Wednesday, February 2, 2011

ပါဠိသဒ္ဒါသင်တန်းစတင်ခြင်း

နံနက် ၈ နာရီက ၁၀ နာရီအထိ ဗုဒ္ဓ၀ိဟာရမှာ အဘိဓမ္မတ္ထသင်္ဂဟကျမ်းစာ နေ့တိုင်း ချပို့နေ တယ်။ သင်တန်းသားကတော့ သုံးယောက်ထဲပါ။ ပါဠိဌာနဆရာ ဆန်ဂျေး၊ ပါဠိဌာနမှာ တရုပ်စာ ပြနေတဲ့ ဗိယက်နာမ်သီလရှင် တစ်ပါး နှင့် အိန္ဒိယ ဘန္တေ ၀ံသပါလတို့ဖြစ်တယ်။ အခု သင်တန်းစလာတာ တစ်လကျော်မှာ စေတသိက်ပိုင်း စိတ်ယှဉ်စေတသိက်ယှဉ်ရောက်နေပြီ။ သင်ကြားတဲ့နည်းက မြန်မာ့နည်း မြန်မာ့ဟန်အတိုင်းပါဘဲ။ ပါဠိဖတ်၊ ဘာသာပြန်ဖတ်၊ အဓိပ္ပါယ်ပြော၊ သရုပ်ကောက်။ သဒ္ဒါမှာရုပ် သဂြိုဟ်မှာ သရုပ်ဆိုတဲ့အတိုင်း သရုပ်သကန် ကောက်တတ်ဘို့က အဓိကဘဲလေ။ အဓိပ္ပါယ်တွေ ဆွေးနွေးမှုတွေ ဘယ်လောက်ပဲလုပ်လုပ် နောက်ဆုံးကျတော့ သရုပ်ကျန်ဖို့ရာက အဓိကပဲမဟုတ်လား။ ဒါကြောင့် သရုပ်သကန် ကျေဖို့ ဝေဒနာဘေဒ၊ ပယောဂဘေဒ၊ သင်္ခါရဘေဒဆိုတဲ့ နည်းလမ်းတွေက အတော်လေး အထောက်အကူဖြစ်စေတာပဲ။ စိတ်ပိုင်းတစ်ပိုင်းလုံး ပတ်ချာလည် သွားအောင် မွှေနှောက် သင်ကြားအပြီးမှာ စေတသိက်ပိုင်းကို ကူးတာပဲ။ စေတသိက်ပိုင်း ရောက်တော့ စေတသိက် တွေကို တစ်ခုချင်းရှင်းလင်းပြသ သင်ပေးတယ်။ လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တွေ ထုတ်ပြပေးတယ်။ အစက ဒါတွေကို အသေးစိတ်သင်ပြပေးဘို့ စိတ်ကူးမရှိဘူး။ ဖဿစေတသိက်တစ်ခုကိုတော့ နမူနာအဖြစ် လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်အပြည့် အစုံထုတ်ပြမယ်။ ကျန်တာတွေကိုတော့ လက္ခဏာတစ်ခုလောက်သာ ပြောပြပေးရင် အခြေခံ သမားများအတွက် လုံလောက်တယ်ပေါ့။ ခက်တာက ဖဿစေတသိက်ကို နမူနာအဖြစ် လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်အပြည့် အစုံထုတ်ပြသင်လိုက်တာ ကျန်တာ တွေကိုလည်း အပြည့်အစုံထုတ်သင်ပြပေးဘို့ ဖြစ်လာတော့တယ်။ သင်ချင်သူ တောင်းဆိုသူကတော့ ဗိယက်နာမ် သီလရှင်ပဲ။ သူက အတန်းမှာ အဓိကလူ လိုဖြစ်နေတယ်။ ပါဠိစာပေ အားနည်း ပေမယ့် သိချင်စိတ်ပြင်းပြတယ်။ ဓာတ်ပစ္စည်းခွဲပြမှ ကျေနပ်သူဖြစ်တယ်။ အဓိပ္ပါယ်ပြောတာ ကိုတော့ အတ္တနောမတိတွေ များလွန်းတယ်အထင်နဲ့ သိပ်မကြိုက်လှဘူး။ သင်တန်းအစ တုန်းကဆို ငါတို့ကို တရားဟောဘို့ မကြိုးစားနဲ့လို့တောင် ပြောဘူးတယ်။ ဒေါက်တာ ဘွဲ့လည်းပြီး အင်္ဂလိပ်စာကလည်းကောင်း၊ တရုပ်စာလည်း ရဆိုတော့ တစ်ဖက်ကို အထင် မကြီးတာ မဆန်းဘူးပေါ့။ စကားပြောတာ သွားတာလာတာကြည့်ရုံနဲ့ မာနရှင်တစ် ယောက် ဆိုတာ သိနိုင်တယ်။ ဒါကြောင့် သင်တန်းအစမှာ အော်ကျယ်အော်ကျယ်နဲ့ ဘယ်လို သင်ရမယ်။ ဘယ်လို ဖြစ်ရမယ် စသည် ဆူညံဆူညံတွေ လုပ်နေတာပေါ့။ နောက်တော့လည်း ပါဠိစာပေရဲ့လေးနက်မှုအောက်မှာ အဘိဓမ္မာဘာ သာရပ်ရဲ့ ဆွဲစောင်မှုအောက်မှာ မျက်စိ လေး ကလယ်ကလယ်နဲ့ ငြိမ်ချက်သား ကောင်း သွားတာပေါ့။

မေးတာ မကြိုက်သူများ

တစ်ခါတစ်ခါ ခက်လွန်းလို့ စာနာစိတ်နဲ့ နားလည်လားလို့ မေးတာတောင် မကြိုက်ဘူး။ လူကြားမှာ အဲလိုမေးတာမျိုး ရှက်တယ်ထင်ပါရဲ့။ ငါအတွက် မစိုးပါနဲ့။ ငါ အင်္ဂလိပ်စာဘက်မှာ မင်းထက်ကောင်းတာ သေချာပါတယ် စသည်ပြန်ပြောတယ်။ မြန်မာ့ဆရာတွေထုံးစံအတိုင်း တပည့်ကို နားလည်စေချင်တဲ့စိတ်နဲ့ နားလည်လား လို့ မေးတတ်တာက နိုင်ငံတကာအမြင်မှာ တစ်မျိုးဖြစ်နေသလား မပြောတတ်ဘူး။ မြန်မာပြည်တုန်းက ကိုးရီးယား သီလရှင် တစ်ယောက်ကို သဂြိုဟ်သင်ပေးတုန်းကလည်း မှတ်မိခြင်း ရှိမရှိ မေးဘူးတယ်။ ဒါကို သူမက မကြိုက်လှပဲ ဒါက မင်းအတွက် လိုအပ်လို့လားလို့ ပြန်မေးတာကို ခံရဘူးတယ်။ ခုလဲ ငါကို သိပ်စိုးရိမ်မပေးပါနဲ့တဲ့။ ဂျပန်မလေး တစ်ယောက်ကလည်း အဲလိုမေးလို့ အပြင်လမ်း လျှောက်ထွက်တုန်းမှာ အတန်းထဲမှာ ငါ့ကို စာမမေးပါနဲ့လို့ ပြောဘူးတယ်။ ဘာပြုလို့လဲ၊ ငါမေးတာ မင်းနားလည် မလည်သိချင်လို့မေးတာ၊ ပြီးတော့ မင်းနားမလည်ရင် ငါကူညီပြောရအောင်လို့ မေးတာပါလို့ ပြောတာတောင် မမေးပါနဲ့တဲ့ သူများတွေ သံသယဖြစ် ကုန်ပါလိမ့်မယ်တဲ့။ ကောင်းရောဗျာ အရပ်ကတို့။ ကိုရီးယားမလေးတစ်ယောက်လည်း ဒီအတိုင်းပဲ။ ရှေ့ဆုံးက စိတ်ထက်ထက်သန်သန်နဲ့ သင်ယူနေတာဆိုတော့ စေတနာနဲ့ မင်းနား လည်လားပေါ့။ နောက်တော့ သူမလည်း ပေါ်မလာတော့ဘူး။ အော် မေးပြီးသင်တာ သူတို့အမြင်မှာ တစ်မျိုးဖြစ်နေပါလား၊ ဆင်ခြင် သင့်ပါလားလို့ တွေးမိတယ်။

ငိုမဲ့မဲ့မျက်နှာ

အခု သဂြိုဟ်သင်နေတာ သမ္ပယောဂနည်းရောက်နေပြီ။ စေတသိက်တွေနဲ့ စိတ်တွေ ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာကို ပြတဲ့အခန်းပေါ့။ ဒီအပိုင်းမှာ စိတ်ပိုင်းကိုလည်း ပြန်ကောက်နေရတာမို့ ပိုမိုခက်ခဲမှုရှိတယ်။ ဒါကြောင့် စိတ်ပိုင်းနားလည်မထားရင် ရွာလည်ပြီ သာမှတ်။ သမ္ပယောဂနည်းစတယ်ဆိုရင်ပဲ ဗိယက်နာမ်မဆီက အသံထွက်လာတယ်။ ငါ့နောက်ခံက တရုပ်စာ၊ မင်းတို့က ပါဠိစာ။ ဒါတွေကို ခုမှတွေ့ရတာ။ ငါ့အတွက် သိပ်ခက်တယ်ဆိုတာ--။ ငါ ရှေ့ဆက် သင်ချင်တဲ့စိတ်တွေ မရှိတော့ဘူး။ စသည် အကြောင်းမဲ့ ဒေါသ စကားတွေ ပြောလာတယ်။ အဲဒီအချိန်မှာ သူမမျက်နှာ သွေးမရှိတော့ သလိုဖြစ်နေတာမို့ ကြာကြာ မကြည့်ရက်လို့ မျက်နှာလွှဲထားရတယ်။ ဟုတ်လိမ့်မယ်။ ခုမှ ပါဠိစာပေကို တွေ့ပြီး ခက်ခဲတဲ့ အဘိဓမ္မာဘာသာရပ်ကို သင်မိတာ။ ပြီးတော့ သင်ကြားမှုမှာ မညှာတတ်တဲ့ မြန်မာ့သင်နည်းနဲ့ သင်နေတာ။ သူခမျာ မငိုချင်ရက်ပဲ ရှိတော့မလဲ။ နားလည်မှု များစွာနဲ့ ဘာမှ ပြန်မပြောဘဲ တိတ်တိတ်ပဲ နေပေးလိုက်တယ်။ ဆရာဆန်ဂျေးကတော့ စိတ်မပျက်ပါနဲ့ တို့လည်း ဒီလိုပါဘဲ စသည်ပြောပြီ ဖျောင်းဖျနေလေရဲ့။ ငါ သင်ရတာကို ကြိုက်ပါတယ်။ ပါဠိအားနည်းတော့ မှတ်မိတာနည်းတယ်။ ဒါကြောင့် စိတ်ပျက်မိတာပါ လို့ နောက်မှ လေပြေလေး ထိုး ပြောလာတယ်။ ဖြစ်ရမယ်လေ။ အဘိဓမ္မာအရသာကို သိသွားသူ တစ်ယောက်အနေနဲ့ ဘယ်နည်းနဲ့မှ ဒီသင်တန်းကို လွယ်လွယ် လက်လွတ်ခံမှာ မဟုတ်ဘူးဆိုတာကို တွက်ပြီးသားပါ။ ပြီးခဲ့တဲ့ သင်တန်းမှာတုန်းက ၀ုန်းဒိုင်းကြဲသွားတဲ့ ကိုရီး ယားနှင့် ဂျပန်အပုမလေးအချို့တောင် အတန်းပြန်တက်ချင်လို့ ရစ်သီရစ်သီ လုပ်နေကြ တာ ကြည့်ပေတော့။ ဒီတစ်ခါ သင်တန်းမှာ ဘယ်သူကိုမှ ဖိတ်မနေတော့ဘူး။ ရှိတဲ့သူနဲ့ပဲ စခန်း သွားမယ်လို့ စိတ်ဆုံးဖြတ်ပြီး သင်လာတာ တကယ်စိတ်ဝင် စားသူများသာ လာရောက်သင် တာမို့ မီးကျိုးမောင်းပျက် မလာတစ်ရက်လာတစ်ရက်သမားတွေ မပါလို့ အတော်လေး တာသွားတာကို တွေ့ရတယ်။ သင်တန်းအရှိန်မြှင့်မယ့်အလုပ်မှာ ဗိယက်နာမ်မဆီက ငိုသံ သဲ့သဲ့ ထွက်လာတာကြည့်ပေတော့။ ဒါပေမယ့် နောက်ရက်မှာ သူမ ပုံမှန်လာပါတယ်။

မြန်မာ့စိတ်ဓာတ်

စာသင်တာ အကြောင်းမဲ့သင်နေတာ မဟုတ်ဘူး။ အင်္ဂလိပ်စာ အလေ့အကျင့်ရအောင်ဆိုတဲ့ အတွေးပြင် မြန်မာဆိုတာ ဘာလဲဆိုတာကိုလည်း သိစေချင်တဲ့ အတွေးတွေပါတယ်။ မြန်မာဆိုရင် စီးပွားရေးမဖွံ့ဖြိုးတဲ့ နိုင်ငံတစ်ခုလို့ရှုမြင်ပြီး အရာရာကို အထင်အမြင်သေးတာ နည်းနည်းမှ မခံချင်ဘူး။ မြန်မာတွေဆီမှာ ဘာတွေရှိတယ်ဆိုတာကို သိစေချင်တယ်။ ငုံ့ကြည့်နေ တာတွေကို မော့ကြည့်လာအောင်လုပ်ချင်တယ်။ ဂျပန်တွေ ဗိယက် နာမ်တွဆိုတာ အတော် စိတ်ဓာတ် ပြင်းတဲ့အမျိုးတွေပဲ။ ဂျပန်မတစ်ယောက် အတန်းထဲမှာ စိတ်ပိုင်းက စိတ်တွေ ရေတွက်ရတုန်း ခက်လို့ သူ့မခေါင်းသူ ပြန်ထုနေတာကြည့်ပြီး ပြုံးမိတယ်။ အခုလဲ ဗိယက်နာမ် သီလရှင် ငိုချင်ချင်ဖြစ်နေတာကြည့်ပြီး ပြုံးရသေးတယ်။ ဒါပဲလေ မြန်မာဆိုတာ။ ဂျပန်အပုမလေးတစ်ယောက်ဆို လမ်းမပေါ်မှာ ဒူးထောက်ပြီး အရိုအသေ ပေးဘူးတယ်။ အကောင်းတော့ မဟုတ်ဘူး။ အရွဲ့တိုက်တာ။ ဘာပဲဖြစ်နေနေ ဂျပန်တစ် ယောက်က ဒူး ထောက်ဘို့ဆိုတာ လွယ်ကူတဲ့အလုပ်မှ မဟုတ်တဲာ။ အင်း ဂျပန်က ဒူးထောက်ရတဲ့ မြန်မာ တစ်ယောက်အဖြစ် ဂုဏ်ယူရမလိုဖြစ်နေပြီ။

ပါဠိသဒ္ဒါသင်တန်းစတင်ခြင်း

ဒီနေ့ ညနေ ၆ နာရီ ပါဠိ ဆရာ ဆန်ဂျေးအိမ်မှာ ပါဠိသဒ္ဒါ သင်တန်းစတယ်။ ကစ္စည်း သဒ္ဒါကြီးကို သင်ပေးဘို့ ဆရာ ဆန်ဂျေးက တောင်းဆိုလို့ သင်ကြားခြင်းဖြစ်တယ်။ ပါဠိသဒ္ဒါ သင်မယ်ဆိုတော့ သင်ချင်တဲ့သူတွေ ရောက်လာကြတယ်။ ဖီလော်ဆိုဖီဌာန ပထမ နှစ်ကျောင်းသူ မစ်စ် ယောင် (ကိုရီးယာူး)။ ပီအိပ်ခ်ျဒီ ကျောင်းသူ အချိနာ(အိန္ဒိယ) ၊ ဗိယက်နာမ် သီလရှင် တန်၊ အိန္ဒိယ ဘန္တေ ၀ံသပါလ၊ သုဒဿန၊ ဒီပါနန္ဒ (ဘင်္ဂလားဒေ့ရှ်) နှင့် ဆရာဆန်ဂျေးတို့ဖြစ်ကြတယ်။

၁-၂-၂၀၁၁

Monday, January 3, 2011

့happy new year

31 ရက်နေ့ ။ ဗုဒ္ဓ၀ိဟာရ ဘန္တေသုဒဿန က ဗုဒ္ဓ၀ိဟာရကို လာခဲ့ပါဦးဆိုလို့ သီရိလင်္ကာ အရှင်ကုမာရကဿပ။ ဘင်္ဂလားဒေ့ရှ် အရှင်ဒီပါနန္ဒနှင့် စာရေးသူတို့ တက္ကသိုလ်ထဲက ဗုဒ္ဓ၀ိဟာရကို ည ၈ နာရီလောက်မှာ ထွက်ခဲ့ကြတယ်။ ဗုဒ္ဓ၀ိဟာရ ရောက်တော့ ကုလားဒကာလေး လေးငါးယောက်နှင့် သုဒဿနတို့က ကြိုဆိုနေကြတယ်။ ပြီးတော့ happy new year အတွက် ဘာလုပ်ရင် ကောင်းမလဲလို့ တိုင်ပင်တယ်။ '' ဒါက တို့နှင့်မဆိုင်ဘူး'' လို့ ပြောရမှာ ခက်သွားတယ်။ ''' အေးလေ အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်း ရွတ်ကြတာပေါ့ '' လို့ ပြောလိုက်ရတယ်။ ဒါနဲ့ ဘုရားကျောင်းထဲမှာ တန်းစီ ထိုင်ကြပြီး မင်္ဂလသုတ်၊ ရတနသုတ် နှင့် မေတ္တာသုတ်တို့ကို သံပြိုင်ရွတ်ဆိုကြတယ်။

ပရိတ်ရွတ်ပြီးတော့ နှစ်သစ်လက်ဆောင် စကားလေး ပြောပါဦးဆိုလို့ စာရေးသူက စပြီး အလှည့်ကျ ပြောကြ ရတယ်။

စာရေးသူက။

'' နက်ဖြန်ဆိုရင် နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ရောက်လာတော့မည်ဖြစ်ကြောင်း။ အဲဒီအခါ တစ်နှစ်အို၍ သေခြင်းတရားနှင့် တစ်နှစ်နီးသွားပြီဟု တရားသဘောအရ ဆင်ခြင်သတိပြုသင့်ပါကြောင်း။ နှစ်သစ်မှာ စိတ်သစ် ကိုယ်သစ်ဖြင့် ဘ၀သစ်ကို မွေးမြူရမည်ဖြစ်ပါကြောင်း။ နှစ်သစ်ကို ဘာနှင့် ကြိုဆိုကြမလဲဆိုသည်မှာလည်း မေးစရာဖြစ်လာကြောင်း။ နိုင်ငံတိုင်းတွင် နှစ်သစ်ကူးပွဲတော်ကို ကျင်းပလေ့ရှိကြကြောင်း။ ဤနေရာတွင် မြန်မာနိုင်ငံ၏ နှစ်သစ်ကူးပွဲတော်အကြောင်းကို အနည်းငယ် ပြောပြလိုပါကြောင်း။ မြန်မာနိုင်ငံတွင် နှစ်သစ်ကူး ပွဲတော်ကို နှစ်စဉ် ဧပြီ ၁၄ ရက်နေ့တွင် စတင် ကျင်းပလေ့ရှိကြောင်း။ ယင်းနှစ်သစ်ပွဲတော်ကို တစ်ဦးနှင့်တစ်ဦး ရေစင်ပက်ဖျန်းခြင်းဖြင့် ဆင်နွှဲကြကြောင်း။ ရေစင်ပက်ဖျန်းသည့်အဓိပ္ပါယ်မှာ နှစ်ဟောင်းက မကောင်းမှု အညစ် အကြေးများ နှစ်သစ်တွင် မလိုက်ပါစေရန် နှင့် နှစ်သစ်ခါသမယတွင် ကိုယ်သစ် စိတ်သစ်ဖြင့် ဘ၀သစ်ကို ထူထောင်နိုင်စေရန် ဟူသော ရည်ရွယ်ချက်ဖြစ်ပါကြောင်း။ အထူးသဖြင့် မြန်မာနိုင်ငံသူ၊ သားများသည် နှစ်သစ် ကူး ခါသမယတွင် ကုသိုလ်ကောင်းမှုများကို ဂရုတစ်စိုက် ပြုလုပ်လေ့ရှိပါကြောင်း။ များစွာသော လူတို့သည် ဘုရားကျောင်းကန်သို့ သွားရောက်ကြ၍ ဥပုသ်သီတင်းစောက်တည်ခြင်း။ အလှူဒါနပြုလုပ်ခြင်း။ ကမ္မဋ္ဌာန်း တရားထိုင်ခြင်း။ သီလရှင်ဝတ်ခြင်း။ ရဟန်းပြုခြင်းများကို ပြုလုပ်ကြကြောင်း။ မြန်မာနိုင်ငံတွင် နှစ်သစ်ကူး ခါသမယ၌ သီလရှင် ဘုန်းကြီးဝတ်ခြင်းသည် ဖက်ရှင်တစ်မျိုးကဲ့သို့ဖြစ်နေကြောင်း။ နှစ်သစ်ကူးပွဲတော်ပြီးလျှင် ကတုံးနှင့် အမျိုးသမီးလေးများ အမျိုးသားလေးများကိုတွေ့က သီလရှင်၊ ဘုန်းကြီးဝတ်ထားသူဟု အလွယ်တကူ သိနိုင်ကြောင်း။ ပြောလိုသည်မှာ မြန်မာများသည် နှစ်သစ်ကို ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၍ ကြိုဆိုကြ ပါကြောင်း။

ယခုလည်း မိမိတို့သည် ကမ္ဘာသူ ကမ္ဘာသားများ ကျန်းမာ ချမ်းသာစေရန် ဘေးအန္တရာယ် ကင်းရှင်း စေရန်ဟူသော ရည်ရွယ်ချက် ပရိတ်တရားများကို ရွတ်ဆို၍ နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်မှာ ကောင်းသော ကြိုဆိုခြင်းဖြစ်ပါကြောင်း။ နှစ်သစ်တွင် ကိုယ်သစ် စိတ်သစ်ဖြင့် ဘ၀သစ်ကို မိမိအတွက် ပတ်ဝန်းကျင်အတွက် ကမ္ဘာ့လူသားများအတွက် အကျိုးပြုလုပ်ငန်းများကို တတ်အားသလောက် ဆောင်ရွက်ခြင်းဖြင့် ဘ၀သစ်ကို တည်ထောင်သင့်ပါကြောင်း '' စသည် ပြောသည်။

ထို့နောက် သီရိလင်္ကာ ရဟန်းတော် အရှင်ကုမာရကဿပ က
'' မိမိသည် ယခု ကျောင်းပိတ်ရက် ကာလတွင် ဘင်္ဂလားဒေ့ရှ် ရဟန်းတော် အရှင်ဒီပါနန္ဒနှင့်အတူ ဘုံဘေ၊ ဒေလီ၊ ဗာရာဏသီ၊ ဗုဒ္ဓဂယာ၊ ကာလကတ္တားမြို့များသို့ ခရီးထွက်ခဲ့ပါကြောင်း။ ထိုခရီးစဉ်တွင် ဘုရားဖူးခြင်း။ ကုသိုလ် ကောင်းမှု ဒါနများပြုခြင်း။ အထွေထွေ ဗဟုသုတများကို လေ့လာဆည်းပူးခြင်းများကို ပြုလုပ်နိုင်ခဲ့ပါကြောင်း။ ထိုပြုပြုသမျှသောကုသိုလ်ကောင်းမှုအစုစုကို ယခုနှစ်သစ်တွင် မိမိ၏ အကောင်းဆုံး လက်ဆောင်အဖြစ် ယခုရောက်လာသူများကို ဝေမျှလိုက်ပါကြောင်း။ နှစ်သစ်ခါသမယတွင် ကျန်းမာ ပျော်ရွှင်ပါစေကြောင်း ဆုမွန် ကောင်းများလည်း တောင်းလိုက်ပါကြောင်း'' စသည် ပြောဆိုသည်။

ဘင်္ဂလာဒေ့ရှ် အရှင်ဒီပါနန္ဒက။
မိမိသည်လည်း အရှင်ကုမာရ နည်းတူ မိမိပြုခဲ့သမျှ ကောင်းမှုများကို မျှဝေလိုက်ပါကြောင်း။ စသည်ပြောသည်။

ဘန္တေသုဒဿန ကမူ။

သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ
သုခါ သဒ္ဓမ္မဒေသနာ
သုခါ သံဃဿ သာမဂ္ဂီ
သမဂ္ဂါနံ တပေါ သုခေါ
ဆိုသော ဓမ္မပဒတွင် လာသည့် ဂါထာသည် အလွန်စိတ်ဝင်စားစရာ ကောင်းပါကြောင်း။ လောက၌ ဘုရားပွင့် တော်မူလာခြင်း။ သူတော်ကောင်းတရား နာကြားရခြင်း၊ သံဃာတော်များ ညီညွတ်ကြခြင်း။ ညီညွတ်ကြသူတို့၏ ညီညွတ်ခြင်းအကျင့်ကို ကျင့်ခြင်းများသည် အများသတ္တ၀ါ ချမ်းသာသုခကို ဖြစ်စေသည် ဟုဆိုလိုပါကြောင်း။ ယခုလည်း နှစ်သစ်ကြိုဆိုတဲ့အနေနဲ့ ညီညီညွတ်ညွတ် ရောက်ရှိလာပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ဆိုခြင်း။ တရားစကား ပြောကြခြင်းများသည် တရားတော်နှင့် ညီညွတ်သည်ဟု ဆိုနိုင်ပါကြောင်း။ ဘုရားရှင် ပွင့်တော် မူလာသဖြင့် အမြင်မှန်များကို ရရှိရပါကြောင်း။ အမြင်မှန်မှတဆင့် စကားကောင်းများ။ အလုပ်ကောင်းများ၊ အတွေးကောင်းများကို တစ်ဆင့်ပြီး တစ်ဆင့် ပြုလုပ်နိုင်ပါကြောင်း။ နှစ်သစ်တွင် အမြင်မှန်ကို အခြေခံ၍ စကား ကောင်း။ အလုပ်ကောင်းများဖြင့် ဘ၀သစ်ကို တည်ဆောက်နိုင်ပါစေ ဟု ဆုမွန်ကောင်းများ ချွေလိုက် ပါကြောင်း'' ပြောဆိုသည်။

ထို့နောက် ဘန္တေသုဒဿန က စာရေးသူတို့ သုံးပါးအား ဦးသုံးကြိမ်ချ ကန်တော့သည်။ သူသည် တိဘက်တန် လားမား (မဟာယာန) ရဟန်းတော်ဖြစ်သည်။ သို့သော် ထေရ၀ါဒအလိုအရ သူသည် ရှင်သာမဏေတစ်ပါးမျှသာ ဖြစ်သည်ဟု သူ့ကိုယ်သူ ခံယူပြီး ယင်းသို့ နှစ်သစ်တွင် ဦးသုံးကြိမ်ချ ကန်တော့ခြင်းဖြစ်သည်။

ထို့နောက် အလှူရှင် ကုလားဒကာလေး နိခိလ ၏ အကျွေးအမွေးကို လက်ခံစားသုံးခြင်းဖြင့် ည ၁၂ နာရီကို ဖြတ်ကျော်ကြသည်။ ၁၂ နာရီထိုးလျှင် စာရေးသူက ၁၂-ထိုးပြီဟု သတိပေးစကား ပြောလိုက်ရာ သီရိ လင်္ကာရဟန်းတော် အရှင်ကုမာရက '' ဘ၀တု သဗ္ဗမင်္ဂလံ '' အောင်ဆုတောင်း ဂါထာကို စတင် ရွတ်ဆိုလိုက်ရာ အားလုံးပင် သံပြိုင်လိုက်ပါ ရွတ်ဆိုကြသည်။

Thursday, December 16, 2010

သင်္ကန်းကပ် အလှူ

ဘန္တေ သုဒဿန က နံက် အဘိဓမ္မာစာဝါ ချပို့စဉ်ကပင် ပြောထားသည်။ ယနေ့ ညနေ ၄ နာရီ သင်္ကန်း ကပ်ရှိသည်။ အလှူရှင်က မြန်မာဘန္တေ ၄- ၅ ပါးလောက် လိုချင်တဲ့အကြောင်း။ ထိုအခါ လိုက်နိုင်မည့် မြန်မာ ရဟန်းတော် ဘယ်နှစ်ပါးရနိုင်မလဲ စဉ်းစားလိုက်သည်။ အဆောင်တွင် ၁၀ ပါးခန့်ရှိသော်လည်း ကုလား အပင့်အဖိတ် လိုက်ချင်သူမရှိလှ။ ဂရုစိုက်မှုနည်းပါးသော ကုလားပွဲများကို မြန်မာရဟန်းတော်များ အဝေးက ရှောင်ကြသည်။ အချို့တစ်ပါးတစ်လေ တစ်လောက်သာ စေတနာ ရှေ့ထား၍ တစ်ဖုံ၊ အတွေ့အကြုံရရန် တစ်မျိုး လိုက်ပါလေ့ရှိသည်။ ကုလားပွဲများကို စိတ်စေတနာ ရှေ့ထား လိုက်ပါလေ့ရှိသော အရှင်ဇ၀နသည် လည်း ယခုအခါ စင်ကာပူသို့ ကြွနေ၍ အဆောင်တွင် မရှိ။ ထို့ကြောင့် အခြား မြန်မာ ရဟန်းတော်များကို ရနိုင် မည်မဟုတ်ကြောင်း နှင့် မိမိကတော့ လိုက်ပါနိုင်ကြောင်း ပြောလိုက်သည်။

ညနေ ၄ နာရီအချိန် အဆောင်သို့ ကားရောက်လာသည်။ ဘင်္ဂလာဒေ့ရှ်တစ်ပါး၊ ဗိယက်နာမ် (မဟာယာန) တစ်ပါး။ သုဒဿန နှင့် စာရေးသူ ၄ ပါးလိုက်ပါသွားကြသည်။ အိမ်သို့ ရောက်လျှင် ကားရပ်၍ တိုက် အပေါ်ထပ်သို့ ဓာတ်လှေခါးဖြင့် တက်သွားကြသည်။ ကုလားများသည် အိမ်ရာစခန်းများ၌ စုပေါင်း၍ နေထိုင် လေ့ရှိကြသည်။ ယခု အလှူ့ရှင်သည်လည်း ၇ ထပ်မြောက်တွင် နေထိုင်သဖြင့် ဓာတ်လှေခါးဖြင့် တက်ရောက် ရခြင်းဖြစ်သည်။

အိမ်သို့ ရောက်လျှင် ထုံးစံအတိုင်း အိမ်ရှင်က ရေဆက်ကပ်၏။ စကားစမြည်ပြောကြ၊ မိတ်ဆက်ကြသည်။ အလှူရှင်ဇနီးမောင်နှံနှစ်ဦးအမည်မှာ သန္တုဿီ နှင့် သီလ၀ါတို့ဖြစ်ကြသည်။ သူတို့ ၂ ဦးလုံးသည် ဂုရုကြီးဂို အင်ဂါ၏ ၀ိပဿနာတပည့်များဖြစ်ကြပြီး ၀ိပဿနာ တရားပြဆရာများလည်းဖြစ်ကြသည်။ ဇနီးဖြစ်သူသည် ၂၀၀၄ ခုနှစ်က ဂုရုကြီး ဂိုအင်ဂါနှင့်အတူ မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ဘူးသူဖြစ်သည်။ မြန်မာနိုင်ငံသို့ ရောက်ခိုက် သံဃာတော် အပါး ၅၀ ခန့် (ဆွမ်းခံ) စီတန်းကြွလာသည်ကို ဖူးမြင်ခဲ့ရ၍ စိတ်ထဲတွင် မြတ်စွာ ဘုရားနှင့် သံဃာတော်များ ကြွလာတော်မူသည်ဟု ထင်မှတ်စွဲလမ်းကြည်နူးခဲ့ရပါကြောင်း။ မိမိသေခါနီးတွင် ယူရမည့် အာရုံသည် ၄င်းအာရုံပင်ဖြစ်သည်ဟု တွေးထင်ထားပါကြောင်း။ မြန်မာနိုင်ငံ အလည် အပတ်ခရီးသည် မိမိဘ၀အတွက် အလွန်ကြီးကျယ်သော အတွေ့အကြုံကြီးတစ်ခုဖြစ်ပါကြောင်း ။ လယ်တီ ဆရာတော်၏ ဇာတိ မုံရွာမြို့ကိုလည်း ရောက်ခဲ့ပါကြောင်း၊ ဆရာတော်ကြီး တရားအား ထုတ်တော်မူခဲ့သည့် လိုဏ်ဂူထဲတွင် တစ်နာရီကြာ တရားအားထုတ်ခဲ့ပါကြောင်း စသည် မနားတမ်းပြောသည်။ ခင်ပွန်းသည်ကမူ ဂုရုကြီးနှင့်အတူ ဗုဒ္ဓဂယာ၊ သာဝတ္ထိ ဇေတ၀န် အရပ်သို့ လိုက်ပါဘူးကြောင်း ပြောပြသည်။

အလှူရှင် မိသားစုတွင် ၅ နှစ် ၆ နှစ်အရွယ် သမီးလေး တစ်ယောက်ရှိသည်။ နာမည်မှာ တုသိတာ ဟူ၍ ဖြစ်သည်။ သူမကိုယ် ၀န်ရစဉ်က ရဟန်းတော်များ၏ သင်္ကန်းရောင်ကိုသာ မြင်နေရပါကြောင်း။ ထို့ကြောင့် ရဟန်းသံဃာတော်များအား ပင့်ဖိတ်၍ သင်္ကန်းကို မကြာခဏ လှူဖြစ်ပါကြောင်း အလှူ့အမက ပြောပြသည်။

ဘန္တေသုဒဿန က အခမ်းအနားပြင်သည်။ ဆင်းတုတော်သီတင်းသုံးသည့်စားပွဲခုံကို ပိတ်လွှမ်းခြင်း။ ပန်း ရေချမ်း အလင်းတိုင် နံသာတိုင်များကို နေသားတကျ ထားရှိပူဇော်ခြင်း ဖြစ်၏။ ဤသည်မှာ ဘန္တေသုဒဿန ၏ အလုပ်။ ဘန္တေသုဒဿန မြန်မာထုံးစံ ဘယ်လိုလဲ ဟု မေးသည်ကို အခမ်းအနား အပြင်အဆင်ကို ဒကာဒကာမ များကသာ ပြင်ဆင်ကြောင်း။ ဘုန်းကြီးရဟန်းများက သင့်မသင့်သာ ကြည့်ပေးတတ်ကြောင်း ပြောပြသည်။ အခမ်း အနားပြင်ဆင်မှုမှာ အခြားဘာသာများတွင် ဘုန်းကြီးများအတွက် အဓိကကျသော လုပ်ငန်းဖြစ်သော် လည်း ဗုဒ္ဓဘာသာရဟန်းတော်များအတွက် အဓိက လုပ်ငန်းတစ်ခု မဟုတ်ကြောင်း ပြောလိုက်သည်။

အခမ်းအနားစလျှင် စာရေးသူက ငါးပါးသီလ ပေးရသည်။ မင်္ဂလသုတ် မေတ္တသုတ်များကို ရွတ်ဖတ် ပေးကြသည်။ ဘုရားဆင်းတုတော်အား အနေကဇာတင်ကြသည်။ ထို့နောက် စာရေးသူနှင့် သုဒဿနတို့က တရားစကား အနည်းငယ်စီ ပြောကြသည်။ ထို့နောက် ညစာ ဆက်ကပ် လှူဒါန်းကြသည်။

ကုလားများသည် ဘုန်းကြီး ရဟန်းများကို ညနေအချိန်တွင် ပင့်ဖိတ်ကျွေးလေ့ရှိသည်။ ဤသည်မှာ ထုံးစံကြီးတစ်ခုလိုဖြစ်၍ နေတော့သည်။ ဗုဒ္ဓဘာသာအကြောင်းကို ကောင်းကောင်းသိသူများပင် ယင်းသို့ ညနေ စာ၊ ညစာပင့်ဖိတ်ကျွေးမွေးခြင်းကို စိတ်အားထက်သန်စွာ ပြုလုပ်လေ့ရှိကြသည်။ ညစာစားခြင်းသည် ဘုန်းကြီး ရဟန်းများအတွက် ဘာမျှ ၀န်တက်စရာ မရှိဟု တွေးထင်ထားကြပုံရသည်။ အထူးအားဖြင့် သူတို့ လုပ်ငန်း အားလပ်ချိန်မျိုးဖြစ်နေခြင်း က အဓိက ဖြစ်သည်။ အိန္ဒိယဘုန်းကြီးများကလည်း ဘာကိုမျှ ဟန့်တားကန့်ကွက် နိုင်ခြင်း မရှိခြင်းကလည်း ယင်းသို့ဖြစ်နေခြင်း၏ အကြောင်းဖြစ်၏။ ထို့ကြောင့် အိန္ဒိယတွင် ၀ိကာလ ဘောဇန သိက္ခာပုဒ်သည် အလိုလို ပျောက်ကွယ်လျက်ရှိသည်။ (ရောတိရောရာ တို့လည်းပါ)

ညနေစာကို ကုလားအစားအစာများဖြစ်သည့် ချပါတီ၊ ထမင်း၊ ဘာဂျီ၊ စသည်များဖြင့် မွန်မွန် မြတ်မြတ် ဆက်ကပ်လှူဒါန်းသည်။ ဆက်ကပ်ပြီးနောက် မစားမီ သုံးဆောင်ပါမည့်အကြောင်း ရိုသေစွာ လျှောက်ထား တောင်းပန်သမှုပြုကြသည်။ ထိုလျှောက်ထား တောင်းပန်စာကို ဘန္တေ သုဒဿနက ရှေ့က တိုင်ပေး၍ အားလုံး နောက်က လိုက်ဆိုရသည်။

အဓိပ္ပါယ်မှာ

အရှင်ဘုရား မွန်မွန် မြတ်မြတ် ချက်ပြုတ်ထားအပ်သော ဘောဇဉ်ကို သုံးဆောင် တော်မူပါဘုရား ဟူ၍ဖြစ် သည်။

ထို့နောက် ရဟန်းတော်များက ဤမွန်မြတ်သော ဘောဇဉ်အား မြတ်စွာဘုရားကို ဆက်ကပ် လှူဒါန်းပါ၏။ သာသနာပြုနိုင်ရန်အတွက် သုံးဆောင်ပါ၏ အဓိပ္ပါယ်ရသော စာကို ရွတ်ဆို၍ စားသောက်ကြသည်။

ညနေစာ ဆက်ကပ်ပြီးလျှင် (သင်္ကန်းစ၊ ကော်ဇော၊ ထီး၊ ဆပ်ပြာ အကြမ်းအနု၊ အပ်ချည်လုံး၊ အပ်၊ အသီးအနှံ၊ ရူပီး ၁၅၀၊) လှူဘွယ်ဒါန်းဘွယ်များကို ဆက်ကပ်လှူဒါန်းကြသည်။ အလှူ့အမက နောက်မကြာမီအချိန်တွင် မြန်မာ့အစားအသောက်ဖြင့် ဆက်ကပ်လှူဒါန်း ချင်ပါ ကြောင်း၊ မြန်မာ့အစားအစာ ချက်ပြုတ်နည်းများကို အင်တာနက်တွင် ရှာ၍ ချက်ပြုတ် မည်ဖြစ်ကြောင်း ပြောသည်။ ညနေ ၇ နာရီအချိန်တွင် အလှူ့ရှင်တို့ အားနှုတ်ဆက်၍ အလှူ့ရှင်တို့နေအိမ်မှ အဆောင်သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

Tuesday, December 14, 2010

ဘုရားကျောင်းနဲ့တူတဲ့အိမ်

ဟိုတစ်နေ့က မြို့ထဲက အိပ်တစ်အိမ်ကို ပရိတ်ရွတ်လိုက်သွားတယ်။ အကြောင်းက အိမ်ရှင် မိသားစု ဗုဒ္ဓဂယာဘုရားဖူးကအပြန် ပရိတ်တရားနာချင်လို့ဆိုပဲ။ အိမ်ရှင်ဒကာက အိမ်ပေါက်က ထွက်ကြိုပြီး အိမ်ထဲကို ပင့်တယ်။ အိမ်ထဲ ၀င်ဝင်ချင်း စိတ်ထဲမှာ အတော်လေး ခံစား လိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ဟာ လူနေအိမ်နှင့်မတူဘဲ ဘုရားကျောင်း အပြင် အဆင်နှင့် တူနေလို့ပဲ။ ကြည့်ပါ။ ဧည့်ခံမှာ ဘုရားစင်ကို မုခ်ဦးနှင့်တကွ ခန်းပြည့် လုပ်ထား တယ်။ ဆင်းတုတော်ရဲ့ ရှေ့မှာ သောက်တော်ရေချမ်း၊ ပန်း၊ အမွှေး၊ ဖယောင်း၊ သစ်သီးပွဲ တွေကို စနစ်တကျ လှလှပပ ဆက်ကပ်လှူဒါန်းထားတယ်။ အခြား ပုတီး။ ခြင်္သေ့ သစ်ကျား၊ ဆင်စတဲ့ အရုပ်တွေကိုလည်း ဘုရားစင်မှာ ကျကျနန စီရရီ မျက်စိပသာဒဖြစ်အောင် ခင်းကျင်း ထားတယ်။ ဘုရားစင်ကို ကြည့်လိုက်တာနဲ့ ဒီမိသားစုရဲ့ ဗုဒ္ဓဘာသာဝင် စိတ်ဓာတ်ကို ခန့်မှန်း လို့ ရနေပြီ။ အိန္ဒိယမှာက ဗုဒ္ဓဘာသာလို့ ဆိုရပေမဲ့ အများစုက ဘုရားစင်မရှိတဲ့ ဗုဒ္ဓဘာသာ တွေဖြစ်ကြတယ်။ ရှိပေမဲ့ ပန်း၊ ရေချမ်း၊ သစ်သီး ဆက်ကပ်လှူဒါန်းရကောင်းမှန်း မသိကြဘူး။ ဆွမ်းကပ်ဘို့ဆိုတာ ဝေလာဝေးပေါ့။ သူတို့ အလေးထားတာက သူတို့ရဲ့ လွတ်လပ်ရေးခေါင်း ဆောင် ဒေါက်တာ အမ်ဘေဒကာပဲဖြစ်တယ်။ အိန္ဒိယမှာက ဒေါက်တာ အန်ဘေဒကာဟာ ခေတ်သစ် ဗုဒ္ဓပဲ။

မြန်မာ့ပရိတ်

စကားစမြည်ပြောဆိုပြီး ပရိတ်ရွတ် အစီအစဉ်စတယ်။ ပထမ ငါးပါးသီလပေး။ ပရိတ်ရွတ်။ ပရိတ်ရွတ်တော့ မြန်မာအသံနှင့် ရွတ်ပြလိုက်တယ်။ ဘန္တေသုဒဿနကတော့ ကုလားသံနဲ့ပေါ့။ ပရိတ်ရွတ်ပြီး တရားစကားအနည်းငယ်ပြောခိုင်းလို့ အိမ်ရဲ့အနေအထားကို ထည့်ပြော ဖြစ်တယ်။

''ဒီအိမ်ဟာ လူနေအိမ်နဲ့ မတူဘူး။ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ တူနေတယ်။ ဘုရားစင်ကို ကြည့်လိုက်တာနဲ့ ဒီအိမ်က လူတွေရဲ့ ဗုဒ္ဓအပေါ်ထားတဲ့ စိတ်ဓာတ်ကို ခန့်မှန်းလို့ ရတယ်။ ဗုဒ္ဓကို ဘယ်လောက်ချစ်တယ်၊ လေးစားတယ်ဆိုတာကို ဘုရားစင်က ပြောနေတာပဲ။

ဒီအလေ့အထဟာ မြန်မာနိုင်ငံက အလေ့အထနဲ့သွားတူနေတယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာ သာနိုင်ငံဖြစ်လေတော့ အိမ်တိုင်းမှာ ဘုရားစင်ရှိတယ်။ ပန်း ရေချမ်း ဆီမီး မပြတ်ပူဇော်ကြ တယ်။ အိမ်သစ်မဆောက်မီကတည်းက ဘုရားခန်းနေရာကို အလေးထား ကြိုတင် သတ်မှတ် ထားကြတယ်။ ဒီအိမ်ဟာ ဗုဒ္ဓရဲ့ ငြိမ်းချမ်းမှုဓာတ်ကို အရယူထားတာပဲ။ အမြဲတစေ ဗုဒ္ဓပုံ တော်ကို မြင်တွေ့နေရတဲ့အတွက်ကြောင့် ဗုဒ္ဓဆိုတဲ့ အသိဟာ အမြဲတစေ ကိန်းအောင်းနေမှာပဲ။ ဒါဟာ အချိန်တိုင်းမှာ တန်းဘိုးကြီးတဲ့ ဘ၀ကို ပိုင်ဆိုင်နေကြတာပဲ။ ဒီမိသားစုဟာ ဗုဒ္ဓနဲ့ အတူတကွ နေထိုင်နေတာပဲ။ ဗုဒ္ဓဟာ မိသားစုရဲ့ ဆရာပဲ၊ အစ်ကိုကြီးပဲ၊ မိတ် ဆွေကောင်းကြီးပဲ။ ''

ပရိတ်ရွတ်တုန်းက မြန်မာအသံနှင့် ရွတ်ပြလိုက်တာ သူတို့ သိပ်သဘောကျသွားတဲ့ပုံပဲ။ မြန်မာဘန္တေတွေကို ပင့်ပြီး အိမ်မှာ ပရိတ်ရွတ်ပွဲ လုပ်ချင် တယ်လို့ ပြောလာတယ်။ ဒီလတော့ မြန်မာဘန္တေတွေ ဗုဒ္ဓဂယာဘက် ဘုရားဖူးထွက် နေလို့ မဖြစ်နိုင်ဘူး။ နောက်လဆိုရင်တော့ ဖြစ်နိုင်လောက်ပါတယ် လို့ ပြောလိုက်တယ်။

နေ့ဆွမ်းဆက်ကပ်

နေ့ဆွမ်းကို စားပွဲကုလားထိုင်နှင့် ဆက်ကပ်တယ်။ ဒါလဲ တစ်မျိုးထူးနေတာပဲ။ ကုလားအိမ် အတော်များများ လိုက်စားဘူးတယ်။ ကျမ်းပြင်မှာ တန်းစီစားရတာချည်းပဲ။ ဒီအိမ်ကတော့ မြန်မာလို ဟန်ကျပန်ကျ စားပွဲခုံမြင့်နဲ့။

ကိုယ်ပိုင်စိတ်ကူးပါ

စားသောက်ပြီး သူတို့နေတဲ့ အိပ်ခန်းတွေကို လိုက်ပြတယ်။ တိုက်က အသစ်၊ ပစ္စည်းပစ္စယ တွေက အသစ်ဆိုတော့ လှချင်တိုင်း လှနေတာပေါ့။ အိပ်ခန်းတခါးမကို သေချာကြည့်မိတယ်။ မှန်ပန်းချီသွင်းထားတာပဲ။ ပုံက မြည်းလှည်းနှင့် လူနှစ်ယောက်။ ဘုရား အလောင်းတော် တောထွက်ခန်းဖြစ်နေတယ်။ အံ့စရာပါဘဲ။ ဘယ်လိုစိတ်ကူးနဲ့ အိပ်ခန်းတံခါးမှာ အလောင်း တော် တောထွက်ခန်းပုံ ထည့်ထားရတာလဲ။ ဒါလည်း ဗုဒ္ဓဘာသာစိတ်ကူးပဲလို့ တွေးမိတယ်။ ဧည့်ခန်းကို ပြန်လာတော့ နံရံတွေမှာ လိုက်ကာကပ်ထားသလို ပန်းချီဆေးချယ်ထားတယ်။ ဘန္တေသုဒဿန က ဒါဟာ မဏ္ဍပ သဘောပေါ့ လို့ ပြောတယ်။ ဟုတ်လိုက်လေ။ ဘုရားစင် ရှိတဲ့ ဧည့်ခန်းကို မဏ္ဍပ်ပုံစံမျိုးပေါ်အောင် လုပ်ထားတာပဲ။ ဧည့်ခန်းက ၂ခန်း။ ဘုရားခန်းရဲ့ တစ်ဖက်က အခန်းမှာ စက်ဝိုင်းပုံ၊ ခရုသင်း စတဲ့ပုံတွေနဲ့ အထက်နံရံမှာ ချယ်သ ထားတယ်။ ဒါတွေဟာ တိဘက်ဗုဒ္ဓဘာသာ မင်္ဂလာပုံတွေပေါ့ လို့ ဘန္တေသုဒဿန က ပြောပြန်တယ်။ အင်း ကောင်းတာပေါ့။ ထမင်း စားပွဲခုံရှည်ကြီးနားက နံရံမှာတော့ ကလေး များနဲ့ တရုပ်သူဋ္ဌေးကြီး ဦးတည်ပွားပုံ ဖန်ပန်းချီကားကြီး။ ဒါဟာ laughing Buddha ပဲလို့ ဘန္တေ သုဒဿန ပြောပြန်တယ်။ အင်း ငါသိ တယ်။ မြန်မာတွေက ဦးတည်ပွားလို့ခေါ်တယ်။ သူက happy Buddha ပေါ့လို့ ပြောလိုက်တယ်။

အိမ်ကို သိပ်သဘောကျသွားတယ်။ စိတ်ကူးအားလုံးဟာ ဗုဒ္ဓဘာသာစိတ်ဓာတ်ပေါ်မှာ တည်ဆောက်ထား တာပဲ။ အိမ်ရှင် ဒကာကြီးကို မေးကြည့်တယ်။

'' ဒီလိုအနေအထားမျိုးကို ဘယ်ကနေ ပုံတူယူထားတာလဲ ''

'' ဘယ်ကမှ ပုံတူမကူးပါဘူး၊ စိတ်ကူးထဲမှာ ပေါ်တဲ့အတိုင်း လုပ်ထားတာပါ။''

'' နို့ ဒကာရဲ့ ဧည့်သည်တွေ လာတဲ့အခါ သူတို့အနေနဲ့ အနှောက်အယှက်ကော မဖြစ်နိုင် ဘူးလား။''

''မဖြစ်ပါဘူး၊ ဖြစ်ရင်လည်း မတတ်နိုင်ဘူးလေ။ ဒါက ကိုယ့်အိမ် ကိုယ်စိတ်ကြိုက် ဖန်တီး နိုင်တာပဲ ဥစ္စာ။ ''

'' ဒကာတို့က အိမ်တစ်ခုလုံးကို ဘုရားသီတင်းသုံးဘို့ လှူထားတာပေါ့လေ'' လို့ပြောတော့ ဒကာကြီးက ပြုံးနေတယ်။ ဘန္တေ သုဒဿနက '' of course ! '' '' ဘာလို့ မဟုတ်ရမှာလဲ '' ဟု ၀င်ပြောလိုက်တယ်။

အိမ်ကအပြန် အမည်မသိ ခံစားချက်တစ်ခု ရင်တွင်းမှာ ငြိကပ်ပါလာတယ်။ ကုလားတိုင်း ကုလားလို မဟုတ်ပါလား။

Saturday, December 11, 2010

အဘိဓမ္မာသင်တန်း(၂) စတင်ခြင်း

Third semester စာမေးပွဲ ပြီးသွားပြီ။ ကျောင်းအားရက်မှာ ဗုဒ္ဓဂယာ မြန်မာ ကျောင်းသား စည်းဝေးပွဲ သွားဘို့ စာရင်းပေးထားတယ်။ ခက်တာက ဒီလ ၁၉ နဲ့ ၂၄ ရက်ကြား ဘယ်မှ မသွားဘို့ ပါဠိဌာနမှူးက ပြောလာတယ်။ ဒေလီက စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ လာတဲ့အခါ ကိုယ်စားပြု ဖြေကြားသူအဖြစ် မိမိကို အမည်စာရင်း တင်ထားလို့တဲ့။ ဒီနှစ် ဂယာ ကျောင်း သား စည်းဝေးရက်က ၂၄။ ၂၅။ ၂၆ ဆိုတော့ ဘယ်လိုမှ မမီနိုင်တော့ဘူး။ ဒါကြောင့် ဂယာကို မလိုက်နိုင် တော့တဲ့ အကြောင်း ပြောလိုက်ရတယ်။

ဘာလုပ်ရမလဲ။ ပါဠိဌာနမှာ ဒီလ ၁၇ ရက်နေ့က စပြီး တစ်ပတ်ကြာ အဘိဓမ္မာ သင်တန်းရှိတယ်။ သင်တန်းဆရာက ဟောင်ကောင်တက္ကသိုလ် ဗုဒ္ဓဇင်ဌာန ပါမောက္ခ မလေးနိုင်ငံသား အရှင်ဓမ္မဇောတိဖြစ်တယ်။ ပို့ချမည့် ဘာသာရပ်က သဗ္ဗသတိဝါဒ အဘိဓမ္မာဆိုတော့ စိတ်ဝင်စားစရာပေါ့။ အဲဒီသင်တန်းကို တက်ရ မယ်။ သူတို့ အဘိဓမ္မာ သင်တန်း မစခင် ကိုယ့်အဘိဓမ္မာသင်တန်း စထားမှဟု အတွေးရပြီး လာမည့် ၈ ရက်နေ့မှာ အဘိဓမ္မာ သင်တန်းပြန်လည်စတင် မည်ဖြစ်ကြောင်း ဗုဒ္ဓ၀ိဟာရ ဘန္တေ သုဒဿနကို ပြောရတယ်။ သူက အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာအသင်းရဲ့ လက်ရှိ ဥက္ကဋ္ဌ မဟုတ်လား။

သင်တန်းရက်။ ၈-၁၂-၂၀၁၀

သင်တန်းချိန်။ နံက် ၉- နာရီမှ ၁၀-နာရီ။

သင်တန်းဌာန။ ဗုဒ္ဓ၀ိဟာရ။ ပူနေးတက္ကသိုလ်အတွင်း။ ပူနေးမြို့။

သင်တန်းသားများ

ယခုအချိန် စာမေးပွဲတွေပြီးလို့ ကျောင်းပိတ်ရက်ဖြစ်တယ်။ ဒါကြောင့် ကျောင်းသားအများစု ခရီးထွက်နေချိန်လည်း ဖြစ်တယ်။ သင်တန်းကို ပုံမှန် လာနိုင်မယ့် အရှင် ဒီပါနန္ဒ (ဘင်္ဂလာဒေ့ရှ်) ဒေလီဘက်ကို ခရီးထွက်နေတယ်။ မစ်ယောင်လည်း ကိုရီးယားကို ခေတ္တပြန်သွားတယ်။ ဂျပန်မ ယူမီ၂ ယောက် အနက် တစ်ယောက်က သူမ စာတမ်းပြီးလို့် ဂျပန်ကို အပြီးပြန်သွားလေရဲ့။ တစ်ယောက်ကလည်း သူ့(PhD) စာတမ်း အပြီးသတ်ချိန်မို့ မအားမလပ်ဖြစ်နေ လေရဲ့။ ဂျာမန်မ ဒေါတယ်။ သူမက နောက်လ ဗုဒ္ဓဂယာ ဘုရားဖူးသွားဘို့ ပြင်ဆင်နေလို့တဲ့။ နီလမ ဆိုတဲ့ ကုလားကျောင်းသားကလည်း စာမေးပွဲ မပြီး သေးလို့ ခေါင်းမဖော်နိုင်သေး။ ပီအိပ်ဒီကျောင်းသူ ကုလားမလေး အမိနာ ကလည်း ဆရာဖြစ်စာမေးပွဲအတွက် ပြင်ဆင်နေရတာနဲ့ အလုပ်များနေသတဲ့။ ဆရာ မစ်စတာ ဆန်ဂျေး တစ်ယောက်တော့ အားအား လပ်လပ်ရှိပါတယ်။ ဒါပေမယ့် ခက်နေ တာက သူ့ခမျာလည်း အစာအိမ် ကင်ဆာရောဂါနဲ့ အိမ်မှာ ဆေးစား ဆေးသောက်ရင်း အေးအေး လူလူ အနားယူနေချိန်ဖြစ်နေတယ်။ သင် တန်းလာခဲ့ဘို့ ခေါ်ရမှာလဲ အားနာစရာ။ ဒါပေမဲ့ ခေါ်ကြည့်တော့ လာရှာပါတယ်။ အဲဒီတော့ သင်တန်းမှာ ဆရာဆန်ဂျေး၊ ဘန္တေ သုဒဿန နဲ့ ကုလား ကျောင်းသားလေး မင်္ဂေ့ရှ် တို့ သုံး ယောက်ပဲရှိတယ်။

အစက ပြန်စ

ပြီးခဲ့တဲ့ ၄ လကျော် ၅လ ကြာ သင်တန်းက အဘိဓမ္မာဘာသာရပ်နှင့် ပတ်သက်ပြီး အတော်လေး ထိထိရောက်ရောက်ရှိလှပါတယ်။ စိတ်ပိုင်းကို အခြေ ခံပြီး သင်္ဂြိုဟ် တစ်ကျမ်း လုံးကို မွှေနှောက်သင်လိုက်တာ လူတွေလည်း မူးနောက် သွားကြတော့တာဘဲ။ အိမ်မက် မက်သလို ကောင်းမှန်းတော့ သိတယ်။ ဘာမှတော့ မမှတ်မိလိုက်ဘူး ဆိုတာလို နေမှာပေါ့။ ဘာပဲဖြစ်နေနေ အဘိဓမ္မာ အရသာ သူတို့လေးတွေ သိသွားကြတာ အမြတ်ပဲ လေ။ ဒါကြောင့် နေရာတကာမှာ အဘိ ဓမ္မာကကို နှုတ်က မချကြဘူး။ ကိုရီးယားမလေး ယောင်ဆိုရင် '' ငါ နားတော့ မလည်ဘူး။ ဒါပေမဲ့ ဒီဘာသာရပ်က သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ။ ကိုရီး ယားလို ပြန်ဆိုထားတာရှိရင် သိပ်ကောင်းမှာပဲ '' လို့ ပြောရှာတယ်။ ဘင်္ဂလားဒေ့ရှ် အရှင်ဒီပါနန္ဒဆိုရင် '' အဘိဓမ္မာဘာသာရပ်ကို ခုမှပဲသိခွင့် ရတယ်။ တို့နိုင်ငံမှာ အဘိဓမ္မာကို သင်တာ မရှိသလောက်ဘဲ။ ဘင်္ဂလား ဘာသာရပ်နဲ့ ပြန်ဆို နိုင်တဲ့အထိ ကြိုးစားမယ်'' လို့ ပြောရှာတယ်။ ကုလားမလေး အမိနာက တော့ ''သိပ်တော့ နားအလည်ကြီး မဟုတ်ပေမယ့် သိပ်စိတ်ဝင်စားတာပဲ။ စာတမ်း ရေးနေတာမို့ သိပ်မအား လပ်ပေမယ့် တစ်နေ့ တစ်နာရီတော့ အဘိဓမ္မာ သင်တန်းအတွက် အချိန်ပေးနိုင် ပါတယ်'' လို့ ပြောရှာတယ်။ ယခုသင်တန်းပြန်စတော့ အစက ပြန်ပြီး ကောက်ရတာပေါ့။ အဘိဓမ္မာ ဆိုတာဘာလဲ။ ပရမတ်ဆိုတာဘာလဲ။ စိတ်ဆိုတာ၊ စေတသိက်ဆိုတာ၊ ရုပ်ဆိုတာ၊ နိဗ္ဗာန်ဆို တာ၊ ကုသိုလ် အကုသိုလ်ဆိုတာ စသည်စသည် ဖြေရှင်းချက်များနဲ့ပေါ့။

မှတ်မိသေးတယ်

ပြီးခဲ့တဲ့ သင်တန်းမှာတုန်းက လူကလည်းများ။ သူတို့ခမျာ အတွေ့အကြုံ သစ်လည်း ဖြစ်ကြပြန် ဆိုတော့ မယုံကြည်မှုတွေ၊ နားမလည်မှုတွေနဲ့ ငြင်းခုန် ဆွေးနွေး လိုက်ကြတာ ဆူညံပွက်လော ရိုက်နေတော့တာပဲ။ အဘိဓမ္မာကို နေ့စဉ် ဘ၀ထဲ ချပြတာကို သိပ်သဘော တွေ့ကြတယ်။ မြန်မာ့ လူမှုအသိုင်း အ၀န်းမှာ အဘိဓမ္မာသဘော တရားတွေ ဘယ်လောက် ထိုးဖောက်ဝင် ရောက်နေတယ်ဆို တာ သိစေချင်တာနဲ့ ဗုဒ္ဓဘာသာအခြေခံထားတဲ့ မြန်မာ့ ယဉ်ကျေးမှုနှင့်၊ မြန်မာ လူမျိုးတွေ တွေးကြံ ပြုမူနေထိုင်ကြပုံတွေကို မကြာမကြာပြောပြဖြစ်တယ်။ အဲဒါကို အများစုက သဘောကျပေမဲ့ ဂျပန်မ ၂ယောက်က သဘော မတွေ့ကြ ဘူး။ တစ်ယောက်က ကွယ်ရာမှာ '' ဘန္တေ ကုသလ က တစ်ခါ လာလည်း မြန်မာ၊ တစ်ခါလာလည်း မြန်မာ။ သူ့မြန်မာတွေကိုပဲ အမွှမ်းတင်ပြောနေတော့ တာပဲ။ ဒါဆို သူ့အဘိဓမ္မာသင်တန်းက မြန်မာ့ယဉ်ကျေးမှု သင်တန်း ကြီးဖြစ်နေ တော့တာပေါ့။ ဒါဟာ တို့ကို မြန်မာ့ယဉ်ကျေးမှုနောက်လိုက်ဘို့ ပြောနေတာနဲ့ အတူတူပါဘဲ'' လို့ အသံလွှင့်တယ်။ တစ်ယောက်ကတော့ '' တို့က အားလုံးကို အညီ အမျှဖြစ်စေချင်တယ်။ နိုင်ငံအားလုံး၊ လူမျိုးအားလုံးဟာ သူ့ယဉ် ကျေးမှုနဲ့သူ ရှိနေတာဘဲ။ မြန်မာ တစ်ခုတည်းကိုပဲ ကွက်ပြောနေတာကို တို့မကြိုက်ဘူး၊ ညီညီမျှမျှပြောစေချင်တယ်'' လို့ သင်တန်း ချိန်မှာ ပြောလာတယ်။ ''ငါက မြန်မာဖြစ်တယ်။ မြန်မာ့အသိုင်း အ၀ိုင်းအ ကြောင်း ကို ငါသိတယ်။ မင်းတို့နိုင်ငံအကြောင်းကို ငါကောင်းကောင်း မသိဘူး၊ ဒါကြောင့် မြန်မာ့ အကြောင်းကို ငါပြောခြင်းဖြစ်တယ်'' လို့ ပြောရတယ်။ ဒီဂျပန်တွေဟာ တစ်ခါတစ် လေ အတော်လေး ခွကျတယ်။ ဘာမှ မဟုတ်တာလေးနဲ့လည်း ရေးကြီးခွင် ကျယ် လုပ်တတ်ကြ တယ်။ သူတို့ ၂ယောက်အနက် တစ်ယောက်က ကလေးစိတ်။ သင်တန်းတွင်း ဆွေး နွေးငြင်းခုံ နေတုန်းမှာ စိတ်တိုင်းမကျရင် ထထပြန်သွားတတ်တယ်။ မြန်မာ့ယဉ်ကျေးမှု မျက်လုံးနှင့်ကြည့်ရင် အတော်လေး ရိုင်းတဲ့ အပြုအမူဘဲ။ အခြားတစ် ယောက်ကဆို တစ်ခါ တစ်ခါ ဘာမှ မဟုတ်တဲ့ အချက်အလက်တွေကို ယူလာတတ်တယ်။ ကြည့်ပါ ''ဘုန်း တော်ကြီး ပညာရေးဆိုတာ ဘုန်းကြီး ရဟန်းတွေနဲ့ပဲ ဆိုင်တယ်။ လူဝတ်ကြောင်တွေနဲ့ မဆိုင်ဘူး၊ ဒကာ ဒကာမဆိုတာ ကျောင်းကို လှူရုံပဲသွားရတာ လို့ပြောကြတယ် ဟုတ်ပါ သလား'' ''သတိပဋ္ဌာန်သုတ္တန်မှာ လူမှု အသိုင်း အ၀ိုင်းနဲ့ ကင်းဝေးပြီး တောထဲကို တရားအားထုတ်ရမယ်လို့ပြောတယ်။ အဲလိုဆိုရင် လူမူအသိုင်း အ၀ိုင်းကို ထောက်ပံ့ ကူညီနိုင်ဘို့ မဖြစ်နိုင်တော့ဘူးပေါ့'' စတာ စတာကို အတတ်ကြီးလုပ် မေးလာတတ်တယ်။ ဒါပေမယ့် သူမပြန်တော့ ''သူမကို အဘိဓမ္မာ သဘောတရားတွေ သင်ကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါကြောင်း '' ပြောသွား သေးတယ်။

ပြောင်းလဲနေသော အရာများ

အားလုံးဟာ ပြောင်းလဲနေတဲ့သဘောတရားလို့ ဗုဒ္ဓဘုရား မိန့်တော်မူခဲ့တယ်။ ယခု သင်တန်းပြန်စချိန်မှာ ပြီးခဲ့တဲ့ သင်တန်းအခြေအနေမျိုးနဲ့ မတူတဲ့ အခြေ အနေတွေကို တွေ့ရတယ်။ သင်တန်းသား အတော်နည်းသွားတယ်။ သင်တန်းမှာ သိသိသာသာကြီး တိတ်ဆိတ်သွားတယ်။ မေးခွန်းတွေသိပ် မလာကြတော့ဘူး။ ငြင်းခုန်မှုတွေ မရှိတော့ဘူး။ အဘိဓမ္မာသဘော တရားတွေရဲ့ အတိမ်အနက်ကို နားလည်သဘော ပေါက်သွားကြတဲ့ သဘောပဲ။ ဒါပေမယ့် ကုလားကျောင်း သားလေး မင်္ဂေ့ရှ်ကတော့ '' သိပ်ပျော်စရာကောင်းတဲ့ လောဘဆိုတဲ့ အချစ်ကို ဘာ့ကြောင့် မကောင်း ဘူး(အကုသိုလ်) လို့ ပြောရတာလဲ '' လို့ မေးလာတယ်။

Sunday, November 14, 2010

ဗုဒ္ဓဘာသာ ၀တ်ပြုဆုတောင်းပွဲ


၁၄-၁၁-၂၀၁၀ တနင်္ဂနွေနေ့။ ယနေ့ နံက်ပိုင်း ၁၀ နာရီအချိန်က ပူနေးမြို့ ပူနေးတက္က သိုလ်အတွင်းရှိ ဗုဒ္ဓ၀ိဟာရတွင် အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ အသင်းသားများစုပေါင်း၍ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ ၀တ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။ အကြောင်းမှာ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာအသင်းတော်၏ အထွေ ထွေ အတွင်းရေးမှူးဖြစ်သူ မစ္စတာ ဆန်ဂျေး တန်ဘာဘဂိတ်သည် ယခုအခါ အဆုတ်ကင် ဆာ(သံသ ယ) ဖြင့် ဆေးရုံတက် ရောက် ကုသနေရသည်မှာ သီတင်း သုံးပတ်ကျော်ကြာခဲ့ပြီဖြစ်သည်။ ၄င်း သည် ပူနေးတက္က သိုလ် ပါဠိဌာန နှင့် ဆန်စစ်ကရာစ်ဌာနတို့၏ သင်တန်းပြ ပရောဖက်ဆာ တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်သူ၊ ဗုဒ္ဓဘာသာ တိုးတက်ပြန့်ပွားရေးအတွက် အားထုတ်ကြိုးပမ်း ဆောင်ရွက်နေ သူလည်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာအသင်းတော်ကြီးဖြစ် ပေါ်လာစေရန် စတင်ကြိုးပမ်း အားထုတ်ခဲ့သူဖြစ်ပြီး မြန်မာ ရဟန်းတော် အရှင်ကုသလ ပို့ချသော အဘိဓမ္မာသင်တန်းကို ကိုယ်တိုင် ဦးဆောင်၍ နေ့စဉ်နေ့တိုင်း တက် ရောက် သင်ကြားခဲ့သူလည်းဖြစ်သည်။ မစ္စတာ ဆန်ဂျေး တွေ့ကြုံနေရသော ရောဂါ ဝေဒနာများ ကင်းပျောက် စေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ၀တ်ပြုဆုတောင်းပွဲကို ပြုလုပ် ရခြင်းဖြစ်သည်။


အခမ်းအနားအစီအစဉ်

အခမ်းအနားသို့ ကိုရီးယား၊ သီရလင်္ကာ၊ မြန်မာ၊ ထိုင်း။ ဘင်္ဂလားဒေ့ရှ်၊ တိဘက်တန်နှင့် အိန္ဒိယနိုင်ငံတို့မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လာကြသည်။ အခမ်းအနား အစီအစဉ်များနှင့် ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ၀တ်ပြုဆုတောင်းပွဲကို ကမကထပြု ဆောင်ရွက်သူ မြန်မာရဟန်းတော် အရှင်ကုသလ က ရှေးဦးစွာ တင်ပြသည်။ ပထမပိုင်း အန္တရယ်ကင်း ပရိတ်တရားများကို ရွတ်ဆိုမှု အစီအစဉ်တွင် မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တာသုတ်နှင့် ဗောဇ္ဈင်္ဂသုတ်တို့ကို စုပေါင်းရွတ် ဆိုကြသည်။ ထို့နောက် တစ်ဦးချင်း ရွတ်ဆိုမှုအစီအစဉ်တွင် အိန္ဒိယ(လားမား) ရဟန်းတော် အရှင်သုဒဿန က ဂိရိမာလသုတ်၊ သီရိလင်္ကာရဟန်းတော် အရှင်ကုမာရကဿပ က မင်္ဂလသုတ်၊ ရတနာသုတ်အမွှမ်းနှင့် ဆုတောင်း၊ မြန်မာရဟန်းတော် အရှင်ကုသလ က အနေကဇာတင်ပါဠိ၊ ဘင်္ဂလားဒေ့ရှ် ရဟန်းတော် အရှင်ဒီပနန္ဒက ဇိနပညာဇရသုတ်၊ ကိုရီး ယား (မဟာယာန) ရဟန်းတော် သူရီး က ကိုရီးယားဘာသာဖြင့် ၀တ်ပြု ဆုတောင်းလွှာ၊ မစ္စတာ တက်ရှီက တိဘက်တ် မန္တရဂါထာများကို နိုင်ငံအလိုက် အသီးအသီး ရွတ်ဆိုကြသည်။


အစီအစဉ် ဒုတိယပိုင်းတွင် အားလုံး တိတ်ဆိတ်စွာ ထိုင်ကြလျက် မေတ္တာကမ္မဋ္ဌာန်းစီးဖြန်း၍ မေတ္တာပို့ လွှတ်မှုအစီအစဉ်ကို (၁၀ မိနစ်ကြာ) ပြုလုပ်ကြသည်။ ထိုအချိန်တွင် အားလုံး၏ စိတ်သည် ရောဂါဘယ ကျရောက်နေသော မစ္စတာ ဆန်ဂျေးကို အာရုံယူ၍ အဝေရော ဟောတု= ဘေးရန်ကင်းပါစေ၊ အဗျာပဇ္ဖော ဟောတု=ကိုယ်ဆင်းရဲ ကင်းပါစေ၊ အနီဃော ဟောတု= စိတ်ဆင်းရဲ ကင်းပါစေ၊ သုခီ အတ္တာနံ ပရိဟရန္တု=မိမိခန္ဓာကိုယ်ကို ကောင်းစွာ ဆောင်ရွက်နိုင်ပါစေဟု မေတ္တာသဘောတရားကို အထပ်ထပ် ထုံမွှမ်းကြသည်။ မေတ္တာဘာဝနာ ပွားများပြီးနောက် ပြုသမျှ ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏။ အများသတ္တ၀ါတို့အားလည်း ကုသိုလ်အမျှ ဝေငှပါ၏။ ဘုရား၊ တရား သံဃာတို့အား လောကုတ္တရာ တရားကိုးပါးအားလျှော်သော ကျင့်ဝတ်ပဋိပတ်ဖြင့် ပူဇော်ပါ၏ ဟု ဆုတောင်း၊ အမျှဝေ၍ ၀တ်ပြု ဆုတောင်းပွဲကို နံက် ၁၁ နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် နေ့လည်စာကို ဗုဒ္ဓ၀ိဟာရကျောင်း တိုက်မှာပင် စုပေါင်းစားသောက်ကြသည်။

Saturday, November 6, 2010

Internatioal Buddhist cultural festival


၃. ၁၁. ၂၀၁၀

ညနေ ၅ နာရီတွင် အိန္ဒိယ ကျောင်းသား လူငယ်တစ်ယောက် သုံးဘီးဖြင့် အဆောင်သို့ ရောက်လာသည်။ အရှင်စန္ဒာဝရ၊ မောင်တေဇနှင့် စာရေးသူတို့ သုံးဦး လိုက်ပါသွားကြသည်။ အဆောင်မှ မြို့ထဲရှိ ဖာကူဆန် ကောလိပ်။ ဖာကူဆန်ကောလိပ်မှ အခမ်းအနား ကျင်းပရာ ဖတန်မြို့သို့ သွားကြ မည်ဖြစ်သည်။ ဖာကူဆန် ကောလိပ်သည် လိုက်ပါကြမည့် နိုင်ငံတကာ ကျောင်းသားများ စုရပ်ဖြစ် သည်။ စုရပ်တွင် ကျောင်းသားအချို့ ရောက်နှင့်နေကြသည်။ စာရေးသူတို့ ရောက်လျှင် လာရောက် နှုတ်ဆက်ကြသည်။ ဤခရီးစဉ်အတွက် နိုင်ငံတ ကာ ကျောင်းသားများ စည်းရုံး ရေးမှူးသည် အီရန်နိုင်ငံမှ လူငယ် ကျောင်းသား မစ္စတာ ဖန်နီးဖြစ်သည်။


သွားရောက်ကြမည့် ဖတန်မြို့သည် ပူနေးမြို့နှင့် ကီလိုမိတာ ၁၁၀ လောက်ဝေးသည် ဆတ်တရခရိုင်အတွင်းရှိ မြို့ကလေးဖြစ်သည်။ ပြုလုပ်မည့် အခမ်းအနားမှာ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုပွဲတော် ဖြစ်သည်။ ၄င်းအခမ်းအနားကို တက္ကသိုလ် ကျောင်းသား ဗုဒ္ဓဘာသာဝင် လူငယ်များက ဦးစီးကျင်း ပကြခြင်းဖြစ်ပြီး ယခုနှစ်သည် သုံးကြိမ် မြောက် ဆင်ယင်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။


ဤပွဲတော်ကို ဒေ၀ါလီပွဲတော် ကျောင်းပိတ်ရက်နှင့် တိုက်ဆိုင်၍ ကျင်းပခြင်းဖြစ်ပြီး လိုက်ပါကြ မည့်သူများ အတွက် သွားလာ နေထိုင်စရိတ်များကို တာဝန်ယူ၍ ခေါ်ယူခြင်းဖြစ်သည်။ ကျောင်းအားရက်တွင် ခရီးတို သွားလိုသော ကျောင်းသား ကျောင်းသူများအတွက် လိုက်ပါ သွားလာသင့်သော ခရီးစဉ်တစ်ခုဖြစ်သည်။


ခရီးစတင်

ဖာကူဆန်ကောလိပ်မှ ဖကန်သို့ ခရီးသည် ညနေ ၆ဒ၃၀ နာရီတွင် စတင်ခဲ့သည်။ စာရေးသူတို့ နိုင်ငံတကာ ကျောင်းသားများအဖွဲ့တွင် အီရန် ၈၊ အာဖဂန် ၄၊ နီပေါ ၁၊ မြန်မာ ၃၊ ဘူတန် ၂၊ မဏိပူရ် ၁၊ အာဖရိက ၄၊ တရိပူရ် ၁၊ အိန္ဒိယကျောင်းသားများအပါအ၀င် ကျောင်းသား ၃၀ ရှိမည်။ လမ်းတစ်လျှောက် အလှည့်ကျ စကားပြော၊ သီချင်းဆို၊ ကခုန် သွားကြသဖြင့် ပျော်စ ရာ တစ်မျိုးဖြစ်သည်။ ည ၁၁ နာရီတွင် ဖကန်မြို့သို့ ရောက်ရှိကြပြီး Jeet ဟော်တယ်တွင် ညစာစား ညအိပ် တည်းခိုကြသည်။


၎-၁၁-၂၀၁၀

နံက် ၁၁ နာရီတွင် ဟော်တယ်မှ မြို့ထဲသို့ ထွက်လာကြသည်။ ဗုဒ္ဓ၀ိဟာရတွင် နံက်စာအဖြစ် ထမင်းကြော်သုံးဆောင်ကြသည်။ ထို့နောက် ဗုဒ္ဓ၀ိဟာရမှ အခမ်းအနား ကျင်းပရာ မြို့တော် ခမ်းမဆီသို့ သာသနာ့အလံများ၊ ဆိုင်းဘုတ်များကိုင်ဆောင်၍ နှစ်ယောက်တစ်တွဲ စီတန်းလှည့် လည်သွားကြသည်။ လမ်းတစ်လျှောက်တွင် '' ဒေါက်တာ ဘာဘာ အန်ဘေဒကာ'' '' ဂျိန်ဘင်း '' ။ '' ဗုဒ္ဓံ သရဏ'' '' ဂစ္ဆာမိ'' ၊ '' ဓမ္မံ သရဏံ'' '' ဂစ္ဆာမိ'' ဟူသော ကြွေးကျော်သံများကို အော်ဟစ် ကြွေးကြော်သွားကြသည်။


အခမ်းအနားစတင်

မြို့တော် ခမ်းမသို့ ရောက်လျှင် အားလုံးနေရာယူ၍ ဘုရားဆင်းတုတော်နှင့် ဒေါက်တာ အန်ဘေဒကာ ဓာတ်ပုံတို့အား ပန်းလှူခြင်း၊ ဆီမီး၊ အမွှေးတိုင်များ ထွန်းညှိ ပူဇော်ခြင်း၊ ငါးပါး သီလ ခံယူဆောက် တည်ခြင်းများကို ပြုလုပ်ပြီး အခမ်းအနား စတင်ဖွင့်လှစ်သည်။ ထို့နောက် နိုင်ငံတကာ ကျောင်းသားများအား ဒေါက်တာ အန်ဘေဒကာ ရေးသားသော the Buddha and His Dhamma အမည်ရှိ စာအုပ်နှင့် ပန်းများကို တစ်ဦးချင်းခေါ်ယူ၍ လက်ဆောင် ပေးသည်။


အီရန်မောင်နှစ်မ၏ တင်ဆက်မှု

ထို့နောက် အီရန်နိုင်ငံမှ ကျောင်းသား မစ္စတာ ဖန်နီးတို့ မောင်နှစ်မနှစ်ယောက်၏ Cultur and religion တင်ဆက်ပြသမှု အစီအစဉ်ဖြစ်သည်။ Cultur and religion တို့၏ အဓိပ္ပါယ်၊ အမျိုးမျိုးကွဲပြားနေသော ယဉ်ကျေးမှုနှင့် ယုံကြည်မှုဆိုင်ရာ ဘာသာတရားများ၊ ကမ္ဘာ့ဘာ သာဝင် ဦးရေစာရင်းစသည်များကို ၁၀ မီနစ် အတွင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင် တင်ပြသွားကြသည်။


မြန်မာ့ ယဉ်ကျေးမှု

အီရန်မောင်နှစ်မ၏ တင်ဆက်မှုပြီးလျှင် အိန္ဒိယ ကျောင်းသားများ၏ အလှည့်ကျ ဟောပြောမှု။ အင်္ဂုလိမာလ တေးသရုပ်ပြ ရုပ်ရှင်တင်ဆက်မှုတို့ကို ပြုလုပ်သည်။ ထို့နောက် မြန်မာ ရဟန်းတော် အရှင်စန္ဒာဝရ၏ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အကြောင်း တင်ဆက်ပြ သမှုဖြစ်သည်။ ပရိုဂျက်တာတွင် ရွှေတိဂုမ်စေ တီတော်သည် ရွှေရောင်ဝင်းတောက် နေခြည် အောက်တွင် ငွားငွားစွင့်စွင့် ၀င့်ဝင့်ကြွားကြွား ထင်ထင်ရှားရှား ပေါ်လာလျှင် ပရိသတ် အားလုံး မှာ ငြိမ်သက်သွားကြသည်။ ဗုဒ္ဓဘုရားရှင်၏ ဓာတ်တော်များ၏ အငြိမ်းဓာတ်ကို အားလုံး ခံစားလိုက်ကြရသည်။ မူစလင် ဘာသာဝင်ဖြစ်ကြသည် အီရန်ကျောင်းသားများပင် ခေါင်းများ ထောင်၍ တအံ့တသြ ငေးမောကြည့်ရှုကြသည်။ ကျိုက်ထီးရိုးစေတီတော် ပေါ်လာတော့ သူတို့ထံမှ စကားသံများ ထွက်လာကြသည်။ သူတို့ဘာသာဝင်တို့ ယုံကြည်သည့် ကျောက်တုံးနှင့်တူသည့် သဘောပင်လားမသိ။ မည်သို့ပင်ဖြစ်စေ အပေါ်နှင့် အောက်လွတ်နေ သော ကျိုက်ထီးရိုး စေတီတော်၏ ထူးဆန်းအံ့သြမှုကို ပရိသတ်အားလုံးပင် မင်သက်ရှိုက် မောသွားကြသည်။ အနီးနားတွင် ရှိသော အာဖဂန် ကျောင်းသား တစ်ယောက်အား စာရေးသူက လိုက်ပါရှင်းလင်းပြောပြသည်။ အာဖဂန်သည် ခေါင်းတညိတ် ညိတ်ဖြင့် ပရိုဂျက်တာတွင် ပြသမျှကို မလွတ်တမ်းကြည့်လိုက် စာရေးသူပြောသည်ကို နားစိုက် ထောင်လိုက်ဖြင့် အတော်လေး အလုပ်များသွားသည်ကို တွေ့ရသည်။ အရှင်စန္ဒာဝရ၏ တင်ဆက်မှု ပြီးလျှင် အိန္ဒိယ ကျောင်းသူ လေး ၃ ယောက်၏ တေးသရုပ်ကပြ တင်ဆက်မှုဖြစ်သည်။


ညနေပိုင်းအစီအစဉ်

နေ့လည် ၄ နာရီတွင် အခမ်းအနား ခေတ္တရပ်နား၍ နေ့လည်စာ စားသောက်ကြသည်။ (ထမင်း၊ ပဲဟင်းရေကြဲ၊ အချိုတစ်ခဲ) အိန္ဒိယ အစားအစာကို မစားနိုင်ကြ၍ ကျောင်းသားအချို့ အပြင် ထွက်စားကြသည်။ နေ့လည်စာ စားပြီးလျှင် ညနေပိုင်း အခမ်းအနား အစီအစဉ်ကို စတင် ကျင်းပသည်။ အိန္ဒိယကျောင်းသား၊ ကျောင်းသူများ၏ အလှည့်ကျ ဟောပြောမှုများ၊ အန်ဘေဒကာ၏ မိန့်ခွန်းဗွီဒီယိုပြသမှု၊ မြို့အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ လာရောက်ပြီး အားပေးစကား ပြောဟောမှု၊ အိန္ဒိယကျောင်းသူလေး ၃ ဦး၏ ကပြဖျော်ဖြေမှု၊ တရိပူ၊ မဏိပူ၊ နီပေါ၊ ဘူတန်ကျောင်းသားများ၏ ဗုဒ္ဓဘာသာဆိုင်ရာ ဟောပြောမှုများ ပြုလုပ်ပြီး ညနေ ၅း ၃၀ နာရီအချိန်တွင် ညနေပိုင်း အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

၇-၁၁-၂၀၁၀