Friday, October 1, 2010

ဗုဒ္ဓဘာသာ လော့ဂျစ်ခ် သင်တန်း


အိန္ဒိယနိုင်ငံ မဟာရဋ္ဌစတိတ် ပူနေးမြို့ ပူနေးတက္ကသိုလ် ပါဠိဌာနမှ ကြီးမှူးကျင်းပသည့် သုံးကြိမ်မြောက် ပါဠိအထိမ်းအမှတ်နေ့အဖြစ် ပါဠိဌာန သင်တန်းခမ်းမဆောင်တွင် အထူးသင်တန်းတစ်ခုဖွင့်လှစ်ပြသခဲ့သည်။ ၄င်းသင်တန်းအမည်မှာ Language and Logic from Buddhist Perspective ဖြစ်သည်။ သင်တန်းဆရာမှာ သီရိလင်္ကာနိုင်ငံ ကိုလန်ဘိုသီရိလင်္ကာ တက္ကသိုလ်မှ ပါဠိဌာနမှူး ဒေါက်တာ အာသင်္ကတိလကရတေလ်ဖြစ် သည်။ ဆရာသည် အမေရိကန်နိုင်ငံ ဟာဝါရီကျွန်း တက္ကသိုလ်မှ ဗုဒ္ဓဇင် လော့ဂျခ် စာတမ်းဖြင့် ဒေါက်တာဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။


သင်တန်းကာလမှာ ၁၆-၉-၂၀၁၀ မှ ၃၀-၉-၂၀၁၀ နေ့အထိ ဖြစ်ပြီး တစ်ရက်ခြားသင်ပြသည့် Lecture series ဖြစ်သည်။ သင်တန်းချိန်မှာ နံက် ၉း၀၀ နာရီ မှ ၁၁း၀၀အထိဖြစ်သည်။

သင်တန်းသို့ ပါဠိဌာန ဌာနမှူး ဒေါက်တာ ဒေ၀ကာ ဦးဆောင်သည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်း သူများ၊ ပညာရှင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဆရာသည် သင်တန်းတွင်

1. Introduction: Language, Logic and Reality.

2. Limits of Language: silence and the claim of ineffability.

3. Buddhist attitude to Language.

4. Logic, reality and truth.

5. Logic in the discourses of the Buddha and in the Abhidhamma.

6. Problems from Buddhist Logic 1

7. Problems from Buddhist Logic 2


ခေါင်းစည်းများဖြင့် လော့ဂျစ်ခ် နည်းများကို ထေရ၀ါဒ မဟာယာနကျမ်းစာအဆိုအမိန့်များကို ပုံစံထုတ်ပြပြီး ဝေေ၀ဆာဆာ တင်ပြဆွေးနွေးသွားသည်။ သင်တန်းပြီးချိန်တိုင်းတွင် သင်တန်းသားများ၏ မေးခွန်းများကို ဖြေကြားသည့် အစီအစဉ်လည်း ပါရှိသည်။

သင်တန်းသို့ မြန်မာရဟန်းတော် အရှင်ကုသလသည် နေ့စဉ်တက်ရောက် လေ့လာပြီး အချို့မေးခွန်းများကို မေးမြန်းခဲ့သည်။ အရှင်ကုသလ မေးသည့် မေးခွန်းအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

အရှင်။ ။ဆရာ ဆရာသည် ပစ္စေကဗုဒ္ဓါ၊ မုနိ(ဗုဒ္ဓ) သဒ္ဒါ တို့ကို SILENt PERSON ဟု ဘာသာပြန် ပြောဆိုသွား ပါသည်။ ၄င်း ဘာသာပြန်ချက်များ မှန်မမှန် ဆရာ ဘယ်လိုပြောနိုင်ပါသလဲ။


ဆရာ။ ။အစဉ်အလာ အရ မုနိ ဆိုသည်မှာ တောထဲတွင် နေထိုင်ပြီး တိတ်တိတ်ဆိတ်ဆိတ်နေထိုင်သူများကို ဆိုသည်။ ဓမ္မပဒတွင်လည်း ယင်းကဲ့သို့ နှုတ်ဆိတ်သူကို ရည်ညွှန်းပြောဆိုထားသည်။ ထို့ကြောင့် ယင်းကဲ့သို့ ဘာသာပြန်ခြင်းဖြစ်သည်။

အရှင်။ ။အစဉ်အလာကို မပြောလိုပါ။ ဗုဒ္ဓပိဋကတ်နှင့် ဆိုင်သော ကျမ်းစာများတွင် မုနိသဒ္ဒါ တိတ်ဆိတ်ခြင်းကို မပြောပါ။ မုနာတိ ဇာနာတီတိ မုနိ ဟု တတ်သိနားလည်သူ ဟူသော အဓိပ္ပါယ်ကို ပြပါသည်။ ဓမ္မပဒတွင်လည်း ထိုအတိုင်းပင် ပြောထားပါသည်။ ပစ္စေကဗုဒ္ဓါဆိုသည်မှာလည်း သမ္မာသမ္ဗုဒ္ဓဘုရားရှင်မှ တစ်ပါးသော သီးခြား ဖြစ်သော ဘုရားရှင်ကိုသာ ဆိုပါသည်။ တိတ်ဆိတ်သူဟု တိုက်ရိုက်မဆိုပါ။

အရှင်။ ။ယဒနိစ္စံ တံ ဒုက္ခံ။ ယံ ဒုက္ခံ တဒနတ္တာ။ ဟု သံယုတ်တွင် လာသည်ကို အနိစ္စ မှ ဒုက္ခ၊ ဒုက္ခမှ အနတ္တ၊ တဖန် ဆရာက လော့ဂျစ်ခ် နည်းဖြင့် ယဒနိစ္စံ တဒနတ္တာ - အနိစ္စလည်း အနတ္တကို ဖြစ်နိုင်ပါသည်ဟု ပြောဆိုသွားပါသည်။ အင်္ဂုတ္တိုရ် ပါဠိတော် မေဃိယသုတ်တွင် ဘုရားရှင်က အရှင်မေဃိယ အားပြောသည့် စကားတစ်ခွန်းရှိပါသည်။ ၄င်းမှာ မေဃိယ အနိစ္စကိုမြင်ရင် ဒုက္ခ၊ အနတ္တတို့ကို ၊ ဒုက္ခကို မြင်ရင် အနိစ္စ၊ အနတ္တတို့ကို အလိုလိုမြင်သည်ဟူ၍ ဖြစ်ပါသည်။ ဒါကြောင့် အနိစ္စသည်လည်း အနတ္တကိုဖြစ်စေနိုင်သော အချက်မှာ ထင်ရှားပါသည်။

ဆရာ။ ။ကျေးဇူးတင်ပါသည်။ အကိုးအကားတစ်ခု ရ၍ ပိုမိုပြည့်စုံသွားစေပါသည်။ သို့သော် အချို့က ဒုက္ခကို မယုံကြပါ။

အရှင်။ ။လော့ဂျစ်ခ် ဘာသာရပ်သည် မိမိအတွက် ယခုသင်တန်းသည် ပထမဦးဆုံး အတွေ့အကြုံ တစ်ခုဖြစ်ပါသည်။ လော့ဂျစ်ခ်သည် အလွန်စိတ်ဝင်စားစရာ ကောင်းသော ဘာသာရပ်တစ်ခု ဖြစ်ပါသည်။ သို့သော် သိလိုသည်မှာ လော့ဂျစ်ခ် သည် ဘာအတွက်ဖြစ်ပါသနည်း။ ဘာသာရပ်တစ်ခုအတွက်လား။ သင်ကြားမှုတစ်ခုအတွက်လား။ ပြောဆိုနည်းနာအတွက်လား။ တွေးခေါ်မှုအတွက်လား။ ကျင့်ကြံမှုအတွက်လား၊ လွတ်မြောက်မှုအတွက်လား။ ဘာအတွက်ဖြစ်သည်ကို သိလိုပါသည်။

ဆရာ။ ။လော့ဂျစ်ခ်သည် ပညာရပ်တစ်ခုအတွက်ဖြစ်ပါသည်။

အရှင်။ ။ဆိုလိုသည်မှာ လော့ဂျစ်ခ်သည် ပရိယတ်-သင်ကြားမှုအတွက်လား၊ ပဋိပတ်-ကျင့်ကြံမှုအတွက်လား မည်သည့် အမျိုးအစားတွင် ပါဝင်သည်ကို သိလို၍ မေးခြင်းဖြစ်ပါသည်။

ဆရာ။ ။ပရိယတ် သင်ကြားမှု အမျိုးအစားတွင် ပါဝင်ပါမည်။


အရှင်။ ။အကျင့်မပါ အပြောသက်သက် သင်ကြားမှု သက်သက်အတွက် ဆိုလျှင် အားရစရာ မရှိသေးပါ။


(philosophy ဌာနမှ ဆရာကြီးက ၀င်ရောက် ဆွေးနွေးသဖြင့် ပွဲမှာ အရှိန်မြင့်မလို ဖြစ်နေရာ အချိန်စေ့ သွားသဖြင့် ရပ်ဆိုင်းလိုက်ရသည်။)


အရှင်။ ။ကာလာမသုတ်လာ ဧထ ကို ဧတ္ထဟု ပြောင်းသင့်သည်ဆိုသည်ကို မေးလိုပါသည်။ ၄င်း ဧတ္ထသည် မည်သည့်အဓိပ္ပါယ်ကို ဖော်ဆောင်ပါသနည်း။


ဆရာ။ ။သက်ဆိုင်ရာ အခြေအနေတစ်ရပ်ကို ဆိုပါသည်။


အရှင်။ ။မည်သည့် အခြေအနေကို ဆိုပါသနည်း။


ဆရာ။ ။ကာလာမ အမျိုးသားတို့ တွေ့ကြုံနေကြရသော အခြေအနေတစ်ရပ်ကို ဆိုပါသည်။


အရှင်။ ။ယင်းသို့ ပြောင်းလိုက်လျှင် ကာလာမာ တုမှေ တွင် တုမှေ ၏ ကြိယာသည် ဘယ်ဟာဖြစ်ပါသနည်း မေးလိုပါသည်။

ဆရာ။ ။-----။


အရှင်။ ။မေးလိုသော အဓိကမေးခွန်းတစ်ခု မေးပါရစေ။ ဗုဒ္ဓဘာသာတွင် ထေရ၀ါဒ၊ မဟာယာန ၂ ဂိုဏ်းကွဲနေသော်လည်း သူတို့သည် တစ်ခုတည်းသော ဘုရားကိုသာ ကိုးကွယ်ကြသည်။ နိဗ္ဗာန်၊ သစ္စာစသည့် တရားများကိုလည်း တူညီစွာ ယုံကြည်ကြပါသည်။ သို့ဖြစ်ပါလျက် အဘယ့်ကြောင့် သည်မျှလောက် ကွဲပြားနေကြပါသလဲ။


ဆရာ။ ။မဟာယာနသည် ဗောဓိသတ္တ၀ါဒကို စွဲကိုင်ထားပြီး ထေရ၀ါဒသည် အရဟန္တ၀ါဒကို စွဲကိုင် ထားကြောင်း။


အရှင်။ ။ဗောဓိသတ္တ၊ အရဟန္တ၀ါဒသည် ၂ ဂိုဏ်းကွဲရခြင်း၏ အဓိက ပြဿနာမဟုတ်ဟု မြင်ပါသည်။ ၄င်းအချက်ကို နှိုင်းယှဉ်လို့ရပြီး တူညီချက်အနေဖြင့် ရှုမြင်လို့ ရပါသည်။(ထိုအချိန်အချိန်စေ့သဖြင့် ဆွေးနွေးမှု ရပ်ဆိုင်းလိုက်ရသည်)။

၃၀-၉-၂၀၁၀

0 comments:

Post a Comment