Friday, June 24, 2011

ဆန်းဒေးစကူး


ဒီနေ့ ဆန်းဒေးစကူးစတယ် ဆိုရင်ပဲ။ မစ်စတာ ဂျိန်းစ် က …

'' ဘာ Chanty ကို ရွတ်တာလဲ '' လို့ မေးလာတယ်။

သင်တန်းစရင် နမောတဿ သုံးခေါက်ဆိုတာနဲ့ ပတ်သက်ပြီး မေးတာပါ။ ယခင် သီတင်းပတ် ကလည်း ဘုရားကို သုံကြိမ်ရှိခိုးတာနဲ့ ပတ်သက်ပြီး မေးဘူးတယ်။ ဆရာ ဆန်ဂျေး က ဗုဒ္ဓဂုဏ် တော်ပါတဲ့ ဘုရားရှိခိုး စာသားကို ရွတ်ဆိုတာပါ လို့ ဖြေတယ်။ မစ်စတာ ဂျိန်းစ်က ဆက်ပြီး မေးတယ်။

'' ဒီအိန္ဒိယ နဲ့ အခြား ရွတ်ပုံချင်း မတူတတ်သလိုပဲ။ ပြီးခဲ့တဲ့ ဗုဒ္ဓပုဏ္ဏိမာ( ၀ိသာခါ) နေ့က ဘန္တေ တွေ ရွတ်ကြတာ အချင်းချင်းမတူသလိုပဲ။ ဗိယက်နာမ် ဘန္တေတွေ ရွတ်တာတွေဟာ သံစဉ် အနိမ့်အမြင့်နှင့် သွားတယ်။ အိန္ဒိယ ဘန္တေတွေလည်း ဒီလိုပဲ သံစဉ်နှင့် သွားတယ်လို့ မှတ် တယ်။ ''

''ဟုတ်တာပေါ့။ ထိုင်းလန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီယား၊ လားအိုစ် ပြီးတော့ အိန္ဒိယ ရွတ်ပုံ တွေက အတူတူပါပဲ။ ပြောရရင် ခရစ်ယန်၊ မွတ်စလင်၊ ဟိန္ဒူ၊ အားလုံးဟာ ရွတ်ပုံတွေက အတူတူပါပဲ။ '' လို့ စာရေးသူက ပြောလိုက်တယ်။ သူက ခြားဝင်ပြီး ပြောလာတယ်။

''ခရစ်ယာန်ဘုန်းကြီးတွေလည်း သမ္မာကျမ်းကို ဖတ်တဲ့အခါ ဒီလို သံစဉ်နှင့် သွားနေတာ တွေ့ရမယ်။ ဒါပေမယ့် သီချင်းဆိုတာလား ဆိုတော့ မဟုတ်ပါဘူး။ ''

သူက ခရစ်ယာန် တရားဟောဆရာ တစ်ယောက်ဖြစ်နေတော့ သူတို့ ဘုန်းကြီးတွေအပေါ် သံသယ ၀င်မှာစိုးလို့ ပြောတယ်ဆိုတာ သိသာတယ်။

'' ဒါက စိတ်နှင့် ဆိုင်ပါတယ်။ သာယာနာပျော်ဘွယ် ရှိအောင် ရွတ်ကြတာဆိုတော့ ရွတ်ပုံတွေ တူနေတာ မဆန်းပါဘူး။ အိန္ဒိယကို ကြည့်ပါလား။ သူတို့ တီဗီ channel တွေကို ကြည့်ပေါ့။ အဆိုအကတွေ သိပ်များတယ်။ (ယုတ်စွ အဆုံး တရားပွဲတွေမှာတောင် အဆိုအကမပါရင် မပြီးဘူး) ။ ဒါက ယုံကြည်မှုနဲ့လည်း ဆိုင်တယ်။ ဘဂ၀ါဂီတိ တို့ ရှိတယ်မဟုတ်လား။ သီချင်း ဂီတနဲ့ လွတ်မြောက်မှု(ချမ်းသာသုခ)ကို ရနိုင်တယ်လို့ သူတို့က ယုံတယ်။ ဒါကြောင့် အဆို အကတွေ ဒီမှာ များနေတာပေါ့။ ဒါပေမယ့် ဗုဒ္ဓကတော့ အဲဒီလို သီဆိုကခုန်တာ တွေကို အားမပေးဘူး။ ''

မစ်စ်တာ ဂျိန်းနဲ့ ဆန်ဂျေး ငြိမ်သွားပြီး စာရေးသူကို မင်သက် ကြည့်နေကြတယ်။ စာရေး သူက white board မှာ ရဿ၊ ဒီဃ၊ ပလုတ ဆိုပြီး သံစဉ်သုံးမျိုးကို ရေးပြလိုက်တယ်။

'' တို့ ပြောဆိုနေတဲ့ အသံတွေက သံတို(ရဿ)၊ သံရှည်(ဒီဃ)၊ သံနိမ့်(ပလုတ) ဆိုပြီး သုံးမျိုး ရှိတယ်။ တစ်စက္ကန့်လောက် ကြာတဲ့အသံ၊ နှစ်စက္ကန့်လောက် ကြာတဲ့အသံ၊ အဲဒီထက် ပိုလွန် သွားပြီး သုံးစက္ကန့်လောက်ကြာတဲ့ အသံ။ ဒီမှာ ပလုတ အသံဆိုတာ ပုံမှန်အသံထက် ကျော် သွားတဲ့ အသံတစ်မျိုးပဲ။ ဒီအသံမျိုးကို သီချင်းလို့ ခေါ်တာပေါ့။ ဒီ(သီချင်း) အသံ တွေဟာ တမင်ဖန်တီးမှ ထွက်လာတဲ့ အသံတွေဖြစ်တယ်။ ဒါကို ဗုဒ္ဓက (ပလုတ) အသံနဲ့ သီဆိုတာကို မလုပ်ကြဘို့ သူရဲ့တပည့် ရဟန်းတွေကို သင်ပြခဲ့တယ်။ ဘာလို့လဲဆိုတော့ လူကြီး လူကောင်း တွေဟာ ဒီလို (ပလုတ ) အသံနဲ့ ပြောဆိုလေ့ မရှိလို့ပဲ။''

'' သင်္ဂါယနာ ဆိုတဲ့ စကားကကော။ ဘယ်လို အဓိပ္ပါယ်ရသလဲ။ ဆရာတစ်ယောက်က ပြော တယ် သင်္ဂါယနာဆိုတာ together singing ပဲ တဲ့။ ဒီမှာ ဂါ + ဂေဓါတ်ရဲ့ အနက်ဟာ to singing မဟုတ်လား။ ဒါကြောင့် သင်္ဂါယနာဆိုတာ အတူတကွ သီကျူးခြင်းလို့ အဓိပ္ပါယ်ရှိ တယ်လို့ ပြောတယ်။ ဒါပေမယ့် together reciting လည်း ပြန်ဆိုတာ ရှိတယ်။ ဂါထာဆိုတာ တွေက ဗုဒ္ဓရဲ့ ပါဠိစာပေထဲမှာလည်း ၀င်ရောက်နေတယ်။ ဒါတွေက အဓိကအားဖြင့် မှတ်သားရ လွယ်အောင် သီးကုံးထားတာဖြစ်ပြီး အဲဒါတွေကို သီချင်း လို သီကျူးရမယ်လို့ ဆို တာ မဟုတ်လား။ ''

မစ်စတာ ဆန်ဂျေးရဲ့ မေးခွန်း ဆုံးသည်နှင့် စာရေးသူက white board မှာ သင်္ဂါယနာ ဆိုတဲ့ စကားလုံးကို ရေးပြလိုက်တယ်။ ပြီးတော့ ရှင်းလင်းချက်။

'' ဟုတ်တယ် ဒါမှန်တယ်။ ဒါပေမယ့် ဘယ်လိုရွတ်ရမယ်ဆိုတာ သိဘို့လိုတယ်။ သင်္ဂါယနာ ဆိုတာ သံ နဲ့ ဂါယနာ တွဲထားတာပဲ။ အတူတကွ စုပေါင်း ရွတ်ဆိုခြင်းလို့ အဓိပ္ပါယ် ရတယ်။ ဂါယနာ၊ ဂီတ၊ ဂီတိ ဓါတ်ခြင်းက အတူတူပဲ။ အင်္ဂလိပ်က ဂစ်တာ လို့ ပြောတယ်။ တစ်နေရာ တည်းမှာ အတူတကွ လာရောက်ပြီးတော့ မြတ်စွာဘုရားရဲ့စကားတော်တွေကို မှတ်တမ်းတင် ရွတ်ဆိုတာကို ပြောတာပဲ။ သီချင်းလို ရွတ်ဆိုကြတယ်လို့ မဆိုလိုဘူး။ မစ်စတာ ဆန်ဂျေး ဘယ်လိုမြင်လဲ၊''

'' ဒါက ဟင်ဒီ ဘာသာ ထုံးစံက ပြောင်းသွားတာဆိုတော့ အဲလို( သူတို့လို) ပဲ(သီချင်းဆိုသ)လို ရွတ်ဆိုကြတယ် လို့ကော မပြောနိုင်ဘူးလား။''

'' အေး ဒီမှာ ဂါ ဓါတ် သို့မဟုတ် ဂေ ဓါတ်က သီကျူးခြင်း၊ ရွတ်ဆိုခြင်း ဆိုတဲ့ အနက်ကို ဟောတာပဲ။ reciting and singing ပေါ့။ ဒီနှစ်မျိုးက တူမယောင်နှင့် ကွဲပါတယ်။ ဗုဒ္ဓဇင်အလို ဒါက reciting = ရွတ်ဆိုခြင်းလို့ ယူပြီး အခြား အိန္ဒိယ ယဉ်ကျေးမှုနှင့် ဟိန္ဒူဘာသာ အရ ဆိုရင် singing တေးသီချင်းဆိုတာပေါ့။ သူတို့က တရားဟောတာတောင် အကအဆိုလေးနဲ့ မဟုတ်လား။''

'' နောက်ပြီးတော့ မေးစရာရှိတာက၊ ဒီလို ဂါထာတွေကို သီချင်းလို ဆိုရမယ်ဆိုတာကို ဘုရား က ဘယ်မှာပြောတာ ရှိလို့လဲ။''

'' ခုဒ္ဒက ပါဌ မှာ….''

'' ဘယ်သုတ်မှာလဲ? ဘုရားက ဂါထာပါဋ္ဌ်သားတွေကို သီချင်းလို သီကျူးရွတ်ဆိုရမယ်လို့ နဲနဲမျှ မပြောခဲ့ပါဘူး။ ''

'' အင် မပြောခဲ့ဘူးလား''

'' ဟုတ်တယ်။ ဗုဒ္ဓက တေးဆို ကခုန်တဲ့ လုပ်ငန်းကို လွတ်မြောက်ရာ လမ်းကြောင်းရဲ့ ဖီလာဆန့်ကျင်ဘက်=၀ိသုက ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒီသီဆိုမှုက အထက်တန်းကျတဲ့ လုပ်ငန်းမဟုတ်လို့ပဲ။ ဆိုပါစို့ မင်းတို့ အိန္ဒိယနိုင်ငံက ၀န်ကြီးချုပ် သီချင်း ဆိုတာ တွေ့ဘူး သလား။ ဒါဟာ အထက်တန်းကျ (လူကြီးလူကောင်း) တွေရဲ့ လုပ်ငန်းမျိုး မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ အခု အိန္ဒိယမှာ နာမည်ကြီးနေတဲ့ မင်းသား မင်းသမီးတွေ သူတို့ကခုန်တာက တစ်မျိုးလေ။ သူတို့ ငွေရရေးအတွက် လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကြတာ။ စဉ်းစားကြည့်ပေါ့ မင်းသမီး ချိုပရာ ကို ငွေပေး ခေါ်ရင် သူမ လာမှာပဲ၊ ကမှာပဲ။ ဘာလဲ ဒါက ငွေအတွက်ဆိုတာ ထင်ရှား။ အိန္ဒိယ ဖလော်မှာ ထင်ရှားတဲ့ နာဍပုတ္တဆိုတာ သဘင် သည်မျိုးနွယ်ထဲကပဲ။ ဒီတော့ ချုပ်ရရင် ဒီသီဆိုကခုန်မှုဆိုတာ အမြင့်စား လုပ်ငန်းတစ်ခု မဟုတ်ဘူးဆိုတာပါပဲ။ အေး တစ်ခု က သီချင်းလို သီကျူးတယ်ဆိုရတဲ့ အခါမှာ တောင် ပါဠိစာပေက ဥဒါန်းစကားလို့ သုံးတယ်။ ''

'' မင်းကော လမ်းပေါ်မှာ သီချင်းဆို၊ ကခုန်မှုမျိုး လုပ်နိုင်သလား။ ''

'' ခက်ပါတယ်။ မလုပ်နိုင်ပါဘူး။''

Saturday, June 11, 2011

အင်္ဂလိပ်စကားပြော လေ့ကျင့်ခြင်း

အတန်းထဲမှာ စကားအများဆုံးက စာရေးသူပဲ။ အင်္ဂလိပ်စကား မတောက်တစ်ခေါက်နဲ့ ကုလားဆရာ ဆရာမတွေသင်တာ ကြားတာတွေကို မှားတယ် မှန်တယ် ဆရာကြီးစတိုင်နဲ့ တောက်လျှောက် ဝေဘန်လိုက် လာတာ စာသင်နှစ်ပြီးဆုံးတဲ့အထိ ဆိုပါတော့။ ကြာတော့ ကုလား(ဆရာ ဆရာမ) တွေ မပြောနဲ့ အချင်းချင်းက တောင် လက်လန်ယူရတယ်။ အတန်းထဲ တွင်လား။ မဟုတ်ဘူး။ အခြားက တကယ့် မာစတာ စကော်လာ ဆိုတဲ့သူတွေ ပြောဟော ပို့ချတဲ့ သင်တန်းတွေမှာလဲ အာပေါင် အာရင်းသန်သန် မေးလိုက် မြန်းလိုက်နဲ့ ကိုစွာကျယ် အလုပ်ဆုံးက စာရေးသူပဲ။ အဆောင်မှာ လည်း အချင်းချင်း စာပေရေးရာ ၀ါဒရေးရာတွေမှာ တစ်ရာနဲ့ တစ်ယောက် ဆိုတာလို ပွက်လောလန်အောင် ငြင်းခုံဆွေးနွေးတတ်တာ ဘယ်သူ မှတ်သလဲ ဤကိုယ်ဖေပဲပေါ့။ ဒါကြောင့် စာရေးသူရဲ့ ကိုစွာကျယ် အပြုအမူကို ကွယ်ရာမှာ အတင်းအဖျင်း ပြောရုံနဲ့ အချိုး ပြောင်း မလာတဲ့အဆုံး '' ကိုယ်က ဘယ်လောက်သိလို့ ပရော် ဖက်ဆာတွေကို ဝေဘန်ရတာလဲ။'' စသည် တိုက်ရိုက် ပြောတာတွေလုပ်လာကြတယ်။ အချို့ ကတော့ သဘော မနောနဲ့ '' ဆရာ ဆရာမတွေ သင်တဲ့အခါ သိပ်မဝေဘန်(ဆွေးနွေး)ပါနဲ့။ ကိုယ်က ကျောင်းသားဆိုတော့ နားထောင်ရုံပဲပေါ့။ မှားတော့လည်း သူတို့က ဒီလိုယူဆ ပါလား ဆိုပြီးတော့ မှတ်ထား ရုံပဲပေါ့။ သူတို့က တစ်ခုခု လုပ်(ကန့်) လိုက်ရင် ကိုယ်ပဲ ခံရမှာမို့ ပါ။'' စသည် သတိပေးစကား ပြောလာရတဲ့အထိ။ (အင်း စာတွေက သင်ထားတော့လည်း သိပြီးသားတွေ ဖြစ်နေ တယ်။ သိနေတော့လည်း မှားနေတာတွေ မြင်ရရင် မပြောပဲ မနေနိုင်အောင် စိတ်ထဲမှာ ရွပိုးထိုးနေတယ်။ ပြောပြန်တော့လည်း အလိုက်မသိရာ ရောက်နေပြန်။)

တစ်ခါ ပါဠိဋ္ဌာနက ကြီးမှူးဖွင့်လှစ်တဲ့ သင်တန်းတစ်ခုမှာ။ မှတ်မှတ်ရရ Ph.D ကျောင်းသားများ အတွက် ဖွင့်လှစ်တဲ့ Methodology သင်တန်းတစ်ခုမှာပါ။ စာရေးသူက Ph.D ကျောင်းသား မဟုတ်ပေမယ့် အတွေ့အကြုံ ရချင်တဲ့ သဘောနဲ့ အဲဒီ သင်တန်းကို အစ အဆုံး တက်ရောက် သင်ဖြစ်တယ်။ သင်တန်း နောက်ပိုင်းရက်တွေမှာ ကျောင်းသားတွေကို စာတမ်းတွေ ပေးပြီး presentation တွေ အလှည့်ကျ လုပ်ခိုင်းတယ်။ စာရေးသူရဲ့ အလှည့်မှာတော့ အများနှင့် မတူတဲ့ ဟောပြောချက်တွေကြောင့် ပွဲဆူသွားတယ်။ မေးခွန်းပေါင်းများစွာ၊ အဖြေပေါင်း များစွာနဲ့ ရွှန်းရွှန်းဝေလို့ပေါ့။ သိတယ်မဟုတ်လား။ '' ကမ္ဘာ့ဘာသာ တရားတွေထဲမှာ သိပ္ပံ ပညာရဲ့ ထောက်ခံအားပေးမှုရနေတဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာ သည်သာ အစစ်မှန်ဆုံးဟု ဆိုရမှာ ဖြစ်ကြောင်း။ ငြိမ်းချမ်းမှု အမှန်တကယ်လိုချင်ရင် ဗုဒ္ဓတရားတော်များကို အများသိ အောင် ဖြန့်ချိရမှာဖြစ်ကြောင်း။'' ဗုဒ္ဓဘာသာ အကြောင်းကို သည်မျှလောက်ပြောရုံနဲ့ ဒီ (အိန္ဒိယ) မှာ လုံလောက်တဲ့ ပွဲဆူမှုကို ရနိုင်တယ်ဆိုတာ သိထားတယ်။ ဘာလို့လဲဆိုတော့ ကုလား ဆရာ ဆရာမ (ပညာတတ်) အများစုက ဗုဒ္ဓဘာသာကို အမြဲတမ်း ဝေဘန်တိုက်ခိုက် အပြစ် ပြောနေတဲ့ ဟိန္ဒူ၊ ဂျိန်းဘာသာ ၀င်များသာ ဖြစ်ကြလို့ပဲ။ အဲဒီတော့ အဲလို ပြောလာတဲ့ သူရှိရင် ဘက်ပေါင်းစုံက နည်းပေါင်းစုံနဲ့ လက်ဝှေ့စင် ပေါ်က လက်ဝှေ့သမားများလို နလံမထူအောင် ၀ိုင်းတွယ်ကြတော့တာပဲ။ ဒီလိုနဲ့ သူတို့အောင် ပွဲခံလာကြတာ နှစ်ပေါင်း အတော် ကြာပြီပဲ။

ဆရာတစ်ယောက်က စတင် မေးခွန်းထုတ်တယ်။ '' ဗုဒ္ဓက သူ့ကို ယုံဘို့ မပြောခဲ့ဘူး။'' ပါဠိဌာန က ပါဠိစာ သင်ပေးနေတဲ့ ဗုဒ္ဓဘာသာဝင် ကုလားဆရာ ပေါက်စ။ ကိုရင်ဝတ်နဲ့ မြန်မာ ပြည်မှာ တောင် သုံးလေးနှစ် နေထိုင်ခဲ့ဘူးတဲ့ သူက ဒီမေးခွန်း မေးရက်ပလေ ဟု စိတ်ထဲ အောက်သက်သက် ဖြစ်သွားတယ်။ '' ငါ ပြန်မေးပါရစေ ဒီလို စကားမျိုးကို ဘုရားက ဘယ်သုတ်မှာ ပြောခဲ့လို့လဲ။'' ဆရာပေါက်စ ငြိမ်သွားတယ်။ အဲဒါကို ဘေးမှာ ထိုင်နေတဲ့ ပရော်ဖက်ဆာ ဆိုသူက '' ကာလာမ သုတ်မှာ '' ဟု ပြောလာတယ်။ '' ဘယ်လိုပြောတာလဲ။'' အသံအတန်ငယ် ကျယ်သွားတာကို သတိပြုမိလိုက်တယ်။ ဆရာကြီးထံမှ အဖြေပြန်မလာ။ အခန်းတစ်ခုလုံး စက္ကန့်သုံးဆယ်ခန့် ငြိမ်သက်သွား။ '' ဒီလို ယောင်တောင်တောင် ၀ါးတားတား သမားတွေက ဆရာတက်လုပ်နေကြလို့ ဒီမှာ ဗုဒ္ဓ၀ါဒဆိုတာလည်း ၀ါးတားတား ဖြစ်နေခြင်းဖြစ် တယ်။'' ဒီစကားကို ရင်ထဲမှာပဲ ပြောဖြစ်။ '' မင်းက သိပ္ပံက ကမ္ဘာကို ဖျက်ဆီးနေတယ် ဘာညာနဲ့ အပြစ်ပြောတယ်။ လက်တွေ့မှာ သိပ္ပံရဲ့အကျိုးကျေးဇူးကို ခံစားနေရတာ အားလုံး အသိပဲ။ မင်းကိုယ်တိုင်ပဲ ကြည့်လေ သိပ္ပံနှင့် စမ်းသပ်တီထွင်းထားတဲ့ မျက်မှန်ကို တပ်ပြီးစာကြည့် ပြောနေရတယ် မဟုတ်လား။ မျက်မှန်မပါရင် မင်း…။'' ပါဠိဌာနက နောက်ထပ် ဆရာတစ် ယောက်ပါ။ အမြဲတမ်း ကို့လို့ကန့်လန့် အတွေးမျိုးတွေနဲ့ ဗုဒ္ဓဘာသာ စာပေတွေကို သင်ကြားပေးနေတဲ့သူ။'' မင်း ဘာစကား ပြောတာလဲ။ မင်း ဆရာတစ်ယောက် လုပ်နေပြီးတော့ ဆရာနဲ့တန်တဲ့ စကားမျိုးကို မပြောတတ်ဘူးလား။'' အဖြေကတော့ မာန်ငေါက်လိုက်ခြင်းပါပဲ။ '' မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ရက်နဲ့ ဘာဖြစ်လို့ ဆူနာမီ ဘေးဒုက္ခကြုံရတာလဲ။'' မေးသူ က ထိုင်းကျောင်းသား မစ်စတာ ဥတေန။ ဒါက မေးခွန်း မဟုတ် ဘူးဆိုတာ သိတယ်။ ဒါပေမယ့် ဖြေလိုက်တယ်။ '' တစ်ခြား နိုင်ငံများကြောင့်ပါ။'' အဖြေဆုံးသည်နှင့် အားလုံး ပွဲကျသွားတယ်။ '' ဘာ့ကြောင့် ပြောနိုင်ပါသလဲ။'' '' ဟုတ်တယ် လေ အခြား စက်မှုနိုင်ငံကြီးတွေက သူတို့စီးပွားရေးအတွက် စက်ရုံအလုပ်ရုံ ပစ္စည်းတွေကို အများ အပြားထုတ်လုပ်။ ငွေရတော့ သူတို့။ သဘာဝ ဘေးရန်တွေ ရောက်လာတော့ တစ်ကမ္ဘာလုံး ၀ိုင်းစုခံရ။ အဲဒီထဲမှာ မြန်မာလည်း ပါသွားတာပေါ့'' လို့ ဖြေလိုက်တယ်။ '' ဗုဒ္ဓဘာသာနှင့် သိပ္ပံ အတူတူဘဲလို့ ဘယ်လို ပြောနိုင်လဲ။'' ပရော်ဖက်ဆာတစ်ဦးက မေးသော မေးခွန်းပင်။ ပင်ကိုယ်က သိပ္ပံပညာကို နကဏ်းတစ်လုံးသိတဲ့သူ မဟုတ်ပေမယ့် ခပ်တည် တည်ပါပဲ။ '' အဟမ်း မင်းတို့ သိပါတယ်။ ၁၉ ရာစုခေတ်မှာ သိပ္ပံပညာ တစ်ဟုန်ထိုး တိုးတက် လာပြီးနောက် ကမ္ဘာ့အကိုးကွယ်ခံ ဘာသာ တရား အားလုံးနီးပါး သိပ္ပံဒိုင်းခွက်ထဲမှာ ကားယား ကျကုန်တာ။ သိပ္ပံက သူရဲ့ဒိုင်ခွက်ထဲမှာ ရှာမတွေ့တဲ့ အတွက်ကြောင့် ဂေါ့ဒ်ကို ကောင်းကင် ဘုံက ဖြုတ်ချလိုက်တာ မင်းတို့အသိပဲ။ ဒါပေမယ့် အံ့စရာကောင်းတာက ဗုဒ္ဓကိုတော့ သူက တစ်လေး တစ်စား လက်တွဲ ခေါ်သွား လိုက်တာ ယနေ့အထိပဲ။ သိပ္ပံ ဆရာကြီး အိုင်စတိုင်က ပြောတယ်မဟုတ်လား။ တို့တွေ့ သမျှက ဗုဒ္ဓဘာသာ နယ်ပင် အတွင်းမှာပဲရှိတယ် ဆိုတာ။ ဒီတော့ သိပ္ပံ နှင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနှင့် သိပ္ပံ တစ်လမ်းတည်းအတူ သွားနေတယ်ဆိုတာ လယ်ပြင်မှာ ကျွဲသွားသလို ကွဲပြားပါတယ်။'' အားလုံး ငြိမ်သွားကြပြန်တယ်။ '' အခု စာတမ်းမှာ ဗုဒ္ဓဘာသာ သင်္ဂါယနာ မှတ်တမ်းခုနှစ်တွေကို မမှန်ဘူးလို့ ဝေဘန်ထားတာပဲ။ ဒါကို မင်းဘယ်လိုမြင်သလဲ။'' ဆရာ တစ်ယောက်ရဲ့အမေး။ '' သူက ဝေဘန်တော့ တို့ကလည်း သူ့ကို ဝေဘန်လို့ ရတာပေါ့။ သူ ပြောတာတွေကကော တကယ်မှန်တယ်လို့ ပြောလို့ရလို့လား။ '' သူက အကိုးအကား အထောက်အထားတွေ ပေးထားတယ်လေ။'' ''သူ့လိုပဲ တစ်ခြား နောက်ပေါက် ဆရာတွေလည်း ပေးပြီး ရေးကြတာပဲ။ ဘာလို့ အချင်းချင်း အမြင်မတူကြ တာလဲ။ ဒါဆို တစ်ယောက် တစ်ယောက်က အမြဲတမ်း လွဲနေလို့ပေါ့။ ထားပါတော့ ပါဠိမှတ် တမ်းတွေအတိုင်း လက်ခံ အတည်ပြုထားသောအားဖြင့် တို့မှာ ဘာတစ်ခု ဆုံးရှုံး နစ်နာ သွားတာ ရှိလို့လဲ။ ဒါက အဓိက အချက်ပဲ။ အခုဆို သင်္ဂါယနာ ခြောက်ကြိမ်တောင် ရှိသွားပြီ။ ဗုဒ္ဓစာပေတွေကို မူရင်းအတိုင်း ထိန်းသိမ်းထားနိုင်ကြတာ ဒီမှတ်တမ်းတွေရဲ့ ကျေးဇူးကြောင့်ပဲ မဟုတ်လား။'' ''မင်းက အိန္ဒိယမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားတာဟာ ဖလော် ဒဿန ပညာရပ်တွေ အားကောင်းလာလို့လို့ ပြောတယ်။ ဒါက ဘယ်လို ဆက်စပ်မှု ရှိလို့လဲ။'' ဟုတ်တယ် ဖလော် ဒဿနပညာ ရပ်တွေဆိုတာ လက်တွေ့(အကျင့်)မပါတဲ့ အတွေးပညာရပ် တွေပဲ။ ဗုဒ္ဓတရား တော်တွေဆိုတာက လက်တွေ့အကျင့်မပါဘဲ ကြံဆတွေးတောနေရုံနဲ့ မသိနား မလည်နိုင်ဘူး။ ဒါကြောင့် ဗုဒ္ဓကိုယ်တော်တိုင် ပြောခဲ့တယ် မဟုတ်လား။ သူ့(တွေ့ ထားတဲ့) တရားတွေက အတက္က၀စရ=အတွေးကို ကျော်နေတယ်လို့။ ဆိုလိုတာက ဖလော် ဒဿနာဆိုတဲ့ အတွေး ပညာရပ်များနဲ့ တကယ့် အမှန် တရားတွေကို မသိနားမလည်နိုင်ဘူးလို့ ပြောခဲ့တာပဲ။ အကျင့်ကို ပယ်ပြီး အတွေးပညာရပ် များသာ ထွန်းကားလာတဲ့အခါ လက်တွေ့ ပညာရပ်ဖြစ်တဲ့ ဗုဒ္ဓတရားတော်တွေလည်း ဒီမှာ မှေးမှိန်သွားရတာပေါ့။'' အဖြေဆုံးသည်နှင့် ပရော်ဖက်ဆာ အချို့ ခေါင်းချင်းဆိုင် တီတိုးပြောနေကြသည်။ နာဂဇ္ဖုန ၊ ဓမ္မကိတ္တိစတဲ့ မဟာ ယာန ရဟန်းများ အလေးထား ရေးသားခဲ့တဲ့ ဖလော်၊ လော့ဂျစ် စာအုပ်တွေမှာ ကျင့်စရာ မပါဘူးလို့ ပြောနေကြ ခြင်းဖြစ်တယ်။ မေးခွန်းတွေ ကုန်လောက်ပြီဖြစ်သွားတာမို့ ဗုဒ္ဓဘာသာ က သိပ္ပံဆုံးတဲ့ နေရာ က စတာပါ လို့ ပြောရင်း စာရေး သူရဲ့ဟောပြော ချက်ကို အဆုံးသတ် လိုက်တယ်။

အဆောင်ပြန်ရောက်တော့ ဒီသတင်းက ပြန့်နေပြီ။ မြန်မာပီပီ အချင်းချင်း ထုနှက်ဘို့ စောင့်စား နေကြသည်။ ဘာလို့ ဒီလို…. သတိထားဦးမှပေါ့။ မြန်မာတွေကို ဘယ်လို ထင်သွား မယ်ဆိုတာကော မစဉ်းစားမိဘူးလား။ ဘာညာ စသည်….။ အင်း ဒါက ဒီလိုရှိပါတယ်။ ဒီလိုမှ မပြောရင် အင်္ဂလိပ်စကား ပြောဖြစ်မှာ မဟုတ်လို့ပါ။ အင်္ဂလိပ်စကား ကြိုးစား ပြောနေတာကို (အခြား နိုင်ငံသားများလို) အားပေးသင့်တာပေါ့။ အကြံပြုသင့်တာပေါ့၊ ဟုတ်ဘူးလား၊ ဘာပဲဖြစ်နေနေလေ။ ခုဟာက အင်္ဂလိပ် စကားပြော လေ့ကျင့်တဲ့အနေနဲ့ ပြောတာပါ၊ တစ်ခြား မဟုတ်ပါဘူး။

၇-၆-၂၀၁၁

Thursday, June 2, 2011

ဒေါင်းလန်းကြီးရဲ့အလယ်

အဆောင်မှာ နိုင်ငံပေါင်းစုံက ကျောင်းသားပေါင်းစုံရှိတယ်။ အထူးသဖြင့် အာရှနိုင်ငံများကပေါ့။ အီရန် အီရတ်၊ ပါကစ္စတန်၊ အာဖဂန်၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ။ ယီမင်။ မွန်ဂို၊ ဂျပန်၊ ကိုရီးယား၊ အာဖရိကန်၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ဗိယက်နာမ် စတာ စတာတွေပေါ့။ ကျောင်းသား ကျောင်းသူ အဆောင်ခွဲထားတယ်။ ကျောင်းသားများ နေတဲ့ အခန်းတွေထဲကို အမျိုးသမီးများ မ၀င်ရသလို ကျောင်းသူများရဲ့ အခန်းထဲကိုလည်း အမျိုးသားတွေ သွားလာခွင့် မရှိဘူး။ တွေ့ချင်ရင် ဧည့်ခန်းမှာပဲ တွေ့လို့ရတယ်။ အဆောင်မှာ အသောက် အစား မလုပ်ရဘူး။ ည ၉ နာရီကျော်ရင် အဆောင်မှာ ဧည့်တွေ့ခွင့် မရှိတော့ဘူး။ တွေ့ချင်ရင် အပြင်မှာ တွေ့ပေါ့။ အဆောင်မှာ ဗိယက်နမ်တွေက အဖွဲ့တောင့်တယ်။ ပြီးတော့ မြန်မာ၊ ထိုင်း။ ဒီနိုင်ငံတွေက ကျောင်းသားအားလုံးနီးပါးဟာ ဘုန်းကြီး ရဟန်းများဖြစ်ကြတယ်။ အရှေ့ အလယ်ပိုင်းက ကျောင်းသားတွေ ကလည်း တကယ့် ဘာသာရေး သမားတွေများတယ်။ အဆောင်အပေါ်ဆုံးထပ်မှာ စုပေါင်း ၀တ်ပြု ဆုတောင်း တာတွေလုပ်ကြတယ်။ ဒါကြောင့် အဆောင်က ဘုန်းကြီးကျောင်းလိုပဲ သိပ်ဆူညံမှု မရှိဘူး။ အမျိုးသမီး အဆောင် ဆိုရင် ဗိယက်နာမ် သီလရှင်တွေက များတယ်။ နိုင်ငံခြားသား အဆောင်တွေမှာ ဘာလို့ နိုင်ငံခြား သား ဘုန်းကြီး သီလရှင်တွေက များနေတာလဲ။ ဒါလဲ ထူးခြားချက်ပဲ။ ဘုန်းကြီး သီလရှင်ဆိုတာ လူတွေလို မဟုတ်ဘူး။ နေတာ ထိုင်တာ အေးဆေးကြတယ်။ ပြဿနာ မရှာဘူး။ ပြောရဆိုရတာလည်း လွယ်တယ်။ ပြီးတော့ ယုံကြည် စိတ်ချရတယ်။ စတဲ့ ကောင်းကွက်တွေကြောင့် အဆောင်မှုးက ဦးစားပေးစနစ်နဲ့ ပေးထား တယ်လို့ ပြောလို့ ရတယ်။


မြန်မာကျောင်းသားတွေဆိုရင် အားလုံးဟာ ဘုန်းကြီး ရဟန်းများဖြစ်ကြတယ်။ သူတို့က သူများထက် အနည်းငယ်ထူးတယ်။ သီးသန့်နေတတ်တယ်။ အခန်းအောင်း များတယ်။ စကားနည်းတယ်လို့ အများက သုံးသပ်ကြတယ်။ ဟုတ်တယ် မြန်မာတွေက ဘုန်းကြီး ရဟန်းဖြစ်နေလို့လား မသိဘူး အများနှင့် ဖက်လည်း တကင်း ပြောလား ဆိုလား လုပ်တာ မရှိသလောက်ဘဲ။ ဒါကြောင့် အင်္ဂလိပ်အပြောမှာ အားနည်းတတ်ကြတယ်။ အခန်းအောင်း စာဖတ်၊ စာရေးနေတာ များတာမို့ အရေးအသားဘက်မှာ အညံ့ကြီးတော့ မဟုတ်ကြဘူး။ ဒါကြောင့် မြန်မာတွေက အများနှင့်စာလျှင် ကျောင်းပြီးမြန်တာများတယ်။ မြန်မာတွေက အချင်းချင်းကတော့ ခေါင်းတက် နင်းမတတ် ခင်မင်ကြတယ်။ စကားပြောစရာရှိရင် အားပါးတရ ပြောတတ်ကြတယ်။ အချင်းအချင်း အမှားထောက်ပြနေတာတွေ ရှိပြန်တော့ အချေအတင် စကားရည်လုနေတာ တွေကလည်း ရှိတာပဲ။ သူတို့က စုပေါင်းစား သောက် တတ်ကြတယ်။ ဒီစနစ်က မြန်မာတို့ရဲ့ ရှေးနှစ်ပေါင်း များစွာကတည်းက အခြေကျနေခဲ့တဲ့ ဒေါင်းလန်းကြီး စနစ်ပဲ။ ညီညွတ်ရေးကို အခြေခံထားတဲ့ ဘုန်းတော်ကြီး ကျောင်းတွေမှာ ယနေ့အထိ ကျင့်သုံးနေတဲ့ မရိုးနိုင်တဲ့စနစ် တစ်ခုပေါ့။ ဒီစနစ်က ဘယ်နေရာ ရောက်ရောက် မဖျောက်နိုင်တဲ့ မြန်မာတို့ရဲ့ ကိုယ်ပိုင်ဟန် စနစ်လိုဖြစ် နေပြီ။ မြန်မာကျောင်းသား အများစုက စုပေါင်းစားသောက်တာဆိုတော့ နေ့စဉ်နေ့ တိုင်း မျက်နှာစုံညီအစည်းအဝေး ရှိနေတော့တာ ပေါ့။ ပြောစရာ ရှိတာတွေ ဒီမှာပြောကြတယ်။ ဆွေးနွေး စရာရှိတာတွေ ဒီမှာဆွေးနွေးကြတယ်။ အသစ်အဆန်း သတင်း ပလင်းတွေကိုလည်း ဒီမှာပဲ ဖွင့်ချကြတယ်။ အချေအတင် ပြောစရာ ရှိရင်လည်း ဒီမှာပဲပေါ့။ အဲဒီတော့ မြန်မာကျောင်းသားများအဖွဲ့ စတိုင်က အများနဲ့ မတူတတ်ဘူးဖြစ်နေတာပေါ့။

မြန်မာကျောင်း သားတွေရဲ့ စုပေါင်း စားသောက်တတ်တဲ့ စနစ်ကို အများက သိပ်သဘောကျကြတယ်။ သဘောကျလွန်းလို့ အချို့ ဈေးဘိုးပေး လှူတာတွေ ရှိတယ်။ အချို့က ပါဝင်ခွင့် ရမလားလို့ လာမေးကြတယ်။ ကိုရီးယား၊ ဂျပန်တွေဆို အတူစားဘို့ နေနေသာသာ အချင်းချင်း မျက်နှာချင်းဆိုင် စကားပြေနေတာကို မတွေ့ရလောက်အောင်ပဲ။ ဗိယက်နမ်တွေက မဆိုးသေးဘူး အဖွဲ့အစည်းနဲ့ နေတတ်ကြသေးတယ်။ ထိုင်းတွေ ဆိုလည်း စုပေါင်း စားသောက်စနစ် မလုပ်ကြဘူး။

မြန်မာတွေက စူးစူးရဲရဲ အရသာတွေကို ကြိုက်တယ်။ ငါးပိ ငါးခြောက်များဟာ မြန်မာတို့ရဲ့ အသည်းစွဲ ဟင်းလျာတစ်ခုပဲ။ ငါးပိကို မြန်မာတွေက ကြိုက်ပေမယ့် အခြားနိုင်ငံခြားသားများကတော့ အထူးသဖြင့် အိန္ဒိယ နှင့် အရှေ့အလယ်ပိုင်းက ကျောင်းသားတွေကတော့ သေချင် အောင် မုန်းကြတယ်။ ဒါပေမယ့် အတွေ့အကြုံရှိ လာတော့ မထူးသလို ဖြစ်လာကြတယ်။ အချို့အကြိုက်တွေ့ပြီး လာတောင်းတာတောင်ရှိတယ်။ မြန်မာတွေက အသီးအရွက်ဆိုလည်း မျိုးစုံ စားတတ်ကြတယ်။ အိန္ဒိယသားအများစုက အသီးအရွက်စားတယ်လို့ ကမ္ဘာမှာ နာမည်ကြီးတယ်။ သူတို့လောက်တော့ မြန်မာတွေက ရီတာပေါ့။

ကြည့်လေ အဆောင်ဝန်းကျင်မှာ ရှိနေတဲ့ ခွေးတောက်ပင်က အရွက်အညွှန့်တွေဆို မြန်မာ တွေလက်ချက်နဲ့ နလံမထူအောင်ဖြစ်နေတာ။ မန်ကျည်းပင်က မာန်ကျည်းရွက်နုနု၊ အသီးနုနတွေကိုလည်း မျက်စောင်း တခဲခဲနဲ့ ပဲ။ ကန်ဇွန်းရွက်တွေက main building နားက ကျောက်ရေ ကန်ထဲမှာ အထွေးသားရှိတယ်။ ဇိမ်နဲ့ ထိုင်ခူး နေရုံပဲ။ တမာရွက်၊ အဝေရာရွက်၊ ပြီးတော့ မိုးရာသီဆို မျှစ်၊ ထိုင်းတွေကလည်း မျှစ်စားတတ်တာမို့ တစ်ခါတစ်ခါ ဦးသူက ရတတ်တယ်။ တရုပ် စကားတန်းက vice chancellor ရုံးခန်းနားမှာ အတန်းလိုက်ရှိတယ်။ တိဘက်တန် ရိုးရာ ဆေးဖော်မှာလိုလိုနဲ့ ခပ်တည်တည်နဲ့ လိုက်ကောက်ရင် မကြာပါဘူး တစ်အိပ် အပြည့်တော့ ရတတ် တယ်။ ၀န်းကျင်က အသီးအပွင့်မှန်သမျှ မြန်မာတွေ စားနေတာကို အားလုံးမြင်ကြ သိကြတယ်။ ဘာမှ မဖြစ်ဘူး ဆိုတာ သိတော့ အချို့(ထိုင်းတွေ)လိုက် စားကြတယ်။ အချို့(ဗိယက်နာမ်)က အဲဒါ ချက်ရင် ပေးပါဦးလို့ တောင်းကြတယ်။ မြန်မာတွေက သဘာဝ သစ်သီး သစ်ဥတွေ အကြောင်းကို အများထက် ပိုသိနေသလိုပဲ။ အများက စားရကောင်း မှန်းတောင် မသိတာတွေကို မြန်မာတွေ က အရသာပါပါ စားသောက်နေတာ ကြည့်ပေ တော့။ ဒါက ဘာလဲဆိုတော့ မြန်မာရိုးရာ တိုင်းရင်း ဆေးပညာနှင့်အညီ ရှေးရှေးမြန်မာတွေက အစား အစာများ ကို အစာလည်း ဆေး၊ ဆေးလည်းအစာ ဖြစ်အောင် ပြုပြင်စီမံပေးခဲ့ကြလို့ဖြစ်တယ်။ ဒါပေမယ့် အိန္ဒိယမှာ အသီးအရွက် ခူးရတဲ့ ဒုက္ခကလည်း မသေးလှဘူး။ လူရှင်းလောက်မှ ခူးရတယ်။ လူလာရင် မယောင်မလည် လုပ်နေရတယ်။ မေးလာရင် ဆေးရွက်ခူးတာပါလို့ ဖြေရတယ်။ အများထက် ထူးနေတော့ တစ်မျိုးမြင်မှာလည်း စိုးရတယ်လေ။