Friday, October 15, 2010

သုံး၍ မကုန်သော ရတနာတုံး ရတနာခဲများ

အိန္ဒိယသို့ ပညာတော်သင်သွားမည့်အကြောင်း နီးစပ်ရာ ပုဂ္ဂိုလ်များကို ပြောပြရင်း နှုတ်ဆက် စကားဆိုရသည်။ ထိုအခါ ၀မ်းနည်းဝမ်းသာ စကားများကို ပြော၍ ပြန်လည် နှုတ်ဆက် စကားဆိုကြသည်။ အိန္ဒိယသို့ ပညာတော် သင်သွားခြင်းကို လူငယ်အများစုက သဘော တွေ့ကြပြီး လူကြီးများကမူ သံဝေဂသံဖြင့် သတိပေးစကားနှင့် အားပေးစကားများကို ပြောကြသည


သြ၀ါဒကထာ

ဆရာသမားများကို ခရီးသွားခါနီး၌ ကန်တော့ပန်းဆင်ရသည်မှာ မြန်မာတို့၏ မွန်မြတ် အထက်တန်းကျလှသော ယဉ်ကျေးမှု တစ်ရပ်ဖြစ်သည်။ ထိုသို့ ကန်တော့သဖြင့် ဆရာသမား များထံမှ ဘ၀အတွက် အရေးပါသော သြ၀ါဒကထာများကို နာယူခွင့်ရသည်။ ဤ၌ စာရေးသူ အား စာရေးသူ၏ ဆရာသမားများက ပေးလိုက်သော အဆုံးအမများကို စုစည်း၍ မျှဝေလိုက်ပါသည်။


ကောင်းကောင်းနေ

ပထမဦးစွာ ရွာဦးကျောင်း ငယ်ဆရာတော်ကို ကန်တော့တော့ အောက်ပါအတိုင်း သြ၀ါဒပေး တော်မူသည်။


'' ကောင်းကောင်းနေ ဒါပဲ ပြောချင်တယ်။ ''


ဆရာတော်သည် သွာက္ချာပါဒ လေငန်းဖြတ်ထား၍ ကောင်းကောင်း စကားမပြောနိုင်ပါ။ သို့သော် စကားကောင်းကိုမူ ကောင်းကောင်းပြောနိုင်သည်ကို တွေ့ရသည်။ ကောင်းကောင်း နေတဲ့။ မှန်လိုက်တဲ့စကား။ ပိဋကတ်သုံးပုံကို ချူပ်မိတဲ့စကား။ လောကကြီးထဲ၌ ကောင်း ကောင်းနေတတ်ဘို့ရာ အရေးကြီးသည်။ အများစုသော ပုဂ္ဂိုလ်များသည် ကောင်းကောင်း မနေတတ်ကြသဖြင့် ကြီးပွားသင့်သလောက် မကြီးပွားဘဲ ဖြစ်နေသည်။ အချို့ကောင်းကောင်း မနေကြသဖြင့် အတိဒုက္ခပင် ရောက်သွားကြသည်။ ကောင်းကောင်း နေဆိုသည်မှာ အပြော အဆို အနေအထိုင် အကြံအစည် အားလုံးကို အကောင်းဆုံးဖြစ်အောင် ကြံစည် ပြုလုပ် ပြောဆို နေထိုင်ပါဟု ဆိုလိုသည်။ စာရေးသူအတွက် တန်ဘိုးဖြတ်၍ မရသော ပတ္တမြား တစ်လုံးကို ရရှိလိုက်ခြင်းပင် ဖြစ်သည်။


လူပေါင်းမမှားစေနဲ့

ဝက်လက်မြို့သည် စာရေးသူတို့၏ မြို့ဖြစ်သည်။ စာရေးသူ၏ ရွာနှင့် ၀က်လက်မြို့သည် ၁ မိုင်ခွဲလောက်သာ ဝေးသည်။ ၀က်လက်မြို့ အုတ်တိုက်ကျောင်းသည် စာရေးသူ ငယ်စဉ်က ပညာသင်ကြားခဲ့ရာ ကျောင်း တိုက်ဖြစ်သည်။ တိုက်ကျောင်းဆရာတော်သည်လည်း စာရေးသူ၏ ငယ်ဆရာတစ်ဦးပင်ဖြစ်သည်။ ဆရာတော် သည် စာရေးသူ၏ အိန္ဒိယပညာတော်သင် ခရီးဖြစ်မြောက်အောင် ပညာသင်စရိတ် မတည်ပေး၍ အကောင် အထည်ဖေါ်ပေးတော်မူခဲ့သည်။ အခြားနီးစပ်ရာ ဒကာဒကာမများကိုလည်း နှိုးဆော်ပေးတော်မူခဲ့သည်။ ဆရာတော်အား ကန်တော့တော့ ဆရာတော်က သြ၀ါဒကထာပေးတော်မူသည်။


'' ပညာရေးကို ကြိုးစားသင်ယူ၊ လူပေါင်းမမှားအောင် သတိထား ''


အလွန့်အလွန် တန်ဘိုးကြီးသော ရတနာတစ်လုံးကို စာရေးသူ ရလိုက်ပြန်ပေပြီ။ လူပေါင်းမမှား စေနဲ့တဲ့။ ဟုတ်လိုက်လေ။ ဘ၀တွင် အပေါင်းအသင်းသည် အလွန်အရေးပါပါသည်။ မည် လောက်ကောင်းသည်ဆိုသော ပုဂ္ဂိုလ်ပင်ဖြစ်စေ အပေါင်းအသင်း မကောင်းပါက မကောင်း သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သွားနိုင်သည်။ အပေါင်းအသင်းသည် နီးရာကူးဆက် တတ်သော မီးနှင့်တူပါသည်။ မကောင်းသော အပေါင်းအသင်းကြောင့် ဆိုးသွမ်းသော အမူအကျင့်များကို အလွယ်တကူ ပြုလုပ်နိုင်ပြီး ဆိုးသွမ်းသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် အပေါင်းအသင်းသည် ဘ၀၌ အလွန်အရေးပါလှပေသည်။ ထို့ကြောင့် ဆရာတော် က အပေါင်းအသင်းကို သတိနှင့် ပေါင်းသင်းဘို့ အထူးသတိပေး တော်မူခြင်းဖြစ်သည်။





0 comments:

Post a Comment