Monday, January 30, 2012

နှစ်သစ်အကြို ခရီးသွားမှတ်တမ်း

စကားဦး။ 

မှတ်တမ်းတစ်ခုပြီး၍ မှတ်တမ်းတစ်ခုကို ဆက်ပါဦးမည်။ ထို့ကြောင့် စာရေးသူ၏ မှတ်တမ်းမပီသော ခရီးသွားမှတ်တမ်းစာတမ်းငယ်ကို သည်းခံ၍ တစ်ဖန် ဖတ်ကြရန်ဖြစ်ပါသည်။ 

လေးစားလျက် 
စာရေးသူ
 
 
  နှစ်သစ်အကြို ခရီးသွားမှတ်တမ်း
 
၂၁-၁၂-၁၁
စာရေးသူနဲ့ ကိုအိန်ဒါတို့ ၂ ဦး ညနေ (၄း ၁၅) နာရီ Darbhanga Express ရထားနဲ့ ပူနေးက ထွက်ခဲ့တယ်။ ရထားပေါ်မှာ တစ်ညအိပ်။ နောက်တစ်နေ့ ည ၁၀း၀၀ မှာ ဗာရာဏသီမြို့ ဘူတာကို ရောက်တယ်။ မဟာရဋ္ဌစတိတ်က ပူနေးနဲ့  ဥတ္တရပရာ့ဒေ့ရှ်စတိတ်က ဗာရာဏသီက ကီလိုမီတာ (၁၂၀၈) ဝေးတယ်။ ရထားက ဆင်းတယ်ဆိုရင် ဗာရာဏသီဆောင်းက ဆီးကြိုနှုတ်ဆက်တော့တာပဲ။ ဘူတာအနီး က ဆေးဝင်္ကဘာမြန်မာကျောင်းကို သွားဘို့ ပထမ စိတ်ကူးထားပေမယ့် မသွားတော့ဘဲ BHU တက္ကသိုလ်ကို သုံးဘီးနဲ့ ဆက်ခဲ့ကြတယ်။ BHUမှာ သီတဂူက ဒေါက်တာဘွဲ့လုပ်နေကြတဲ့ နောင်တော်ကြီး ဦးသေဋ္ဌိလ၊ မောင်ကုဏ္ဍလတို့ ရှိကြတယ်။ ဦးသေဋ္ဌိလ အခန်းမှာ ဦးအိန်ဒါ၊ တစ်ခြား အခန်းမှာ စာရေးသူက အိပ်တယ်။ ဗာရာဏသီမှာ ခပ်စောစောက အအေးလှိုင်းကျလို့ လူအချို့သေကျေတယ်လို့ သတင်းစာမှာ ဖတ်ရတယ်။ ဒါပေမယ့် အခု ၂ရက်၃ ရက်အတွင်း အအေးပေါ့သွားတယ်လို့ ပြောတယ်။ သိပ်မအေးတော့ဘူးဆိုပေမယ့် ပူနေးရာသီ ဥတုနဲ့ စာရင် အတော်လေး အေးနေတာကို တွေ့ရတယ်။ အခန်းတွေထဲမှာ heater တွေထားပြီး ဆောင်းအအေးဒါဏ်ကို အံတု နေကြရတယ်။

၂၃-၁၂-၁၁
နံနက် ဂ-နာရီလောက်ထ။ နာရီဝက်လောက် တရားထိုင်။ စာရေးသူနဲ့ တခန်းတည်းအိပ်စက်တဲ့ ရဟန်း တော်တစ်ပါးလည်း စောစောထ တရားထိုင်နေတာကို တွေ့ရတယ်။ ဘွဲ့တော်က  ဦးနာဂ၀ံသ တဲ့။ ဗာရာဏသီမြို့ ဓမ္မစကြာမြန်မာကျောင်းဆရာတော်ဖြစ်ကြောင်း နောက်မှ သိရတယ်။ အာရုံစာ ကော်ဖီ၊ မုန့်၊ လဘက်၊ ပဲခြမ်း၊ ရေနွေးကြမ်း။ နေ့လည်စာကိုတော့ ခရမ်းသီးနှပ်၊ ငါးပိ၊ အတို့အမြုပ်၊ ဟင်းလေး၊ မှန်ရောင်ဟင်းချို၊ ငါးပိကြော်တို့နှင့်ပေါ့။ နောင်တော်ကြီး ဦးသေဋ္ဌိလ လက်ရာများကို အားပါးတရ လွေးခွင့် ရလိုက်တယ်။ ဗာရာဏသီမှာ  မြန်မာကျောင်းသား ရဟန်းတော်များ ပညာသင်ကြားနေတဲ့ BHU တက္က သိုလ်နှင့် ဆန်စစ်ကရစ်တက္ကသိုလ် ဆိုတာရှိတယ်။ BHU မှာ (၆) ပါး၊ ဆန်စစ်ကရစ်တက္ကသိုလ်မှာ (၅၄) ပါး။  စုစုပေါင်း မြန်မာ ရဟန်းတော် (၇၀) ပါး ဗာရာဏသီမှာ ပညာသင်ကြားနေထိုင်ကြတယ်လို့ သိရတယ်။ 

စာထဲပေထဲက အတီတေ ဗာရာဏသီယံ ဆိုတဲ့အတိုင်း ဗာရာဏသီမြို့က တကယ့် ရှေးဟောင်းမြို့တော် ကြီးဖြစ်တယ်။ လူတွေ၊ ကားတွေ၊ တိုက်တွေ တာတွေ၊ တိရစ္ဆာန်တွေနဲ့  အမြဲလိုရှုပ်ယှက်ခတ်နေတဲ့ နေရာ တစ်ခုပဲ။ နာမည်ကျော် ဂင်္ဂါမြစ်နဲ့ မြတ်စွာဘုရား တရားဦး ဓမ္မစက်ဟောမြွက်ခဲ့ရာ မိဂဒါဝုန်တို့က ဗာရာဏကို ပိုမိုနာမည်ကျော်စေတယ်။ ဗာရာဏသီမြို့ကို အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသရဲ့  ဘာသာရေးမြို့လို့ တင်စား ခေါ်ဝေါ်ကြတယ်။ မြတ်စွာဘုရားလက်ထက်အခါက ကာသိတိုင်းရဲ့မြို့တော်ကြီး အဖြစ်တည်ရှိခဲ့ပြီး ပဉ္စ၀ဂ္ဂီ ငါးဦးတို့ သာသနာဘောင်ဝင်ရောက်လာပြီး သာသနာတော်မှာ သံဃရတနာ စတင်ထွန်းကားခဲ့ရာ နေရာ တစ်ခုဖြစ်တယ်။ နာမည်ကျော် ယသသတိုးသားနဲ့ သူငယ်ချင်းများ သာသနာ့ ဘောင်ဝင်ရောက်ပြီးနောက် အတိုင်းတိုင်း အပြည်ပြည်ကို သာသနာပျံ့နှံ့စေဘို့ ၆ ကျိပ်သော ရဟန်းတော်များကို သာသနာပြု စေလွှတ် တော်မူခဲ့ရာနေရာလည်းဖြစ်တယ်။ နေ့လည်စာစားပြီး စရဏတ် (မိဂဒါဝုန်)ကို ထွက်ခဲ့ကြတယ်။ တက္ကသိုလ်နဲ့ စရဏတ် (ဓမ္မစကြာတရားဦးဟောသည့် နေရာ)က တောင်နဲ့ မြောက်မို့ ၁ နာရီလောက် သုံးဘီးစီး သွားရတယ်။ မိဂဒါဝုန်ဥယျာဉ်ကိုရောက်တော့ အထဲကို လက်မှတ်ဖြတ်ဝင်ရတယ်။ ဥယျာဉ်ထဲကို ၀င်လိုက်တယ်ဆိုရင် စိတ်တွေလန်းဆန်းသွားတယ်။ ဒီနေရာ ဒီဒေသမှာ လွန်ခဲ့သော နှစ် ၂၅၀၀ ကျော်က  မဟာလူသား မြတ်ဗုဒ္ဓသည် သူ၏ အစွန်း ၂ပါးလွတ်သော အလယ်အလတ်လမ်းစဉ်ကို လောကသားများအတွက် ချပြတော်မူခဲ့တယ်။ သူ၏ တရားစက်ဘီးသည် ယနေ့ထက်တိုင် ရပ်တန့်ခြင်းမရှိ အရှိန်အဟုန် ကောင်းစွာဖြင့် လည်နေဆဲ ပတ်နေဆဲ။  သူ၏ ဓမ္မစည်တော်ကြီးသည် ယနေ့တိုင် မည်ဟည်းနေဆဲ။ ဤ နေရာတွင် မြတ်စွာသီတင်းသုံးတော်မူခဲ့သည့် ဂန္ဓကုဋိတိုက်တော်နေရာ၊ နန္ဒိယကျောင်း ဒကာရဲ့  အုတ် ကျောင်း နေရာ။ အသောကမင်းတရားကြီး တည်ထားတော်မူခဲ့သည့် (ဓမ္မစကြာတရား ဟောမြွက် တော်မူခဲ့သည့်နေရာ) ဓမ္မရာဇိစေတီ၊  (အနတ္တလက္ခဏသုတ်ဟောတော်မူခဲ့ သည့်နေရာ) ဓမ္မေခစေတီ တော် ၂ဆူနှင့်  ခြင်္သေ့ရုပ်ပါ ကျောက်စာတိုင်တို့ရှိတယ်။ ဥယျာဉ်ထဲမှာ ညနေခင်း နေ၀င်သွားတဲ့ အထိနေ လိုက်ကြတယ်။

ဥယျာဉ်ကပြန်ထွက် အနီးနားက ဂျိန်းဘုန်းကြီးကျောင်းကို မရောက်ဘူးတာနဲ့ ၀င်လေ့လာတယ်။ ဂျိန်းဒကာ တစ်ယောက်က ကြိုဆိုပြီး ဂျိန်းဘုန်းကြီးတွေရဲ့ တရားကျင့်ပုံတွေကို ပြောပြတယ်။ ဟိုဘက် ဓမ္မစကြာဘုရားကိုတော့ လူတွေ သိပ်လာပြီး မင်းတို့ကျောင်းကိုတော့ လူ သိပ်မလာကြပါ လားလို့ မေးကြည့်တော့။ ဟုတ်တယ် ဂေါတမဗုဒ္ဓကို လူတွေသိပ်ကြိုက်တယ်။ ငါတို့ဘုရားကိုတော့ အ၀တ်မပါလို့ သိပ်မကြိုက်ကြဘူး။ ဒါပေမယ့် တို့ဘုရားတွေကလည်း တကယ်အစစ်အမှန်တွေပါပဲလို့ သူက ပြောတယ်။ ဂျိန်းဘုန်းကြီးတွေ မတွေ့ရပါလားကွ လို့မေးတော့။ သူတို့က တစ်နေရာကို အတည်မနေကြရဘူး။ တစ်နေ့ ကို ၄-နာရီခရီး လမ်းလျှောက်သွားရတယ်လို့ ပြောတယ်။ ဂျိန်းဘုန်းကြီးများက အ၀တ်မပါဘူး။ အစားအစာကိုလည်း လက်ထဲထည့်ပေးမှ စားရတယ်။ သူတို့အဓိက ကျင့်စဉ်ကတော့ သတ္တ၀ါတွေကို မညှင်းဆဲခြင်း အဟိံသ၀ါဒဖြစ်တယ်။ ဒါကြောင့် သတ္တ၀ါတွေကို သေကျေပျက်ဆီးမှာ စိုးတဲ့အတွက်ကြောင့် လေနဲ့ရေကို စစ်ပြီးမှ ရှူတယ်၊ သုံးတယ်။ အ၀တ် မ၀တ်တာကတော့ သံယောဇဉ်နည်းပါးမှုကို ပြသခြင်းဖြစ်တယ်။ ဂျိန်းဘာသာမှာ ဒီဂမ္ဗရ(အ၀တ်မ၀တ်ဂိုဏ်း)၊ ဆွေတမ္ဗရ(အ၀တ်ဝတ်ဂိုဏ်း) ဆိုပြီး တော့ ၂ ဂိုဏ်းရှိ တယ်။ စာပေထဲက နိဂဏ္ဍနာဋပုတ္တဆိုတဲ့ ဒိဋ္ဌိဆရာကြီးက ဂျိန်းခေါင်းဆောင်တစ်ယောက်ပေါ့။  ဂျိန်းဒကာက ကိုယ်တုံးလုံး ဂျိန်းဘုန်းကြီး ဓာတ်ပုံတွေကိုပြလို့ အားလုံးကို ဓာတ်ပုံ ရိုက်ယူခဲ့တယ်။ အိန္ဒိယခေါင်းဆောင်တွေ ဂျိန်းဘုန်းကြီးတွေဆီသွားရောက် တွေ့ဆုံ အရိုသေပေးတဲ့ ဓာတ်ပုံတွေက များပါ တယ်။ ဂျိန်းဒကာကို ရူပီး (၁၀၀) ပေးခဲ့ပြီး ဂျိန်းကျောင်းကထွက်ခဲ့တယ်။

အနာဂါရိက ဓမ္မပါလပြတိုက်နှင့် ဓာတ်တော်တိုက်ဘက် ဆက်ခဲ့တယ်။ ဓာတ်တော်တိုက်ထဲမှာ အရှင်သာရိ ပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန်တို့ရဲ့ ဓာတ်တော် များကို ပူဇော်ထားတယ်လို့သိရတယ်။ ဓာတ်တော်တိုက်နားက ပဉ္စ၀ဂ္ဂီငါးဦး တရားဦးဓမ္မစက် နာကြားပုံရုပ် တုနှင့် ဘာသာအသီးအသီးနဲ့ရေးသားထားတဲ့ဓမ္မစကြာသုတ်တော် ကျောက်စာများကတော့ မြန်မာတို့ရဲ့
ကောင်းမှုပေါ့။ အနီးအနားမှာ ပဉ္စဝဂ္ဂီငါးဦး မြတ်စွာဘုရားကို ကြိုဆိုတဲ့နေရာ ချောက်ကဏ္ဍီစေတီနှင့် ပြတိုက် တစ်ခုရှိတယ်။ အချိန်မရတော့တာက တစ်ကြောင်း၊ ရောက်ဘူးပြီးဖြစ်တာကတစ်ကြောင်းမို့ မသွားတော့ဘဲ တက္ကသိုလ်ကို ပြန်လာခဲ့တယ်။

0 comments:

Post a Comment