Monday, January 30, 2012

နှစ်သစ်အကြို ခရီးသွားမှတ်တမ်း

စကားဦး။ 

မှတ်တမ်းတစ်ခုပြီး၍ မှတ်တမ်းတစ်ခုကို ဆက်ပါဦးမည်။ ထို့ကြောင့် စာရေးသူ၏ မှတ်တမ်းမပီသော ခရီးသွားမှတ်တမ်းစာတမ်းငယ်ကို သည်းခံ၍ တစ်ဖန် ဖတ်ကြရန်ဖြစ်ပါသည်။ 

လေးစားလျက် 
စာရေးသူ
 
 
  နှစ်သစ်အကြို ခရီးသွားမှတ်တမ်း
 
၂၁-၁၂-၁၁
စာရေးသူနဲ့ ကိုအိန်ဒါတို့ ၂ ဦး ညနေ (၄း ၁၅) နာရီ Darbhanga Express ရထားနဲ့ ပူနေးက ထွက်ခဲ့တယ်။ ရထားပေါ်မှာ တစ်ညအိပ်။ နောက်တစ်နေ့ ည ၁၀း၀၀ မှာ ဗာရာဏသီမြို့ ဘူတာကို ရောက်တယ်။ မဟာရဋ္ဌစတိတ်က ပူနေးနဲ့  ဥတ္တရပရာ့ဒေ့ရှ်စတိတ်က ဗာရာဏသီက ကီလိုမီတာ (၁၂၀၈) ဝေးတယ်။ ရထားက ဆင်းတယ်ဆိုရင် ဗာရာဏသီဆောင်းက ဆီးကြိုနှုတ်ဆက်တော့တာပဲ။ ဘူတာအနီး က ဆေးဝင်္ကဘာမြန်မာကျောင်းကို သွားဘို့ ပထမ စိတ်ကူးထားပေမယ့် မသွားတော့ဘဲ BHU တက္ကသိုလ်ကို သုံးဘီးနဲ့ ဆက်ခဲ့ကြတယ်။ BHUမှာ သီတဂူက ဒေါက်တာဘွဲ့လုပ်နေကြတဲ့ နောင်တော်ကြီး ဦးသေဋ္ဌိလ၊ မောင်ကုဏ္ဍလတို့ ရှိကြတယ်။ ဦးသေဋ္ဌိလ အခန်းမှာ ဦးအိန်ဒါ၊ တစ်ခြား အခန်းမှာ စာရေးသူက အိပ်တယ်။ ဗာရာဏသီမှာ ခပ်စောစောက အအေးလှိုင်းကျလို့ လူအချို့သေကျေတယ်လို့ သတင်းစာမှာ ဖတ်ရတယ်။ ဒါပေမယ့် အခု ၂ရက်၃ ရက်အတွင်း အအေးပေါ့သွားတယ်လို့ ပြောတယ်။ သိပ်မအေးတော့ဘူးဆိုပေမယ့် ပူနေးရာသီ ဥတုနဲ့ စာရင် အတော်လေး အေးနေတာကို တွေ့ရတယ်။ အခန်းတွေထဲမှာ heater တွေထားပြီး ဆောင်းအအေးဒါဏ်ကို အံတု နေကြရတယ်။

၂၃-၁၂-၁၁
နံနက် ဂ-နာရီလောက်ထ။ နာရီဝက်လောက် တရားထိုင်။ စာရေးသူနဲ့ တခန်းတည်းအိပ်စက်တဲ့ ရဟန်း တော်တစ်ပါးလည်း စောစောထ တရားထိုင်နေတာကို တွေ့ရတယ်။ ဘွဲ့တော်က  ဦးနာဂ၀ံသ တဲ့။ ဗာရာဏသီမြို့ ဓမ္မစကြာမြန်မာကျောင်းဆရာတော်ဖြစ်ကြောင်း နောက်မှ သိရတယ်။ အာရုံစာ ကော်ဖီ၊ မုန့်၊ လဘက်၊ ပဲခြမ်း၊ ရေနွေးကြမ်း။ နေ့လည်စာကိုတော့ ခရမ်းသီးနှပ်၊ ငါးပိ၊ အတို့အမြုပ်၊ ဟင်းလေး၊ မှန်ရောင်ဟင်းချို၊ ငါးပိကြော်တို့နှင့်ပေါ့။ နောင်တော်ကြီး ဦးသေဋ္ဌိလ လက်ရာများကို အားပါးတရ လွေးခွင့် ရလိုက်တယ်။ ဗာရာဏသီမှာ  မြန်မာကျောင်းသား ရဟန်းတော်များ ပညာသင်ကြားနေတဲ့ BHU တက္က သိုလ်နှင့် ဆန်စစ်ကရစ်တက္ကသိုလ် ဆိုတာရှိတယ်။ BHU မှာ (၆) ပါး၊ ဆန်စစ်ကရစ်တက္ကသိုလ်မှာ (၅၄) ပါး။  စုစုပေါင်း မြန်မာ ရဟန်းတော် (၇၀) ပါး ဗာရာဏသီမှာ ပညာသင်ကြားနေထိုင်ကြတယ်လို့ သိရတယ်။ 

စာထဲပေထဲက အတီတေ ဗာရာဏသီယံ ဆိုတဲ့အတိုင်း ဗာရာဏသီမြို့က တကယ့် ရှေးဟောင်းမြို့တော် ကြီးဖြစ်တယ်။ လူတွေ၊ ကားတွေ၊ တိုက်တွေ တာတွေ၊ တိရစ္ဆာန်တွေနဲ့  အမြဲလိုရှုပ်ယှက်ခတ်နေတဲ့ နေရာ တစ်ခုပဲ။ နာမည်ကျော် ဂင်္ဂါမြစ်နဲ့ မြတ်စွာဘုရား တရားဦး ဓမ္မစက်ဟောမြွက်ခဲ့ရာ မိဂဒါဝုန်တို့က ဗာရာဏကို ပိုမိုနာမည်ကျော်စေတယ်။ ဗာရာဏသီမြို့ကို အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသရဲ့  ဘာသာရေးမြို့လို့ တင်စား ခေါ်ဝေါ်ကြတယ်။ မြတ်စွာဘုရားလက်ထက်အခါက ကာသိတိုင်းရဲ့မြို့တော်ကြီး အဖြစ်တည်ရှိခဲ့ပြီး ပဉ္စ၀ဂ္ဂီ ငါးဦးတို့ သာသနာဘောင်ဝင်ရောက်လာပြီး သာသနာတော်မှာ သံဃရတနာ စတင်ထွန်းကားခဲ့ရာ နေရာ တစ်ခုဖြစ်တယ်။ နာမည်ကျော် ယသသတိုးသားနဲ့ သူငယ်ချင်းများ သာသနာ့ ဘောင်ဝင်ရောက်ပြီးနောက် အတိုင်းတိုင်း အပြည်ပြည်ကို သာသနာပျံ့နှံ့စေဘို့ ၆ ကျိပ်သော ရဟန်းတော်များကို သာသနာပြု စေလွှတ် တော်မူခဲ့ရာနေရာလည်းဖြစ်တယ်။ နေ့လည်စာစားပြီး စရဏတ် (မိဂဒါဝုန်)ကို ထွက်ခဲ့ကြတယ်။ တက္ကသိုလ်နဲ့ စရဏတ် (ဓမ္မစကြာတရားဦးဟောသည့် နေရာ)က တောင်နဲ့ မြောက်မို့ ၁ နာရီလောက် သုံးဘီးစီး သွားရတယ်။ မိဂဒါဝုန်ဥယျာဉ်ကိုရောက်တော့ အထဲကို လက်မှတ်ဖြတ်ဝင်ရတယ်။ ဥယျာဉ်ထဲကို ၀င်လိုက်တယ်ဆိုရင် စိတ်တွေလန်းဆန်းသွားတယ်။ ဒီနေရာ ဒီဒေသမှာ လွန်ခဲ့သော နှစ် ၂၅၀၀ ကျော်က  မဟာလူသား မြတ်ဗုဒ္ဓသည် သူ၏ အစွန်း ၂ပါးလွတ်သော အလယ်အလတ်လမ်းစဉ်ကို လောကသားများအတွက် ချပြတော်မူခဲ့တယ်။ သူ၏ တရားစက်ဘီးသည် ယနေ့ထက်တိုင် ရပ်တန့်ခြင်းမရှိ အရှိန်အဟုန် ကောင်းစွာဖြင့် လည်နေဆဲ ပတ်နေဆဲ။  သူ၏ ဓမ္မစည်တော်ကြီးသည် ယနေ့တိုင် မည်ဟည်းနေဆဲ။ ဤ နေရာတွင် မြတ်စွာသီတင်းသုံးတော်မူခဲ့သည့် ဂန္ဓကုဋိတိုက်တော်နေရာ၊ နန္ဒိယကျောင်း ဒကာရဲ့  အုတ် ကျောင်း နေရာ။ အသောကမင်းတရားကြီး တည်ထားတော်မူခဲ့သည့် (ဓမ္မစကြာတရား ဟောမြွက် တော်မူခဲ့သည့်နေရာ) ဓမ္မရာဇိစေတီ၊  (အနတ္တလက္ခဏသုတ်ဟောတော်မူခဲ့ သည့်နေရာ) ဓမ္မေခစေတီ တော် ၂ဆူနှင့်  ခြင်္သေ့ရုပ်ပါ ကျောက်စာတိုင်တို့ရှိတယ်။ ဥယျာဉ်ထဲမှာ ညနေခင်း နေ၀င်သွားတဲ့ အထိနေ လိုက်ကြတယ်။

ဥယျာဉ်ကပြန်ထွက် အနီးနားက ဂျိန်းဘုန်းကြီးကျောင်းကို မရောက်ဘူးတာနဲ့ ၀င်လေ့လာတယ်။ ဂျိန်းဒကာ တစ်ယောက်က ကြိုဆိုပြီး ဂျိန်းဘုန်းကြီးတွေရဲ့ တရားကျင့်ပုံတွေကို ပြောပြတယ်။ ဟိုဘက် ဓမ္မစကြာဘုရားကိုတော့ လူတွေ သိပ်လာပြီး မင်းတို့ကျောင်းကိုတော့ လူ သိပ်မလာကြပါ လားလို့ မေးကြည့်တော့။ ဟုတ်တယ် ဂေါတမဗုဒ္ဓကို လူတွေသိပ်ကြိုက်တယ်။ ငါတို့ဘုရားကိုတော့ အ၀တ်မပါလို့ သိပ်မကြိုက်ကြဘူး။ ဒါပေမယ့် တို့ဘုရားတွေကလည်း တကယ်အစစ်အမှန်တွေပါပဲလို့ သူက ပြောတယ်။ ဂျိန်းဘုန်းကြီးတွေ မတွေ့ရပါလားကွ လို့မေးတော့။ သူတို့က တစ်နေရာကို အတည်မနေကြရဘူး။ တစ်နေ့ ကို ၄-နာရီခရီး လမ်းလျှောက်သွားရတယ်လို့ ပြောတယ်။ ဂျိန်းဘုန်းကြီးများက အ၀တ်မပါဘူး။ အစားအစာကိုလည်း လက်ထဲထည့်ပေးမှ စားရတယ်။ သူတို့အဓိက ကျင့်စဉ်ကတော့ သတ္တ၀ါတွေကို မညှင်းဆဲခြင်း အဟိံသ၀ါဒဖြစ်တယ်။ ဒါကြောင့် သတ္တ၀ါတွေကို သေကျေပျက်ဆီးမှာ စိုးတဲ့အတွက်ကြောင့် လေနဲ့ရေကို စစ်ပြီးမှ ရှူတယ်၊ သုံးတယ်။ အ၀တ် မ၀တ်တာကတော့ သံယောဇဉ်နည်းပါးမှုကို ပြသခြင်းဖြစ်တယ်။ ဂျိန်းဘာသာမှာ ဒီဂမ္ဗရ(အ၀တ်မ၀တ်ဂိုဏ်း)၊ ဆွေတမ္ဗရ(အ၀တ်ဝတ်ဂိုဏ်း) ဆိုပြီး တော့ ၂ ဂိုဏ်းရှိ တယ်။ စာပေထဲက နိဂဏ္ဍနာဋပုတ္တဆိုတဲ့ ဒိဋ္ဌိဆရာကြီးက ဂျိန်းခေါင်းဆောင်တစ်ယောက်ပေါ့။  ဂျိန်းဒကာက ကိုယ်တုံးလုံး ဂျိန်းဘုန်းကြီး ဓာတ်ပုံတွေကိုပြလို့ အားလုံးကို ဓာတ်ပုံ ရိုက်ယူခဲ့တယ်။ အိန္ဒိယခေါင်းဆောင်တွေ ဂျိန်းဘုန်းကြီးတွေဆီသွားရောက် တွေ့ဆုံ အရိုသေပေးတဲ့ ဓာတ်ပုံတွေက များပါ တယ်။ ဂျိန်းဒကာကို ရူပီး (၁၀၀) ပေးခဲ့ပြီး ဂျိန်းကျောင်းကထွက်ခဲ့တယ်။

အနာဂါရိက ဓမ္မပါလပြတိုက်နှင့် ဓာတ်တော်တိုက်ဘက် ဆက်ခဲ့တယ်။ ဓာတ်တော်တိုက်ထဲမှာ အရှင်သာရိ ပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန်တို့ရဲ့ ဓာတ်တော် များကို ပူဇော်ထားတယ်လို့သိရတယ်။ ဓာတ်တော်တိုက်နားက ပဉ္စ၀ဂ္ဂီငါးဦး တရားဦးဓမ္မစက် နာကြားပုံရုပ် တုနှင့် ဘာသာအသီးအသီးနဲ့ရေးသားထားတဲ့ဓမ္မစကြာသုတ်တော် ကျောက်စာများကတော့ မြန်မာတို့ရဲ့
ကောင်းမှုပေါ့။ အနီးအနားမှာ ပဉ္စဝဂ္ဂီငါးဦး မြတ်စွာဘုရားကို ကြိုဆိုတဲ့နေရာ ချောက်ကဏ္ဍီစေတီနှင့် ပြတိုက် တစ်ခုရှိတယ်။ အချိန်မရတော့တာက တစ်ကြောင်း၊ ရောက်ဘူးပြီးဖြစ်တာကတစ်ကြောင်းမို့ မသွားတော့ဘဲ တက္ကသိုလ်ကို ပြန်လာခဲ့တယ်။

Wednesday, January 25, 2012

မြန်မာပြည်သို့ ပြန်ခဲ့သည် (ခရီးသွားမှတ်တမ်းငယ်) (၇)

ညပိုင်းတွင် သီတဂူဆရာတော်အား တပည့်များ ၀ိုင်းဝန်း၍ ၀တ်ဖြည့်(နှိပ်နယ်) ပေးကြသည်။ ၀တ်ပြုပြီးချိန်တွင် စာရေးသူသည် M.Phil လုပ်ရန်အတွက် နက်ဖြန် နံနက် အိန္ဒိယသို့ ပြန်မည်ဖြစ်ကြောင်း ဆရာတော်အား အသိပေး လျှောက်ထားရသည်။

၁၃-၁၀-၁၁။ ယနေ့ သီတင်းကျွတ် လပြည့်ကျော် ၃ ရက်နေ့။ နံက် အာရုံစားပြီး သီတဂူဆရာတော်အားနှုတ်ဆက် ကန်တော့ပန်းဆင်သည်။ လေဆိပ်သို့ နံက် ၈ နာရီအရောက် သွားရမည်ဖြစ်ကြောင်း လျှောက်ထားသည်။ ထို့နောက် အခန်းသို့ ပြန်၍ ပြင်ဆင်စရာများကို ပြင်ဆင်သည်။ စာရေးသူကိုင်နေသည့် လက်ပတော့ အဟောင်းကို ဦးဗာကုလအားပေးသည်။ ဒေါ်လာ ၃၀၀နှင့် ငွေတစ်သိန်းကျပ်ကိုလည်း ပေးလိုက်သည်။ သူ့အား သီရိလင်္ကာသို့ သွားရန်ကိုလည်း တိုက်တွန်းသည်။ ရွာလမ်းအတွက် ငွေတစ်သိန်းကျပ် လှူလိုက်သေးသည်။ မကြာမီ ဦးသုန္ဒရ အခန်းထဲသို့ ၀င်လာပြီး ဆရာတော်က ပေးခိုင်းလိုက်သည်ဟု ဆိုကာ ဒေါ်လာ ၅ ရာ ပေးသည်။ သီတဂူ ပြက္ခဒိန် ၃ခုကိုလည်း လက်ဆောင် ပါးလိုက်သည်။ လေဆိပ်သို့ တက္ကသိုလ်က ကားဖြင့် သွားရန် စီစဉ်ထားသည်ကိုလည်း ပြောသည်။ နံနက် ၇ နာရီခွဲလျှင် စာရေးသူတို့သည် ဦးအေးကို မောင်းသော သီတဂူကားဖြင့် လေဆိပ်သို့ ထွက်ခဲ့ကြသည်။ မောင်ဇော်သောင်းကားက နောက်ကလိုက်ပါလာခဲ့သည်။ လေဆိပ်သို့ ရောက်လျှင် သုံးယောက်သား လေဆိပ်ထဲသို့ ၀င်ကြသည်။ ဦးဗာကုလ က ဘုန်းကြီး ရဟန်းဖြစ်သဖြင့် ၀င်နိုင်သည်။ မောင်ဇော်သောင်းကား လက်မှတ်တောင်းပြီး ၀င်လိုက်လာသည်။ မောင်ဇော်သောင်းကား မလေးရှား၊ စင်ကာပူတွင် သွားလာ အလုပ်လုပ်ကိုင်ဘူးသူဖြစ်၍ လေဆိပ်အတွေ့ကြုံရှိသည်။ လေဆိပ်တွင် စာရေးသူ အတွက်  ပြုလုပ်စရာရှိသည်များကို ပြုလုပ် ဆောင်ရွက်ပေးသည်။ စာရေးသူ အချိန်တန်၍  အပေါ်ထပ်သို့ တက်သွားမှ နှစ်ဦးသား ပြန်သွားကြသည်။ ဦးဗာကုလသည် ယနေ့ ည ၇-နာရီကားဖြင့် မန္တလေးသို့ ပြန်မည်ဖြစ်သည်။ 

နံနက် ၁၀း၅၅ နာရီရှိလျှင် စာရေးသူ စီးနင်းလိုက်ပါသည့် လေယာဉ်သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာရာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နေ့ ၁၂း ၅၀ နာရီတွင်ရောက်သည်။ ထိုင်းလေဆိပ်ထဲတွင် စာရေးသူသည် ည ၉ နာရီအထိ နေရဦးမည်ဖြစ်သည်။ လေဆိပ်သို့ရောက်လျှင် ဘန်ကောက်၊ ဘုံဘေ လက်မှတ်ဖြတ်ရန်အတွက် လက်မှတ်ရောင်း ကောင်တာကို ရှာရသည်။ လက် မှတ်ဖြတ် ကောင်တာဘက်သို့ သွားစဉ် ဒေလီမှ ပီအိပ်ခ်ျဒီ ဘိုင်ဘာပြီး၍  ပြန်ကြွလာ သော ဒေါက်တာ ဦးကုမာရနှင့် တွေ့သည်။ နှစ်ဦးသား စကား စမြည်ပြော၍ လေဆိပ်ထဲ ဟိုဟိုဒီဒီ လျှောက်သွားကြသည်။ လေဆိပ်ထဲ အပေါ်ထပ် အောက်ထပ် ဓါတ်လှေခါး စီးပုံ၊ လေယာဉ် ကြေငြာဘုတ်တွင် မိမိလေယာဉ်အချိန်ဇယားကြည့်ပုံ။ လေယာဉ်ဂိတ်များကို အေ ဘီ စီ ပြ၍ နေရာခွဲထားပုံများကို စာရေးသူအား ပြောပြ ပေးသည်။ ဦးကုမာရသည် ယခုအခါ စစ်ကိုင်း သီတဂူတက္ကသိုလ်တွင် ပါမောက္ခချုပ် လက်ထောက်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ညနေ ၃ နာရီ လေယာဉ်ဖြင့် ဦးကုမာရ မြန်မာနိုင်ငံသို့ ထွက်ခွာသွားသည်။
စာရေးသူသည် ဘန်ကောက်အဲယားလိုင်း ကောင်တာတွင် ဘုံဘေ လက်မှတ်ကို ဖြတ်ပြီး လေဆိပ်ထဲတွင် ဟိုဟိုဒီဒီသွားလျက် အချိန်ကုန်စေသည်။ ည ၉း ၅၅ တွင် ဘန်ကောက်-ဘုံဘေ လေယာဉ် ထွက်ခွာသည်။

၁၄-၁၀-၁၁။ အိန္ဒိယနိုင်ငံ ဘုံဘေ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ည ၁၂း ၅၀ တွင်  လေယာဉ်ဆိုက်ရောက်သည်။ လေဆိပ်သို့ ဦးသြသဓနှင့် ဦးကောဝိဒ သိရီ တို့ လာရောက် စောင့် ကြိုနေကြသည်။ သူတို့သည် ဘုံဘေ စောမယ ကောလိပ် တွင် ပီအိပ်ခ်ျဒီ စာတမ်းပြုစုနေကြသော သီတဂူတက္ကသိုလ်ကျောင်းသား ရဟန်း တော်များဖြစ်ကြသည်။ ဘုံဘေ လေဆိပ်မှ စောမယကောလိပ်သို့ ကားငှားလာကြသည်။ ထိုညက စောမယကောလိပ်တွင် ညအိပ်တည်းခိုသည်။ စောမယကောလိပ်သည် ကာလိနတက္ကသိုလ်၏ လက်ခွဲကောလိပ်အဖြစ် ဘုံဘေမြို့တွင် တည်ရှိသည်။ ထိုကောလိပ်ရှိ ဗုဒ္ဓဘာသာဌာနနှင့် ဆန်စစ်ကရစ်ဌာနတို့တွင် မြန်မာရဟန်းတော် ၄၀-ကျော် ပီအိပ်ခ်ျဒီ လုပ်နေကြသည်။ ထိုကောလိပ်ရှိ ကျောင်းသားများအဆောင်တွင် မြန်မာရဟန်းတော်များအတွက် အဆောင်ကြေး ပေးစရာမလိုပဲ နေထိုင်ခွင့်ပြုသည်။ သို့ သော် အသားငါးကိုတော့ ချက်ပြုတ် စားသောက်ခွင့် မရှိပေ။
စာရေးသူသည် စောမယကျောင်းသား ရဟန်းတော်များအား ကော်ဖီ ၃ ထုပ်၊ ၀က်အူ ချောင်း ၂ ထုပ်၊ ဆွမ်းစရိတ်တနပ်စာ ရူပီးငွေ ၅၀၀ လှူဒါန်းသည်။ ညနေ ၃ နာရီတွင် ပူနေးသို့ ထွက်လာခဲ့ရာ ပူနေးတက္ကသိုလ်international ကျောင်းသားများ အဆောင် သို့ ည ၇ နာရီတွင် ဆိုက်ရောက်သည်။ ။

အားလုံးသတ္တ၀ါ ဘေးရန်ကွာ ချမ်းသာကြပါစေ
(၈-၁၂-၁၁ နေ့တွင် တည်းဖြတ်ပြီးစီးသည်)

Friday, January 20, 2012

မြန်မာပြည်သို့ ပြန်ခဲ့သည် (ခရီးသွားမှတ်တမ်းငယ်) (၇)


နန်းတွင်းဆေးတိုက်မိသားစုမှ ငွေငါးသိန်းကျပ်နှင့်အတူ ၀က်အူတောင်း ထုပ်များ၊ လဘက်၊ ပဲကြော်ထုပ်များ လှူဒါန်းသည်။ နန်းတွင်းဆေးတိုက် မိသားစုသည် ၀က်လက် လှတောရွာ ဇာတိ၊ မင်းတုန်းမင်း၊ သီပေါမင်း လက်ထက် နာမည်ကျော် စစ်သူကြီး ဗိုလ်ရွှေဗြင်၏ အဆက်အနွယ်များဖြစ်ကြသည်။ နန်းတွင်းဆေးတိုက်ပိုင်ရှင် ဒေါ်ထွေးသည် ဗိုလ်ရွှေဗြင်၏သား စစ်ကဲကြီး ဦးထွန်း၊ ဦးထွန်း၏ မြေး ဒေါ်ဖွားညွန့်၏ သမီးဖြစ်သည်။ ဒေါ်ထွေး၏ ခင်ပွန်း ဦးထိန်ဝင်းသည် ၀က်လက် ရေထွက်ရွာ ဇာတိဖြစ်သည်။ ကျောင်းဆရာဟောင်း စကားနည်း လူအေး တစ်ယောက်ဖြစ်သည်။အဝေးပြေးဂိတ်သို့ ဒေါ်ထွေးတို့ ဇနီးမောင်နှံနှစ်ဦး လိုက်ပို့ကြသည်။ ကားပေါ်သို့ ပစ္စည်းများတင်ပေးပြီးကာမှ နှုတ်ဆက်ကာ ပြန်လည် ထွက်ခွာသွားကြသည်။ ည ၈ -နာရီထိုးလျှင် စာရေးသူတို့ကားလည်း မန္တလေး အဝေးပြေးဂိတ်မှ စတင်ထွက်ခွာခဲ့သည်။
 
 
၁၁-၁၁-၁၁။ 
 နံနက် ၆ နာရီထိုးလျှင် စာရေးသူတို့ကားသည် ရန်ကုန် အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်သို့ ဆိုက်ရောက်သည်။ အဝေးပြေးဂိတ်တွင် လာရောက်ကြို မည့် ကိုဇော်သောင်းကို မတွေ့ရသဖြင့် ဖုန်းဖြင့် လှမ်းမေးရသည်။ ၇ နာရီလောက်တွင် ကိုဇော်သောင်း ရောက်လာပြီး မြောက်ဒဂုံရှိ သီတဂူစင်တာသို့  သွားကြသည်။ သီတဂူ စင်တာသို့ ရောက်သောအခါ စာရေးသူအား တွေ့ရန် စောင့်မျှော်နေသော မမေစီအောင်တို့ကို တွေ့ရသည်။ မမေစီအောင်သည် ပခုက္ကူဇာတိဖြစ်ပြီး ဥက္ကံမြို့ သကြားစက်ရုံတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ယခုအခါ စာရေးသူ အိန္ဒိယသို့ ပြန်မည်ကို သိသဖြင့် လက်ဆောင်ပစ္စည်း (ငါးရံခြောက်၊ ပုဇွန်ခြောက်၊ ကော်ဖီ ထုပ်များစွာဖြင့်) သူမ၏ သူငယ်ချင်းမိသားစုနှင့်အတူ ရန်ကုန်က စောင့်ကြို နေခြင်း ဖြစ်သည်။ စာရေးသူ ပခုက္ကူ ရောက်စဉ်ကလည်း မမေစီအောင်၏ မိဘဆွေမျိုးများက အလှူငွေ။ လက်ဆောင်ပစ္စည်းများ ပေးလိုက်ကြသေးသည်။  နံနက်ပိုင်းတွင် ပစ္စည်းများကို ထုပ်ပိုးပြင်ဆင်သည်။ ဒေါ်လာငွေ လဲလှယ်ရန်အတွက် ဒေါ်မွှေးချိုအား ခေါ်သည်။ တစ်ဒေါ်လာ ၈၂ ခွဲနှုန်းဖြင့် ဒေါ်လာ (၈) ထောင်ကျပ်ကို  မြန်မာငွေ ကျပ်သိန်း (၆၀)နှင့် လဲလှယ်သည်။ နေ့လည်စာ စားပြီး မြို့ထဲသို့ ထွက်ခဲ့ကြသည်။ ဦးဗာကုလ က မောင်ဇော်သောင်းကားဖြင့်၊ စာရေးသူက ဒေါ်မွှေးချိုကားဖြင့် လိုက်ပါ သွားကြသည်။ ဒေါ်မွှေးချိုက သူမ အိမ်ရှေ့တွင် ကားကို ခေတ္တရပ်နားပြီး အိမ်ထဲသို့ ၀င်၍ ဒေါ်လာယူသည်။ မိနစ်ဝက်ခန့်အကြာ လမ်းဘက် ပြန်ထွက်ခဲ့ပြီး မောင်ဇော် သောင်းတို့ ကားကို စောင့်သည်။ မောင်ဇော်သောင်းတို့ကား မကြာမီ ရောက်လာလျှင် ဆူးလေဘုရားဘက်သို့ ဆက်မောင်းကြသည်။ ဒေါ်မွှေးချိုက လမ်းကြုံသဖြင့် လမ်းဆုံနေရာအထိ စာရေးသူအား လိုက်ပို့ပေးသည်။ ထိုနေရာသို့ ရောက် လျှင် ဒေါ်မွှေးချိုနှင့် လမ်းခွဲပြီး မောင်ဇော်သောင်းကားသို့ ပြောင်းစီးသည်။ ထို့နောက် လေယာဉ်လက်မှတ် အရောင်းဌာနသို့ သွား၍ လေယာဉ်လက်မှတ်ဝယ်ကြသည်။ PG အဲယားလိုင်း ရန်ကုန်မှ ဘန်ကောက်၊ ဘန်ကောက်မှ ဘုံဘေ ဒေါ်လာ ၄၄၄ ပေးရ၏။ ဒီဖောင်ကို ၂၀၀၀ိ ပေးလုပ်ရ၏။ သန်ဘက်ခါ အောက်တိုဘာ ၁၃ -ရက်နေ့။ နံက် ၁၀း၅၅ မိနစ် ရန်ကုန်မှ စထွက်၊ ဘန်ကောက်သို့ ၁၂း၅၀ ရောက်မည်ဖြစ်၏။ ဘန်ကောက်မှ ည ၉း ၄၀ ထွက်၊ ဘုံဘေသို့ နောက်တစ်နေ့ နံနက် ၁၂း ၄၅ မိနစ်ရောက်မည်ဖြစ်၏။ လက်မှတ်အရောင်းစာရေးမက လေဆိပ်သို့ နံက် ၈ နာရီ အရောက်လာရန် ပြောသည်။ လေယာဉ်လက်မှတ်ဝယ်ပြီး နိုထရီ များပြုလုပ်သည့် ဘက်သို့ သွား၍ နိုထရီ လုပ်ငန်းများကို သွားရောက် မေးမြန်းကြသေး၏။ ထိုမှ အင်းစိန်ဘက် ကိုဇော်သောင်းအိမ်သို့ ထွက်ခဲ့ကြသည်။ 


ကိုဇော်သောင်းသည် စာရေးသူနှင့်တနယ်တည်းသား ဇာတိဖြစ်သည်။ ရန်ကုန်သူ မဘေဘီနှင့် အိမ်ထောင် ကျပြီးနောက် ရန်ကုန် အင်းစိန်မြို့တွင် အခြေချနေထိုင်သည်။ သား ၁၊ သမီး ၁ ထွန်းကားသည်။ အင်းစိန်ဈေးတွင် ရွှေပြည်ဟိန်းအမည်ဖြင့် ပရိက္ခရာဆိုင် ဖွင့်လှစ် ရောင်းချသည်။ သူ၏ အိမ်မှာ အင်းစိန် ရေလည်ဘုရားလမ်းတွင်ရှိသည်။ စာရေးသူနှင့်  ဆရာတူတပည့်ဖြစ်၍ စာရေးသူအား ညီအစ်ကိုရင်းကဲ့သို့ ခင်မင်လေးစားသည်။  စာရေးသူ ရန်ကုန်ရောက်လာလျှင် သူ၏ ကားလေးဖြင့် စာရေးသူ သွားလိုရာကို မငြီးမညူ လိုက်ပါပို့ဆောင်ပေးသည်။ ကိုဇော်သောင်း၏ စာရေးသူ အပေါ် အချိန်ပေး ကူညီရိုင်းပင်းမှုကို အတူလိုက်ပါလာသူ ဦးဗာကုလကပင် အံ့သြယူရသည်။ ကိုဇော်သောင်းတို့ဇနီးမောင်နှံသည် ဘာသာရေးကိုလည်း လိုက်စားသူ များဖြစ်ရာ ယခုနှစ် ဗုဒ္ဓဂယာ ဘုရားဖူးသွားဘို့ စီစဉ်ထားကြောင်း သိရသည်။ ကိုဇော်သောင်းတို့ရပ်ကွက်တွင် နက်ဖြန် သီတင်းကျွတ်လပြည့်နေ့ သံဃ ဒါန ဆွမ်းလောင်းလှူရန် အတွက် ပြင်ဆင်ချက်ပြုတ်ပြင်ဆင်နေကြသည်ကို တွေ့ရသည်။ ထိုအတွက် ငွေ ၁၀၀၀၀ ကျပ် ပါဝင်လှူဒါန်းခဲ့သည်။ ညနေ မိုးချုပ်ချုပ်တွင် ကိုဇော်သောင်းတို့ အိမ်မှ သီတဂူ သို့ ပြန်လာခဲ့သည်။ နက်ဖြန် သီတင်းကျွတ်လပြည့်နေ့ သီတဂူဆရာတော်ကြီး အမေရိကန်နိုင်ငံမှ ပြန်လည်ကြွချီတော်မူလာမည်ဖြစ်ကြောင်း သိရသည်။
 
 
၁၂-၁၀-၁၁။ နံက် ၁၀ နာရီ  သီတဂူဆရာတော် ပြည်ပခရီးစဉ်မှ ပြန်ကြွလာသည်။ ရွှေဥ ရွှေဆိုင်ပိုင်ရှင် ဒေါ်ရွှေဥ၏ မွေးနေ့အလှူ။ တက္ကသိုလ်ကျောင်းသား ရဟန်း တော်များအား နေ့ဆွမ်းဆက်ကပ်သည်။ စာရေးသူတို့သည် နေ့လည် ၂ နာရီ လောက်တွင် ကိုဇော်သောင်းကား ရောက်လာသည်နှင့် မြို့ထဲသို့ ထွက်ခဲ့သည်။ မေတ္တာဦး မျက်မှန်ဆိုင်တွင် မျက်မှန်လုပ်ရန်၊ အစ်မ၀မ်းကွဲတော်သူ ဒေါ်ထားကြည် အိမ်သို့သွားရန်နှင့် ရှော့ပင်သွားရန် ဖြစ်သည်။ ရှေးဦးစွာ မေတ္တာဦးသို့ သွားကြသည်။ မျက်မှန်ဆရာက စာရေးသူမျက်စိကို တိုင်းတာရာ အဝေး ၁၅၀။ အနီး ၂၅၀။ ကိုက် ကြောင်း ပြောသည်။  မျက်မှန်ကို နောက်ရက်မှ လာယူရန်ပြောသော်လည်း အချိန်မရှိကြောင်း ပြောပြသဖြင့် ညနေ ၆ နာရီ လာယူရန်ပြောသည်။ စာရေးသူသည် အိန္ဒိယမသွားမီးက အဝေး ၅၀။ အနီး ၁၅၀ ရှိရာ ယခု များစွာ ခုန်တက်သွားသဖြင့် မယုံနိုင်အောင် ဖြစ်မိသည်။ မျက်မှန်ဆိုင်မှ တာမွေဘက်သို့ ထွက်ခဲ့ကြသည်။ တာမွေ ဇဋိလလမ်းတွင် စာရေးသူ၏ အစ်မဖြစ်သူ ဒေါ်ထားကြည်တို့ မိသားစု နေထိုင်သည်။ ယနေ့ ညနေ ၄ နာရီ တွေ့ရန် ချိန်းထားသဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။ အိမ်တွင် ဒေါ်ထားကြည် ၀က်လက်သို့ သွားနေ၍ မတွေ့ရ။ ဒေါ်ထားကြည်၏သမီး သုံးယောက်ကိုသာ တွေ့ရသည်။ စာရေးသူနှင့် ဦးဗာကုလအား ငွေ တစ်သိန်းကျပ်စီ လှူဒါန်းသည်။ ဒေါ်ထားကြည်မိသားစုသည် တာမွေ မင်္ဂလာဈေး ထဲတွင် အထည်ဆိုင် ဖွင့်လှစ် ရောင်းချသဖြင့် များစွာ စီးပွားဖြစ်ကြသည်။  ထိုအိမ်မှ အိန္ဒိယတွင် ၀တ်ဆင်ရန် ဆွတ်ကျယ်အကျီ အချို့ကို ၀ယ်ရန် ရှော့ပင် သွားကြသည်။ အိန္ဒိယတွင် ဆွတ်ကျယ် အနီ၊ အုတ်ခဲရောင် တို့ကို အတွင်း ကခံ၍ သင်္ကန်းကို အပေါ်က ၀တ်လေ့ရှိကြသည်။ ဂမုန်းပွင့်၊ အင်းဝတို့ကို သွားသည်။ အနီရောင် ဆွတ်ကျယ် လက်တို၂ လက်ရှည် ၁ အင်းဝမှ ၀ယ်ခဲ့သည်။ ဦးဗာကုလအတွက် အင်္ဂလိပ်စာအုပ် အချို့ဝယ်ပေးသည်။  ရှော့ပင်မှ တစ်ဖန် မေတ္တာဦးသို့ မျက်မှန်ပြန်ယူကြသည်။ မျက်မှန်ပြုလုပ်ခ စုစုပေါင်း ၈၀၀၀ ကျသည်။ ထိုမှ အင်းစိန်ဘက် ကိုဇော်သောင်း ဆိုင်နှင့် အိမ်။ ဆိုင်ဈေးမှာ အင်းစိန် ထောင်အနီးတွင် ရှိရာ ယနေ့ သီတင်းကျွတ် လပြည့် အကျဉ်းသမားများကို လွတ်ငြိမ်းခွင့် ပေးသည့်ရက်ဖြစ်သဖြင့် နံက်ပိုင်းက  လမ်းများပိတ်ထားသည်ဟု သိရသည်။ ကိုဇော်သောင်းအိမ်မှ သီတဂူ။ သီတဂူ ရောက်တော့ ည ၇ နာရီကျော်ပြီဖြစ်။ သီတဂူဆရာတော် မြို့ထဲသို့ တရားဟောကြွ။ 


စာရေးသူသည် မြောက်ဒဂုံရှိ မမိုးခင်အိမ်သို့ ဒကာမကြီး ဒေါ်သောင်းခင်နှင့်တွေ့ရန် ဆိုက်ကားစီးသွားသည်။ ညနေပိုင်းတွင် လာခဲ့မည်ဟု ပြောထားရာ မြို့ထဲမှာ အချိန် ကုန်သွားသဖြင့် ယခုမှ သွားရောက်ခြင်းဖြစ်။ ဒကာမကြီး ဒေါ်သောင်းခင်သည် အလုံတွင် နေထိုင်သည်။ ယခု သမီးဖြစ်သူ၏ ခင်ပွန်း ဦးတင်အောင် ဆေးရုံတက် နေသဖြင့် သမီးဖြစ်သူအား စောက်ရှောက်ရန် မြောက်ဒဂုံရှိ သမီးဖြစ်သူ၏ နေအိမ်သို့ ခေတ္တ ရောက်နေခြင်းဖြစ်သည်။ ဒကာမကြီး ဒေါ်သောင်းခင်တွင် မမိုးခင်၊ မတိုးခင်၊ မစိုးခင်၊ မဖြိုးခင်ဟူ၍ သမီးလေးယောက် ရှိသည်။ တိုးခင်နှင့် ဖြိုးခင်သည် ဒူဘိုင်းတွင် အလုပ်လုပ်ကိုင်နေကြပြီး စိုးခင်သည် သီလရှင်(မ၀ူပသမာ) ဘ၀ဖြင့် စစ်ကိုင်း တောင်ရိုး သုဗောဓာရုံချောင်တွင် နေထိုင်သည်။ ဒေါ်သောင်းခင်ကို အိမ်တွင် အဆင် သင့် တွေ့ရသည်။ ပခုက္ကူမှ အလည်ရောက်နေသော ဒေါ်သောင်းခင်၏ ညီမ ဒေါ် သောင်းရှင်၊ အသက် ၉၀ အရွယ် ဒေါ်သောင်းခင်၏ အမေအိုတို့ကိုလည်း တွေ့ရ သည်။ ဒေါ်သောင်းခင်တို့ မိသားစုကို စစ်ကိုင်းတောင်တွင်နေသော (သမီးဖြစ်သူ) ဆရာလေး (မစိုးခင်) နှင့်စပ်၍ သိကျွမ်းခင်မင်ခဲ့သည်။ ရန်ကုန်ရောက် စာရေးသူ အတွက် ပင်တိုင် ဆွမ်းကွမ်း အလှူရှင်များဖြစ်ကြသည်။ ဒေါ်သောင်းခင်သည် စာရေးသူအား ဒေါ်လာ ငွေတစ်ရာနှင့် သမီးဖြစ်သူ ဆရာလေး၏ အလှူ ဒေါ်လာ ၇၉ ကျပ်ကိုလှူဒါန်းသည်။ လိုအပ်လျှင် ဒူဘိုင်းမှ သမီးများထံကိုလည်း အားမနာတမ်း တောင်းသုံးပါ ဟူ၍လည်း ဖိတ်ကြားလိုက်သေးသည်။ ( စကားချပ်။ ထိုအကြောင်းကို သိရလျှင် ဒူဘိုင်းမှ ညီမများ မျက်ခုံးလှုပ်နေပေလိမ့်မည်) ဒေါ်သောင်းခင်နှင့် တစ်နာ ရီခန့် စကားပြောပြီးလျှင် သီတဂူသို့ ပြန်ခဲ့သည်။ သမီးဖြစ်သူ မမိုးခင်ကိုမူ  ဆေးရုံ တွင် ခင်ပွန်းလင်အား စောက်ရှောက်နေရသဖြင့် မတွေ့ခဲ့ရပေ။

Sunday, January 15, 2012

ဘွဲ့နှင်းသဘင် နှင့် ဆု

ယနေ့ ၁၄-၁-၂၀၁၂ ခုနှစ်၊ စနေနေ့။ 

ပူနေးတက္ကသိုလ်ရဲ့ (၁၀၄) ကြိမ်မြောက် ဘွဲ့နှင်း သဘင် အခမ်းအနားကို ပူနေးတက္ကသိုလ် main building အနီးမှာ မဏ္ဍပ်ကန္နား သုံးလေးခုထိုးပြီး နံက် (၁၁) နာရီအချိန်က စတင်လို့ ဆင်ယင်ကျင်းပခဲ့တယ်။ ဒီတက္ကသိုလ်မှာ တစ်နှစ်တစ်ခါ ကျင်းပတဲ့ ကျောင်းသားဘွဲ့နှင်းသဘင်တွေကို လဟာပြင်မှာ တဲ(မဏ္ဍပ်) ထိုးကျင်းပ လေ့ရှိတာကို တွေ့ရတယ်။ ဒီက တက္ကသိုလ်တွေမှာ မြန်မာနိုင်ငံက တက္ကသိုလ်များလို ခမ်းနား ထည်ဝါတဲ့ ဘွဲ့နှင်းသဘင် ခမ်းမဆောင်ဆိုတာမျိုးကို မတွေ့မိဘူး။ ဘာလို့ ဘွဲ့နှင်းသဘင် မဆောက်ကြတာလဲ။ မလိုအပ် လို့ဖြစ်ပါလိမ့်မယ်။ ကျောင်းသားအင်မတန်များတာကြောင့် ဘယ်လောက်ကြီးကြီး သေးနေမှာမို့ မဆောက်တာပဲဖြစ်မယ်လို့ တွေးမိတယ်။ ဒီထက်ကြီးတဲ့ အခမ်းအနားမျိုးတွေ ဆိုရင်တော့ အားကစားကွင်းလို နေရာမျိုးတွေရှိတယ်လေ။ ဒီမှာက တက္ကသိုလ်ရဲ့ တကယ့်ကြီးကြီးကျယ်ကျယ် အဆောက်အအုံတွေဆိုတာ စာကြည့်တိုက်တွေ၊ ပြတိုက်တွေပဲ ဖြစ်တယ်။ စာကြည့်တိုက်ဆိုတာ ကျောင်းသားများအတွက် မရှိ မဖြစ်လို အပ်တဲ့ အရာဖြစ်တယ်။ စာကြည့်တိုက်က တက္ကသိုလ်ကျောင်းသားများရဲ့ ပညာသိုက်ဖြစ်သလို နားနေ ဆောင် တစ်ခုလည်းဟုတ်တယ်။ စာကြည့်တိုက်မှာ ကျောင်းသားများအတွက် (၂၄) နာရီ စာကြည့် စာဖတ်နိုင်အောင် စီစဉ်ပေးထားတဲ့ စာကြည့်ဆောင်တွေရှိတယ်။ အဲဒီစာကြည့်ဆောင်မှာ စာကြည့် ချင်ကြည့်၊ တရေးတမော ခေါင်းငိုက်စိုက်ချပြီး အိပ်ချင်အိပ်ပေါ့။ အဆောင်ဆိုတာ ရေချိုးချိန်နဲ့ ညအိပ်စက် ချိန်လောက်သာ ပြန်ကြတာကလား။ စကားစပ်လို့ ပြောရဦးမယ်။ အိန္ဒိယကျောင်းသားတွေမှာ စာအုပ်ကိုင် တာ(၀ယ်တာ) မတွေ့ရဘူး။ ဘာသာရပ်အားလုံးကို စာကြည့်တိုက်က၊ အင်တာနက်ကရှာကြ ဖွေကြ၊ ကူးကြ၊ ရေးကြတာပဲ။ ဒါကြောင့် ကျောင်းသားများဟာ စာကြည့်တိုက်မှာပဲ အချိန်ကုန်တာကို တွေ့ရတယ်။ တက္ကသိုလ်မှာ အဓိကပင်မ စာကြည့်တိုက်ကြီးရှိသလို ဌာနတိုင်းမှာလည်း စာကြည့်တိုက်တွေ ကိုယ်စီရှိကြ တယ်။ ဒီက ပညာရေးစနစ်က စာကြည့်တိုက် အသုံးချ ပညာရေးစနစ်လို့ပြောလို့ရတာပေါ့။ ဘွဲ့နှင်း သဘင် အကြောင်း ဆက်ကြဦးစို့။ ဘွဲ့နှင်းသဘင်ဆိုလို့ ကျောင်းသူ ကျောင်းသား၊ ဆရာ ဆရာမတွေက မိတ်ကပ် တွေ ကာချယ်တွေနဲ့   ဘွဲ့ဝတ်စုံတွေ ဘာတွေနဲ့  မီးစလိုက်တွေ ကင်မရာတွေနဲ့  စတိတ်စင်ပေါ် တက်ပြီး ဆရာ ပါမောက္ခများ ကိုယ်တိုင်ပေးအပ် ချီးမြှင့်တဲ့ ဘွဲ့လက်မှတ်ကို ဟန်ပါပါ ယူရလိမ့်မယ်လို့တော့ မထင်လိုက်နဲ့နော်။ အွန်လိုင်းက ရောက်လာတဲ့ ဖိတ်စာ၊ ဖြတ်ပိုင်းလေးကို ယူပြီး ဆိုင်ရာ ဘာသာရပ် အလိုက် နံပတ်စဉ်ပြထားတဲ့ ၀ါးလုံးတန်းများကြားမှာ တန်းစီ၊  လက်မှတ်ပေးအဖွဲ့ကို နံပတ်ပြလိုက်တာနဲ့ ဘွဲ့လက် မှတ်ရတော့တာပါဘဲ။ ဘွဲ့လက်မှတ်ရတာနဲ့ အောင်မြင်သူအဖြစ် လက်မှတ်ကို မြှောက်ကိုင်ပြီး လူအုပ်ကြား က ပြန်လည်တိုးထွက်လာခဲ့ရုံပါပဲ။ ပြီးတော့ သူငယ်ချင်းများနဲ့ ဓာတ်ပုံရိုက်ချင်ရိုက်ပေါ့။ ဒီလောက်များတဲ့ လူတွေကို တစ်ယောက်ချင်း အခန်းအနားနဲ့ ခေါ်ပေးနေရရင်လည်း တစ်ပတ်၊ ၂ ပတ်လောက် အချိန်ပေး ရလိမ့်မယ်လို့ သူငယ်ချင်းကထင်ကြေးပေးတယ်။ ဒီရောက်ကာမှ ကိုယ့်နိုင်ငံရဲ့ အဆင့်မြင့်မား ခမ်းနား ထည်ဝါမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာမိတော့တယ်။ အမိမြန်မာပြည်မှာဆို ဒီလို ပွဲသဘင်တွေကို မိသားစုစုံလင်စွာနဲ့ မင်းသား မင်းသမီးများလို အလှပဆုံး ခြယ်သ၀တ်ဆင်မှုတွေနဲ့ အဆောင် အယောင် အပြင်အဆင် ခမ်းနားထည်ဝါစွာနဲ့ ဘ၀တစ်သက်မှာ မေ့မရလောက်အောင်  တလေးတစား အားပါးတရ အရေးတယူ ဂုဏ်ယူ လုပ်ဆောင်လေ့ရှိကြတယ်။  ဒီမှာတော့ ဒီနေ့လို အခမ်းအနားမှာတောင် နေ့စဉ် ကျောင်းတက်လာတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုထက်  မပိုတဲ့ အသွင်အပြင်များနဲ့ ပေါ့။ နေရာလည်းမပေးနိုင်သလို တလေးတစား ဂုဏ်ပြုမှတ်တမ်းတင်ခြင်းမျိုးတွေကိုလည်း ပြုလုပ် မပေးနိုင်ပါဘူး။ ပိုတာတွေ လိုတာတွေ အသာထားလို့ ရွှေမြန်မာတို့ရဲ့ ကြီးကျယ်ခမ်းနားမှုကတော့ ကမ္ဘာတစ်လွှားမှာ ပြိုင်စံရှားတယ်လို့ပဲ ပြောပါရစေတော့။  ဒီမှာ ဘွဲ့လက်မှတ်ကို ယူတဲ့ နေရာမှာ ကိုယ်တိုင် တက်ရောက် ယူခြင်း၊ အဝေးရောက်ယူခြင်းဆိုပြီး ၂ မျိုးခွဲထားတယ်။ ၂ မျိုးစလုံးက အမည်သာကွဲပြီး ဘာမျှထူးခြားခြင်း မရှိပါဘူး။ အခမ်းအနားကျင်းပတဲ့နေ့မှာ ယူခြင်းနဲ့ အခမ်းအနားပြီး နောက်နေ့များမှာ ထုတ်ယူခြင်းပါပဲ။ အခြားသူငယ်ချင်းတွေက နောက်ရက်မှထုတ်ယူဘို့ စီစဉ်ထားပေမယ့် စာရေးသူကတော့ အတွေ့အကြုံရှိ အောင်ဆိုပြီး ဒီနေ့မှာပဲ သွားရောက် ထုတ်ယူလိုက်တယ်။ ရောင်စုံကာလာ(ကုလား) တွေကြားမှာ သင်္ကန်းဝတ်တစ်ပါး တိုးဝှေ့လက်မှတ်ထုတ်နေတာဆိုတော့ အထူးအဆန်းဖြစ်နေတာပေါ့။ လက်မှတ်ရပြီး တော့ အခြားလက်မှတ်ပေး ဌာနများဘက်ကိုလည်း လျှောက်ကြည့်လိုက်သေးတယ်။ အခမ်း အနားကျင်း ပရာ တက္ကသိုလ်လမ်းတစ်လျှောက်မှာ သွားကြလာကြ၊ တိုးကြဝှေ့ကြ၊ အော်ကျ ဟစ်ကြ၊  ဆူညံ ပွက်လော ရိုက်နေတာပါပဲ။ Main Building ရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်တယ်။ (ကိုယ်ကပဲ ချောလို့ လားမ သိဘူး) ဓာတ်ပုံ အတူတွဲရိုက်လိုတဲ့ သူတွေကလည်း မနဲဘူး။ ဒီဘွဲ့အတွက် အိန္ဒိယကို လာပြီး ၂ နှစ်တာ ကြိုးစားခဲ့ရတာ လူလည်း အတော်လေး နွမ်းသွားတယ်။ ဘာဖြစ်လို့လဲမသိဘူး ဒီဘွဲ့ရတာ ငယ်စဉ် ကာလ မူလတန်းစာမေးပွဲ အောင်တုန်းကလောက် အရသာရှိရှိ မပျော်ပိုက်မိတာအမှန်။ အင်း.. အသက်က စကား ပြောပြီးထင်ပါရဲ့…။ 

` ဒီမှာ မနက်က ဦးကောဝိဒ ဒကာကြီး မိသားစု လှူသွားတဲ့ ၀တ္ထုငွေ (၁၀၀၀)’

ဦးဇ၀န အခန်းထဲဝင်လာပြီး ရူပီးငွေ (၁၀၀၀) လာပေးတယ်။ အင်တာနက်ကြေး (၂၅၀) နှုတ်လိုက်တော့ (၇၅၀) ပဲရတော့တယ်။ ဟုတ်တယ် နံက်က ဘုံဘေတက္ကသိုလ်မှာ ဒေါက်တာဘွဲ့လုပ်နေတဲ့ သီတဂူစတား လို့ နာမည်ကျော်တဲ့ ဦးကောဝိဒသီရိနှင့် သူရဲ့ ဒကာကြီးများမိသားစု ပူနေးကို sightseeing ထွက်လာရင်း ကျောင်းသားဆောင်ကိုလာပြီး မြန်မာရဟန်းတော် (၁၀) ပါးအတွက် ရူးပီးငွေ တစ်သောင်းကျပ် လှူဒါန်း သွားတယ်။ အဆောင်ကို ရောက်ရောက်ချင်း ဒကာမကြီးက  သူသိဘူးတဲ့ ဦးဇင်းတစ်ပါးအထင်နဲ့ ‘ ဦးဇင်းက စကားဝဲတယ်နော်’ လို့မေးလာတယ်။ ‘ မ၀ဲပါဘူး၊ ကျုပ်က ရွှေဘိုသားပဲ အုတ်စာ’  လို့ချက်ချင်းပဲ ပြန်ဖြေ လိုက်တယ်။ အားတော့နာပါရဲ့ မြန်မာသွေးစစ်ပုံကို အထင်းသားသိစေချင်တဲ့သဘောနဲ့ ဇာတိကို ထည့်ပြော လိုက်ရတာပါ။ အလှူရှင် ဒကာကြီးမိသားစုက ရန်ကုန်ကဖြစ်ပြီး လေကြောင်း အင်ဂျင်နီယာတာဝန်နဲ့ အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှာနေကြတယ်လို့သိရတယ်။ မြန်မာပီပီ ရတနာသုံးပါးနဲ့ကင်းပြီး မနေတတ်ကြောင့် ဘုန်းကြီး သံဃာတွေရှိတဲ့ နေရာတွေကို အရောက်သွားပြီး လိုအပ်ရာရာတွေကို အထောက်အပံ့ပြုပေးနေတဲ့ တကယ့် စေတနာရှင် မိသားစုဖြစ်တယ်ဆိုတာကို စတားရဲ့ website ကို ကြည့်ရင်သိလိမ့်မယ်။ နတ်တမာန် စေညွှန်းလိုက်လေရော့သလားမသိ။ ဘွဲ့နှင်းသဘင် ကျင်းပတဲ့နေ့မှာ ဒီအလှူရှင်မိသားစု ပူနေးကိုအရောက် လာပြီး ဘွဲ့ယူမြန်မာရဟန်းတော်များအား ဆုတော်ငွေလှူဒါန်းသလိုဖြစ်နေတယ်။ ဘာပဲဖြစ်နေနေ စာရေး သူကတော့ ဒီနေ့ ရလာတဲ့ငွေ (၁၀၀၀) ကို စာမေးပွဲအောင်လို့ ရတဲ့ ဆုအဖြစ် မှတ်ယူလိုက်ပါတယ်။ အလှူရှင်မိသားစု ဘေးဘယာ ဝေးကွာပါစေ ။

Thursday, January 12, 2012

မြန်မာပြည်သို့ ပြန်ခဲ့သည် (ခရီးသွားမှတ်တမ်းငယ်) (၆)

ဦးချိုလေးတို့ ဇနီးမောင်နှံ နှစ်ဦးသည် စာရေးသူအား ပထမဂန္ဓာရုံကျောင်းသို့ ကားဖြင့် လိုက်ပို့ပေးပြီး မန္တလေးသို့ ပြန်သွားကြသည်။ စာရေးသူသည် ပထမဂန္ဓာရုံ ဆရာတော်အား ကန်တော့ နှုတ်ဆက်စကား ပြောဆိုသည်။ ထို့နောက် ကျောင်း တိုက်များကို လှည့်လည်ကြည့်ရှုပြီး အရှင်ဥဇ္ဖောတ၊ အရှင်စက္ကိန္ဒတို့နှင့်တွေ့ရန် အပေါ်ထပ်သို့ တက်ခဲ့သည်။ စာရေးသူသည် ငယ်စဉ်ဘ၀က စာပေသင်ကြား ပျော်မွေ့ခဲ့ရာနေရာများကို ကြည့်၍ ငယ်စဉ်ဘ၀ပုံရိပ်များကို ပြန်လည် လွမ်းဆွတ် တသ နေမိသည်။ မှန်ပါသည်။ ဤကျောင်းတိုက်ကြီးသည် စာရေးသူ ငယ်စဉ်ကာလ အကလေးဘ၀ (၁၀ နှစ်သားအရွယ် ကျောင်းသားဘ၀) ကတည်းက စတင် အခြေချခဲ့ရာ၊ ရှင်သာမဏေပြုခဲ့ရာ၊ မြင့်မြတ်သော ရဟန်းဘ၀ကို ရောက်ခဲ့ရာ ကျောင်းတိုက်ကြီးဖြစ်သည်။  ထိုစဉ်က စာရေးသူ၏ ဖခင်ကြီးသည် စာရေးသူအား စာရေးသူ၏ ဦးရီးတော်စပ်သူ၊ ဤကျောင်းတိုက်ကြီး၏ အဓိပတိ၊ ရွှေကျင်ဂိုဏ်း တွဲဘက်သာသနာပိုင် ဆရာတော်ကြီးထံ အပ်နှံခဲ့လေသည်။ စာရေးသူသည် ဤကျောင်းတိုက်ကြီးတွင် အသက် ၁၀ နှစ်သားအရွယ်မှ ရဟန်း လေးဝါအထိ နေထိုင် ပညာသင်ကြားပြီးနောက် ကျမ်းကြီးဖောက် စာသင်ရန်အတွက် ပခုက္ကူမြို့သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ စာရေးသူ ရဟန်း ၁၅ ၀ါအရတွင် ဦးရီးတော်တစ် ဘ၀လွန်တော်မူပြီးနောက် တပည့်ကြီးဖြစ်သူ ယခုလက်ရှိ (ဒွိပိဋက) ဆရာတော်က ကျောင်းတိုက်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ယခုလက်ရှိ ဆရာတော် လက်ထက်တွင် ကျောင်းတိုက်ကြီး တစ်ခုလုံးသည် အစစ အရာရာ ပြောင်းလဲသွားခဲ့သည်။ အဟောင်းအဟောင်းတို့ နေရာတွင် အသစ်အသစ်တို့ဖြင့် အစားထိုး တည်ဆောက်ထားသည်ကို တွေ့ရသည်။ ကျောင်းတွင် စာရေးသူတို့လက်ထက်က အတူနေ သူငယ်ချင်း အသိမိတ်ဆွေဟူ၍ အရှင်တို့ ၂ ပါးသာ ရှိတော့သည်။ ကျန် စာသင်သားများကို စာရေးသူက မသိသလို သူတို့ကလည်း စာရေးသူအား သိနိုင်မည်မဟုတ်ပါ။ အရှင်ဥဇ္ဖောတသည် စာရေးသူနှင့် တစ်နယ်တည်းသား ဖြစ်သည်။  အစိုးရ စာချတန်းအောင်။ ၀ိနည်းလေးစောင်ပြန်၊ စာချဆရာ တစ်ပါးဖြစ် သည်။ ၀ိနည်းကို လေးစား တန်ဘိုးထားသူဖြစ်သည်။ ဆရာ့ လက်ငုတ်ဖြစ်သော (အထက်) ယမိုက် ပို့ချစဉ် စာအုပ်ကို စာအုပ်အဖြစ်ရောက် အောင် စွမ်းဆောင်ခဲ့သည်။ အောက် ယမိုက်နှင့် ပဋ္ဌာန်းပို့ချစဉ်တို့ကိုလည်း ရေးသားရန် စီစဉ်နေကြောင်း ပြောသည်။ စာရေးသူ တစ်ချိန်က စာအုပ်ဖြစ်ရန် ရည်ရွယ်ခဲ့ဘူးသော လုပ်ငန်းတစ် ရပ်ကို နောင်တော် တစ်ပါးက ယခုလို အောင်မြင်စွာ လုပ်နိုင်ခဲ့သဖြင့် ၀မ်းသာ ချီးကျူးမိသည်။ အရှင်စက္ကိန္ဒသည် စာရေးသူထက် တစ်ဝါကြီးသည်။ ၀ိနည်းတရား လွန်စွာ လေးစားသည်။ ငယ်စဉ်မှစ၍ နိဿဂ္ဂိ မထိုက်အောင်နေခဲ့သည်။ လုံ့လ၀ီရိယထက်သန်သည်။ ငယ်စဉ်က နားကို ဂွမ်းစို့ပိတ်၍ လိုက်ဂူတွင်း တစ်ပါးတည်းနေကာ တနေကုန်စာပေ ကျက်မှတ်လေ့ရှိသည်။ ပရိယတ်ထက် ပဋိပတ်ကို ပိုမိုစိတ်ဝင်စားသည်။ ဆရာ တော်ကြီးရှိစဉ်က (ဦးဌေးလှိုင်ရေး ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ စာအုပ်ဖတ်၍ စွန်းလွန်း ဆရာတော်ကို အားကျကာ) တောထွက်၍ ရဟန်းတရား အားထုတ်လိုပါသည်ဟု လျှောက်ထား၍ မြင်းခြံနယ်သို့ ခြေလျင်ကြွ၍ တရားအားထုတ်ဘူးသည်။ (စကားချပ်။ ထိုအချိန်က စာရေးသူအား လိုက်ပါခဲ့ရန်ခေါ်သော်လည်း စာရေးသူက စာသင် ချင်သေးသည်ဟု အကြောင်းပြကာ မလိုက်ပါဖြစ်ခဲ့)  အရှင်သည် အထက် ထီးချိုင့်နယ်မှဖြစ်သည်။ ထိုညက အရှင်တို့ ၂ ပါးနှင့်  စကားစမြည် များစွာပြောဖြစ်သည်။  ပထမဂန္ဓာရုံကျောင်းက အပြန် ဇေယျာဝံသ ကျောင်းသို့လာခဲ့သည်။ ဇေယျာဝံသ ကျောင်းကား စာရေးသူ၏ နောင်တော် သီတင်းသုံးရာ ကျောင်းတိုက်ဖြစ်သည်။ နောင်တော်သည် ပထမဂန္ဓာရုံ ကျောင်းတိုက်ထွက်ဖြစ်သည်။ ဆရာတော်ကြီး လွန်တော်မူမှ ကျောင်းထိုင်ခဲ့ခြင်းဖြစ်သည်။ ဆရာတော်အား ကန်တော့တော့ ‘’ နေပြည်တော် နန်းဦးအောင် ကျောင်းတိုက်ကို ပညာသင်က အပြန် နေထိုင် သာသနာပြုနိုင်ရန်  စီစဉ်ထားကြောင်းနှင့် ပြည်ပတွင် ရဟန်း သညာမပျောက် နေထိုင်ရန်’’  မိန့်သည်။

(၉-၁၁-၁၁) နောက်တစ်နေ့ နံက်တွင် အောင်မြေဦး ဘကကျောင်း ဘုန်းကြီးနှင့် အတူ အမေရိကန်ချောင်သို့ အာရုံဘုဉ်းပေးသွားကြသည်။ ထိုချောင်မှ ဆရာလေးက အစိုးရ စာချတန်း အောင်မြင်သဖြင့် ကုသိုလ်လုပ်ခြင်းဖြစ်သည်။ ချောင်အမည်မှာ အခြား အမည်ဖြစ်သော်လည်း ချောင်ပိုင် ဆရာကြီးသည် အမေရိကန်တွင် နေထိုင် သာသနာပြုသဖြင့် အမေရိကန်ချောင် ဟု ခေါ်ကြခြင်းဖြစ်သည်။ အာရုံဘုဉ်းပြီး နောက် ဆရာလေးတို့ ညီအစ်မ ၂ ယောက်နှင့် စကား စမြည်ပြောကြသည်။ နေ့လည်ပိုင်းတွင်  မြို့ထဲသို့ သွား၍ ရန်ကုန်သွား မြတ်မန္တလာထွန်း ကား လက်မှတ်ဖြတ်သည်။ ၁၁-ရက်နေ့ ညနေ ၈-နာရီကား။ မန္တလေး ကျွဲဆည်ကန် အဝေးပြေးကားဂိတ်မှ စီးမည်ဖြစ်သည်။ ကားလက်မှတ် ၂ စောင် ၂၂၀၀၀။ ခုံနံပတ် -၄၃။၄၄။ ဦးဗာကုလကို ရန်ကုန် လိုက်ခဲ့ရန်ခေါ်ထားသည်။  ညနေပိုင်းတွင် ဦးဗာကုလ သီတဂူသို့ ရောက်လာခဲ့သည်။
ညနေပိုင်းမှာပင် မင်္ဂလာသိရိန် ဆရာတော်၊ ဇေယျာသိရိန် ဆရာတော်တို့အား ကန်တော့ရန်အတွက် ဦးဗာကုလနှင့်အတူ ထွက်ခဲ့သည်။ ပထမဦးစွာ မင်္ဂလာသိရိန် ဆရာတော်ကြီးအား ကန်တော့ကြသည်။ ဆရာတော်သည် လေဖြတ်ထားသဖြင့် စကားပီသစွာ မပြောနိုင်၊ လက်တွန်း ကုလားထိုင်ဖြင့် သွားလာရသည်။ ထိုအခြေ အနေကို စာရေးသူက သိမထားပါ။  စာရေးသူ အနီးကပ် ကန်တော့သောအခါ စာရေးသူ မျက်နှာကို လက်ဖြင့်ကိုင်ကြည့်၍ ဦးကုသလ လား၊ ၀လို့ပါလား ဟု မိန့်သည်။ ဘယ်မှ မသွားနဲ့ ဒီမှာနေ ဟုလည်း ပီသစွာ မိန့်သည်။ စာရေးသူက လာရင်းကိစ္စသိစေရန် ဆရာတော်အား လျှောက်ထားလိုက်သည်။ တပည့်တော် အိန္ဒိယကို ပြန်သွားရဦးမယ် ဘုရား။ စာရေးသူ စကားဆုံးသည်နှင့် ဆရာတော်သည် ခေါင်းငိုက်စိုက် ကျကာ သူ၏ လက်နှစ်ဖက်ဖြင့်သူ၏ ရင်ဖတ်ကို အုပ်လိုက်သည်။ ထိုနောက် အိပ်ရာထက်တွင် လျောင်းစက်လိုရိပ်ပြသည်။ ထိုအခါ ရောက်ကာမှ စာရေးသူသည် စကားကို မဆင်မခြင် ဆိုမိသည် ဟု ကိုယ့်ကိုယ်ကို နောင်တရသွားသည်။ အိန္ဒိယသို့ ခေတ္တသာ သွားမည်ဖြစ်ကြောင်း ပြန် လည် လျှောက်ထား ရသည်။ သို့သော် ဆရာတော်ထံမှ စကားတုံ့ပြန် မလာတော့ပါ။ ထိုညက ဆရာတော် ထံပါးမှ ဆရာတော် အိပ်စက်ချိန် ည ၇ နာရီခွဲကျော်မှ ပြန်လာခဲ့သည်။ ဆရာတော် ထံပါးမှ ထွက်ခွာလာခဲ့ပြီး ဇေယျာသိရိန် ဆရာတော်ထံ သွားရောက် ကန်တော့သည်။ ထိုဆရာတော်များသည် ပထမဂန္ဓာရုံဆရာတော်ကြီး၏ တပည့်ကြီးများဖြစ်ပြီး  စာရေးသူ ပညာရင်နို့ သောက်စို့ခဲ့ရာ  ငယ်ဆရာ အရင်းအချာများဖြစ်ကြသည်။ 

၁၀-၁၀-၁၁။ နေ့ နံက်တွင် သီတဂူ ဆေးရုံသို့သွားပြီး ဆေးစစ်သည်။ သွေး၊ ဆီး၊ နှလုံး အားလုံး ကောင်းပါသည်ဟု အဖြေထွက်လာသည်။ ဦးချစ်ထွန်းလည်း အထူးကု ဆရာဝန်နှင့် ပြသသည်။ သူ့အား အားဆေးတစ်ဘူးနှင့် ငွေနှစ်သောင်း ပေးပြီး ကျန်းမာရေးနှင့် ပတ်သက်သမျှ အားလုံးစစ်ဆေးပြီးမှ ပြန်ရန်ပြောရသည်။ သူသည် နှလုံးမြန်ခြင်းအပြင် သွားများလည်း မကောင်းဖြစ်နေသဖြင့် သွားဆရာအားလည်း ပြသွားရန်မှာကြားရ၏။ ထိုနေ့က ဇေယျာကွက်သစ်ရပ် သိန်းထိုက် အောင် အိမ်တွင် နေ့ဆွမ်းစားသည်။ နေ့ ၁၀ ခွဲလောက်တွင် ကားဖြင့် လာပင့်၏။ အိန္ဒိယသို့ ယူမည့် အကြော်အလှော်များကို ထုပ်ပိုးပြင်ဆင်ပေးသည်။ ပညာသင်စရိတ် ငွေငါးသိန်းကိုလည်း လှူဒါန်းသည်။  လိုအပ်လျှင်လည်း မှာကြား လိုက်ရန် ပြောကြားသည်။ ဆွမ်းစားပြီး သီတဂူသို့ ပြန်၊ နေ့လည် ၁ နာရီလောက်တွင် ကိုထွန်းတင့်၊ ကိုချစ်စံတို့ ကားဖြင့် လာခေါ်ပြီး မန္တလေးသို့ ထွက်ခဲ့ကြသည်။ အိန္ဒိယသံရုံးတွင် ဗီဇာယူ။ ထို့နောက် ကျုံးအနောက်မြောက် နန်းတွင်း သမားတော် ဆေးတိုက်သို့ ထွက်ခဲ့ကြသည်။ စာရေးသူနှင့် ဦးဗာကုလကို နန်းတွင်း ဆေးတိုက်တွင် ထားခဲ့ပြီး ကိုထွန်းတင့်တို့ စစ်ကိုင်းသို့ ပြန်သွားကြသည်။ နန်းတွင်း ဆေးတိုက်ကားဖြင့် ကျွဲဆည်ကန် အဝေးပြေးကားဂိတ်သို့ သွားကြမည်ဖြစ်သည်။ ညနေ ၆-နာရီတွင် နန်းတွင်းကားဖြင့် ဦးနာဂ၀ံသအား တွေ့ရန် အနောက်ပြင်ရှိ အဝေရာရာမ ရန်ကင်းကျောင်းတိုက်သို့ ထွက်ခဲ့သည်။ ဦးနာဂ၀ံသသည် အိန္ဒိယ ပူနေးတက္ကသိုလ်တွင် စာရေးသူတို့နှင့် အတူနေထိုင်ခဲ့ဘူးသည်။ ယခု ဒေါက်တာဘွဲ့ ရပြီးဖြစ်သဖြင့် အဝေရာရာမ ကျောင်းတိုက်တွင် လက်ထောက် စာချလုပ်နေသည်။ အဝေရာရာမတိုက်က ပြန်ခဲ့လျှင် ည ၇ နာရီရှိပြီဖြစ်သည်။ ထို့ကြောင့် နန်းတွင်းဆေးတိုက်သို့ ပြန်ရောက်ပြီး မကြာမီ ကျွဲဆည်ကန် ကားဂိတ်သို့ သွားရန် ပြင်ဆင်ကြသည်။