Tuesday, August 23, 2011

မြန်မာကို တစ်ကမ္ဘာလုံးက လေးစားနေတာ ဘာကြောင့်လဲ

မြန်မာကို တစ်ကမ္ဘာလုံးက လေးစားနေတာ ဘာကြောင့်လဲ

I am now getting one point , a why that is the whole world pays respect to India because of the Buddha's birth place and now a day the whole world pays respect to the Myanmar because of the teaching of Buddha lives there.

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မစ်စတာ ဆန်ဂျေး ပြောတဲ့ စကားပါ။ ဒီကနေ့ မနက် သင်တန်းပြီးတော့ သူ ပြောလာတဲ့ စကား။ ဒီ ပုဂ္ဂိုလ် က လူအေး စိတ်အေးသမား၊ စကားကြီး စကားကျယ်တော့ ပြောတတ်တဲ့ လူတော့ မဟုတ်ဘူး။ အခုတစ်လော သူပြောလာတဲ့ စကားတွေက နားထဲမှာ ဆန်းသလို ဖြစ်ဖြစ်နေလို့ စာလေး ဘာလေး ရေးဖြစ်တာပါ။ တကမ္ဘာ လုံးက အိန္ဒိယကို လေးစားနေတာ မြတ်ဗုဒ္ဓ ပွင့်တော်မူခဲ့တဲ့ နေရာဖြစ်လို့။ အခု မြန်မာကို တကမ္ဘာလုံး က လေး စားနေကြတာကလည်း မြတ်ဗုဒ္ဓ (တရားတော်) သီတင်းသုံးတော်မူနေလို့တဲ့။ ဆိုလိုတာက မြန်မာနိုင်ငံ ကမြတ်စွာဘုရား သာသနာတော်ကို ကောင်းကောင်းကြီး ထိန်းသိမ်းနိုင်ကြတယ်။မြတ်စွာဘုရား စကားတော် တွေကို ကောင်းကောင်းကြီး သိနားလည်ကြတဲ့ သူတွေ နေထိုင်ကြတယ်။ ဒါကြောင့် မြန်မာနိုင် ငံဟာ မြတ်ဗုဒ္ဓ သီတင်းသုံးတော်မူသလို ဖြစ်နေတာမို့ လူတိုင်းက လေး စားနေကြတာပါတဲ့။ အင်း မြန်မာဆိုတာ ဘာလဲဆိုတာ အချို့ နားမလည်ကြသေးတဲ့ အချိန်မှာ ဒီကုလား က အတော် လေး နားလည်နေတာပဲ။

ဒီလူက ဗုဒ္ဓဘာသာပဲ။ ဒါပေမယ့် အိန္ဒိယ ဗုဒ္ဓဘာသာ။ အိန္ဒိယနှင့် အခြား (မြန်မာ၊ ထိုင်း) ဗုဒ္ဓဘာသာ ဘာများ ထူးလို့လဲ မေးစရာရှိတယ်။ ထူးတာမှ သိပ်ထူးသပ။ သူတို့က စစ်ကြီးပြီး ခါမှ ဒေါက်တာ အမ်ဘေဒကာရဲ့ လှုံ့ဆော်မှုအောက်မှာ ဗုဒ္ဓဘာသာဖြစ်လာကြတဲ့သူတွေ ဖြစ်တယ်။ အခြေအနေရ ဖြစ်လာတဲ့ အခြေအနေ ဗုဒ္ဓဘာသာတွေပဲ ဆိုကြပါစို့။ အိန္ဒိယမှာ သိတဲ့အတိုင်း ဇာတ်စနစ် ခွဲခြားမှုက သိပ်အားကြီးတယ်။ ဇာတ်မြင့်တွေက ဇာတ်နိမ့်တွေကို မတရား ဖိနှိပ်ကြတယ်။ အဲဒီ ဒါဏ်ချက်တွေ မခံနိုင်လို့ ဒေါက်တာ အမ်ဘေဒကာ ဦးဆောင်တဲ့ ဇာတ်နိမ့်တွေက ဇာတ်စနစ်မရှိတဲ့ ဗုဒ္ဓဘာသာကို ကူးပြောင်းလာခဲ့ကြတာပဲ။ (ဇာတ်မြင့်တွေကို ပြန်တွယ်ချင် လို့တော့ မဟုတ်ပေမယ့် တစ်ချို့ လူအားနဲ့ ပြန်တွယ်ကြတာတွေလည်း ရှိတယ်။) တကယ် တော့ ဗုဒ္ဓကို ယုံကြည်လို့ ဗုဒ္ဓဘာသာကို သိနားလည်လို့ ဗုဒ္ဓဘာသာဖြစ်လာကြတာမှ မဟုတ်ကြတာပဲ။ အဲဒီတော့ နာမည်ခံ ဗုဒ္ဓဘာသာဖြစ်နေကြတာပေါ့။ အခုတော့ တဖြည်းဖြည်း နဲ့ ဗုဒ္ဓဘာသာ ပီသလာတဲ့ အနေအထားမျိုးကို ရောက်လာနေကြပါပြီ။ ကာလကြာလာ သည်နှင့်အမျှ ဗုဒ္ဓဘာသာ အသိဥာဏ်တွေ ရရှိလာကြလို့ပေါ့။ ဂုရုကြီး ဂိုအင်ဂါ ရဲ့ ၀ိပဿနာ ကျေးဇူးတွေလည်း ပါ ပါတယ်။

ထားပါတော့ ဒီမှာ ပြောစရာရှိတာက အိန္ဒိယ ဗုဒ္ဓဘာသာဝင် ဆိုသူ အများစုက ကံ ကံရဲ့ အကျိုးကို မယုံကြ ဘူး။ ရှေးဘ၀ နောက်ဘ၀ ရှိတာကိုလည်း မယုံကြဘူး။ ဘယ်လောက် ခက်ထားလဲ။ သေရင် ဘ၀ပြီး တယ် ဆိုတဲ့ လူတွေ။ ဒါတွေကို ဗုဒ္ဓဘာသာဝင်တွေလို့ ပြောလို့ရ ပါ့မလား။ အမည်ခံ ဗုဒ္ဓဘာ သာဝင်တွေလို့ (စောစောက) ပြောလိုက်တာ မလွန်ပါဘူးနော်။ ဘာဖြစ်လို့ ဒီလို ဖြစ်နေကြတာလဲ။ အကြောင်းရှိတယ်။ ဇာတ်နိမ့်အများစုက ပညာတတ်လူ တန်းစားတွေ မဟုတ်ကြဘူး။ ပြီးတော့ စီးပွားရေး။ လူမှုရေး စတဲ့ နေရာတွေမှာ လည်း အခွင့်အရေး မရကြဘူး။ ဒီနိုင်ငံမှာ ပညာရေး၊ စီးပွားရေး၊ တိုင်းရေးပြည်ရေး အရာရာကို ဇာတ်မြင့်တွေကသာ ကြီးစိုးချုပ်ကိုင်ထားကြတယ်။ ဇာတ်နိမ့်တွေကတော့ နောက်လိုက် နင်းပြား ဘ၀မှာပဲ ရှိသေးတယ်။ ဒီတော့ ခေါင်းဆောင်ကြီး ဒေါက်တာ အမ်ဘေဒကာရဲ့ ဦးဆောင်မှုအောက်မှာ ဗုဒ္ဓဘာသာ ဖြစ်လာကြတာဆိုတော့ ဒေါက်တာကြီး ပြောတဲ့ ရေးတဲ့ စာတွေ စကားတွေက သူတို့ အတွက် အဓိက အားကိုးရာများဖြစ်တယ်။ ဒေါက်တာကြီးက တော်ပါတယ်။ အတော်လေးကို တော်ပါတယ်။ ဘယ်လောက်အထိ တော်လည်း ဆိုရင် အိန္ဒိယနိုင်ငံကြီးရဲ့ နိုင်ငံတော် ဥပဒေ တွေကို ဦးဆောင် ရေးဆွဲခဲ့တယ်။ နိုင်ငံတော်ရဲ့ အလံကို ဗုဒ္ဓရဲ့ ဓမ္မစကြာတံဆိပ်အဖြစ် ရွေးချယ် သတ်မှတ်ပေးခဲ့တယ်။ ဇာတ်နိမ့် များရဲ့ လွတ်မြောက်ရာလမ်းကို ရှာကြံပေးနိုင်ခဲ့တယ်။ ခေတ်တစ်ခေတ်ကို ပြောင်းသွားအောင် လုပ်နိုင်ခဲ့တယ်ပေါ့။ ဒါပေမယ့် ကံမကောင်းတာက ဗုဒ္ဓဘာသာအဖြစ် ကြေငြာပြီး မကြာခင်မှာပဲ ဒေါက်တာကြီး ဘ၀တစ်ပါးဆုံးသွားခဲ့တယ်။ သူလုပ်ချင်တာတွေ အကုန်လုပ်မသွားနိုင်ရှာဘူး။ ဒီမှာ နောက်လူတွေ အတွက် ပြဿနာက တစ်ပိုင်းတစ်စ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကျန် ရစ်ခဲ့ခြင်း ပဲ။ ကံကို မယုံ၊ သီလမယုံ၊ သမာဓိ မယုံ၊ ပြီးတော့ နောက်ဘုံဘ၀ ကို မယုံ စတဲ့ တစ်ပိုင်းတစ်စ ဗုဒ္ဓဘာသာတွေဖြစ်ကျန်ရစ်ခဲ့တယ်။ သူတို့ဖြစ်ပုံက ဗုဒ္ဓကိုသော်မှာ ဒေါက်တာကြီးလောက် အလေးမထားဘူးဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗုဒ္ဓက သူတို့ ကို ဒေါက်တာကြီးလို အဖိနှိပ်ခံဘ၀တွေက လွတ်အောင် မလုပ်နိုင်ခဲ့လို့တဲ့လေ။

ဒီတော့ စဉ်းစားကြည့်ပေါ့။ ဒီမှာ ဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားတယ်လို့ ပြောနိုင်ပါ့မလား။ အရင်းလဲ အဖျားထင်းဖြစ် ဆိုတာလို အခြေခံက အစ ယုံကြည်မှု နည်းနေတော့ ကျင့်သုံးမှု လိုက်နာမှုဆို တာတွေလည်း ဘယ်လိုလုပ် ဖြစ်လာနိုင်တော့မှာလဲ။ ပတ်ဝန်းကျင်ကလည်း ဟိန္ဒူတွေ ကြီးစိုးတဲ့ ၀န်းကျင်မှာစိုတော့ ဒီမှာ ဗုဒ္ဓဘာသာ အမြစ်ခိုင်ဘို့ဆိုတာ အတော်မလွယ် တဲ့ ကိစ္စပဲ။

ဒီနေရာမှာ ပြောစရာ ရှိတာက ဘုန်းကြီးရဟန်းတွေကကော အဲဒီအတွက် ဘာလုပ်နေကြတာ လဲ။ သာသနာ စည်ပင်ရေးအတွက် အဓိက ပဓာန အလုပ်သမား ဘုန်းကြီး ရဟန်းများ ဘယ် နေရာ ရောက်နေတာလဲ။ ဟုတ်တယ်။ အိန္ဒိယမှာ (ကုလား) ဘုန်းကြီးတွေ မနည်း (တစ်ထောင်လောက်) ရှိတယ်။ ဒါပေမယ့် သူတို့ နေရာ ကောင်းကောင်း မရကြဘူး။ ဗုဒ္ဓဘာသာ ဆင်းရဲသား ရပ်ကွက်လေးတွေမှာ ဘုရားဝတ် တက်ဘို့ ဘုရားကျောင်းလေး တွေ ရှိတယ်။ အဲဒီကျောင်းလေးတွေမှာ ဖြစ်သလို နေကြရ တာပဲ။ ကိုယ်ပိုင် ကျောင်းရယ်လို့ မရှိကြဘူး။ အဖွဲ့အစည်း (ဒကာ ဒကာမတွေ)က မကြိုက်ရင် ဂျောင်းပေတော့။ ဒီတော့ ကုလားဘုန်းကြီးတွေအနေအထားကလည်း အားရစရာ မရှိဘူး။ နေစရာ၊ စားစရာ၊ ၀တ်စရာမှ အနိုင်နိုင်ဆိုတော့ သူတို့ခမျာ ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းစေသော် မလုပ်နိုင်ကြ တာ မဆန်းဘူးပေါ့။ ဒီက ဗုဒ္ဓဘာသာဝင်ဆို သူတွေက ဘုန်းကြီး ရဟန်းတွေကို မင်္ဂလာ ဆောင်၊ အိမ်သစ်တက် လုပ်တဲ့ အခါတွေ လောက်သာ ပင့်ဖိတ်ချဉ်းကပ်သမှု ပြုကြတာပဲ။ ကျန်တဲ့အချိန်ကတော့ တာ့တာပဲ။ တရားနာဘို့ တရားကျင့်ဘို့ ကျောင်းကို လာတာ ရှားပါ တယ်။ ခက်တာက ကုလားဘုန်းကြီး တွေ ကိုယ်တိုင်ကလည်း စာသင်၊ စာချ မရှိ။ ပါဠိပိဋကတ် နားမလည် ဆိုတော့ လူတွေကို ဗုဒ္ဓဘာသာ အသိဥာဏ်နဲ့ ဦးမဆောင်နိုင်ကြဘူး။ အဲဒီတော့ သူတို့ လူတွေက သူတို့ကို အားမကိုးတာ သိပ်တော့မဆန်းသလိုပဲ။ ပညာတတ်ဆိုတဲ့ လူဝတ် ကြောင်တွေ က ဆိုင်ရာ ဆိုင်ရာတွေမှာ ခေါင်းဆောင်လုပ်နေကြတော့ အိန္ဒိယ ဗုဒ္ဓဘာသာဟာ အကွပ်မဲ့ ကြမ်းလို ပရမ်းပတာ ဖြစ်နေတော့တာပေါ့။ ဆရာမရှိတဲ့ ရောဂါက အတော်ဆိုး တယ်ဆိုတာ အိန္ဒိယကို ကြည့်မှ သိသာတယ်။

အိန္ဒိယနိုင်ငံရဲ့ တက္ကသိုလ်အသီး အသီးက ဗုဒ္ဓဘာသာဌာနတွေမှာ ဆရာတွေ ၀င်လုပ် နေတာ ဘယ်သူတွေ ဖြစ်မယ်ထင်သတုန်း။ ဗုဒ္ဓဘာသာကို မုန်းပါတယ်ဆိုတဲ့ ဇာတ်မြင့်ဆိုသူများပေါ့။ ဒီတော့ အိန္ဒိယဗုဒ္ဓ ဘာသာ ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ လူတွေဖြစ်တယ်လို့ ပြောလို့ရတယ်။ ဇာတ်နိမ့် ဗုဒ္ဓဘာသာတွေကတော့ သူတို့ကို အမှီသဟဲ ပြုနေကြတဲ့ နောက်လိုက်များပေါ့။ စဉ်းစားကြည့်လေ ဗုဒ္ဓဘာသာ ကို မယုံတဲ့ သူတွေက ဗုဒ္ဓဘာသာကို ဦးဆောင် ဦးရွက်ပြုနေတာ မှန်ကန်တဲ့ ဦးဆောင်မှုမျိုး ပေးကြပါ့မလားလို့။ ဗုဒ္ဓက အနတ္တ သူတို့က အတ္တ။

အားလုံးကို ချုပ်ကြည့်လိုက်ရင် အိန္ဒိယ ဗုဒ္ဓဘာသာဝင်များအခြေအနေက အမိမဲ့သား ရေနဲငါး လို မျက်စိသူငယ် နားသူငယ်နဲ့ လျှောက်သော လမ်းမှာ စမ်းတ၀ါး ဖြစ်နေကြတာပါ။ ဇာတ်စနစ် ခွဲခြားမှု၊ စီးပွားရေး အားနည်းမှု၊ လူမှုရေးဖိနှိပ်မှု။ (ဗုဒ္ဓဘာသာ) အသိဥာဏ် အားနည်းမှုတွေ အောက်က ရုန်းထွက်နိုင်ဘို့ ဒေါက်တာ အမ်ဘေဒကာ ကဲ့သို့ ကယ်တင်ရှင် ခေါင်းဆောင် ကောင်းတွေ အများအပြား လိုအပ်နေတာ အမှန်ပါ။

အချုပ်ဆိုရရင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ အစစ်အမှန် ပြန်လည် ထွန်းကားရေးအတွက် လိုအပ်ချက် ၂ ခုရှိတာ ကို တွေ့ရတယ်။ တစ်ခုက ပျောက်ဆုံးသွားတဲ့ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေး စနစ်ကို ပြန် လည် ဖော်ထုတ်ခြင်းနှင့် တက္ကသိုလ် အသီးသီး က ဗုဒ္ဓဇင်ဌာန တွေမှာ ဗုဒ္ဓဘာသာ ရဟန်းတော်များ သို့မဟုတ် ဗုဒ္ဓဘာသာဝင်လူဝတ်ကြောင် ဆရာ ဆရာမ များသာ သင်ကြား လုပ်ပိုင်ခွင့် ရခြင်းတို့ဖြစ်ကြတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

'' အရှင်နဲ့ တွေ့တာ ငါ သိပ်ကံကောင်းတာပဲ။ အရှင်က ဒီမှာ ဆက်နေဦးမှာ ဆိုတော့ ငါ့အတွက် အခွင့် အရေးတွေ ပိုရတာပေါ့။ ငါ့ကို ဗုဒ္ဓကျမ်းစာတွေကို ဆက်လက် သင်ကြား ပေးပါနော်။ ''

'' ငါ လုပ်နိုင်သလောက်ပေါ့ ကွာ။ ''

၇-၈-၂၀၁၁

Friday, August 19, 2011

အမ်ဖီးလ် အင်တာဗျူး ဖြေဆိုခြင်း သို့ ဘာမျှ ဘာမျှ မတတ်နိုင်ပါ

အမ်ဖီး အင်တာဗျူး ဖြေဆိုခြင်း

သို့ ဘာမျှ ဘာမျှ မတတ်နိုင်ပါ

၁၈-၈-၁၁

ယနေ့ နေ့ ၁- နာရီအချိန် ပါဠိဌာနတွင် အမ်ဖီး (M.PHIL) ဒီဂရီဘွဲ့အတွက် လူတွေ့ ၀င်ခွင့် အင်တာ ဗျူး ဖြေကြသည်။ မြန်မာ၊ ထိုင်လန်း၊ တရုပ်၊ ဗိယက်နမ်၊ အိန္ဒိယ စုစုပေါင်း ကျောင်းသား ၉ ယောက်။ တစ်ဦးချင်း စီ အခန်းတွင်းသို့ ခေါ်၍ မေးစစ်သည်။ စစ်မေးသည့် ဆရာများမှာ ပါဠိဌာန ဌာနမှူး ပရော်ဖက် ဆာ ဒေါက်တာ ဒေ၀ကာ၊ ပြင်ပ examiner များအဖြစ် ပရော်ဖက်ဆာ ဒေါက်တာ ဗဟုကာ နှင့် ဒေါက်တာ ဂိုဂိတ်တို့ တက်ရောက်ကြသည်။ အချိန်ရောက်လျှင် အခန်းစောင့် မစ်စတာ ကုနာလ က ကျောင်းသားများကို နံပတ်စဉ် အလိုက် နာမည် ခေါ်သည်။ ပထမဦးစွာ မောင်အိန္ဒာ၊ ဒုတိယ မောင် ခေမိသ်၊ တတိယ က စာရေး သူ။ မြန်မာ ကျောင်းသား သုံးယောက် ရှေ့နောက်ဆင့် ရှေးဦးစွာ ခေါ်ယူစစ်မေးသည်။ မေးခွန်းမှာ အထူးအထွေ မဟုတ်ပါ။ မင်းရဲ့ အမ်အေ ပညာသင်နှစ် အကြောင်းကို ပြောပါ။ မင်းရဲ့ အောင်မှတ်က ဘယ်လောက်လဲ။ ဘယ် ဂရိတ်လဲ။ မင်း လုပ်ချင်တဲ့ ဘာသာရပ်က ဘာလဲ။ ဘယ်က ဧရိယာ လဲ စသည့် ဘာသာရပ် ဆိုင်ရာ ဖြေလွယ် သည့် မေးခွန်းများပင်။ အမှန်တော့ အင်္ဂလိပ် နှင့် ပါဠိ(ဗုဒ္ဓဇင် ဘာသာရပ်) အရည်အ သွေး ဘယ်လောက် ရှိသ လဲ စမ်းသပ်ခြင်းပင်။ စာရေးသူတို့ မြန်မာ ကျောင်းသား သုံးဦးမှာ ကိုယ်ပြုလုပ်မည့် ဘာသာရပ် နှင့် လက်ပွန်း တတီး ရှိထားသူများဖြစ်၍ မေးခွန်းအားလုံးကို လွယ်ကူစွာ ဖြေဆိုနိုင်ကြသည်။

စာရေးသူက '' မိမိ ပြုလုပ်လိုသည့် ဘာသာရပ် နယ်ပယ်မှာ the Buddha's philosophy and psychology ဖြစ်ကြောင်း ယင်းမှာ ပါဠိ ပိဋကတ်လာ အဘိဓမ္မာဘာသာရပ်ကို ဆိုလိုကြောင်း။ အထူးပြု သုတေ သနပြုလိုသည့် ဘာသာရပ်မှာ စိတ်ဖြစ်စဉ်များ (၀ီထိ=thought process) အကြောင်းပင် ဖြစ်ကြောင်း။ အရှင် အနုရုဒ္ဓါ ရေးပြုထားသည့် အဘိဓမ္မတ္ထသင်္ဂဟကျမ်းတွင် ယင်းအကြောင်းများကို အသေး စိတ် ဖော်ပြ ထားကြောင်း။ အဘိဓမ္မတ္ထသင်္ဂဟကျမ်းသည် အဘိဓမ္မာ ၇ ကျမ်းကို အနှစ်ထုတ်ထားသော ကျမ်းဖြစ်၍ ယင်းကျမ်းပါ အချက်အလက်များ သည် အဘိဓမ္မာ ၇ ကျမ်းမှ အချက်အလက်များပင်ဖြစ်ကြောင်း။ ထို့ကြောင့် ပါဠိ အဋ္ဌကထာ ဋီကာ ကျမ်းများနှင့် အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ညှိနှိုင်းဘို့ မလွယ်သော်လည်း သိပ်ခက်ခဲမည် မထင်ပါကြောင်း။ သို့သော် ကျမ်းပြု ဆရာ အရှင်အနုရုဒ္ဓါသည် အေဒီ ၆ ရာစု လောက်တွင် ပေါ်ထွန်းခဲ့ သူဖြစ်ကြောင်း။ ၃င်းအရင် ( ပါဠိပိဋကတ်အပြင် ) မည်သူများက ဒီလို ၀ီထိတွေ အကြောင်းကို ပြောပြထား ခဲ့သေးလဲ။ ဒီဝီထိတွေရဲ့ (source) ပင်မ ရေသောက်မြစ် က ဘယ် ( သူ၊ ဘယ်ကျမ်းတွေ ) က အစပျိုးမှတ်တမ်း တင်ခဲ့တာလဲ။ နောက်ပြီး ဗုဒ္ဓဇင် ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ မဟာယာန ကျမ်းစာတွေမှာကော မဟာယာန ဆရာကြီး များဖြစ်ကြ တဲ့ အရှင်နာဂဇ္ဇုန၊ ဓမ္မကိတ္တိ၊ ၀သုဗန္ဓု တို့ ဒါနဲ့ပတ်သက်ပြီး ဘယ်လို ပြောခဲ့ကြသေးလဲ။ တစ်ခြား ဟိန္ဒူ၊ ဂျိန်းကျမ်းစာတွေမှာ ကော ဘယ်လို တင်ပြထားတာ ရှိလဲ။ ဒါကို အဓိကထား သုတေသနလုပ်လိုသည့် စာ တမ်းဖြစ် ကြောင်း '' ပြောသည်။

'' မင်း မဟာယာန ကျမ်းစာတွေကော လေ့လာဘူးသလား'' ( ဒေါက်တာ ဒေ၀ကာ မေး)

'' မလေ့လာဘူးပါဘူး။ ဒါကြောင့် အဲဒီအတွက် ငါ့မှာ ဆရာလိုတယ်။ ဒါကြောင့်လည်း ဒီ (မင်း တို့ ဆီ) မှာ ဆက် လက် ပညာသင်လိုခြင်းဖြစ်တယ်။''

'' အဲဒီအတွက် အင်္ဂလိပ်စာ ကောင်းဘို့ လိုလိမ့်မယ်။ ပီအိပ်ခ်ျဒီစာတမ်းဆို ပိုကောင်းတာပေါ့ ''

ဒေါက်တာ ဂိုဂလိတ်က philo ဘာသာရပ်က စိတ်ဖြစ်စဉ် အကြောင်း အချို့ကို ပြောနေသေး သည်။ သို့သော် မေးခွန်းမလာ။ ဒေါက်တာ ဗဟုကာ ကတော့ ဘာမှ မမေးပဲ စာရေးသူ၏ ကျောင်းသားမှတ်တမ်း စာရွက်ဖိုင်ကိုသာ လှန်လှောကြည့်နေ၏။ ထိုမျှဖြင့် စာရေးသူ၏ အင်တာဗျူး လူတွေ့စစ်မေးမှု ကိစ္စသည် ပြီးဆုံး သွားသည်။ အခန်းထဲက ထွက်လျှင် ဗိယက်နမ် သီလရှင် က အနားလာ၍ မေးလာ၏။

'' ဘာတွေ မေးတာလဲ ဟင်၊ ခက်သလား။ ''

'' သိပ်အခက်ကြီး မဟုတ်ပါဘူး။ ဘယ်မှာ အမ်အေ ပြီးတာလဲ။ ဘယ်ခုနှစ်လဲ။ မင်းလုပ်ချင်တာ ဘယ်လို ဘာသာ ရပ်မျိုးလဲ။ ဘယ် ဧရိယာ(နယ်ပယ်)ကလဲ။ ဒါပါပဲ။ လူတိုင်းကို ဒါပဲ မေးမှာပဲလေ''

'' ငါတော့ ခက်လိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ (ကုလားတွေ) ပြောတာတွေကို ကောင်း ကောင်း နားမ လည်ဘူး။''

'' မခက်ပါဘူး။ မင်းဘယ်မှာ ကျောင်းပြီးခဲ့တာလဲ မေးတဲ့အခါ ဘယ်မှာ ဘယ်ခုနှစ် တန်းပြောရုံပဲ။ မင်း လုပ်ဘို့ စိတ်ကူးထားတဲ့ ဘာသာရပ်က ဘာလဲ''

'' ၀ိနယပိဋက ''

'' စာတမ်း ခေါင်းစီးက ဘာလဲလို့ မေးရင် ''

'' Four noble truths =သစ္စာလေးပါး''

'' အင် မဟုတ်သေးဘူးလေ။ သစ္စာလေးပါးက သုတ္တန်ပိဋကမှာ အဓိက လာတာလေ။ ၀ိနယ ပိဋကမှာ မဟုတ် ဘူး။ မင်း နားလည်လား။ ခေါင်းစီးက သစ္စာလေးပါး။ ဧရိယာက သုတ္တ၊ ပိဋက သုံးပုံကလို့ ပြောရင်လည်း ရပါ တယ်။''

ညပိုင်းတွင် စာရေးသူ ကြားသိရသည်မှာ ကျောင်းသား ၉ယောက်အနက် ၈ ယောက် အောင်၍ တစ်ဦး ကျရှုံး သတတ်။ ယင်း အင်တာဗျူး ကျရှုံးသော သူမှာ ယင်း ဗိယက်နမ် သီလရှင်ပင် ဖြစ်ကြောင်း သိရသည်။ သူမ၏ အဓိက ပြဿနာမှာ မေးသည်ကို နားမလည်ခြင်းဖြစ်ကြောင်း။ ပြုလုပ်လိုသော ဘာသာရပ်ရဲ့ ဧရိယာ ကို ပြောပါ ဟု ဆရာမေးသောအခါ ပူနေးဟု ဖြေသတတ်။ စာရေးသူမှာ သူမအတွက် စိတ်မကောင်းခြင်းကြီး စွာ ဖြစ်ရုံမှတစ်ပါး အခြား အခြား ဘာမျှ ဘာမျှ မတတ်နိုင်တော့ပါ။

၁၉-၈-၁၁

Thursday, August 11, 2011

အမှတ်မထင် စကားများခြင်း(၂)

အမှတ်မထင် စကားများခြင်း(၂)


''ဒါပေမယ့် ခုခေတ်က ဘုရားရှင်ခေတ်ကလို မဟုတ်တော့ဘူး။ အရာရာဟာ ပြောင်းလဲ ကုန်ပြီ။ (ဘုရားစကား များသည် မူလအတိုင်း မဟုတ်တော့ ဟုဆိုလို)။ လိုက်နာမှုမှာလည်း အရင်လို မဟုတ်ကြတော့ဘူး။''

'' ဟုတ်တယ်။ ဒါပေမယ့် တို့ လိုက်နာနိုင်အောင် ကြိုးစားနေရမယ်။ ဒီနေ့ မလိုက်နာနိုင်ရင် နက်ဖြန် လိုက် နာနိုင်အောင် တို့ကြိုးစားနေရမယ်။ ဒီလိုမှ မလိုက်နာနိုင်ဘူး ဆိုရင် တို့ဟာ လူတွေနဲ့ ဘာမှထူးမှာ မဟုတ်တော့ ဘူး။ လူတွေက တို့ကို ဘာဖြစ်လို့ လှူဒါန်း နေတယ် ဆိုတာကိုကော မင်းသိရဲ့လား''

'' ဒါပေမယ့် ငါ့ကိုယ်ငါ ဘယ်တော့မှ မြင့်တယ်လို့ မတွေးခဲ့ဘူး။ လိုအင်ဆန္ဒတွေ အပြည့်နဲ့မို့ သိပ်ပြီးလည်း လူတွေနဲ့ ထူးတယ် မထင်ဘူး။''

''မှန်တယ်။ အကျင့်ဆိုတာ ရှိတယ်။ စိတ်က မကောင်းတာ ဖြစ်ဦးတော့ ကိုယ်နဲ့ နှုတ်မှာ မဖြစ်ဘို့ စောင့်စည်းနိုင် ရမယ်။ ဒီစောင့်စည်းမှုက လူတွေနဲ့ မတူအောင် လုပ်လိုက်တာပဲ။ ဒါကြောင့် လူတွေက သူတို့နဲ့ မတူပါလား ဆိုပြီးတော့ လှူကြ ဒါန်းကြတာပေါ့။ လေးစားကြ တာပေါ့။ ''

'' ငါ ကတော့ သူများ လှူတာ ဒါန်းတာတွေကို လက်ခံရတာကို မပျော်ပိုက်ဘူး။ ကိုယ့်ကိုယ်ကိုလည်း မကျေနပ် ဘူး။''

'' ဒါက မဆန်းပါဘူး။ လူတိုင်း ပေးချင်တဲ့ အလုပ်ကိုပဲ လုပ်ချင်ကြတာချည်းပါပဲ။ ကိုယ့်ကိုယ်ကို မကျေနပ် တာကတော့ လူတိုင်းလိုပါပဲ။ ဖြစ်ချင်တာတွေ များသလောက် မကျေနပ်မှုတွေ များနေမှာပဲလေ။ ဒါကြောင့် ဒီအလိုဆန္ဒတွေ ကင်းအောင် တရားကျင့်ကြတာပေါ့''

(သူပြောလိုသော မကျေနပ်မှုမှာ အမြဲတမ်း ကရုဏာဖြစ်နေတယ်လို့ ဆိုလိုခြင်းဖြစ်၊ စာရေးသူက တစ် မျိုးပြောမိ)

'' ငါ့ အမြင်။ ဟုတ်တယ် ငါ့အမြင်လို့ပဲ ပြောကြပါစို့။ ငါ့အမြင်ကတော့ သူတို့(ရဟန္တာဖြစ်အောင် ကျင့်နေတဲ့ သူတွေ) နဲ့မတူဘူး။ ကိလေသာ ကုန်အောင်လည်း တရားအားမထုတ်ချင်ဘူး။ အဲလို စိတ်ကို ထိန်းချုပ်ရတဲ့ လုပ်ငန်းကလည်း တကယ်တမ်း ခက်တယ်ဆိုတာကို ငါလက်ခံပါတယ်။ ဒါပေမယ့် အဓိက ငါလုပ်ချင်တာ ကတော့ သူများတွေကို ငါ အကူအညီတွေ ပေးချင်တယ်။ ဆင်းရဲသူ ဆင်းရဲသားတွေကို စားစရာတွေ၊ ပိုက် ဆံတွေ ပေးပြီး ကူညီထောက်ပံ့ချင်တယ်။ မျက်နှာလွှဲ မနေချင်ဘူး။ သနားနေတဲ့ စိတ်ကို အမြဲ တမ်း မွေးမြူထားချင်တယ်။''

'' ဟာ ဒါ ကောင်းတာပေါ့။ ဘာမှ အပြစ်ပြောစရာ မရှိပါဘူး။ ဒါ ဘုရားအလောင်း စိတ်ဓာတ်ပဲ။ ဒီစိတ်ဓာတ်ကို ပါဠိမှာ ကရုဏာလို့ ခေါ်တယ်။ သူများ ဆင်းရဲဒုက္ခတွေကို ပယ်ရှားလိုတဲ့ စိတ် သဘောတစ်ခုပဲ။ အဲဒီစိတ်ဓာတ်ကို မွေးမြူနေရင် ဒါဟာ ကမ္မဋ္ဌာန်းတစ်မျိုးဖြစ်တယ်လို့ ဘုရား ပြောထားတာရှိတယ်။ ကရုဏာ ကမ္မဋ္ဌာန်းပေါ့။ ဒီတော့ ကိလေသာ ကင်းအောင် လုပ်နေတဲ့ သူတွေလည်း ဘာမှ အပြစ်ပြောစရာ မရှိသလို မင်းလို ဘုရားလောင်းစိတ်ဓာတ် မွေးမြူနေတဲ့ သူတွေကိုလည်း ဘာမှ အပြစ်ပြောစရာ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ အားလုံးက အကောင်း တွေချည်း ဖြစ်နေကြလို့ပဲလေ။ ''

စာရေးသူက ရဟန္တာနှင့် ဘုရားလောင်းကျင့်စဉ် တန်းညှိပြလိုက်သောအခါ မတူကွဲပြား ထူးခြား တယ်လို့ ပြောလိုသော သူ့အယူမှာ လေခတ်သော တိမ်ပုပ်ကဲ့သို့ အဝေးသို့ လွင့်ပျောက် သွားတယ်။

'' နေစမ်းပါဦး မင်းတို့နိုင်ငံကို တို့သိထားတာက ဗုဒ္ဓဘာသာ နိုင်ငံတစ်ခုအနေနဲ့ပေါ့။ ဒါပေမယ့် အခု အခြေအနေက ခရစ်ယာန်တွေက များနေတယ် မဟုတ်လား။ ကမ္ဘာမှာ ခရစ်ယာန် ဘာသာတိုး တက်ရေး အတွက် စိတ်ထက်သန်ဆုံး က ကိုရီးယားတွေလို့ နာမည်ကြီးနေတယ်။ ဟုတ်လား။''

'' ဟုတ်တယ်။ ဒါပေမယ့် အများစု စိတ်ဓာတ်က ဗုဒ္ဓဘာသာ စိတ်ဓာတ်ပါ။ ဗုဒ္ဓဘာသာ ကောင်းတာကိုလည်း သူတို့ အသိအမှတ် ပြုကြတယ်။''

''ဒါ ကတော့ကွာ ကမ္ဘာ့ဘာသာ တရားတွေမှာ ဗုဒ္ဓဘာသာက အကောင်းဆုံးဆိုတာ ကမ္ဘာ့ဘာ သာ ရေး ခေါင်းဆောင်တွေတောင် အသိအမှတ် ပြုကြသေးတာပဲ။ ဗုဒ္ဓဘာသာကို အကောင်း လို့ မြင် တာလောက်တော့ မဆန်းသေးပါဘူး။ ဆန်းတာက ဗုဒ္ဓဘာသာ လူဦးရေ လျော့ကျ လာခြင်းပဲ။ ကဲ အခုဆို မင်း တို့ နိုင်ငံမှာ ဗုဒ္ဓဘာသာက ရာခိုင်နှုန်း ၃၀ ပဲ ရှိပြီးတော့ ခရစ်ယာန် က ရာခိုင်နှုန်း ရ၀ လောက် ရှိတယ်လို့ ငါတို့ ကြားသိနေရတယ်။''

''အဲလို မဟုတ်ပါဘူး။ ခရစ်ယာန်လည်း ၃၀ လောက်ပါပဲ။ တို့နိုင်ငံက ဘာသာရေးနိုင်ငံ မဟုတ် ဘူးလေ။ အဲတော့ ဘာသာတရားတွေ အပြိုင်ရှိနေတာ ဒါ တစ်မျိုးကောင်းပါတယ်။ အမြင် အမျိုးမျိုး အယူ အမျိုးမျိုးပေါ့။ ကြိုက်တာ ကိုးကွယ်ကြလေ။''

''ဒါဆို မင်းတို့ တာဝန်က ဘာလဲ။ မင်းတို့ကို လူတွေက လှူဒါန်း ပေးကမ်းနေတာ ဘာ အတွက်လဲ။ ''

'' စိတ်ကို ဖြူစင်အောင် ကျင့်ဘို့ပဲလေ''

'' မဟုတ်သေးဘူး တာဝန်ဆိုတာ ရှိသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့အစည်းတစ်ခု ဖြစ်နေ လို့ပဲ။ ဘုရားက ဒီ သံဃာ့အဖွဲ့အစည်းကြီး ထားခဲ့တာ အလကား မဟုတ်ဘူး။ သူ့တရားတော် တွေကို ထိန်းသိမ်းဘို့၊ လူအများ နားလည်အောင် ဖြန့်ဖြူးဘို့အတွက် ဖြစ်တယ်။ ဒါ မင်းတို့ ငါတို့ တာဝန်တွေပဲ။ ''

'' ဗုဒ္ဓဘာသာက ဘာသာတရားတစ်ခုမှ မဟုတ်ပဲ။ ပြီးတော့ ဘာသာတရားတိုင်းကလည်း အကောင်းကိုပဲ ညွှန်ပြနေတာပဲ မဟုတ်လား။ ''

''ဗုဒ္ဓဘာသာကို ဘာသာတရားတစ်ခုဖြစ်တယ်လို့ ငါ မပြောပါဘူး။ တစ်ခြား ဘာသာတရားတွေ ကိုလည်း မကောင်းဘူးလို့ ငါ မပြောပါဘူး။ မင်းတာဝန်က ဘာလဲ ဆိုတာ သိဘို့လိုတယ်။ အခြား ဘာသာက လူတွေက သူတို့ဘာသာ ပြန့်ပွားအောင် လုပ်နေကြသလို မင်းတို့ ငါတို့က လည်း ငါတို့ ဘာသာတရားကို လူအများနား လည်အောင် လုပ်ကြရမှာပဲ မဟုတ်လား။ ဘာဖြစ် လို့လဲဆိုတော့ မင်းတို့ ငါတို့က ဗုဒ္ဓအဖွဲ့အစည်း ထဲမှာ ရောက်နေလို့ပဲ။ နောက်ပြီးတော့ မင်း တို့နိုင်ငံက ဗုဒ္ဓဘာသာနဲ့စ ခဲ့တဲ့ ဗုဒ္ဓဘာသာနိုင်ငံ တစ်ခုပဲ။ ဒါကြောင့် ရိုးရာ ဘာသာဖြစ်တဲ့ ဗုဒ္ဓဘာသာကို ဆက်ထိန်းထားဘို့ လိုတယ်ဆိုတာကို ငါပြောလိုရင်းပဲ။ မင်းတို့ နိုင်ငံက အခြားဘာသာတရားတွေနဲ့ စတင်တည်ဆောက်ခဲ့တာ ဆိုရင် ငါ ဒီလို စကားမျိုး ပြောမှာ မဟုတ်ပါဘူး။''

''ဘာသာတရား ကျဆုံးတယ်ဆိုတာ အဲဒီဘာသာရဲ့ ခေါင်းဆောင်တွေ ညံ့ဖျင်းမှုပဲလို့ တွက်လို့ ရတယ်။ လုပ်ကြစမ်းပါ မင်းတို့ (မဟာယာန)တွေက လူတွေနဲ့ ပိုနီးပါတယ်။ အံ့စရာ ကောင်းတာက ဒီလောက် လူမှုရေးတွေလုပ်ပြီး လူတွေနဲ့ လက်ပွန်းတတီးရှိနေတဲ့ မင်းတို့ ( မဟာယာန တွေ) က တို့(ထေရ၀ါဒ) ထက် ပိုမို တိုးတက်နေရမှာ အခုတော့ ဟိုက နှင် ဒီက နှင်နဲ့။ ''

'' ဘယ်က နှင်တာလဲ''

'' အခြေအနေကို သုံးသပ်ပြတာပါ။ လားမားကြီးတို့ အဖွဲ့ကို တိဘက်ကနေ တရုပ်က နှင်လိုက် တာ အိန္ဒိယ ကိုပြေးလာရတာ ဘယ်လောက်ကြာပြီလဲ။ အိန္ဒိယမှာလည်းကြည့် ဟိုရှေး ရှေး (နာလန္ဒာတက္က သိုလ်ကြီး ခေတ်) ကတည်းက ဟိန္ဒူတွေ မွတ်တွေက နှင်လိုက်တာ ခုချိန်ထိ ပြန်လည် မတည် ဆောက်နိုင်ကြသေးဘူး မဟုတ် လား။ ဂျပန်။ တရုပ်ကြည့် ဗုဒ္ဓဘာ သာဟာ အစိတ်အပိုင်း တစ်ခုမှာပဲ ရှိနေတယ်။ အခုခေတ် မင်းတို့နိုင်ငံ ကိုကြည့် ဗုဒ္ဓဘာသာ ဦးရေတွေထက် အခြားဘာသာ ဦးရေက တစ်ဟုန်ထိုး တက် လာပြီး လွှမ်းမိုး တော့မယ်။ ၀န်ကြီးချုပ်ကအစ ခရစ်ယာန်ဖြစ်နေတော့ မင်းတို့ ဗုဒ္ဓဘာသာတွေ မျက်နှာ မရဘူး မဟုတ် လား။ ဒါတွေက မင်းတို့နိုင်ငံမှာ ဗုဒ္ဓဘာသာကို နှင်ထုတ်ခြင်း တစ်မျိုးပဲလို့ ငါထင်တယ်။ ဘယ်လို ပဲ ဖြစ်နေနေ မင်းတို့နိုင်ငံ ဗုဒ္ဓဘာသာ အခြေအနေက ကောင်းပါသေးတယ်။ နောက်မ ကျသေးပါဘူး။ မင်းတို့ ကြိုးစားကြဘို့ပဲ လိုပါတယ်။ ''

မှတ်ချက်။ ၃-၈၀-၁၁=နေ့က စကားဆွေးနွေးချက်များထဲမှ အချိ့ကို စာကညစ် ရေးခြစ်ခြင်းဖြစ်ပါသည်။

Saturday, August 6, 2011

အမှတ်မထင် စကားများခြင်း

ဒီနေ့ နေ့လည်စာ စားနေတုန်းမှာ ကိုရီးယား ရဟန်း ရောက်လာတာနဲ့ သူနဲ့ အချိန် အတော်ကြာကြာ စကားတွေ ပြော ဖြစ်ကြတယ်။ သူကလည်း စာရေးသူလို (အင်္ဂလိပ် စကား လေ့ကျင့်တဲ့အနေနဲ့) စကားများသူ သို့မဟုတ် သူ့အမြင် ကိုယ့် အမြင် ဖလှယ်ချင်သူ တစ်ယောက်ဖြစ်တာမို့ ဘက်ရှိရင် (အချိန်ရ၊ အကြိုက်တွေ့ရင်) မထတမ်း ပြောဘို့ မခဲယဉ်းတဲ့ သူပဲ။ ပြောကြတဲ့ အကြောင်း အရာတွေက ဘာသာရေး အကြောင်းပဲ များပါ တယ်။ သူက ဒီနှစ်မှ ရောက်လာ တဲ့ ကျောင်းသား၊ ဆန်းစစ်ကရစ်ဌာနမှာ ဒီပလိုမာ သင်တန်းတက်ဘို့ စာရင်း သွင်းထားတယ် လို့ ပြောတယ်။ ဒီတော့ ဒီလို စကား စ ဖြစ်သွားတယ်။

''ပါဠိဌာနမှာ ဘာလို့ မလုပ်တာလဲ။ တို့ဘုရားက ပါဠိဘာသာနဲ့ သူတရားတွေကို ဟောခဲ့ တာပဲ''

'' ငါ ပါဠိစာ မသင်ချင်ဘူး။ ဘာလို့လဲဆိုတော့ ပါဠိဘာသာကနေ ကိုရီးယားလို ဘာသာပြန် ထားတဲ့ နိကာယ် ကျမ်းတွေကို လွန်ခဲ့တဲ့ သုံးနှစ်လောက် ငါ လေ့လာဘူးလို့ပဲ။ ဒါကြောင့် ငါ့အ တွက် ပါဠိမလိုတော့ဘူး။ ''

ဘုရားတပည့် ရဟန်းတစ်ပါးက ပါဠိစာမလိုဘူး လို့ ပြောတာ ထူးဆန်းတယ်။ ဒါပေမယ့် မဟာ ယာနတွေက ပါဠိ စာထက် ဆန်စစ်ကရစ်ဘာသာကိုသာ အလေးထား သင်ကြားကြတယ် ဆိုတာကို သိထားရင် သူ ဒီလို ပြောတာ မဆန်းဘူးလို့ ဖြေသာတယ်။

'' နို့ ဘာဖြစ်လို့ ဆန်စစ်ကရစ် သင်တာလဲ''

''အိန္ဒိယ ဖလော်တွေ၊ နာဂဇ္ဇုန ဖလော်တွေကို မူရင်းကျ ကျ သိချင်လို့ပဲ။ သူတို့ (ဆန်းစစ် ကရစ် ဘာသာနဲ့ ) ရေးထားတဲ့ ကျမ်းစာတွေကို ငါ နှိုင်းယှဉ်ကြည့်ချင်တယ်။ ဒါကြောင့် ငါ သင် တာပါ၊ ဆန်စစ်ကရစ်သင်တာက ပါဠိစာသင်တာထက် ငါ့နိုင်မှာ ငါ့အတွက် အဓိပ္ပါယ်ပို ရှိမယ် လို့ ငါထင်တယ်လေ ''

ပါဠိစာကို မဟာယာနတွေ ဘာဖြစ်လို့ မျက်နှာလွှဲနေကြတာလဲ စဉ်းစားလို့ကို မရဘူး။ သူက အရှေ့တိုင်း ဖလော်၊ အနောက်တိုင်း ဖလော်။ ဗုဒ္ဓဇင် နှင့် အခြားဘာသာ တရားများရဲ့ ကွာခြားချက် စတာတွေ ကို ပြောလာ တယ်။ နာဂဇ္ဇုန၊ ဓမ္မကိတ္တိရဲ့ ဖလော် အကြောင်းတွေလည်း ပါတယ်။ သူ မောလောက်အောင် ပြောပြီးမှ စာရေး သူက ကောက်ချက်ချ ပြောတာပါ်။

'' အနောက်တိုင်း ဖလော်နဲ့ အရှေ့တိုင်း ဖလော်တွေအားလုံးက အခြေခံအားဖြင့် အတူတူပါပဲ''

'' ဘယ်လို တူတာလဲ''

'' သူတို့ အားလုံး အတ္တမှာ လမ်းဆုံးကြတာချင်း တူကြတာကို ပြောတာပါ။ အရှေ့တိုင်း (အိန္ဒိ ယ) ဖလော်တွေက အတ္တ (ဗြဟ္မာ)မှာ လမ်းဆုံးပြီးတော့ အနောက်က ဂေါ့ဒ်မှာ လမ်းဆုံးကြတာပဲ။ ဒါကြောင့် အခြေခံ သဘော အားဖြင့် ယေဘုယျ တူတယ်လို့ ပြောနိုင်တယ်။ အနောက် တိုင်း ဖလော်တွေက လွတ်လွတ်လပ် လပ် တွေးခေါ် တတ်တော့ ဗုဒ္ဓ၀ါဒနဲ့ အတော် လေး သွားတူတာကို တွေ့ရတယ်။ ဥပမာ- အရာရာဟာ အမြဲ တမ်း ပြောင်းလဲနေ တယ်ဆိုတဲ့ ဗုဒ္ဓဟောပြောချက်ကို သူတို့ အားလုံးလို လိုက်ပြောကြတာပဲ။ ဒါပေမယ့် ဗုဒ္ဓက အပြည့်အစုံ အသေးစိတ်ပြောပြခဲ့ပေမယ့် သူတို့ကတော့ အချက်အလက် အချို့သာ ပြောပြနိုင်ကြတယ်။ ''

'' ငါ ရဟန္တာမဖြစ်ချင်ဘူး၊ နိဗ္ဗာန်ကိုလည်း မရောက်ချင်ဘူး''

သူ့ စကားတွေက တစ်ဖက်ကို စောင်းနေတယ် ဆိုတာ ထင်ရှားတယ်။ မဟာယာနတွေရဲ့ သဘော ကို ကောင်းကောင်းကြီး စောကြောမိထားတာမို့ သူဘာကို ရည်ရွယ်ပြီး ပြောနေတယ် ဆိုတာကို စကားထွက် လာတာနဲ့သိနိုင်တယ်။ ထေရ၀ါဒ က ရဟန္တာဖြစ်ရေး နဲ့ နိဗ္ဗာန်ရောက် ရေးကိုပဲ အလေးထားပြီး အခြားကိုတော့ အလေးမထားဘူးလို့ မဟာယာန အများစုက တွေးထင်ထားကြတယ်။ ပြဿနာ မဟုတ်တာကို ပြဿနာ ရှာ တတ်ကြတာ သူတို့ရဲ့ ခေါက်ရိုးကျိုးနေတဲ့ အကျင့်ပဲလေ။ ဒီတော့ သောက်လက်စ ရေနွေးကြမ်းခွက် ကို ဘေးမှာ အသာချ ထားလိုက်ပြီး သူ့ကို မေးလိုက်တယ်။

'' မင်းက အဲလို ပြောလို့ ငါ မေး ပါရစေ။ နိဗ္ဗာန်ရောက်တာနဲ့ ရဟန္တာဖြစ်တာ မကောင်း လို့လား။

'' ငါ ရဟန္တာ မဖြစ်ချင်ဘူး''

'' မင်း ဖြစ်ချင်တာ မဖြစ်ချင်တာကို ငါ မေးတာ မဟုတ်ဘူး။ ဒါက မင်း အပိုင်း။ အခု ငါမေးနေ တာက အဲဒီ ၂ ခုက မကောင်းဘူးလား၊ ကောင်းသလား ဆိုတာပဲ။''

'' အဲဒါ ကောင်းပါတယ်''

'' အေး ဟုတ်ပီ။ ဒါဆိုရင် အဲဒီ ၂ ခုက ဘာမှ အပြစ်ပြောစရာ မရှိတော့ဘူး။ မင်း မကြိုက်ဘူး ကြိုက်တယ် ဆိုတာကတော့ မင်း အပိုင်းပေါ့ ဟုတ်လား။ ကဲ မင်း အမြင် ဆက်ပြောပါဦး''

အားရပါးရ ပြောမယ် အလုပ်မှာ မေးခွန်း အမေးခံရတာကြောင့် အောက်သက်သက် ဖြစ် ကောင်းဖြစ်လိမ့်မယ်။ ပုဂ္ဂိုလ်နဲ့ ဓမ္မ မကွဲပဲ လုံးချာလိုက် အတော်မသတ် အောင် ပြောနေမှာစိုး လို့ စောစောက ကြိုရှင်းထားတဲ့ သဘောပါ။

''ငါတို့ နိုင်ငံမှာ အချို့ရဟန်းတွေရှိတယ်။ သူတို့က ရဟန္တာဖြစ်ချင်ကြတယ်။ ဒါကြောင့် ဘာကိုမှ သူတို့ ဂရုမစိုက်ကြဘူး။ အားလုံးကို ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး မျက်နှာ လွှဲနေကြတယ်။ သူတို့ တရားပဲ သူတို့ အားထုတ်နေကြတယ်။ အချို့ ရဟန်းတွေ လူမှုရေးတွေ လုပ်တာတွေကို တောင် အပြစ်ပြောချင်ကြတယ်။ ဥပမာ တိုင်းပြည်အတွက် ဆန္ဒပြတာမျိုးတွေကို ဒါ ငါတို့နဲ့ မဆိုင်ဘူး ဆိုပြီး တားဖြစ်ကြတယ်။ ဒါပေမယ့် ငါ့အမြင်ကတော့..။''

ဒါဟာ သူတို့ နိုင်ငံက တကယ့် အခြေအနေ ဟုတ်ကောင်းမှ ဟုတ်ပေမယ်။ သို့သော် သူပြော လိုရင်းက လူမှုရေး မလုပ်ပဲ ရဟန္တာဖြစ်ရေး ကျင့်နေတာသည် အမြင်ကျဉ်းမြောင်းခြင်း တစ်မျိုး ပဲလို့ ဆိုလိုတယ်။ ဒီစကားကလည်း တစ်ဖက်(ထေရ၀ါဒ) ကို စောင်းပြောနေသလားဆိုတာ သံသယ၀င်စရာပဲ။ သူ့စကားကို ဆုံးအောင် နား မထောင်နိုင်တော့ပါ။

''တို့ ရဟန်းတွေဆိုတာ ဘာပဲလုပ်လုပ် ဘုရားစကားအတိုင်း လုပ်ကြရမှာပဲ။ ဘုရားက မလုပ်နဲ့ လို့ ပြောထား တာတွေ တို့မလုပ်ပဲ။ လုပ်ပါလို့ ပြောထားတာတွေကို တို့လုပ်နိုင်တယ်။ ဒါကြောင့် တို့ ဘုရား စကားတွေကို များများသိထားသင့်တယ်။ မသိဘူးဆိုရင် တို့ အပြစ်တွေ လုပ်မိမယ်။ သိထားရင် တို့ အပြစ်ကင်းတာတွေချည်း လုပ်ဖြစ်မယ်၊ ပြောဖြစ်မယ်။''

ဒီ စကားမျိုးက ထေရ၀ါဒ အချင်းချင်းဆို ဘာမှ ပြန်လည် မေးစရာ မလိုတဲ့ စကားမျိုးပါ။ ခုဟာက သူက မဟာ ယာန ဖြစ်နေတော့ ခပ်ဆန်းဆန်း ဖြစ်နေတာပေါ့။ သူတို့က ဘုရား စကားတော်ကို ချွင်းချက်မရှိ ယုံတဲ့ သူတွေမှ မဟုတ်တာပဲ။ ဘုရားစကားတော်တွေက နှစ်ကြာ ခဲ့ပြီမို့ ခေတ်နှင့်အညီ ပြင်ဆင် ကျင့်သုံးသင့်တယ် ဆိုတာ သူတို့ရဲ့ လက်ကိုင် ၀ါဒပဲလေ။

'' ဘုရား စကားဆိုတာ ဘာကို ပြောတာလဲ။''

''ဘုရားစကားဆိုတာ ၀ိနည်း သုတ္တန် အဘိဓမ္မာတရားတွေကို ပြောတာပဲ။ အဲဒါတွေကို သိအောင် တို့ အမြဲ တမ်း လေ့လာနေရမယ်။ ပြီးတော့ လိုက်နာ ကျင့်သုံးနေရမယ်။ သိပြီး မကျင့်ရင်လည်း ဒါ မဟုတ်သေးဘူး။ အကျင့်က အဓိက ပဲ။ ''

Monday, August 1, 2011

ကျောင်းပေါ်က တုတ် (သို့) I am really salute Myanmar Bhante

ဒီနေ့ သင်တန်းက ပြန်အလာ လမ်းမှာ မစ်စတာ ဆန်ဂျေး က ငါ မြန်မာ ဘန္တေတွေကို တကယ့်ကို လေးစား ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဘိဓမ္မာကို သူတို့ သိပ်သိကြ လို့ပဲ။ အဘိဓမ္မာ ဘာသာရပ်က သိပ် နူးညံ့ သိမ်မွေ့ နက်နဲတာပဲ။ ဒါကို မြန်မာ ဘန္တေတွေ ကောင်း ကောင်း သိကြတယ်။ ဒါကြောင့် ငါ တ ကယ် လေးစား တယ်ဆိုတာကို ပြောတာပါ။

ဒီနေ့ မစ်စတာ ဆန်ဂျေး ဘာအကြိုက်တွေ့သွားသည် မသိ။ လမ်းတစ်လျှောက် မြန်မာ ဘန္တေတွေကို ချီးကျူးခန်း ဖွင့်နေတော့သည်။

အခု ငါ ဆို ဘယ်လောက် ကံကောင်းတဲ့လူလဲ။ ကြည့်စမ်း ဒီလို နက်နဲတဲ့သဘောတရားတွေ ကို မင်းဆီက တစ်ဆင့် သိခွင့် ရနေတယ်။ ဒါဟာ ငါ့ဘ၀မှာ သိပ်ထူးတဲ့ ကုသိုလ်ကံပဲလို့ ငါ တွေးတယ်။


++++++++++++++++++

အဘိဓမ္မာသင်တန်းပေးနေတာ အခုဆို သမုစ္စည်းပိုင်း ဗောဓိပက္ခိယသင်္ဂဟ အခန်းကို ရောက် နေပြီ။ မနေ့က ဒီအခန်းကို စကိုင်တော့ ဘန္တေ သုဒဿန နှင့် ဘန္တေ သုမေဓာတို့ လာ ထိုင်ကြတယ်။ နောက် ဘန္တေသုဂတ ပါ ဒကာတစ်ယောက်နဲ့ ရုတ်တရက် ကိစ္စတစ်ခုနဲ့ ရာက်လာပြီး သင်တန်းကိုလာထိုင်တာမို့ အဘိဓမ္မာ သင်တန်းလေးမှာ အမှတ်မထင် လူစုံသွားတယ်။ သူတို့က အိန္ဒိယနိုင်ငံသား ဘန္တေတွေဖြစ်ကြတယ်။ သုဒဿ နနှင့် သုမေဓာတို့က တက္ကသိုလ်ထဲက ဗုဒ္ဓ၀ိဟာရမှာနေကြပြီး သုဂတကတော့ မြို့ထဲ က ကျောင်းတစ်ကျောင်း မှာ နေတယ်။

ဗောဓိပက္ခိယ ဆိုတာ ဘာလဲဆိုတာနဲ့ စတယ်။ ပြီးတော့ ၀ိုင်း ဆွေးနွေးကြတယ်။ မစ်စတာ ဆန်းဂျေး က ဘိက္ခုနာဒရ ရဲ့ a manual of Abhidhamma စာအုပ်ကို ကိုင်ထားတယ်။ ဘန္တေသုမေဓာ ကတော့ ဒေါက်တာ မင်းတင်မွန်ရဲ့ the essence of Buddha abhiddhamma စာအုပ်။ စာရေးသူကတော့ ဘိက္ခုဗောဓိ ရဲ့ comprehensive manual of Abhiddhamma စာအုပ်။ ဗောဓိပက္ခိယ နဲ့ ပတ်သက်လို့ ဘာသာပြန်ချက်တွေ မတူကြဘူး။ ဘိက္ခုဗောဓိက requisites of Enlightenment, ဘိက္ခုနာဒရ က factors of Enlightenment, ဒေါက်တာ က Enlightenment-factors လို့ ဘာသာပြန်တယ်။ ဒါပေမယ့် အဓိပ္ပါယ်ကတော့ သဘောတရားတစ်ခုတည်းပါပဲ။ ရှင်းပြတဲ့အခါ စကား လုံး ဝေါဟာရ ရင်းမြစ်ကို ကိုင်ပြီး ပြောရတယ်။ ဗောဓိ ဆိုတာ သစ္စာလေးပါးကို သိတဲ့ဥာဏ်ကို ပြောတာပဲ။ အဲဒါကို အင်္ဂလိပ်က Enlightenment လို့ဆိုတယ်။ ပက္ခ ဆိုတာ အသင်းအပင်းကို ပြောတာပဲ။ ဘာသာပြန်ရင် party, friend, association ပေါ့၊ ဗောဓိပက္ခ -ဗောဓိ ဥာဏ်ရဲ့ အသင်း အပင်း၊ အဖွဲ့အစည်း၊ Enlightenment of association လို့ ပေါ့။ iya ဆိုတာကတော့ အဲဒီ ဗောဓိ အသင်း အဖွဲ့မှာ ပါဝင်တဲ့ (membership) တွေကို ပြောတာပဲ။ ဒီတော့ ဗောဓိပက္ခိ ယဆိုတာ ဗောဓိအစည်းအရုံးကြီးတစ်ခုကို ပြောတာပဲ။ Enlightenment of association or membe- rship ပေါ့။ အဖွဲ့ဝင်ပေါင်း ၃၇ ရှိတာကို နောက်တော့ စာရင်းနှင့် တကွ လာလိမ့်မယ်။ ဒီ ၃၇ ပါးကဗောဓိ အဖွဲ့အစည်းကြီးရဲ့ (requite) မရှိမဖြစ် တွေဖြစ်ကြတယ်။ (factor) အချက် အလက် တွေဖြစ်ကြတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့ကို ကျင့်ကြံအားထုတ်ပြီးမှ မဂ်ညဏ် (ဗောဓိ)ကို ရနိုင် လို့ဖြစ်တယ်။

နောက် သတိပဋ္ဌာန လေးပါးကို ဆွေးနွေးကြတယ်။ အဲဒါကို ဘာသာပြန်တာကတော့ foundations of mindfulness ပဲ။ ဒီပြန်ဆိုချက်ကို မြန်မာ ဆရာတွေ သိပ်ပြီး အကြိုက်မ တွေ့တဲ့အကြောင်း ပြောရတယ်။ သတိ က သတိ။ ပဋ္ဌာန က နေရာ။ ဒါကြောင့် ဒီပြန်ဆိုချက် ဟာ တိုက်ရိုက်မဟုတ်ဘူးလို့ သိရမယ်။ ဒါကို အနီးစပ်ဆုံး ဘာသာပြန်ကြည့်ရင် the place of mindfulness ပဲ။ ဒီနေရာမှာ ဌာနဆိုတာက ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မဆိုတဲ့ အာရုံပဲ။ ဒါကြောင့် the object of mindfulness ဆိုလဲ ဖြစ်ပါတယ်။ နောက်တစ်ခု က ပဋ္ဌာနဆိုတာ အာရုံထဲမှာ စွဲမြဲစွာ တည် နေခြင်းလို့ အဓိပ္ပါယ်ပဲ။ ဒီနေရာမှာ သတိ နဲ့ ပဋ္ဌာနက အဓိပ္ပါယ်တူ ဖြစ်သွားတယ်။ ဒါကို အဲဒီဘာသာပြန်ချက်က မမိပြန်ဘူး။ ဘယ်လို ဘာသာပြန်ရ မယ်ဆို တာကတော့ တို့က ပညာရှင်မဟုတ်တော့ ပြောရမှာ ခက်တယ်။ အာရုံထဲမှာ စွဲမြဲစွာ တည်နေ သော သတိ mindfulness that focus on the object in contemplation ဒီလိုပဲ အဓိပ္ပါယ် ပြောကြပါစို့။ သူတို့ အားလုံး မင်သက် နားထောင်နေကြတယ်။ အဲဒီမှာ အချိန်က နံက် ၁၀ နာရီ ကျော်သွားပြီမို့ သင်တန်းကို ရပ်နားလိုက်တယ်။ နက်ဖြန် တို့လာထိုင်ပါဦး မယ်လို့ ဘန္တေသုဒဿန က ပြောလာတယ်။ မယုံပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုပဲ ခဏ ခဏ ပြောပြီး မလာဘဲ နေလာတာ ကြာပြီပဲ။ ဒါတောင် စောစောရက် သူက ပြောသေးတယ် ထိုင်ဝမ် က မဟာယာန ဘုန်းကြီးတစ်ပါး သင်တန်းလာလိမ့်မယ် တဲ့။ နောက် ၂ -ရက်လောက်နေတဲ့အထိ ပေါ်မလာတော့ '' သူလဲ အိန္ဒိယ ဘန္တေတွေလိုပဲ just speaking သမားပဲ ထင်တယ်'' လို့ ခပ်ဆပ်ဆပ်လေး ပြောလိုက်မိ သေးတယ်။

ဒီနေ့ ထုံးစံအတိုင်း သင်တန်းမှာ မစ်စတာ ဆန်ဂျေး တစ်ယောက်ထဲပါပဲ။ သင်တန်းစတော့ ဗောဓိ ဆိုတာ ဘာလဲ ဆိုတာနဲ့ ပြန်စတယ်။ ဗောဓိ ဆိုတာ သစ္စာလေးပါးကို သိနားလည်ခြင်းပဲ လို့ မစ်စတာ ဆန်ဂျေး က ဖြေတယ်။ သိနားလည်တယ် ဆိုတာ ဘာလဲလို့ ထပ်မေးတော့ သူ မဖြေနိုင်တော့ဘူး။ ဒါပေါ့ မစ်စတာ ဆန်ဂျေး ဗောဓိ၊ ဗုဒ္ဓ ဆိုတာ သစ္စာလေးပါးတရား ကို သိနားလည်းခြင်းဆိုတာလောက်တော့ လူတိုင်း သိတာပေါ့။ အဘိဓမ္မာ အလိုအရ ဘာကို ယူရ မယ် ဆိုတာကျတော့ လူတိုင်း မသိတော့ဘူး မဟုတ်လား။ ဗောဓိ အရ ဘာကို ယူရမယ်လို့ မင်း ထင်သလဲ ကြိုးစားပြီး ပြောကြည့်ပါ။ '' အဲဒါ ပညာ ပေါ့။'' သူ မရဲတရဲ ပြောလာတယ်။ မှန်တာပေါ့ ပညာ ဆိုတော့ ဘယ်ပညာလဲ။ ကာမာဝရ ပညာလား၊ ရူပါဝစရ၊ အရူပါဝ စရ၊ လောကုတ္တရာ ဘယ် ပညာ ကိုယူရမလဲ။ လောကုတ္တရာ။ အင်း ဟုတ်တယ် သစ္စာလေးပါးကို တကယ် ထိုးထွင်း သိနိုင်တဲ့ မဂ်ဥာဏ်လေးပါးကို ဒီနေရာမှာ ဗောဓိ အရ ယူရမယ်။

မစ်စတာ ဆန်ဂျေး ဒါပဲ။ ဗောဓိ လို့ လူတိုင်း ပြောနေကြတယ်။ ဒါပေမယ့် ဗောဓိ ဆိုတာ ဘာလဲ လို့ ရေရေရာရာ မသိတဲ့ သူတွေက များတယ်။ မင်းလဲ အဲဒီအထဲမှာ တစ်ယောက် အပါအ၀င်ပဲ မဟုတ်လား။

မဂ်ဥာဏ်ဆိုတာ ဘာလဲ။ သောတာပတ္တိမဂ် ဆိုတာ ဘာလဲ ဆိုတာတွေက ထပ်မေးစရာ တွေပေါ့။

မစ်စတာ ဆန်ဂျေးကို (အတော်ညံ့တာပဲ ဆိုတဲ့ အဓိပ္ပါယ်နဲ့) တစ်ချက်ကြည့်လိုက်ပြီး မျက်နှာ ခပ်လွှဲလွှဲ ထား ပြောလိုက်တယ်။

ဒါပေါ့ မင်းတို့ အိန္ဒိယမှာ သာသနာပျောက်တာ။ အလွယ်လေး (မေး) ဝေဘန်ချင်ကြတယ်။ သိအောင် တော့ မလုပ်ချင်ကြဘူး။ အချက်အလက်တွေ သိမှ ဝေဘန် စဉ်းစားနိုင်မှာပေါ့။ အခု ဟာက ဘာမှလည်း သိအောင် မလုပ်ဘူး။ တွေ့ကရာ လျှောက် ဝေဘန်နေတော့ ဘာမှ အဖြေမပေါ်ပဲ ပိုမို ရှုပ်ထွေးကုန်တာပေါ့။ နောက်ပိုင်း ဗုဒ္ဓတရားတော်တွေက ခက်တယ်ကွာ ဆိုပြီး နှင်ထုတ် လိုက်ကြတာပဲ။

ဒါက မစ်စတာ ဆန်ဂျေးနှင့် စာရေးသူတို့ရဲ့ အချင်းချင်း ထိုးနှက်ချက်ပဲ။ အခွင့်သာရင် သာသလို သူကလဲ ခက်ရာခဲဆစ် မေးတာပဲ။ မဖြေနိုင်ရင် သူက အနိုင်ဆိုတဲ့ သဘော။ စာရေးသူကလည်း အခွင့်သင့်ရင် သင့်သလို အိန္ဒိယတွေရဲ့ အားနည်းချက်ကို ကိုင်ပြီး တူနဲ့ထု သလို နှက်တော့ တာပဲ။ အဲဒါ မခံနိုင်လို့ ဘန္တေသုဒဿနတို့ အတန်းမတက်ဘဲ ဝေးဝေးက ရှောင်နေတာပဲ ကြည့် တော့။

အဲဒီ လောကုတ္တရာ စိတ်အကြောင်းတွေ စိတ်ပိုင်းတုန်းက တို့ အသေးစိတ် ဆွေးနွေး ခဲ့ပြီးပြီ။ ပြန်ကြည့်ပေါ့။ နေရာတိုင်းမှာ ဆရာ မလိုက်နိုင်ဘူး။ ကိုယ်တိုင် အားထုတ်ဘို့လဲ လိုသေးတယ်။ အဲဒါတွေ ကမ္မဋ္ဌာန်းပိုင်းကျ တစ်ခါ တွေ့ပါလိမ့်ဦးမယ်။ အခု ဒီမယ် ဗောဓိအရ မဂ်ဥာဏ်လေး ပါးကို ကောက်ရမယ်။ ပက္ခိယ အရ သတိ ၀ီရိယ စတဲ့ ၃၇ ပါးကို ယူရမယ်။ အဲဒါတွေကို ယူတဲ့အခါ မဟာကုသိုလ်စိတ်၊ မဟာကြိယာ စိတ်၊ အပ္ပနာစိတ်တွေက ယူရမယ်။ တစ်ခြားက သတိ ၀ီရိယ စတာတွေကို ဒီနေရာမှာ မယူရဘူး။ ဒီ ဗောဓိဥာဏ်ကို ဖြစ်စေတဲ့ ဗောဓိဥာဏ်ရဲ့ အသင်းအပင်းတွေဟာ တကယ့် အထက်တန်းစား တွေ ပဲ ဖြစ်ရ မယ်။ ဒီဗောဓိ အဖွဲ့အစည်း ဟာ လောကမှာ အမြင့်ဆုံး အဖွဲ့အစည်းတစ်ခု ပဲ။

မစ်စတာ ဆန်ဂျေး ပြုံးလာတယ်။ ဗောဓိပက္ခိယ ဆိုတာ ဘာလဲ ဆိုတာကို သူကောင်းကောင်းကြီး သိသွား ပြီလေ။ တင်ပလ္လင်ခွေ ထိုင်နေရာက ဒူးတုပ်ထိုင်လာတယ်။ သူသိပ်သဘော တွေ့ သွားပြီဆိုတာ သိလိုက်တယ်။

သတိပဋ္ဌာန်လေးပါးကို သွားတယ်။ သတိကိုကောက်တယ်။ အဲဒီ သတိက မဟာကုသိုလ်၊ ကြိယာ၊ အပ္ပနာဇော စိတ်တွေနဲ့ယှဉ်တဲ့ သတိပဲ။

မစ်စတာ ဆန်ဂျေး မင်း နေ့တိုင်း တရားထိုင်နေတာ ဘာစိတ်ဖြစ်သလဲ

အပ္ပနာ။

အပ္ပနာ။ မင်း က ဈာန် မဂ်ရနေတဲ့သူလား။

အင် ကုသိုလ်။ မဟာကုသိုလ် စိတ် ဖြစ်တယ်။

ဒါပေါ့ တန်ရာတန်ရာ လုပ်စမ်းပါ

ဒီနေ့ တို့သင်တန်း နားကြစို့

+++++++++++++

အင်း ပြောရရင် ကျောင်းတော်က ဆရာ သမားတွေရဲ့ ကျေးဇူးပဲ။ ငါငယ်ငယ် စာသင်သား ဘ၀မှာ သူတို့က ငါ့ကို တုတ်နဲ့ ရိုက်နှက် သင်ပေးခဲ့ကြတယ်။ ငါ စာမရတဲ့ အခါမျိုးမှာ၊ ငါ စာကျက်ပြင်းလို့ အိပ်နေတဲ့အခါမျိုးတွေမှာ သူတို့ရဲ့ ရိုက်နှက် ဆုံးမခြင်းကို ခံခဲ့ရတယ်။ ငါ အခုလို ဒါတွေကို ကောင်း ကောင်း သိတာ၊ မင်းကို ပြောနိုင်တာ ဆရာသမားများရဲ့ ကျေးဇူးပဲ။ အထူး သဖြင့် ငါ့ကို ရိုက်နှက်ခဲ့တဲ့ တုတ်ကျေး ဇူးတွေပေါ့။

အဟင်း မာရတီမှာလဲ ဒီလို ပြောထားတာ ရှိတယ်။ ချဒိ လဂျီ ချမချမ်၊ ၀ိဒျ ယေဟိ ဂါမ ဂျာမ တဲ့ -ဆရာသည် တပည့်အား ပညာတတ်စေခြင်းငှါ တုတ်ဖြင့် ရိုက်၍ ဆုံးမ၏ တဲ့။

၂၈-၇-၂၀၁၁