တည်း ရှေး အက္ခရာ manuscript သုံးသောင်းကျော်စီမျှ စုစည်း ရရှိထားကြသည်ဟု သိရသည်။ အထူးသဖြင့် အိန္ဒိယ နိုင်ငံသည် ရေမြေ ကျယ်ပြန့် သည်နှင့်အမျှ လူမျိုးပေါင်းများ စွာ ဖြန့်ကျက်နေသဖြင့် စာပေမျိုးစုံ၊ ဘာသာ စကားမျိုးစုံ၊ ယဉ်ကျေး မှုမျိုးစုံ ယှက် နွယ်ရောစပ်လျက် ရှိသည်။ အိန္ဒိယနိုင်ငံသုံး ဘာသာစာပေအားလုံး၏ ပင်မ အက္ခရာ manuscript သည် ၁၅-ခုမျှ ရှိကြောင်း မှတ်တမ်းတင် ထားပြီးဖြစ် သည်။
ယခု ဂျာမန် ပညာရှင် ဟာနိခ်ျ ကြိုးစားရှာဖွေ ဖော်ထုတ်ထားသော မဏိစူဒ ဇာတ် သည် တိမ်မြှုပ်ပျောက် ကွယ်သွားပြီးဖြစ်သော ဗုဒ္ဓဘာသာဂိုဏ်းခွဲတစ်ခုဖြစ်သည့် သမ္မိတိယဂိုဏ်းလာ စာပေဖြစ်ကြောင်းနှင့် အက္ခရာများသည် အလယ်ခေတ်လောက်က အိန္ဒိယနိုင်ငံ ဗိဟာစတိတ်နှင့် အနောက် ဘင်ဂေါ ဒေသ တို့တွင် အသုံးပြု တွင်ကျယ်ခဲ့သော ဘာသာတစ်ရပ်ဖြစ် ကြောင်းသိရသည်။ ၁၉၄၈ ခုနှစ်က အီတလီနိုင်ငံ သား ကမ္ဘာကျော် စာပေသုတေသန ပညာရှင် (Giuseppe Tucchi) သည် တိဘက်ဒေသ သို့ ခရီးသွားရာ မှ ပေစာ ၁၂ ခုရှိသည့် ဤ မဏိစူဒဇာတ် ပေစာထုပ်ကို စတင် တွေ့ရှိခဲ့ပြီး ဓာတ်ပုံမှတ်တမ်းတင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် မစ္စတာ ဟာနိသည် ထိုဇာတ်တော်ကို သူ၏ ဆရာထံမှ ရရှိခဲ့ပြီး ဘာသာပြန်ခြင်း လုပ်ငန်း ကို စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုဇာတ်တော်သည် ဂါထာပေါင်း ၃၇၆ ရှိပြီး ဆန်စစ်ကရစ်၊ ပါရာ ကရစ်၊ ပါဠိ သုံးဘာသာ ရောစွက် ပါဝင်နေသည်ကို တွေ့ရသည်။ သို့သော် မစ္စတာ ဟာနိ၏ အမှာစာ တွင် ပါဠိဘာသာ ပါဝင်သည်ဟု ရေးသား မထားပေ။
ဂျာမန်ပညာရှင် မစ်စတာ ဟာနိသည် သူ၏ ဘာသာပြန်ဆိုထားမှု လုပ်ငန်းကို သေချာ ကျန ပြုလုပ်ထား သည်ကို တွေ့ရသည်။ ဆန်းစစ်ကရ် ဘာသာရပ်ကို ကောင်းစွာတတ်ကျွမ်းသူဖြစ်သဖြင့် ယခု ဘာသာပြန် လုပ်ငန်းကို ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ သို့သော် ပါဠိဘာသာဘက်တွင် အားနည်းသည်ကိုမူ သူ၏ ဘာ သာပြန် ဆိုမှုများက သက်သေပြလျက်ရှိသည်။ အဘိဓာန်ကို အားပြုလွန်း အားကြီးသဖြင့် လည်း ယခု လို ဖြစ်သွားခြင်းဖြစ်မည်။ ဤ workshop တွင် ဟာနိ၏ ဘာသာပြန်ထားမှုများကို အဓိက တည်းဖြတ် စိစစ်ပေးသူများမှာ ပါဠိဌာနမှ ဒေါက်တာ ဒေ၀ကာ၊ ပိင်္ဂလမဒမ်၊ ဖီလော်ဆိုဖီ ဌာနမှ ဒေါက်တာ ဂိုဂလိတ်။ ဘန်ဒါဂါရ အင်စတီကျုမှ ဒေါက်တာ ဗဟုကာ။ ဘုံဘေ စောမယ ကောလိပ် ဗုဒ္ဓဘာသာ ဌာနမှ ဒေါက်တာ သုရုစိ မဒမ် တို့ဖြစ်ကြသည်။
လုပ်ငန်း ခေတ္တ နားချိန်တွင် စာရေးသူက မရှင်းလင်းသည့် အချက်များကို ဒေါက်တာ ဒေ၀ကာနှင့် ပိင်္ဂလ ဆရာမကြီးတို့အားမေးသည်။ ယခု ဇာတ်တော်လာ ဂါထာများ သည် စနစ်တကျ ရှိနေသော ၀ါကျ စာသားများဖြစ်ပါသလော။ နှစ်ဦးသော ဆရာများ ၏ အဆိုအရ ဤဇာတ်တော်လာ စာသားများသည် သန့်စင်သော စာသားများ မဟုတ်ကြ၊ ပါဠိချည်း သက်သက် မဟုတ်သလို ဆန်စစ်ကရစ်၊ ပါရာက ရာစ်များ ချည်းလည်း မဟုတ်ကြ။ သုံးဘာသာ သုံလွန်းတင် ရောမွှေထားသော စာသား များဖြစ်၍ မူမှန်သော စာသား များမဟုတ်ကြ။ ထို့ကြောင့် ဘာသာပြန်ရာတွင် အတိအကျမဟုတ်၊ သင့်သလို ဖြစ်နိုင်ခြေမျှကိုသာ ရော်ရမ်း မှန်းဆ ပြန်ဆိုရခြင်းဖြစ် ကြောင်း ပြောကြသည်။ စာရေး သူ သိလိုက်ပြီ။ အက္ခရာမှန်မှ အနက် အဓိပ္ပါယ်မှန်၊ အနက်အဓိပ္ပါယ်မှန်မှ အသိမှန်၊ အသိမှန်မှ အကျင့်မှန်၊ အကျင့်မှန်မှ ရည်မှန်းချက်ပန်းတိုင် လှမ်း ကိုင် နိုင်မည်ဆိုသည့် ကစ္စည်းကျမ်း ဆရာကြီး၏ စကားသည် များစွာ တန်ဘိုးရှိလှပေသည်။
ငါတော့ သိလိုက်ပြီ။ သူတို့ချည်း လုပ်နေတဲ့ လုပ်ငန်းတိုင်းကို တို့အားလုံး စဉ်းစားသင့်ပြီ။ ဗုဒ္ဓဘာသာ အမြင် မရှိဘဲနဲ့ ဘယ်လိုမှ အမှန်ကို မရောက်နိုင်ဘူးဆိုတာ ငါသိလိုက်ပြီ။
ဆရာ ဆန်ဂျေး က လုပ်ငန်း ခေတ္တနားချိန်တွင် ဤသို့ သဲကြီး မဲကြီး ဆိုလာသည်။ အလုပ်ရုံထဲတွင် စာရေး သူ ထောက်ပြခဲ့သည်များနှင့် ပတ်သက်ပြီး နားထောင်ရာမှ ဤအတွေးရလာခြင်းဖြစ်သည် ဟု ဆိုသည်။
သာရီတနယပုဒ်ကို သာရီပုဏ်ဏေးမကြီး၏သား သာရိပုတ္တရာ ဟု ဘာသာပြန်သည်ကို သာရီတနယသည် အနှစ်သာရရှိသော နည်းလမ်းကို ဆိုကြောင်း၊ မုနိ ကို စကားမပြော တုဏှိဘောနေသူဟု ဘာသာပြန် သည်ကို ဓမ္မပဒတွင် ဆိုသည့်အတိုင်း ပညာရှိသူဟု ပြန်ဆိုသင့်ကြောင်း၊ အာဂမကို
ထုံးတမ်းစဉ်လာ ဟု ဆိုခြင်းကို အာဂမသည် မူရင်းကျမ်းဂန်ကို ဆိုကြောင်း၊ စတုရတနာထူပကို
ရတနာလေးမျိုးကိုချည်း စဉ်း စားနြေ သဖြင့် အဖြေမရနိုင်ဖြစ်နေရာ ၄င်းဝါကျသည် လေးမျိုးသော
ထူပကိုသာ အဓိက ဆိုခြင်းဖြစ်ကြောင်း၊ စတုတထာဂတကို လေးဆူသော ဘုရား လောင်းဆိုသည်ကို လေးဆူသော
(ပွင့်တော် မူပြီး) မြတ်စွာဘုရားများကို ဆိုခြင်းသာ ဖြစ်ကြောင်း။ ပါထိက စသော ဂါထာကို
လိုရင်းမ ဖမ်းမိဘဲ ဖြစ်နေ သည်ကို သင်ကြား ခြင်း၊ နှုတ်ငုံဆောင်ခြင်းဖြင့် ဤဇာတ်တော်ကို
ထိန်းသိမ်းထားရန် တိုက်တွန်းသော ဂါ ထာဖြစ်ကြောင်း စသည် ထောက်ပြခဲ့သည်။ ။
0 comments:
Post a Comment