Tuesday, June 29, 2010

ပြည်ပ ပညာတော်သင်နှင့် အတွေးလှိုင်းဂယက်များ (၃)

အတွေ့အကြုံ ရအောင်

အတွေ့အကြုံ ဗဟုသုတပွားအောင်လို့ ထွက်လာခြင်းဖြစ်တယ်ဆိုရင်ကော။ ဒါကလည်း အတိုင်းအတာ တစ်ခု အထိ လိုအပ်တဲ့ အရာပါပဲ။ အိန္ဒိယဟာ လူမျိုးစုံ ပုံစံမျိုးစုံ ဘာသာမျိုးစုံနဲ့ အတော် အံ့စရာ ကောင်းတဲ့ ရှေးဟောင်း နေရာဒေသတစ်ခုပါပဲ။ မြတ်စွာဗုဒ္ဓပွင့်တော်မူခဲ့တဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် ရောက်သင့် ရောက် ထိုက်တဲ့ နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။ အိန္ဒိယဟာ သစ္စာတရား စတင်တွေ့ရှိခဲ့တဲ့ နေရာဖြစ်တဲ့အတွက် ကမ္ဘာ့ အောင်မြေတစ်ခုပါပဲ။ ခက်တာက သစ္စာထွန်းကားတဲ့ နေရာမှာ သစ္စာတွေပျောက်ပြီး မျက်စိတွေလည် အမေ့ကြီးတွေ မေ့နေကြခြင်းပဲ။ ဘုန်းကြီးရဟန်းဆိုတာတွေကို မသိကြတော့ဘူး။ အချို့ ဗုဒ္ဓဆိုတာကိုတောင် မသိကြဘူး။ ဘုန်းကြီး ရဟန်းတွေကို မြင်ရင် လေးစားစိတ်နဲ့ ဦးညွတ်ဘို့ နေနေသာသာ တစ်မျိုးပါလားဆိုတဲ့ သဘောနဲ့ ကြည့်သွားကြတာက များတယ်။ ခက်တာက ရဟန်းတော် များရဲ့သင်္ကန်းက ကုလားမတွေဝတ်တဲ့ ဆာရီနဲ့ ပုံစံတူ ဖြစ်နေခြင်းပဲ။ အချို့ကလေးတွေက ခဲနဲ့တောင် ပစ်သွားကြတယ်။ အမေ့ဆာရီ ယူဝတ်ထားတယ်ပေါ့လေ။ ဗုဒ္ဓဘာသာဝင်တွေရှိပေမဲ့ လူရှေ့သူရှေ့မှာ ဘုန်းကြီးရဟန်းတွေကို နှုတ်မဆက်ကြ ဘူး။ မသိသလို နေကြတယ်။ အိန္ဒိယမှာ ဗုဒ္ဓဘာသာတွေဟာ များသောအားဖြင့် ဇာတ်နိမ့် တွေဖြစ်တယ်။ လူရှေ့သူရှေ့မှာ ဗုဒ္ဓဘာသာဖြစ်ကြောင်းပြရမှာ ရှက်ကြလို့ ထင်ပါရဲ့။ အခမ်းအနားမှာ ဆိုရင်တော့ ခြေထောက် ကို ထိအောင် လာရောက်ကန်တော့ကြတဲ့သူတွေ မရှားဘူး။ ဘုန်းကြီးရဟန်းကို ကိုးကွယ်တာ အခမ်းအနားတွင်းလောက်ပဲ ဖြစ်နေတော့တယ်။ ဒါ့ကြောင့် အိန္ဒိယဗုဒ္ဓဘာသာ အခြေအနေ ဟာ ဗြဟ္မဏတွေရဲ့ အရှိန်အ၀ါအောက်မှာ ပြားပြားမှောက် ရောက်နေသေးတယ်ဆိုတာကို ပြောနိုင်တယ်။ အိန္ဒိယမှာ ဘုန်းကြီး ရဟန်းရယ်လို့ အလေးပေးနေတာမဟုတ်ဘူး။ အရာရာမှာ တန်းတူဆက်ဆံတယ်။ ခက်တာက အိန္ဒိယမှာ ရဟန်းတော်များအတွက် သင်္ကန်း ၀တ်တဲ့အခါ ပုခုံးတစ်ဖက်ဖော် ၀တ်လို့ မဖြစ်ခြင်းဘဲ။ အဲလိုဝတ်ခြင်းဟာ တစ်ဖက်သားအတွက် အနေခက်စေတဲ့ ညှို့ဓာတ်တစ်မျိုးဖြစ်ပါသတဲ့။ ဒါကြောင့် အချို့ဆရာများက ပုခုံးသားဖေါ်မ ၀တ်ဘို့၊ ပုခုံးဖေါ်နဲ့ဆိုရင် ငါ့ဆီမလာပါနဲ့ လို့တောင် ပြောကြသတတ်။ အဲဒီအခါ ပုခုံးသားကို ဖုံးစေတဲ့ သင်္ကန်းအောက်ခံ အင်္ကျီဝတ်ရတယ်။ အင်္ကျီခံဝတ်တော့ အပေါ်သင်္ကန်းတောင် မလိုတော့ ဘူးဖြစ်သွားတယ်။ တစ်ခါ တစ်လေ အရေးတကြီးသွားရတဲ့အခါ အပေါ်သင်္ကန်း ထားပစ်ခဲ့ရတာ ရှိတယ်။ အပေါ်သင်္ကန်းမပါရင် ပါ့ပါးတဲ့ သဘောကို သွားတွေ့ရတယ်။ ကြာတော့ ပေါ့ပါးမှု အရသာတွေ့ပြီး အပေါ်သင်္ကန်းကို လုံးလုံးလွှတ်ထားတဲ့အထိ ဖြစ် သွားတော့တာပေါ့။ မဟာယာနတွေ အသွင်ပြောင်းသွားတာ။ လူတွေနဲ့ တူသွားတာ ဖြစ်နိုင်ချေ အများကြီးရှိတယ်။ ပတ်ဝန်းကျင်ရဲ့ ဖိအားကို မခံနိုင်ခြင်းပဲ။ တစ်ခါတစ်ခါ တွေးမိ တယ်။ တို့သာသနာ အိန္ဒိယက စောစောထွက်ခွာခဲ့တာ အတော်လေး ကံကောင်းတယ်လို့်ပေါ့။ နို့မို့ဆိုရင် အိန္ဒိယမှာ ခုလောက်ဆို ဖရိုဖရဲ ကိုးရို့ကားယားကြီးဖြစ်နေမှာလို့။ အိန္ဒိယမှာ လွတ်လတ်မှု အပြည့်ရှိတယ်။ ဒါကြောင့် အိန္ဒိယကို လွတ်မြောက်နယ်မြေလို့ အချို့သုံးကြ တယ်။


ဘွဲ့ဒီဂရီအတွက်

ဒါကလည်း သဘာဝကျပါတယ်။ ပါဠိစာပေနဲ့ ဆိုရင် ဓမ္မာစရိယပြီးထားတဲ့ ရဟန်းတော် တစ်ပါးဟာ အိန္ဒိယ ပါဠိဒေါက်တာဘွဲ့နဲ့ ညီမျှပါတယ်။ အဲဒီအတွက် လာတာပါဆိုရင် ငြင်းစရာ မရှိပါဘူး။ ခက်တာက အိန္ဒိယ ဒေါက်တာဘွဲ့များဟာ အရေအတွက်အဆင့်ထက် မပိုဘူးဆို တာပဲ။ အိန္ဒိယဆိုတာ အမ်အေ နဲ့ ဒေါက်တာ ဘွဲ့ဆိုတာတွေကို ကမ္ဘာမှာ နှစ်တိုတို ဈေးချိုချိုနဲ့ ဖောဖောသီသီ ရောင်းစားနေတဲ့ နေရာတစ်ခုဆိုပဲ်။ မြန်မာရဟန်းတော်တွေထဲက အိန္ဒိယမှ ဒေါက်တာဘွဲ့ ရရှိတော်မူသွားကြတာ အရေ အတွက်အားဖြင့် ၁၀၀ နီးပါး ရှိသွားပြီလို့ သိရတယ်ဲ။ ဒါပေမဲ့ ကမ္ဘာ့ စတိတ်ခုံတွေမှာ မြန်မာရဟန်းတော်များရဲ့ အသံဟာ တိတ်ဆိတ် နေတုန်းပဲ ရှိသေးသတဲ့။ ဒါကြောင့် သီတဂူဆရာတော်က မိန့်တယ်။ ဘွဲ့နဲ့လျှော်ညီတဲ့ အရည် အသွေးရှိဘို့ အထူးလိုအပ်တယ်။ ပြီးတော့ ကမ္ဘာ့စတိတ်ခုံတွေမှာ တက်ရောက်ပြောနိုင်တဲ့ အဆင့်အထိ အင်္ဂလိပ်စကားကို ကောင်းကောင်းအသုံးချနိုင်ရမယ် တဲ့။


ပြည်ပသာသနာပြုဖို့

ပြင်ပကို ထွက်လာကြခြင်းရဲ့ အကြောင်းရင်း တစ်ခုကတော့ ပြည်ပကို သာသနာပြုနိုင်အောင် ဆိုတဲ့ အချက်ပဲဖြစ်တယ်။ ပြည်တွင်းအတွက်ဆိုရင် ပြည်ပကို သွားစရာမလိုလောက် အောင်ပါပဲ။ ပြည်တွင်းမှာ ပါဠိပိဋကတ် အသိဉာဏ်နှင့် ပတ်သက်ပြီး အပြည့် အစုံ ရှိနေတယ်။ အဲဒါတွေကို ပြည်ပက လူတွေ သိအောင် လုပ်ဖို့ လိုအပ်တယ်။ အဲလို ပြည်ပကို သာသနာပြုဖို့ လိုတယ်ဆိုတဲ့ အတွေးက ပြည်ကကို သွားပြီး ပညာသင်ခြင်းရဲ့ အဓိက ရေသောက်မြစ်တစ်ခု ဆိုရင် မှားမယ် မထင်ဘူး။ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ တက္ကသိုလ် အသီးသီးရဲ့ အခြေခံ စည်းမျဉ်းမှာ ဒီအချက်ကို ကောင်းကောင်းတွေ့နိုင်တယ်။


လိုအပ်နေသော အရာ

တကယ်တော့ ပြည်ပကို ပိုက်ဆံအများကြီးပေး၊ ဒုက္ခသုက္ခခံ ပညာသင်ထွက်လာကြတာ လိုအပ်ချက်တစ် ခုကြောင့်သာဖြစ်တယ်ဆိုတာ သံသယမရှိပါဘူး။ အဲဒါဟာ ဘာလဲဆိုရင်တော့ စောစောက ပြောခဲ့သလို ယတိပြတ်ပြောပြဘို့ အခက်သားလား။ သူသူကိုယ်ကိုယ် သွားချင်ကြ၊ ရောက်ဘူးချင်ကြကြတာ။ အများရဲ့ အထင်အမြင်ကြီးမှုကို ခံယူချင်ကြတာ၊ ပိုမို ကောင်းတဲ့ အခွင့်အလမ်းတွေကို မျှော်လင့်မိကြတာတွေဟာ ပုထုဇဉ်သဘာဝအတိုင်း တစ်စိတ် တစ်ပိုင်းပါဝင်မှာပေါ့။ ဒါပေမဲ့ အဲဒါတွေက အဓိကမဟုတ်ဘူး။ ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် ကြီးပွားရာ ကြီးပွားကြောင်းနည်းလမ်းကောင်းတွေ ရှာဖွေချင်ကြတာ။ ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်လူမျိုး အောက်တမ်းနောက်တမ်း မကျစေချင်တာ စတဲ့ အကြောင်းများဟာ တကယ့်အရင်းခံ စေတနာတွေပါ။ ဒါကြောင့် ပြည်ပကို ထွက်လာတာ အပျော်သက်သက် မဟုတ်ဘူး။ အကြောင်းမဲ့ မဟုတ်ဘူးဆိုတာ သိနိုင်တယ်။ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်နေနေ တကယ့်မြင့်မြတ်မှန်ကန်တဲ့ ကိုယ့်အတွက် ကိုယ့်ဘာ သာအတွက် ကိုယ့်လူမျိုးအတွက် စတဲ့ ဗလ၀ စိတ်စေတနာတွေကို ရင်ဝယ်ပိုက်ပြီး လိုအပ် နေသော အရာတစ်ခုကို ရှာဖွေကြခြင်းပဲ။ ဒါကြောင့် ပြည်ပပညာတော်သင်များကို လေးစား ထိုက် ဂုဏ်ပြုထိုက် မြတ်နိုးထိုက်ပါတယ်။ အတိုင်းအတာ တစ်ခုအထိ ပညာတွေ ရပြီးရင် အမိမြေကို ပြန်ကြမယ်။ စွမ်းနိုင်တဲ့ဘက်က စွမ်းနိုင်သလောက် အမိမြေကို တည်ဆောက်ကြမယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ အထက်တန်းကျကျ မျက်နှာပန်းလှစေဘို့ နည်းလမ်းကောင်းတွေ ချပြပေးကြမယ်။ ဦးဆောင်ဦးရွက်ပြုကြမယ်။ ထို့ထက်စွမ်းနိုင်သူများက ကမ္ဘာကုန်ကျယ်သရွေ့ လျှောက်သွားပြီးတော့ ဗုဒ္ဓတရားတော်တွေကို ဖြန့်ဝေကြ မယ်။ အဲလိုနဲ့ ဘ၀စာမျက်နှာတွေမှာ သမိုင်းမှတ်တမ်းတင်ထားခဲ့မယ်လေ။


နောင်တစ်ချိန်မှာ

နောင်တစ်ချိန်မှာ ပြည်ပမှာ ရနိုင်တဲ့ ကောင်းမြတ်တဲ့ အခြေအနေတွေကို ပြည်တွင်းမှာ ရနိုင် အောင် ဖန်တီးကြရမှာဖြစ်တယ်။ အဲဒီအခါ ဘယ်ကိုမှ မျှော်ကြည့်နေစရာမလိုတော့ဘဲ ကိုယ့် ၀န်းကျင်မှာပဲ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနေပြီး ကမ္ဘာ့လူသားများကို မျှဝေပေးကြ မယ်ပေါ့။ ကမ္ဘာ့တွေးခေါ် ပညာတွေ၊ သမိုင်းလေ့လာနည်းတွေ။ သုတေသနပြုနည်းတွေ။ အချိန်တိုအတွင်း တတ်သိနားလည်နိုင်တဲ့ စာပေလေ့လာနည်းတွေ။ စတာတွေကို ကမ္ဘာက မျက်စိကျလာတဲ့အထိ ဖန်တီးသင်ကြားကြမယ်လေ။ ရှိမြဲ ပါဠိအရည် အသွေးကို လျှော့ချ မပစ်ဘဲ။ တတ်ပြီးသား အဘိဓမ္မာနဲ့ ၀ိပဿနာနည်းတွေကို လက်လွှတ်မပစ်ဘဲ။ ဒါတွေကို မြဲမြဲဆုပ်ကိုင် ခေတ်ပညာတွေနဲ့ တန်ဆာဆင်ပြီး ကမ္ဘာကို ကိုင်လှုပ်ကြမယ်ပေါ့။


၂၄-၆-၂၀၁၀

0 comments:

Post a Comment