Thursday, May 31, 2012

နှစ်သစ်အကြို ခရီးသွားမှတ်တမ်း (၇)


၃၁-၁၂-၁၁
နံနက်စာ ကြက်ဥကြော်၊ ပေါင်မုံ့ ၂ ချပ်၊ ကျရေတစ်ခွက် လာပေးတယ်။ သတင်းစာပေးတယ်၊ သတင်း ရေဒီယိုဖွင့်ပေးထားတယ်။ ဒီရထားမှာ နေ့လည်စာ၊ ညစာတွေကိုလည်း ကျွေးမွေးသေးတယ်လို့ သိရတယ်။ ရထားပေါ်မှာ ဂယာက တစ်တွဲထဲ အတူစီးလာတဲ့ မြန်မာလူငယ် မောင်သိန်းဋ္ဌေးနဲ့ စကား စမြည်ပြောဖြစ်တယ်။ မြန်မာနိုင်ငံ ရွှေဝါရောင်တော်လှန်ရေးကာလ က အိန္ဒိယကို ထွက်လာတဲ့ လူငယ်တစ်ယောက်ဖြစ် ကြောင်းသိရတယ်။ ယခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်တည်ဆောက်နေပြီမို့ မြန်မာနိုင်ငံ တိုးတက်ရေး အတွက် တတပ်တအား ၀ိုင်းဝန်းဆောင်ရွက်ဘို့ မြန်မာပြည်ကို ပြန်သွားသင့်ကြောင်း ပြောမိတယ်။ နယူးဒေလီဘူတာရောက်တော့ နံနက် (၁၀) နာရီခွဲပြီ။ ဗာရာဏသီဘူတာက လိုက်ပါလာကြတဲ့ မောင်ဝိဝေကနှင့် မောင်စန္ဒိမာတို့ ၂ ပါးနှင့် ဒေလီဘူတာရောက်မှ ဆုံဖြစ်တယ်။ ဘူတာသို့  ဦးဇဋိလာလင်္ကာရ၊ ဦးကုမုဒါလင်္ကာရ ညီနောင် ၂ပါးလာရောက်ကြိုဆိုကြတယ်။ တည်းခိုမည့်အဆောင်ကို မက်ထရို စီးပြီးသွားကြတယ်။ နာမည်ကျော် ဒေလီ မြေအောက်ရထားကို ယခုအကြိမ် ပထမဦးဆုံး စီးနင်းဘူးခြင်းဖြစ်တယ်။ ဦးဇဋိလ အခန်းမှာ အိပ်ပလုံးချ ခေတ္တ အပန်းဖြေ နားနေကြပြီး နေ့လည်စာ စားဘို့ အပြင်ကို ထွက်ခဲ့ကြတယ်။ အသစ်ဖွင့်လှစ်တဲ့  တိဘက်တန် စားသောက်ဆိုင်တစ်ခုမှာ နေ့လည်စာစားကြတယ်။ စားသောက်ဆိုင်က အပြန် ပတျာလမြို့ကို ခရီးဆက်ဘို့ ပြင်ကြတယ်။ ပတျာလတက္ကသိုလ်မှာ သီတဂူ က အရှင်နန္ဒာစာရ ကျောင်းတက် နေတယ်။ မောင်ဝိဝေကတို့ ၂ ပါးက ယနေ့ပင် ပတျာလ သွားချင်သည်ဟုဆိုသဖြင့် သူတို့နှင့် တစ်ပါတည်း လိုက်ပါသွားခြင်းဖြစ်တယ်။ ပတျာလ က ပန်ချပ်စတိတ်ရဲ့ ဒုတိယ မြို့တော်ဖြစ်တယ်လို့ သိရတယ်။ ဒေလီကနေ ကီလိုမီတာ (၂၃၈) လောက်ဝေးတယ်။ ဘတ်စ် ကားနဲ့ ၆ နာရီလောက်ကြာ သွားရတယ်။ မြို့တော် နယူးဒေလီမှာ  happy new year ည ဖြစ်လိမ့်မယ်လို့ အစောက တွေးထားပေမယ့် မထင်မှတ်ဘဲ  မြို့တော် ပတျာလမှာဖြစ်သွားတယ်။ နယူးဒေလီက နေ့ ၂ နာရီ ကားစထွက်တာ ပတျာလ ရောက်တော့ ည (၈) နာရီ ထိုးပြီ။တက္ကသိုလ်ဂိတ်ပေါက်ကိုကျော်ပြီး  မြို့လယ် ဘတ်စ်ကားဂိတ် အထိ လိုက်ပါသွားမိလို့ သုံးဘီးငှားပြီး တက္ကသိုလ်ဂိတ်ဘက်ကို ပြန်လာရတယ်။ တက္ကသိုလ်ဂိတ် ပေါက်မှာ အရှင် နန္ဒာစာရ က စောင့်ကြိုနေတယ်။ သူနေတဲ့ အခန်းမှာ ညကျိန်းစက်ကြတယ်။ ပတျာလမြို့ တက္ကသိုလ်မှာ ပီအိပ်ခ်ျဒီ လုပ်နေကြတဲ့ မြန်မာ ကျောင်းသား ၂-ယောက်ရှိတယ်။ စစ်ကိုင်း သီတဂူ က အရှင်နန္ဒာစာရ နှင့် စစ်ကိုင်း သမိဒ္ဓေါဒယချောင်က ဆရာလေး မသိင်္ဂါသိရီတို့ဖြစ်တယ်။ သူတို့ ၂-ပါးစလုံးက အမ်အေဘွဲ့ ကိုလည်း ဒီတက္ကသိုလ်မှာပဲ ပြီးခဲ့ကြတယ်။ စာရေးသူတို့ ပတျာလကို ရောက်တဲ့ ညမှာပဲ ဆရာလေး ၂-ပါးလည်း ဗုဒ္ဓဂယာမှ ပတျာလကို ပြန်ရောက်လာခဲ့ကြတယ်။ စာရေးသူက စာရေးသူတို့ ပတျာလကို ရောက်နေကြောင်း ဖုန်းဆက်တော့ သူတို့လည်း တက္ကသိုလ်ဂိတ်ပေါက်ကို ယခုပဲ ရောက်လာကြောင်း ပြောတယ်။ ဗုဒ္ဓဂယာက တစ်ရက်တည်း ထွက်ခဲ့ကြပေမယ့် သူတို့ ၂ ပါးက အခြားရထားနဲ့ အလျင် လိုက်ပါ ခဲ့ကြတာဖြစ်တယ်။ မောင်ဝိဝေကတို့ ခရီးပန်းလာတာနဲ့ အစောအိပ်ရာဝင်ကြပေမယ့် စာရေးသူက တော့ အင်တာနက်ကြည့်ရင်း နှစ်သစ်ကူးချိန်ကို စောင့်နေတယ်။ ၁၂-နာရီထိုးတော့  happy new year လို့ ပြောလိုက်တယ်။ တစ်နှစ်ကုန်ပြန် ငါ့ရုပ်နာမ် သေရန် တစ်နှစ်နီးခဲ့ပြီလို့လည်း တွေးလိုက်တယ်။ happy new year အထိန်းအမှတ်  ကုလားဗျောက်အိုးသံအချို့ ကြားနေရတယ်။

၁-၁-၁၂
ယနေ့ ချန်တီကတ်မြို့ကို ခရီးဆက်ဘို့ စီစဉ်ထားတယ်။ နံနက်(၈) နာရီမှာ နံနက်စာအဖြစ် ကိုနန္ဒ လက်ရာ ထမင်းကြော်နဲ့ ကြက်ဥကြော် စားကြတယ်။ နံနက်(၉)နာရီမှာ သုံးဘီးစီးပြီး ဘတ်စ်ကားဂိတ်ကို ထွက်ခဲ့ကြ တယ်။ ကားဂိတ်ကတစ်ဆင့် ဘတ်စ်ကားစီးပြီး ပန်ချပ်စတိတ်ရဲ့ မြို့တော် (chantigerh) ချန်တီကတ်ကို ထွက်ခွာခဲ့ကြတယ်။ ပတျာလနဲ့ မြို့တော်ချန်တီကတ်က ကီလိုမီတာ (၆၇) ဝေးတယ်။ (၁) နာရီခွဲကြာ ကားစီးသွား ရင်ရောက်တယ်။ ချန်တီကတ်မြို့ထဲ ၀င်လိုက်တယ်ဆိုရင်ပဲ စိတ်ထဲမှာ အတော်ကလေး အေးချမ်းသွားတယ်။ လမ်းတွေ သစ်ပင်တွေကို လှလှပပ စနစ်တကျ တည်ဆောက်ထားတာကို တွေ့ရ တယ်။ လမ်းတွေကို အရှေ့အနောက်၊ တောင်မြောက် တစ်ဖြောင့်တည်းဆွဲထားတယ်။ လမ်းဘေးဝဲယာမှာ စီတန်းစိုက်ထားတဲ့ သစ်ပင်တွေကလည်း ညီညီညာညာ ရှိလှတယ်။ လမ်းတွေက ကျယ်ဝန်းပြီး သန့်ရှင်း နေတယ်။ လူဦးရေ ထူထပ်မှုမရှိတာကြောင့် အသွားအလာလည်း ရှုပ်ထွေးမနေဘူး။ လမ်းဆုံတွေက ကားပတ် ၀ိုင်းကြီးတွေကို မြင်တော့ မြန်မာနိုင်ငံ မြို့တော် နေပြည်တော်ကို သွားသတိရတယ်။ မြို့တော် သစ် နေပြည်တော် အလှနဲ့ ဒီမြို့အလှက ခပ်ဆင်ဆင်ဖြစ်နေတာမို့ ဒီမြို့က ငါ ရောက်ဘူးတဲ့ မြို့တစ်ခုခုနဲ့ တူပါတယ်လို့ အစောက တွေးနေမိသေးတယ်။ မြို့တော် ချန်တီကတ်ရောက်မှပဲ တကယ့်ကို happy new year ဖြစ်တော့တယ် ဆိုပြီး ကျေနပ်ရတော့တယ်။ ဘတ်စ်ဂိတ်က တစ်ဆင့် သုံးဘီးကားစီးပြီး တက္ကသိုလ်ကို လာခဲ့ကြတယ်။ တက္ကသိုလ် အဆောင်ရှေ့မှာ ဦးကောသလ္လ က စောင့်ကြိုနေတယ်။ ဦးကောသလ္လနဲ့ စာရေး သူက စစ်ကိုင်း-သီတဂူတက္ကသိုလ်မှာ ဘီအေ ဘွဲ့အတူပြီးလာခဲ့သူများဖြစ်တယ်။ အိန္ဒိယကို အမ်အေဘွဲ့ အတွက် ထွက်လာတော့လည်း တစ်နှစ်တည်းပဲ။ သူက ဒေလီမှာ ကျောင်းတက်ပြီး စာရေးသူက ပူနေးမှာ။ အခု အမ်အေပြီးလို့ M.Phil ဘွဲ့လုပ်ပြန်တော့လည်း အတူတူဖြစ်နေတယ်။ သူက ဒီတက္ကသိုလ်မှာ စာရေးသူက ပူနေးမှာပဲပေါ့။ ဒီချန်တီကတ်မှာ မြန်မာရဟန်းတော်ထဲက ဦးဓမ္မာစာရနှင့် ဦးကောသလ္လတို့ ၂ ပါး ကျောင်းတက်နေကြ တယ်။ ဦးဓမ္မာစာရ က စစ်ကိုင်းသီတဂူကဖြစ်ပြီး ပီအိပ်ခ်ျဒီစာတမ်းလုပ်နေတယ်။ ဒါပေမယ့် နေတော့ ပတျာလမှာနေတယ်။ ဦးကောသလ္လအခန်းမှာ နေ့လည်စာ စားပြီး မြို့ကို  လှည့် လည်ကြည့်ကြတယ်။ ပထမဦးစွာ တက္ကသိုလ်ထဲကို လှည့်ကြည့်တယ်။ ဆန်းပြားတဲ့ ဒီဇိုင်းများနှင့် တည် ဆောက်ထားတဲ့ အဆောက်အအုံ အလှများကို နောက်ခံထားပြီး ဓာတ်ပုံတွေရိုက်ကြတယ်။ ကျောင်းပိတ် ရက်မို့ ပန်ချပ်သူ အချောအလှများကို သိပ်မတွေ့ရဘူး။ ဇာတ်တော်တွေထဲက မြင်သူရူးအောင် လှတဲ့ ဥမ္မာဒန္တီတို့ ပပ၀တီတို့ဆိုတာ ပန်ချပ်ဒေသသူများဖြစ်တယ်လို့ဆိုတယ်။ တကယ်တမ်းလည်း ယခုအချိန် အထိ  အိန္ဒိယမှာဆို အချောအလှဘက်မှာ ပန်ချပ်သူများက နာမည်ကြီးတုန်းပဲဖြစ်တယ်။ သူငယ်ချင်း တစ်ယောက်က ဒေလီမှာ အချောအလှကြည့်ချင်ရင် ရထားဘူတာကိုသွားပြီး ပန်ချပ်ဘက် က လာတဲ့ရထား အဆင်းကို စောင့်ကြည့်ရတယ်လို့ပြောဘူးတယ်။ ပန်ချပ်နယ်က ဟိမ၀န္တာ ရေခဲတောင် များနှင့် နီးတော့ ရာသီဥတုက အအေးပိုတယ်။ ရေမြေကောင်းတယ်။ သစ်ပင်ပန်းမာလ်ဖြစ်ထွန်းတယ်။ လူတွေကလည်း လူရည်သန့်တွေများတယ်။   ပန်ခ်ျ လူမျိုးတွေက ဆစ်ခ်ဘာသာဝင်တွေများတယ်။ သူတို့ရိုးရာထုံးအရ ခေါင်း ပေါင်း အမြဲတမ်း ပေါင်းထားရတယ်။ ရောင်ထုံးထားရတယ်။ မုတ်ဆိတ်ထားရတယ်။ လက်နက်ဓား အမြဲဆောင်ထားရတယ်။ သူတို့နိုင်ငံ ရဲ့ဇာတ်စနစ်အရဆိုရင် သူတို့က ခတ္တိယဆိုတဲ့ တိုင်းပြည် ကာကွယ် ရေး တာဝန်ထမ်းဆောင်ရသူများဖြစ်တယ်။ ဒုတိယကမ္ဘာစစ်က မြန်မာပြည်ကို အင်္ဂလိပ်တွေ ခေါ်သွင်းလာ တဲ့ ပန်ချာပီစစ်သားတွေ ဆိုတာ ဒီနယ်က လူတွေဖြစ်တယ်။ နှင်းဆီဥယျာဉ်၊ ရေကန်၊ ဗျန်ကျဈေးနေ ရာတွေကို လိုက်ကြည့်ပြီး မြို့တော် ပတျာလကို ပြန်လာခဲ့ကြတယ်။ မြို့တော် ပတျာလရောက်တော့ ညချမ်း မှာ အရှင်ဓမ္မာစာရ နေတဲ့ တိုက် ခန်းကို သွားလည်ကြတယ်။ အရှင်က ရန်ကုန် ကြည့်မြင်တိုင်သားဖြစ်ပြီး သဒ္ဓါစိတ်နဲ့ သာသနာ့ဘောင်ဝင် ရောက်လာခဲ့သူဖြစ်တယ်။ စာပေဗဟုသုတ လိုက်စားမှုမှာ များစွာ ၀ါသနာပါသူဖြစ်ပြီး အင်္ဂလိပ်၊ ပါဠိအရေး အသား နိုင်နင်းသူတစ်ယောက်ဖြစ်တယ်။ စာရေးသူနဲ့က ပခုက္ကူ အလယ်တိုက်ကြီးမှာကတည်းက သိကျွမ်း ရင်းနှီးခဲ့ပြီး စစ်ကိုင်း-သီတဂူရောက်တော့လည်း သီတဂူကျောင်း သားအဖြစ် စာကဗျာထုတ်ဝေရေးတွေမှာ အတူလက်တွဲဆောင်ရွက်ခဲ့ကြတယ်။ ထိုညက ဗဟုသုတများ လှတဲ့ အရှင်ရဲ့အဆိုအမိန့်များကို များစွာ နား ထောင်ခွင့်ရခဲ့ကြတယ်။