Tuesday, October 19, 2010

ဓမ္မစက္ကပ၀တ္တနနေ့ အခမ်းအနား





အောက်တိုဘာလ ၁၆ ရက်၊ ၂၀၁၀ တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံ အမျိုးသားခေါင်းဆောင် ဒေါက်တာ အမ်ဘေဒကာ၏ ဗုဒ္ဓဘာသာ စတင်တည်ထောင်မှု နှစ် ၅၄ နှစ်ပြည့် အထိန်းအမှတ် အဖြစ် ဓမ္မစက္ကပ၀တ္တနနေ့ အခမ်းအနားကို အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးတွင် ဗုဒ္ဓဘာသာ အဖွဲ့အစည်း အသီးသီးက တစ်ပြိုင်နက်ဆင်ယင် ကျင်းပ ခဲ့ကြသည်။


ဓမ္မစက္ကပ၀တ္တနသုတ်တော်ကို မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် မဟာ သက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့် (ဂျူလိုင်လ) စနေနေ့တွင် ဗာရာဏသီမြို့ အနီး မိဂဒါဝုန် တော၌ ပဉ္စ၀ဂ္ဂီငါးဦး အမှူးပြုသော နတ်ဗြဟ္မာပရိသတ်အား ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် ၀ါဆိုလပြည့်နေ့(ဂျူလိုင်လ)သည် ဓမ္မစက္ကပ ၀တ္တနနေ့ဖြစ်ကြောင်း အားလုံးပင် သိကြသည်။


ယနေ့ ဆင်ယင်ကျင်းပကြသည့် ဓမ္မစက္ကပ၀တ္တနနေ့သည် တတိယသင်္ဂါယနာတင်ခဲ့သော သီရိဓမ္မာသောက မင်းတရားကြီး၏ ဗုဒ္ဓဘာသာ စတင်သက်ဝင်ယုံကြည်ရာ နေ့ဖြစ်ကြောင်းနှင့် ၄င်းနေ့ကိုပင် ဒေါက်တာ အမ်ဘေဒကာ က ၄င်း၏ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ကြောင်း တိုင်းပြည်ကို ကြေငြာသည့် နေ့ဖြစ် ကြောင်းသိရသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ ဓမ္မစက္ကပ၀တ္တနနေ့သည် ဗုဒ္ဓ၊ အသောက၊ အမ်ဘေဒကာ ဟူ၍ သုံးမျိုးသုံးစားဖြစ်ကြောင်း သိနိုင်သည်။


ဒေါက်တာ အမ်ဘေဒကာသည် အိန္ဒိယ၌ သာသနာပြန်လည်ထွန်းကားရန်အတွက် လွန်ခဲ့ သည့် နှစ် ၅၄ နှစ်တာ ကာလက စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ဒေါက်တာ အမ်ဘေဒကာ၏ ဓမ္မစက္ကပ၀တ္တန နေ့သည်လည်း ယခုအခါ ၅၄ နှစ် ရာသီသို့ ရောက်လာ ခဲ့ပြီဖြစ်သည်။ ယခုအခါ ဒေါက်တာ အမ်ဘေဒကာ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် အိန္ဒိယနိုင်ငံ၌ နှစ်ပေါင်း များစွာ ပျောက်ကွယ်တိမ်မြှုပ်ခဲ့သော ဗုဒ္ဓဘာသာသည် ပြန်လည်ဦး မော့လာခဲ့ပြီဖြစ်သည်။


ပူနေးတက္ကသိုလ်အတွင်းရှိ ဗုဒ္ဓ၀ိဟာရတွင် ဓမ္မစက္ကပ၀တ္တနနေ့ အခမ်းအနား ပြုလုပ်မည်ဖြစ်၍ အခမ်းအနားသို့ တက်ရောက်ပါရန် ဘန္တေသုဒဿန က ယမာန်နေ့ကပင် ပင့်ဖိတ်ထားသဖြင့် နံက် ၁၀း ၀၀ နာရီတွင် ဗုဒ္ဓ၀ိဟာရသို့ ထွက်ခဲ့သည်။ ဗုဒ္ဓ၀ိဟာရ အခမ်းအနား မပြီးမီ နယူးဆန်း ၀ိခ်ရပ်ကွက် အမှုဆောင် ဥပါသကာများက ဆက်လက် ပင့်ဖိတ်သဖြင့် လိုက်ပါသွားရပြန် သည်။ နယူးဆန်းဝိခ်သို့ ရောက်သောအခါ နံက် ၁၀း၃၀ ရှိပြီဖြစ်သည်။ စုရပ်ဒေသမှ အခမ်းအနား ကျင်းပရာ ခမ်းမဆောင်သို့ ဒေါက်တာအမ်ဘေဒကာ ရုပ်တုနှင့် ဗောဓိသတ္တ ရုပ်တုတို့ကို မြင်းခုနစ်ကောင်ကသော ရထားယဉ်ဖြင့် တင်ဆောင်လျက် ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးများက နိုင်ငံတော် အလံများ၊ သာသနာ့အလံများကို ဝှေ့ယမ်း ကိုင်ဆောင်လျက် လမ်းမကြီးတစ် လျှောက် ငြိမ်သက်စွာ စီတန်း လမ်းလျှောက် ထွက်ခွာကြသည်။


ခမ်းမဆောင်တွင် အခမ်းအနားကို နံက် ၁၁း၀၀ နာရီအချိန်တွင် စတင်ကျင်းပရာ ရှေးဦးစွာ ရုပ်တုများအား ပန်းများ အမွှေးတိုင်များဖြင့် ပူဇော်ခြင်း။ ပရိသတ်များက ထိုင်းရဟန်းတော် နရိန္ဒထံမှ ငါးပါး သီလ ခံယူဆောက်တည်ခြင်း၊ အခမ်းအနားမှူးက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောဆိုခြင်း၊ ဧည့်သည်တော်များအား လက်ဆောင်ပန်းစည်းများပေးအပ်ခြင်း။ စာရေးဆရာ တစ်ဦးနှင့် ဘန္တေသုဒဿန တို့က ဓမ္မစက္ကပ၀တ္တနနေ့ အကြောင်း သိကောင်းစရာများ ကို (မာရတီဘာသာဖြင့်) ဟောပြောခြင်းများကို ပြုလုပ်ပြီး နေ့ ၁း၁၅ နာရီအချိန် တွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။


မှတ်ချက် ။ ၄င်းနေ့မှာပင် ဟိန္ဒူဘာသာဝင်တို့က ရာမမင်းသားက ဒသဂီရိအား သတ်သည့် Dussera နေ့အထိန်းအမှတ်ပွဲ ကျင်းပသည်။


KM 18-10-2010


Sunday, October 17, 2010

သုံး၍မကုန်သော ရတနာတုံး ရတနာခဲများ(၃)

မေတ္တာပို့နေမယ်

စစ်ကိုင်း မင်္ဂလာသိရိမ်ဆရာတော်ကြီးသည် ပထမဂန္ဓာရုံဆရာတော်ဘုရားကြီး၏ တပည့်ကြီး တစ်ပါးဖြစ် တော်မူသည်။ စာရေးသူအား အခြေခံပညာရပ်များနှင့် အထက်တန်းစာဝါကြီးများကို ချပို့သင်ပြပေးတော်မူခဲ့ သော ငယ်ဆရာရင်းတစ်ပါးဖြစ်သည်။ ဆရာတော်ကြီးသည် ယခုအခါ သက်တော် ၈၄-နှစ် အရွယ်ရှိပြီဖြစ်သည်။ ဆရာတော်ကြီးက စာရေးသူအား သြ၀ါဒပေး တော်မူသည်မှာ-


'' မေတ္တာပို့ နေပါ့မယ် ''


စာရေးသူသည် ဆရာတော်ဘုရားကြီး မိန့်ခွန်းတော်ကြောင့် ခွန်အားများပြည့်လျှံသွားလေ သည်။ ဆရာ တော်ကြီး၏ မေတ္တာအစွမ်းအာနိသင်များဖြင့် အဝေးတစ်နေရာတွင် ကျန်းမာချမ်းသာစွာဖြင့် ပညာရေး ခရီး ပြီးဆုံးအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

လိုအပ်တာကို ပြောပါ

ပထမဂန္ဓာရုံကျောင်းတိုက်ကို ဆရာတော်ကြီး ဘ၀နတ်ကျောင်း ပြောင်းရွှေ့တော်မူသောအခါ ဆရာတော်၏ တပည့်ကြီးတစ်ပါးဖြစ်သည့် တိပိဋက ၂ ပုံခွဲအောင် ဆရာတော် အရှင်ဇဋိလ က ဆက်လက် ထိန်းကျောင်း တော်မူခဲ့သည်။ လက်ရှိ ပဓာနဆရာတော်အား စာရေးသူ သွား ရောက်ဦးတိုက်သောအခါ '' အေး - လိုအပ်တာကို ပြောပေါ့ '' ဟု မိန့်တော်မူရှာသည်။


ကုလားမနဲ့ မငြားခဲ့စေနဲ့

ဇေယျာသီရိမ်ကျောင်းတိုက်သည် မင်္ဂလာသိရိမ်ကျောင်းတိုက်နှင့် ရှေ့နောက်ကပ်လျက် တည်ရှိသည်။ ကျောင်းထိုင် စာချ ဆရာတော်များသည် ပထမဂန္ဓာရုံဆရာတော်ကြီး၏ တပည့်ကြီးများဖြစ်တော်မူကြသည်။ မင်္ဂလာသိရိမ်၊ ဇေယျာသိရိမ်၊ အောင်မြေဘုံစံ၊ မြစကြာ၊ လေးမျက်နှာ၊ မဟာမြိုင် စသော ကျောင်းတိုက် များသည် ပထမဂန္ဓာရုံ ဆရာတော်ကြီး၏ သြ၀ါဒခံ ကျောင်းတိုက်များဖြစ်ခဲ့ကြသည်။

ဇေယျာသီရိန်ဆရာတော်နှင့် စာချဆရာတော်တို့သည် စာရေးသူ၏ ငယ်ဆရာ အရင်းအချာ များ ပင်ဖြစ်ရကား သွားရောက် အသိပေး ကန်တော့ရပြန်သည်။

ဆရာတော်ကမူ အိန္ဒိယသို့ ဘုရားဖူးရောက်ဖူးကြောင်းစသည်ပြောဆိုပြီး စာချဆရာတော်ကမူ အောက်ပါအ တိုင်း တိုတိုပြတ်ပြတ် မိန့်တော်မူသည်။


'' ကုလားမနဲ့ မငြားခဲ့စေနဲ့ ''


တိုတိုနှင့် တာသွားသော အဆုံးအမတစ်ခုပင်ဖြစ်သည်။ လွတ်လပ်သော နယ်မြေတွင် လူငယ်စိတ်ဖြင့် မနေမိ စေရန် ကြိုတင်အသိပေးလိုက်ခြင်းဖြစ်သည်။ အိန္ဒိယတွင် ကုလားမ သာမက ဂျပန်၊ ဂျာမာန်၊ ကိုရီးယား၊ အီရန်၊ အီရတ်၊ အာဖဂန်နစ်စတန်၊ ပါကစ္စတန်၊ ထိုင်း၊ ဗိယက်နာမ်၊ သီရိလင်္ကာ စသည်စုံစွာ အပျိုကညာတွေ အစီအရီ ပေါချင်တိုင်း ပေါလှ၏။ ထိုအခါ ဆရာ၏ စကားသည် ဘ၀ကို တိမ်းစောင်းမသွားအောင် ထိန်းကျောင်း ပေးနေသော ပဲ့ထိန်းသဘွယ်ဖြစ်၍ နေပေသည်။ မြင်တော်မူ သိတော်မူသည့် ဆရာပေဟု ချီးကျူး ရသည်။


မညာနဲ့ မညှာနဲ့

ရန်ကုန်ရောက်တော့ မြောက်ဒဂုံ အောင်မြေသာစံ စာသင်တိုက်ဆရာတော်ထံ သွားရောက် ကန်တော့သည်။ ဆရာတော်သည် စစ်ကိုင်း ပထမဂန္ဓာရုံဆရာတော်ကြီး၏ တပည့်တစ်ပါး ဖြစ်၍ စာရေးသူနှင့် ဆရာတူ တပည့်ဖြစ်သည်။ ဆရာတော်က သြ၀ါဒချွေတော်မူသည်မှာ-


'' အသက်က ငယ်တယ်လို့ ပြောလို့မရတော့ဘူး။ အလုပ်လုပ်ချိန် သိပ်မရှိတော့ဘူး။ ပညာရေး သာမက သံသရာရေးကလည်း ရှိသေးတယ်။ ဒါကြောင့် အချိန်ရှိခိုက်မှာ မညာတမ်းနှင့် မညှာ တမ်းကြိုးပမ်းခဲ့ဘို့ လိုတယ် ''


စာရေးသူကား ကံအလွန်ကောင်းသူဟု ဆိုရမည်ဖြစ်သည်။ ဆရာကောင်း သမားကောင်းများ၏ အလယ်၌ ဘ၀အတွက် တန်ဘိုးဖြတ်မရသော စကားကောင်းများကို နေရာတိုင်း၌ ရရှိနေသောကြောင့်ဖြစ်သည်။ ထိုစကားကောင်းများသည် စာရေးသူ၏ ဘ၀တစ်သက်တာတွင် သုံး၍မကုန်သော ရတနာတုံး ရတနာခဲများ အဖြစ် တည်ရှိနေမည်ဖြစ်သည်။


KM

Saturday, October 16, 2010

သုံး၍မကုန်သော ရတနာတုံး ရတနာခဲများ(၂)

ရဟန်းသညာ မပျောက်စေနဲ့

စစ်ကိုင်းရောက်တော့ စစ်ကိုင်းက ဆရာသမားများကို ကန်တော့ရပြန်သည်။ ပထမဦးစွာ ဇေယျာဝံသ ကျောင်းဆရာတော်ကို ကန်တော့သည်။ ဆရာတော်သည် စာရေးသူနှင့် ညီအစ်ကို တော်စပ်ပြီး စာရေးသူအား ငယ်စဉ်ဘ၀မှစ၍ အစစအရာရာ ပြုပြင်ထိန်းကျောင်းပေးတော်မူခဲ့သည်။ ဆရာတော်က သြ၀ါဒပေး တော်မူသည်မှာ-


'' တို့များ ဆရာတော်ဘုရားကြီးက ပြည်ပပညာတော်သင် သွားတာကို သိပ်ပြီးတော့ သဘော တွေ့တာမဟုတ်ဘူး။ ဖွဲဝင်ဆန်ထွက်ဖြစ်မှာစိုးရိမ် လို့တဲ့။ မင်းက ခေတ်အလိုက် ဟိုကို သွားရမှာ ဆိုတော့ ဟိုမှာ နေတဲ့အခါ ရဟန်းသညာ မပျောက်ဘို့ လိုတယ်။ ငါ ရဟန်းပါလားဆိုတဲ့ အသိစိတ် ရှိနေဘို့လိုတယ်။ ငါကတော့ ပိုက်ဆံမရှိလို့ ဘာမှ မပေးလိုက်နိုင်ဘူး။ ဒါပေမင့် မင်းပြန်လာရင် အမေရိက သွားနိုင်အောင် အမေရိက က ငါ့ဒကာ ဒကာမတွေနဲ့ ဆက်သွယ် ပေးမယ်။ ဒါတော့ ငါလုပ်ပေးနိုင်ပါလိမ့်မယ် ''


စာရေးသူ မျက်ရည်ဝဲရပြန်ပြီ။ ဆရာသမားတို့၏ စေတနာ မေတ္တာသည် နှိုင်းဆ၍ မရနိုင်အောင် ကြီးမားလှပါတကား။ တို့များ ဆရာတော်ကြီးဆိုသည်မှာ စာရေးသူ၏ အဘိုး တော်စပ်သူ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု စစ်ကိုင်း ပထမဂန္ဓာရုံဆရာတော်ကြီးကို ဆိုခြင်းဖြစ်သည်။ ဆရာတော်ကြီးသည် ၀ိနည်းတရား အလွန်လေးစားတော်မူပြီး ရှားမှရှားသော ရဟန်းကောင်း တစ်ပါးအဖြစ်ဖြင့် ဘ၀တစ်ခုကို ကျော်ဖြတ်သွားတော်မူခဲ့သည်။ မှတ်မိပါသေးသည်။ ငယ်စဉ်က ဆရာတော်ဘုရားကြီး ထံစာတက်စဉ်-


'' ငါက မင်းတို့ကို ငါ့ထက် တော်တတ်သူတွေဖြစ်စေချင်တာ။ နိုင်ငံတကာကို လှည့်လည်ပြီး သာသနာပြုနိုင်တဲ့ အခြေအနေအထိ ဖြစ်စေချင်တာ ''


-ဟု မကြာခဏ မိန့်ကြားတော်မူလေ့ရှိသည်ကို သတိရနေမိပါသေးသည်။ ယခု ပညာတော် သင် ခရီးသည် ဆရာတော်ဘုရားကြီးဖြစ်စေချင်သော ပြည်ပ သာသနာပြု လုပ်ငန်း၏ အစခရီးဖြစ်သည်ဟု ဆိုက မှားမည်မဟုတ်ပါ။ တပည့်၏ ပညာတော်သင်ခရီး ပြီးစီး အောင်မြင်အောင် မစချီးမြှောက်တော်မူပါ ဘုရား။

Friday, October 15, 2010

သုံး၍ မကုန်သော ရတနာတုံး ရတနာခဲများ

အိန္ဒိယသို့ ပညာတော်သင်သွားမည့်အကြောင်း နီးစပ်ရာ ပုဂ္ဂိုလ်များကို ပြောပြရင်း နှုတ်ဆက် စကားဆိုရသည်။ ထိုအခါ ၀မ်းနည်းဝမ်းသာ စကားများကို ပြော၍ ပြန်လည် နှုတ်ဆက် စကားဆိုကြသည်။ အိန္ဒိယသို့ ပညာတော် သင်သွားခြင်းကို လူငယ်အများစုက သဘော တွေ့ကြပြီး လူကြီးများကမူ သံဝေဂသံဖြင့် သတိပေးစကားနှင့် အားပေးစကားများကို ပြောကြသည


သြ၀ါဒကထာ

ဆရာသမားများကို ခရီးသွားခါနီး၌ ကန်တော့ပန်းဆင်ရသည်မှာ မြန်မာတို့၏ မွန်မြတ် အထက်တန်းကျလှသော ယဉ်ကျေးမှု တစ်ရပ်ဖြစ်သည်။ ထိုသို့ ကန်တော့သဖြင့် ဆရာသမား များထံမှ ဘ၀အတွက် အရေးပါသော သြ၀ါဒကထာများကို နာယူခွင့်ရသည်။ ဤ၌ စာရေးသူ အား စာရေးသူ၏ ဆရာသမားများက ပေးလိုက်သော အဆုံးအမများကို စုစည်း၍ မျှဝေလိုက်ပါသည်။


ကောင်းကောင်းနေ

ပထမဦးစွာ ရွာဦးကျောင်း ငယ်ဆရာတော်ကို ကန်တော့တော့ အောက်ပါအတိုင်း သြ၀ါဒပေး တော်မူသည်။


'' ကောင်းကောင်းနေ ဒါပဲ ပြောချင်တယ်။ ''


ဆရာတော်သည် သွာက္ချာပါဒ လေငန်းဖြတ်ထား၍ ကောင်းကောင်း စကားမပြောနိုင်ပါ။ သို့သော် စကားကောင်းကိုမူ ကောင်းကောင်းပြောနိုင်သည်ကို တွေ့ရသည်။ ကောင်းကောင်း နေတဲ့။ မှန်လိုက်တဲ့စကား။ ပိဋကတ်သုံးပုံကို ချူပ်မိတဲ့စကား။ လောကကြီးထဲ၌ ကောင်း ကောင်းနေတတ်ဘို့ရာ အရေးကြီးသည်။ အများစုသော ပုဂ္ဂိုလ်များသည် ကောင်းကောင်း မနေတတ်ကြသဖြင့် ကြီးပွားသင့်သလောက် မကြီးပွားဘဲ ဖြစ်နေသည်။ အချို့ကောင်းကောင်း မနေကြသဖြင့် အတိဒုက္ခပင် ရောက်သွားကြသည်။ ကောင်းကောင်း နေဆိုသည်မှာ အပြော အဆို အနေအထိုင် အကြံအစည် အားလုံးကို အကောင်းဆုံးဖြစ်အောင် ကြံစည် ပြုလုပ် ပြောဆို နေထိုင်ပါဟု ဆိုလိုသည်။ စာရေးသူအတွက် တန်ဘိုးဖြတ်၍ မရသော ပတ္တမြား တစ်လုံးကို ရရှိလိုက်ခြင်းပင် ဖြစ်သည်။


လူပေါင်းမမှားစေနဲ့

ဝက်လက်မြို့သည် စာရေးသူတို့၏ မြို့ဖြစ်သည်။ စာရေးသူ၏ ရွာနှင့် ၀က်လက်မြို့သည် ၁ မိုင်ခွဲလောက်သာ ဝေးသည်။ ၀က်လက်မြို့ အုတ်တိုက်ကျောင်းသည် စာရေးသူ ငယ်စဉ်က ပညာသင်ကြားခဲ့ရာ ကျောင်း တိုက်ဖြစ်သည်။ တိုက်ကျောင်းဆရာတော်သည်လည်း စာရေးသူ၏ ငယ်ဆရာတစ်ဦးပင်ဖြစ်သည်။ ဆရာတော် သည် စာရေးသူ၏ အိန္ဒိယပညာတော်သင် ခရီးဖြစ်မြောက်အောင် ပညာသင်စရိတ် မတည်ပေး၍ အကောင် အထည်ဖေါ်ပေးတော်မူခဲ့သည်။ အခြားနီးစပ်ရာ ဒကာဒကာမများကိုလည်း နှိုးဆော်ပေးတော်မူခဲ့သည်။ ဆရာတော်အား ကန်တော့တော့ ဆရာတော်က သြ၀ါဒကထာပေးတော်မူသည်။


'' ပညာရေးကို ကြိုးစားသင်ယူ၊ လူပေါင်းမမှားအောင် သတိထား ''


အလွန့်အလွန် တန်ဘိုးကြီးသော ရတနာတစ်လုံးကို စာရေးသူ ရလိုက်ပြန်ပေပြီ။ လူပေါင်းမမှား စေနဲ့တဲ့။ ဟုတ်လိုက်လေ။ ဘ၀တွင် အပေါင်းအသင်းသည် အလွန်အရေးပါပါသည်။ မည် လောက်ကောင်းသည်ဆိုသော ပုဂ္ဂိုလ်ပင်ဖြစ်စေ အပေါင်းအသင်း မကောင်းပါက မကောင်း သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သွားနိုင်သည်။ အပေါင်းအသင်းသည် နီးရာကူးဆက် တတ်သော မီးနှင့်တူပါသည်။ မကောင်းသော အပေါင်းအသင်းကြောင့် ဆိုးသွမ်းသော အမူအကျင့်များကို အလွယ်တကူ ပြုလုပ်နိုင်ပြီး ဆိုးသွမ်းသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် အပေါင်းအသင်းသည် ဘ၀၌ အလွန်အရေးပါလှပေသည်။ ထို့ကြောင့် ဆရာတော် က အပေါင်းအသင်းကို သတိနှင့် ပေါင်းသင်းဘို့ အထူးသတိပေး တော်မူခြင်းဖြစ်သည်။





Sunday, October 3, 2010

အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာအသင်း တတိယအကြိမ် အစည်းအဝေး

အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာအသင်း ကြားဖြတ် အစည်းအဝေးကို ၃-၁၀-၂၀၁၀ တနင်္ဂနွေနေ့ နေ့လည် ပိုင်းက ပူနေးမြို့ ပူနေးတက္ကသိုလ် အသင်း၏ တည်ရာဌာနဖြစ်သည့် ဗုဒ္ဓ၀ိဟာရကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ အသင်း၏ ဥက္ကဋ္ဌ ဘန္တေသုဒဿန၊ သင်တန်းနည်းပြ အရှင်ကုသလ၊ အသင်း၏ အထွေထွေ အတွင်းရေးမှူး ဆရာ ဆန်ဂျေး တန်ဘာဂရိတ်၊ ထိုင်းနိုင်ငံ ပီအိပ်ခ်ျဒီ ကျောင်းသား မစ္စတာ ဥတန်း၊ အိန္ဒိယနိုင်ငံ ပီအိပ်ခ်ျဒီကျောင်းသူ မစ် အာခ်ျ တို့တက်ရောက်ကြသည်။ ယခုအခါ တက္ကသိုလ်၏ အစမ်းစာမေးပွဲများ ကျင်းပနေ ချိန်ဖြစ်၍ အခြား အသင်းသားများ တက်ရောက်နိုင်ခြင်း မရှိကြပေ။

အစည်းအဝေးကို နေ့လည် ၁၂ နာရီအချိန်တွင် နမောဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အခမ်း အနားမှူး ဆရာ ဆန်ဂျေးက အစည်းအဝေး ခေါ်ယူရခြင်းအကြောင်း နှင့် ဆွေးနွေးရမည့် အဓိက အကြောင်း အရာများကို ပြောပြသည်။ ဆရာဆန်ဂျေး တင်ပြပြောဆိုသည်မှာ-

ဒေလီမှ မြန်မာရဟန်းတော်များက အသင်း၏ လုပ်ဆောင်ချက်များကို သဘောကျ၍ အဖွဲ့ခွဲတစ်ခုအနေဖြင့် ဒေလီတွင် သင်တန်းများ ပို့ချရန် တောင်းဆိုမှုများ ပြုလာကြောင်း။ ထိုအတွက် အသင်းကြီးအနေဖြင့် မည်ကဲ့သို့ ကူညီပံ့ပိုးမှုများပြုလုပ်ရမည်ကို အကြံပြုတင်ပြကြစေလိုကြောင်း၊ ထိုနှင့် တစ်ဆက်တည်း မြန်မာ ရဟန်းတော် များ သီတင်းသုံးကြသည့် ဟိုက်ဒရာဘတ်၊ ပန်ဂျတ်၊ ဗာရာဏသီ၊ ဗုဒ္ဓဂယာ စသည့် အခြား နေရာများတွင်လည်း သင်တန်းများ တိုးချဲ့ဆောင်ရွက်ဖို့ အစီအစဉ်များ ဖြစ်လာနိုင်ကြောင်း။ ထိုအတွက် အကြံပြုတင်ပြကြဖို့ ယခုလို အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း ပြောဆိုသည်။

ဒေလီအဖွဲ့ခွဲအတွက် အဖွဲ့၏ စည်းမျဉ်းဥပေသများ၊ ပြဓာန်းကျမ်းစာများကို ပေးပို့ပေးရမည်ဖြစ်ကြောင်း။ အဖွဲ့၏ ရုံးစိုက်ဌာနသည် ဘုန်းတော်ကြီးကျောင်း ဖြစ်သင့်ကြောင်း။ ထိုအတွက် အိန္ဒိယနယ်ခံ ပုဂ္ဂိုလ်များက ပါဝင်ဆောင် ရွက်ရန် လိုအပ်ကြောင်း။ နေရာ ဌာနအခက်အခဲဖြစ်က ဥက္ကဋ္ဌ (ကျောင်းသား) ၏ အခန်းသည်ပင် ရုံးဌာန နှင့် သင်တန်းဌာန ပြုလုပ်နိုင်ကြောင်း၊ သစ်ပင်အောက်။ မြက်ခင်းပြင်များသည်လည်း သဘာဝ သင်တန်းဌာန များဖြစ်ပါကြောင်း။ နေရာဌာနအတွက်နှင့် အသင်း၏ အဓိက လုပ်ငန်းဖြစ်သည့် သင်တန်းချပို့ သင်ကြားမှုများ နှောက်နှေးကြန့်ကြာမှု မဖြစ်သင့်ကြောင်း။ အလားတူ အခြားနေရာများ၌ သင်တန်းအဖွဲ့ခွဲများ တိုးချဲ့ဆောင် ရွက်ခြင်းကို ကြိုဆို အားပေးရမည်ဖြစ်ကြောင်း စသည် ဆွေးနွေး အကြံပြုကြသည်။

အဖွဲ့ခွဲအတွက် တာဝန်ခံ ဆောင်ရွက်ကြမည့် ဒေလီ( တက္ကသိုလ်) ရှိ မြန်မာရဟန်းတော် အရှင် ဇာဂရာလင်္ကာရ နှင့် မစ္စတာ အာမိုလ် မဒမီ တို့ထံ တိုက်ရိုက်ဆက်သွယ်၍ အကြောင်းကြားကြသည်။ ၄င်းတို့ နှစ်ဦးလုံးထံမှ ဒေလီ အဖွဲ့ခွဲကို ဖြစ်မြောက်အောင် ဆောင်ရွက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အကြောင်းပြန်ကြသည်။

အစည်းအဝေးကို နေ့ ၁း၁၅ မိနစ်အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


ုKM

(၄-၁၀-၂၀၁၀)

Friday, October 1, 2010

ဗုဒ္ဓဘာသာ လော့ဂျစ်ခ် သင်တန်း


အိန္ဒိယနိုင်ငံ မဟာရဋ္ဌစတိတ် ပူနေးမြို့ ပူနေးတက္ကသိုလ် ပါဠိဌာနမှ ကြီးမှူးကျင်းပသည့် သုံးကြိမ်မြောက် ပါဠိအထိမ်းအမှတ်နေ့အဖြစ် ပါဠိဌာန သင်တန်းခမ်းမဆောင်တွင် အထူးသင်တန်းတစ်ခုဖွင့်လှစ်ပြသခဲ့သည်။ ၄င်းသင်တန်းအမည်မှာ Language and Logic from Buddhist Perspective ဖြစ်သည်။ သင်တန်းဆရာမှာ သီရိလင်္ကာနိုင်ငံ ကိုလန်ဘိုသီရိလင်္ကာ တက္ကသိုလ်မှ ပါဠိဌာနမှူး ဒေါက်တာ အာသင်္ကတိလကရတေလ်ဖြစ် သည်။ ဆရာသည် အမေရိကန်နိုင်ငံ ဟာဝါရီကျွန်း တက္ကသိုလ်မှ ဗုဒ္ဓဇင် လော့ဂျခ် စာတမ်းဖြင့် ဒေါက်တာဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။


သင်တန်းကာလမှာ ၁၆-၉-၂၀၁၀ မှ ၃၀-၉-၂၀၁၀ နေ့အထိ ဖြစ်ပြီး တစ်ရက်ခြားသင်ပြသည့် Lecture series ဖြစ်သည်။ သင်တန်းချိန်မှာ နံက် ၉း၀၀ နာရီ မှ ၁၁း၀၀အထိဖြစ်သည်။

သင်တန်းသို့ ပါဠိဌာန ဌာနမှူး ဒေါက်တာ ဒေ၀ကာ ဦးဆောင်သည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်း သူများ၊ ပညာရှင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဆရာသည် သင်တန်းတွင်

1. Introduction: Language, Logic and Reality.

2. Limits of Language: silence and the claim of ineffability.

3. Buddhist attitude to Language.

4. Logic, reality and truth.

5. Logic in the discourses of the Buddha and in the Abhidhamma.

6. Problems from Buddhist Logic 1

7. Problems from Buddhist Logic 2


ခေါင်းစည်းများဖြင့် လော့ဂျစ်ခ် နည်းများကို ထေရ၀ါဒ မဟာယာနကျမ်းစာအဆိုအမိန့်များကို ပုံစံထုတ်ပြပြီး ဝေေ၀ဆာဆာ တင်ပြဆွေးနွေးသွားသည်။ သင်တန်းပြီးချိန်တိုင်းတွင် သင်တန်းသားများ၏ မေးခွန်းများကို ဖြေကြားသည့် အစီအစဉ်လည်း ပါရှိသည်။

သင်တန်းသို့ မြန်မာရဟန်းတော် အရှင်ကုသလသည် နေ့စဉ်တက်ရောက် လေ့လာပြီး အချို့မေးခွန်းများကို မေးမြန်းခဲ့သည်။ အရှင်ကုသလ မေးသည့် မေးခွန်းအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

အရှင်။ ။ဆရာ ဆရာသည် ပစ္စေကဗုဒ္ဓါ၊ မုနိ(ဗုဒ္ဓ) သဒ္ဒါ တို့ကို SILENt PERSON ဟု ဘာသာပြန် ပြောဆိုသွား ပါသည်။ ၄င်း ဘာသာပြန်ချက်များ မှန်မမှန် ဆရာ ဘယ်လိုပြောနိုင်ပါသလဲ။


ဆရာ။ ။အစဉ်အလာ အရ မုနိ ဆိုသည်မှာ တောထဲတွင် နေထိုင်ပြီး တိတ်တိတ်ဆိတ်ဆိတ်နေထိုင်သူများကို ဆိုသည်။ ဓမ္မပဒတွင်လည်း ယင်းကဲ့သို့ နှုတ်ဆိတ်သူကို ရည်ညွှန်းပြောဆိုထားသည်။ ထို့ကြောင့် ယင်းကဲ့သို့ ဘာသာပြန်ခြင်းဖြစ်သည်။

အရှင်။ ။အစဉ်အလာကို မပြောလိုပါ။ ဗုဒ္ဓပိဋကတ်နှင့် ဆိုင်သော ကျမ်းစာများတွင် မုနိသဒ္ဒါ တိတ်ဆိတ်ခြင်းကို မပြောပါ။ မုနာတိ ဇာနာတီတိ မုနိ ဟု တတ်သိနားလည်သူ ဟူသော အဓိပ္ပါယ်ကို ပြပါသည်။ ဓမ္မပဒတွင်လည်း ထိုအတိုင်းပင် ပြောထားပါသည်။ ပစ္စေကဗုဒ္ဓါဆိုသည်မှာလည်း သမ္မာသမ္ဗုဒ္ဓဘုရားရှင်မှ တစ်ပါးသော သီးခြား ဖြစ်သော ဘုရားရှင်ကိုသာ ဆိုပါသည်။ တိတ်ဆိတ်သူဟု တိုက်ရိုက်မဆိုပါ။

အရှင်။ ။ယဒနိစ္စံ တံ ဒုက္ခံ။ ယံ ဒုက္ခံ တဒနတ္တာ။ ဟု သံယုတ်တွင် လာသည်ကို အနိစ္စ မှ ဒုက္ခ၊ ဒုက္ခမှ အနတ္တ၊ တဖန် ဆရာက လော့ဂျစ်ခ် နည်းဖြင့် ယဒနိစ္စံ တဒနတ္တာ - အနိစ္စလည်း အနတ္တကို ဖြစ်နိုင်ပါသည်ဟု ပြောဆိုသွားပါသည်။ အင်္ဂုတ္တိုရ် ပါဠိတော် မေဃိယသုတ်တွင် ဘုရားရှင်က အရှင်မေဃိယ အားပြောသည့် စကားတစ်ခွန်းရှိပါသည်။ ၄င်းမှာ မေဃိယ အနိစ္စကိုမြင်ရင် ဒုက္ခ၊ အနတ္တတို့ကို ၊ ဒုက္ခကို မြင်ရင် အနိစ္စ၊ အနတ္တတို့ကို အလိုလိုမြင်သည်ဟူ၍ ဖြစ်ပါသည်။ ဒါကြောင့် အနိစ္စသည်လည်း အနတ္တကိုဖြစ်စေနိုင်သော အချက်မှာ ထင်ရှားပါသည်။

ဆရာ။ ။ကျေးဇူးတင်ပါသည်။ အကိုးအကားတစ်ခု ရ၍ ပိုမိုပြည့်စုံသွားစေပါသည်။ သို့သော် အချို့က ဒုက္ခကို မယုံကြပါ။

အရှင်။ ။လော့ဂျစ်ခ် ဘာသာရပ်သည် မိမိအတွက် ယခုသင်တန်းသည် ပထမဦးဆုံး အတွေ့အကြုံ တစ်ခုဖြစ်ပါသည်။ လော့ဂျစ်ခ်သည် အလွန်စိတ်ဝင်စားစရာ ကောင်းသော ဘာသာရပ်တစ်ခု ဖြစ်ပါသည်။ သို့သော် သိလိုသည်မှာ လော့ဂျစ်ခ် သည် ဘာအတွက်ဖြစ်ပါသနည်း။ ဘာသာရပ်တစ်ခုအတွက်လား။ သင်ကြားမှုတစ်ခုအတွက်လား။ ပြောဆိုနည်းနာအတွက်လား။ တွေးခေါ်မှုအတွက်လား။ ကျင့်ကြံမှုအတွက်လား၊ လွတ်မြောက်မှုအတွက်လား။ ဘာအတွက်ဖြစ်သည်ကို သိလိုပါသည်။

ဆရာ။ ။လော့ဂျစ်ခ်သည် ပညာရပ်တစ်ခုအတွက်ဖြစ်ပါသည်။

အရှင်။ ။ဆိုလိုသည်မှာ လော့ဂျစ်ခ်သည် ပရိယတ်-သင်ကြားမှုအတွက်လား၊ ပဋိပတ်-ကျင့်ကြံမှုအတွက်လား မည်သည့် အမျိုးအစားတွင် ပါဝင်သည်ကို သိလို၍ မေးခြင်းဖြစ်ပါသည်။

ဆရာ။ ။ပရိယတ် သင်ကြားမှု အမျိုးအစားတွင် ပါဝင်ပါမည်။


အရှင်။ ။အကျင့်မပါ အပြောသက်သက် သင်ကြားမှု သက်သက်အတွက် ဆိုလျှင် အားရစရာ မရှိသေးပါ။


(philosophy ဌာနမှ ဆရာကြီးက ၀င်ရောက် ဆွေးနွေးသဖြင့် ပွဲမှာ အရှိန်မြင့်မလို ဖြစ်နေရာ အချိန်စေ့ သွားသဖြင့် ရပ်ဆိုင်းလိုက်ရသည်။)


အရှင်။ ။ကာလာမသုတ်လာ ဧထ ကို ဧတ္ထဟု ပြောင်းသင့်သည်ဆိုသည်ကို မေးလိုပါသည်။ ၄င်း ဧတ္ထသည် မည်သည့်အဓိပ္ပါယ်ကို ဖော်ဆောင်ပါသနည်း။


ဆရာ။ ။သက်ဆိုင်ရာ အခြေအနေတစ်ရပ်ကို ဆိုပါသည်။


အရှင်။ ။မည်သည့် အခြေအနေကို ဆိုပါသနည်း။


ဆရာ။ ။ကာလာမ အမျိုးသားတို့ တွေ့ကြုံနေကြရသော အခြေအနေတစ်ရပ်ကို ဆိုပါသည်။


အရှင်။ ။ယင်းသို့ ပြောင်းလိုက်လျှင် ကာလာမာ တုမှေ တွင် တုမှေ ၏ ကြိယာသည် ဘယ်ဟာဖြစ်ပါသနည်း မေးလိုပါသည်။

ဆရာ။ ။-----။


အရှင်။ ။မေးလိုသော အဓိကမေးခွန်းတစ်ခု မေးပါရစေ။ ဗုဒ္ဓဘာသာတွင် ထေရ၀ါဒ၊ မဟာယာန ၂ ဂိုဏ်းကွဲနေသော်လည်း သူတို့သည် တစ်ခုတည်းသော ဘုရားကိုသာ ကိုးကွယ်ကြသည်။ နိဗ္ဗာန်၊ သစ္စာစသည့် တရားများကိုလည်း တူညီစွာ ယုံကြည်ကြပါသည်။ သို့ဖြစ်ပါလျက် အဘယ့်ကြောင့် သည်မျှလောက် ကွဲပြားနေကြပါသလဲ။


ဆရာ။ ။မဟာယာနသည် ဗောဓိသတ္တ၀ါဒကို စွဲကိုင်ထားပြီး ထေရ၀ါဒသည် အရဟန္တ၀ါဒကို စွဲကိုင် ထားကြောင်း။


အရှင်။ ။ဗောဓိသတ္တ၊ အရဟန္တ၀ါဒသည် ၂ ဂိုဏ်းကွဲရခြင်း၏ အဓိက ပြဿနာမဟုတ်ဟု မြင်ပါသည်။ ၄င်းအချက်ကို နှိုင်းယှဉ်လို့ရပြီး တူညီချက်အနေဖြင့် ရှုမြင်လို့ ရပါသည်။(ထိုအချိန်အချိန်စေ့သဖြင့် ဆွေးနွေးမှု ရပ်ဆိုင်းလိုက်ရသည်)။

၃၀-၉-၂၀၁၀