Sunday, November 14, 2010

ဗုဒ္ဓဘာသာ ၀တ်ပြုဆုတောင်းပွဲ


၁၄-၁၁-၂၀၁၀ တနင်္ဂနွေနေ့။ ယနေ့ နံက်ပိုင်း ၁၀ နာရီအချိန်က ပူနေးမြို့ ပူနေးတက္က သိုလ်အတွင်းရှိ ဗုဒ္ဓ၀ိဟာရတွင် အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ အသင်းသားများစုပေါင်း၍ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ ၀တ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။ အကြောင်းမှာ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာအသင်းတော်၏ အထွေ ထွေ အတွင်းရေးမှူးဖြစ်သူ မစ္စတာ ဆန်ဂျေး တန်ဘာဘဂိတ်သည် ယခုအခါ အဆုတ်ကင် ဆာ(သံသ ယ) ဖြင့် ဆေးရုံတက် ရောက် ကုသနေရသည်မှာ သီတင်း သုံးပတ်ကျော်ကြာခဲ့ပြီဖြစ်သည်။ ၄င်း သည် ပူနေးတက္က သိုလ် ပါဠိဌာန နှင့် ဆန်စစ်ကရာစ်ဌာနတို့၏ သင်တန်းပြ ပရောဖက်ဆာ တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်သူ၊ ဗုဒ္ဓဘာသာ တိုးတက်ပြန့်ပွားရေးအတွက် အားထုတ်ကြိုးပမ်း ဆောင်ရွက်နေ သူလည်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာအသင်းတော်ကြီးဖြစ် ပေါ်လာစေရန် စတင်ကြိုးပမ်း အားထုတ်ခဲ့သူဖြစ်ပြီး မြန်မာ ရဟန်းတော် အရှင်ကုသလ ပို့ချသော အဘိဓမ္မာသင်တန်းကို ကိုယ်တိုင် ဦးဆောင်၍ နေ့စဉ်နေ့တိုင်း တက် ရောက် သင်ကြားခဲ့သူလည်းဖြစ်သည်။ မစ္စတာ ဆန်ဂျေး တွေ့ကြုံနေရသော ရောဂါ ဝေဒနာများ ကင်းပျောက် စေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ၀တ်ပြုဆုတောင်းပွဲကို ပြုလုပ် ရခြင်းဖြစ်သည်။


အခမ်းအနားအစီအစဉ်

အခမ်းအနားသို့ ကိုရီးယား၊ သီရလင်္ကာ၊ မြန်မာ၊ ထိုင်း။ ဘင်္ဂလားဒေ့ရှ်၊ တိဘက်တန်နှင့် အိန္ဒိယနိုင်ငံတို့မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လာကြသည်။ အခမ်းအနား အစီအစဉ်များနှင့် ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ၀တ်ပြုဆုတောင်းပွဲကို ကမကထပြု ဆောင်ရွက်သူ မြန်မာရဟန်းတော် အရှင်ကုသလ က ရှေးဦးစွာ တင်ပြသည်။ ပထမပိုင်း အန္တရယ်ကင်း ပရိတ်တရားများကို ရွတ်ဆိုမှု အစီအစဉ်တွင် မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တာသုတ်နှင့် ဗောဇ္ဈင်္ဂသုတ်တို့ကို စုပေါင်းရွတ် ဆိုကြသည်။ ထို့နောက် တစ်ဦးချင်း ရွတ်ဆိုမှုအစီအစဉ်တွင် အိန္ဒိယ(လားမား) ရဟန်းတော် အရှင်သုဒဿန က ဂိရိမာလသုတ်၊ သီရိလင်္ကာရဟန်းတော် အရှင်ကုမာရကဿပ က မင်္ဂလသုတ်၊ ရတနာသုတ်အမွှမ်းနှင့် ဆုတောင်း၊ မြန်မာရဟန်းတော် အရှင်ကုသလ က အနေကဇာတင်ပါဠိ၊ ဘင်္ဂလားဒေ့ရှ် ရဟန်းတော် အရှင်ဒီပနန္ဒက ဇိနပညာဇရသုတ်၊ ကိုရီး ယား (မဟာယာန) ရဟန်းတော် သူရီး က ကိုရီးယားဘာသာဖြင့် ၀တ်ပြု ဆုတောင်းလွှာ၊ မစ္စတာ တက်ရှီက တိဘက်တ် မန္တရဂါထာများကို နိုင်ငံအလိုက် အသီးအသီး ရွတ်ဆိုကြသည်။


အစီအစဉ် ဒုတိယပိုင်းတွင် အားလုံး တိတ်ဆိတ်စွာ ထိုင်ကြလျက် မေတ္တာကမ္မဋ္ဌာန်းစီးဖြန်း၍ မေတ္တာပို့ လွှတ်မှုအစီအစဉ်ကို (၁၀ မိနစ်ကြာ) ပြုလုပ်ကြသည်။ ထိုအချိန်တွင် အားလုံး၏ စိတ်သည် ရောဂါဘယ ကျရောက်နေသော မစ္စတာ ဆန်ဂျေးကို အာရုံယူ၍ အဝေရော ဟောတု= ဘေးရန်ကင်းပါစေ၊ အဗျာပဇ္ဖော ဟောတု=ကိုယ်ဆင်းရဲ ကင်းပါစေ၊ အနီဃော ဟောတု= စိတ်ဆင်းရဲ ကင်းပါစေ၊ သုခီ အတ္တာနံ ပရိဟရန္တု=မိမိခန္ဓာကိုယ်ကို ကောင်းစွာ ဆောင်ရွက်နိုင်ပါစေဟု မေတ္တာသဘောတရားကို အထပ်ထပ် ထုံမွှမ်းကြသည်။ မေတ္တာဘာဝနာ ပွားများပြီးနောက် ပြုသမျှ ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏။ အများသတ္တ၀ါတို့အားလည်း ကုသိုလ်အမျှ ဝေငှပါ၏။ ဘုရား၊ တရား သံဃာတို့အား လောကုတ္တရာ တရားကိုးပါးအားလျှော်သော ကျင့်ဝတ်ပဋိပတ်ဖြင့် ပူဇော်ပါ၏ ဟု ဆုတောင်း၊ အမျှဝေ၍ ၀တ်ပြု ဆုတောင်းပွဲကို နံက် ၁၁ နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် နေ့လည်စာကို ဗုဒ္ဓ၀ိဟာရကျောင်း တိုက်မှာပင် စုပေါင်းစားသောက်ကြသည်။

Saturday, November 6, 2010

Internatioal Buddhist cultural festival


၃. ၁၁. ၂၀၁၀

ညနေ ၅ နာရီတွင် အိန္ဒိယ ကျောင်းသား လူငယ်တစ်ယောက် သုံးဘီးဖြင့် အဆောင်သို့ ရောက်လာသည်။ အရှင်စန္ဒာဝရ၊ မောင်တေဇနှင့် စာရေးသူတို့ သုံးဦး လိုက်ပါသွားကြသည်။ အဆောင်မှ မြို့ထဲရှိ ဖာကူဆန် ကောလိပ်။ ဖာကူဆန်ကောလိပ်မှ အခမ်းအနား ကျင်းပရာ ဖတန်မြို့သို့ သွားကြ မည်ဖြစ်သည်။ ဖာကူဆန် ကောလိပ်သည် လိုက်ပါကြမည့် နိုင်ငံတကာ ကျောင်းသားများ စုရပ်ဖြစ် သည်။ စုရပ်တွင် ကျောင်းသားအချို့ ရောက်နှင့်နေကြသည်။ စာရေးသူတို့ ရောက်လျှင် လာရောက် နှုတ်ဆက်ကြသည်။ ဤခရီးစဉ်အတွက် နိုင်ငံတ ကာ ကျောင်းသားများ စည်းရုံး ရေးမှူးသည် အီရန်နိုင်ငံမှ လူငယ် ကျောင်းသား မစ္စတာ ဖန်နီးဖြစ်သည်။


သွားရောက်ကြမည့် ဖတန်မြို့သည် ပူနေးမြို့နှင့် ကီလိုမိတာ ၁၁၀ လောက်ဝေးသည် ဆတ်တရခရိုင်အတွင်းရှိ မြို့ကလေးဖြစ်သည်။ ပြုလုပ်မည့် အခမ်းအနားမှာ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုပွဲတော် ဖြစ်သည်။ ၄င်းအခမ်းအနားကို တက္ကသိုလ် ကျောင်းသား ဗုဒ္ဓဘာသာဝင် လူငယ်များက ဦးစီးကျင်း ပကြခြင်းဖြစ်ပြီး ယခုနှစ်သည် သုံးကြိမ် မြောက် ဆင်ယင်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။


ဤပွဲတော်ကို ဒေ၀ါလီပွဲတော် ကျောင်းပိတ်ရက်နှင့် တိုက်ဆိုင်၍ ကျင်းပခြင်းဖြစ်ပြီး လိုက်ပါကြ မည့်သူများ အတွက် သွားလာ နေထိုင်စရိတ်များကို တာဝန်ယူ၍ ခေါ်ယူခြင်းဖြစ်သည်။ ကျောင်းအားရက်တွင် ခရီးတို သွားလိုသော ကျောင်းသား ကျောင်းသူများအတွက် လိုက်ပါ သွားလာသင့်သော ခရီးစဉ်တစ်ခုဖြစ်သည်။


ခရီးစတင်

ဖာကူဆန်ကောလိပ်မှ ဖကန်သို့ ခရီးသည် ညနေ ၆ဒ၃၀ နာရီတွင် စတင်ခဲ့သည်။ စာရေးသူတို့ နိုင်ငံတကာ ကျောင်းသားများအဖွဲ့တွင် အီရန် ၈၊ အာဖဂန် ၄၊ နီပေါ ၁၊ မြန်မာ ၃၊ ဘူတန် ၂၊ မဏိပူရ် ၁၊ အာဖရိက ၄၊ တရိပူရ် ၁၊ အိန္ဒိယကျောင်းသားများအပါအ၀င် ကျောင်းသား ၃၀ ရှိမည်။ လမ်းတစ်လျှောက် အလှည့်ကျ စကားပြော၊ သီချင်းဆို၊ ကခုန် သွားကြသဖြင့် ပျော်စ ရာ တစ်မျိုးဖြစ်သည်။ ည ၁၁ နာရီတွင် ဖကန်မြို့သို့ ရောက်ရှိကြပြီး Jeet ဟော်တယ်တွင် ညစာစား ညအိပ် တည်းခိုကြသည်။


၎-၁၁-၂၀၁၀

နံက် ၁၁ နာရီတွင် ဟော်တယ်မှ မြို့ထဲသို့ ထွက်လာကြသည်။ ဗုဒ္ဓ၀ိဟာရတွင် နံက်စာအဖြစ် ထမင်းကြော်သုံးဆောင်ကြသည်။ ထို့နောက် ဗုဒ္ဓ၀ိဟာရမှ အခမ်းအနား ကျင်းပရာ မြို့တော် ခမ်းမဆီသို့ သာသနာ့အလံများ၊ ဆိုင်းဘုတ်များကိုင်ဆောင်၍ နှစ်ယောက်တစ်တွဲ စီတန်းလှည့် လည်သွားကြသည်။ လမ်းတစ်လျှောက်တွင် '' ဒေါက်တာ ဘာဘာ အန်ဘေဒကာ'' '' ဂျိန်ဘင်း '' ။ '' ဗုဒ္ဓံ သရဏ'' '' ဂစ္ဆာမိ'' ၊ '' ဓမ္မံ သရဏံ'' '' ဂစ္ဆာမိ'' ဟူသော ကြွေးကျော်သံများကို အော်ဟစ် ကြွေးကြော်သွားကြသည်။


အခမ်းအနားစတင်

မြို့တော် ခမ်းမသို့ ရောက်လျှင် အားလုံးနေရာယူ၍ ဘုရားဆင်းတုတော်နှင့် ဒေါက်တာ အန်ဘေဒကာ ဓာတ်ပုံတို့အား ပန်းလှူခြင်း၊ ဆီမီး၊ အမွှေးတိုင်များ ထွန်းညှိ ပူဇော်ခြင်း၊ ငါးပါး သီလ ခံယူဆောက် တည်ခြင်းများကို ပြုလုပ်ပြီး အခမ်းအနား စတင်ဖွင့်လှစ်သည်။ ထို့နောက် နိုင်ငံတကာ ကျောင်းသားများအား ဒေါက်တာ အန်ဘေဒကာ ရေးသားသော the Buddha and His Dhamma အမည်ရှိ စာအုပ်နှင့် ပန်းများကို တစ်ဦးချင်းခေါ်ယူ၍ လက်ဆောင် ပေးသည်။


အီရန်မောင်နှစ်မ၏ တင်ဆက်မှု

ထို့နောက် အီရန်နိုင်ငံမှ ကျောင်းသား မစ္စတာ ဖန်နီးတို့ မောင်နှစ်မနှစ်ယောက်၏ Cultur and religion တင်ဆက်ပြသမှု အစီအစဉ်ဖြစ်သည်။ Cultur and religion တို့၏ အဓိပ္ပါယ်၊ အမျိုးမျိုးကွဲပြားနေသော ယဉ်ကျေးမှုနှင့် ယုံကြည်မှုဆိုင်ရာ ဘာသာတရားများ၊ ကမ္ဘာ့ဘာ သာဝင် ဦးရေစာရင်းစသည်များကို ၁၀ မီနစ် အတွင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင် တင်ပြသွားကြသည်။


မြန်မာ့ ယဉ်ကျေးမှု

အီရန်မောင်နှစ်မ၏ တင်ဆက်မှုပြီးလျှင် အိန္ဒိယ ကျောင်းသားများ၏ အလှည့်ကျ ဟောပြောမှု။ အင်္ဂုလိမာလ တေးသရုပ်ပြ ရုပ်ရှင်တင်ဆက်မှုတို့ကို ပြုလုပ်သည်။ ထို့နောက် မြန်မာ ရဟန်းတော် အရှင်စန္ဒာဝရ၏ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အကြောင်း တင်ဆက်ပြ သမှုဖြစ်သည်။ ပရိုဂျက်တာတွင် ရွှေတိဂုမ်စေ တီတော်သည် ရွှေရောင်ဝင်းတောက် နေခြည် အောက်တွင် ငွားငွားစွင့်စွင့် ၀င့်ဝင့်ကြွားကြွား ထင်ထင်ရှားရှား ပေါ်လာလျှင် ပရိသတ် အားလုံး မှာ ငြိမ်သက်သွားကြသည်။ ဗုဒ္ဓဘုရားရှင်၏ ဓာတ်တော်များ၏ အငြိမ်းဓာတ်ကို အားလုံး ခံစားလိုက်ကြရသည်။ မူစလင် ဘာသာဝင်ဖြစ်ကြသည် အီရန်ကျောင်းသားများပင် ခေါင်းများ ထောင်၍ တအံ့တသြ ငေးမောကြည့်ရှုကြသည်။ ကျိုက်ထီးရိုးစေတီတော် ပေါ်လာတော့ သူတို့ထံမှ စကားသံများ ထွက်လာကြသည်။ သူတို့ဘာသာဝင်တို့ ယုံကြည်သည့် ကျောက်တုံးနှင့်တူသည့် သဘောပင်လားမသိ။ မည်သို့ပင်ဖြစ်စေ အပေါ်နှင့် အောက်လွတ်နေ သော ကျိုက်ထီးရိုး စေတီတော်၏ ထူးဆန်းအံ့သြမှုကို ပရိသတ်အားလုံးပင် မင်သက်ရှိုက် မောသွားကြသည်။ အနီးနားတွင် ရှိသော အာဖဂန် ကျောင်းသား တစ်ယောက်အား စာရေးသူက လိုက်ပါရှင်းလင်းပြောပြသည်။ အာဖဂန်သည် ခေါင်းတညိတ် ညိတ်ဖြင့် ပရိုဂျက်တာတွင် ပြသမျှကို မလွတ်တမ်းကြည့်လိုက် စာရေးသူပြောသည်ကို နားစိုက် ထောင်လိုက်ဖြင့် အတော်လေး အလုပ်များသွားသည်ကို တွေ့ရသည်။ အရှင်စန္ဒာဝရ၏ တင်ဆက်မှု ပြီးလျှင် အိန္ဒိယ ကျောင်းသူ လေး ၃ ယောက်၏ တေးသရုပ်ကပြ တင်ဆက်မှုဖြစ်သည်။


ညနေပိုင်းအစီအစဉ်

နေ့လည် ၄ နာရီတွင် အခမ်းအနား ခေတ္တရပ်နား၍ နေ့လည်စာ စားသောက်ကြသည်။ (ထမင်း၊ ပဲဟင်းရေကြဲ၊ အချိုတစ်ခဲ) အိန္ဒိယ အစားအစာကို မစားနိုင်ကြ၍ ကျောင်းသားအချို့ အပြင် ထွက်စားကြသည်။ နေ့လည်စာ စားပြီးလျှင် ညနေပိုင်း အခမ်းအနား အစီအစဉ်ကို စတင် ကျင်းပသည်။ အိန္ဒိယကျောင်းသား၊ ကျောင်းသူများ၏ အလှည့်ကျ ဟောပြောမှုများ၊ အန်ဘေဒကာ၏ မိန့်ခွန်းဗွီဒီယိုပြသမှု၊ မြို့အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ လာရောက်ပြီး အားပေးစကား ပြောဟောမှု၊ အိန္ဒိယကျောင်းသူလေး ၃ ဦး၏ ကပြဖျော်ဖြေမှု၊ တရိပူ၊ မဏိပူ၊ နီပေါ၊ ဘူတန်ကျောင်းသားများ၏ ဗုဒ္ဓဘာသာဆိုင်ရာ ဟောပြောမှုများ ပြုလုပ်ပြီး ညနေ ၅း ၃၀ နာရီအချိန်တွင် ညနေပိုင်း အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

၇-၁၁-၂၀၁၀

Tuesday, November 2, 2010

အိန္ဒိယ က ကထိန် အလှူမင်္ဂလာ


၂၂.၁၀-၂၀၁၀ နေ့ နံက် ၈ နာရီအချိန်တွင် ဘန္တေသုဂတ က ကားဖြင့် လာရောက်ပင့်ဆောင် သဖြင့် ပူနေးမြို့ အန်ဘေဒကာရပ်ကွက် မဟာဗောဓိကျောင်း သီတင်းကျွတ် မဟာပ၀ါရဏာ နှင့် ကထိနကံဆောင်ပွဲသို့ စာရေးသူနှင့်အတူ ဘန္တေသုဒဿန (ဗုဒ္ဓ၀ိဟာရ)၊ အရှင်ကုမာရ ကဿပ (သီရိလင်္ကာ) ၊ အရှင်ဓမ္မဒီပ (ဘင်္ဂလာဒေ့ရှ်) လိုက်ပါသွားကြသည်။


တက္ကသိုလ်အဆောင်နှင့် မဟာဗောဓိကျောင်းသည် နာရီဝက်၊ မိနစ် ၂၀ ခန့် ကားဖြင့် သွားရ သည်။ ကျောင်းသို့ ရောက်သောအခါ နံက်စာ ဆက်ကပ်ကြသည်။ နံက် ၁၀ နာရီအချိန်တွင် ကထိနကံဆောင်မင်္ဂလာ ဆင်ယင် ကျင်းပသည်။ ကထိန်ရာသီသည် သီတင်းကျွတ် လပြည့် ကျော် (၁) ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာ ကာလဖြစ်သည်။ ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သဖြင့် ကထိန်ကာလရောက် ဘို့(ကထိန်ခင်းနိုင်ဘို့) တစ်ရက်လို သေးသည်။ သို့သော် ၀ိနည်းတော်နှင့်အညီ ကထိန်ကို မည်ကဲ့သို့ ပြုလုပ်ရ သည်ကို သိစေခြင်းငှာ ကထိန်းသင်္ကန်း ဆက်ကပ်လှူဒါန်းပြီးနောက် ကထိန်ကံဆောင်ခြင်းအမှုကိုပါ ဆက် လက်ပြုလုပ်သည်။


ကထိန်ကံဆောင်ခြင်း

ကထိန်ကံဆောင်ခြင်းအမှုကို ရဟန်းငါးပါး အနည်းဆုံးရှိမှ ပြုလုပ်နိုင်သည်။ ဤကျောင်းတွင် ရဟန်းတော် ၃ ပါး သီတင်းသုံးသည်ဟုဆိုသည်၊ (သို့သော် အားလုံးသည် ရဟန်းမဟုတ်ဟု နောက်မှ သိရသည်)။ စာရေးသူတို့က လာရင်း (သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် နှင့် စာရေးသူ) သုံးပါးနှင့်ဆိုလျှင် စုစုပေါင်း (၆) ပါးဖြစ်၍ ကထိန်ကံ ဆောင်ခြင်း ပြုလုပ်နိုင်သည်။ ကထိန်ကံ ဆောင်ခြင်းကို သိမ်အတွင်း၌သာ ပြုလုပ်ရမည်ဖြစ်သော်လည်း သိမ်မရှိသော ဤနေရာ၌ ကျောင်းမြေကိုပင် သိမ်အဖြစ် နှလုံးသွင်း၍ ကံဆောင်မှု ပြုရသည်။ ကမ္မ၀ါစာ ရွတ်ဖတ်သော အခါ ကိုရင်များကို ကထိန်ကံဆောင်မည့် ရဟန်းများနှင့် နှစ်တောင့်ထွာ အကွာအဝေးသို့ ဖယ်ရှားစေ၏။ ဘန္တေသုဒဿနသည် (တိဘက်တန်လားမား(မဟာယာန) ရဟန်းဖြစ်သဖြင့် ၄င်းတို့၏ အနေ အားဖြင့် ရဟန်းဖြစ်သော်လည်း ထေရ၀ါဒ အနေအားဖြင့်) ကိုရင်ကြီးဖြစ်၍ ရဟန်းများနှင့် ဝေးရာသို့ နေပေးရန် ပြောရသည်။ ဘန္တေသုဒဿနသည် စိတ်သဘော ကောင်းသူဖြစ်၍ ဘာမှမပြောရှာဘဲ ရဟန်းများနှင့် (၂ တောင့်ထွာ) ဝေးရာအရပ်သို့ ရှောင်ရှား ပေးရှာသည်။


ခက်သည်ကား အိန္ဒိယရဟန်းတော်များသည် ရဟန်းမည်ကာမတ္တဖြစ်နေ၏။ စာပေ သင်ကြား ခြင်းမရှိကြ၍ ပိဋကတ်စာပေကို ကောင်းစွာ သိနားလည်ခြင်း မရှိကြပေ။ ထို့ကြောင့် ရဟန်း တော်များနှင့် သက်ဆိုင်သည့် ၀ိနည်းကံများကိုလည်း သိနားလည်ခြင်း မရှိကြပေ။


ဒါတွေလုပ်စရာ မလိုပါ

ကထိန်ခင်းမည်ဖြစ်၍ ကထိန်ခင်း ကမ္မ၀ါစာရှိမရှိ မေးကြည့်ရာ ကမ္မ၀ါစာ မရှိပါကြောင်း ပြော သဖြင့် မဟာဝါ ပါဠိတော် ကထိနက္ခန္ဓက၀ဂ်မှ ကထိန်ခင်း ကမ္မ၀ါစာကို ပရင့်ထုတ်ယူရသည်။ ကထိန်းသင်္ကန်းအလှူခံမည့် ဦးဇင်းကြီးအား ကထိန်ခင်းပုံ၊ အနုမောဒနာပြုပုံစသည်များကို တစ်ခုခြင်းစီ သင်ပြပေးပြီး ကံဆောင်ခြင်း အမှုပြုရ ၏။ ကထိနကံဆောင်အစီအစဉ်များ ပြုစဉ် အိန္ဒိယရဟန်းတစ်ပါးက '' ဒါတွေ လုပ်စရာ မလိုပါဘူး'' ဟု ပြောသဖြင့် '' အရှင်ဘုရား လုပ်တတ်ပါ သလား'' ဟု ပြန်လည်မေးရသည်။ ကထိန်ကံဆောင်မှု ပြုပြီးသည့် နောက် ပ၀ါရဏာပြုကြ၏။


ပ၀ါရဏာပြုခြင်း

ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သဖြင့် သံဃာတော်များ၏ မဟာပ၀ါရဏာနေ့ဖြစ် သည်။ ထို့ကြောင့် ကထိနကံဆောင်ပြီးနောက် ဘုရားဆင်းတုတော်ရှေ့တွင် တန်းစီထိုင်၍ ပ၀ါရဏာပြုကြသည်။ ပ၀ါရဏာ ဆိုသည်မှာ အပြစ်များ မြင်ကြားသံသယဖြစ်ခဲ့သော် သနားသဖြင့် ဆိုဆုံးမမှုပြုပါရန်နှင့် ထိုအပြစ်များကို ကျေပျောက်အောင် ကုစားပါမည့်အကြောင်း ရဟန်းတော်များအချင်းချင်း ဖိတ်ကြားခြင်းဖြစ်သည်။ အိန္ဒိယ ရဟန်းတော်များ ပ၀ါရဏာ ပါဠိစာ မရသဖြင့် သီရိလင်္ကာ ရဟန်းတော်က ရှေ့မှ တိုင်ပေးရသည်။

ပ၀ါရဏာပြုပြီးနောက် ထို့နောက် သီရိလင်္ကာ ရဟန်းတော် အရှင်ကုမာရကဿပ ၏ အနုမောဒနာ တရား စကား ပြောကြားခြင်း၊ လှူဘွယ်ဒါန်းဘွယ်များကို လှူဒါန်းခြင်း၊ နေ့ဆွမ်း ဆက်ကပ်ခြင်းများကို ပြုလုပ်သည်။


စာရေးသူ၏ တရားပွဲ

စာရေးသူ၏ အနုမောဒနာတရားပွဲကို နေ့ ၁ နာရီတွင် စတင်သည်။ စာရေးသူက အင်္ဂလိပ်လို ပြော၍ ဘန္တေမဟာနာဂ က မာရတီဘာသာပြန်ဆိုပေးသည်။


'' ဗုဒ္ဓဘာသာသည် သိပ္ပံပညာ၏ ထောက်ခံမှုကို ရသဖြင့် စစ်မှန်သော ဘာသာတရားဖြစ်ကြောင်း။ မြန်မာပြည်တွင် ရဟန်းတော် ၄ သိန်းကျော် သီတင်းသုံးနေထိုင်၍ ဗုဒ္ဓဘာသာတရား တော်များ မကွယ်မ ပျောက်အောင် ထိန်းသိမ်း စောင့်ရှောက်နေကြကြောင်း။ ကျောင်းကန် ဘုရား ပုထိုးများဖြင့် ကမ္ဘာ့အလယ်တွင် ဗုဒ္ဓဘာသာ အထွန်းကားဆုံးသော နိုင်ငံအဖြစ် ရပ်တည်နေကြောင်း။ သာသနာတော် စည်ပင် ထွန်းလင်းရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ကြမည့် ရဟန်းအဖွဲ့အစည်းသည် များစွာ အရေးကြီးပါကြောင်း။ အိန္ဒိယနိုင်ငံ သည် ဗုဒ္ဓဘာသာ စတင်ခဲ့ရာ နေရာဖြစ်သော်လည်း ကံမကောင်းစွာပင် ဗုဒ္ဓဘာသာသည် အိန္ဒိယ၌ နှစ်အနည်း ငယ်မျှသာ တည်ရှိခဲ့ပါကြောင်း။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် အသိဥာဏ်များ ပျောက်ဆုံးသွားခြင်းသည်ပင် အိန္ဒိယ၌ ဗုဒ္ဓဘာသာကွယ်ပျောက်ရခြင်း၏ အဓိက သော့ချက်ဖြစ်ပါကြောင်း။ ထို့ကြောင့် ဗုဒ္ဓဘာသာ တည်တန့် ရေးအတွက် ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် အသိဥာဏ် ရရှိဘို့ များစွာ အရေးကြီး လှပါကြောင်း။ ထို့ကြောင့် ပျောက်ဆုံး-ခဲ့သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ပြန်လည်အသက်သွင်းရမည်ဖြစ်-ကြောင်း။ ရဟန်းတော်များ၊ သာမဏေများက ဗုဒ္ဓစာပေများကို သင်ကြားချပို့၊ ဟောပြောခြင်းလုပ်ငန်းတာဝန်၊ လူဒကာ ဒကာများက ရဟန်းတော်များ၊ သာမဏေများကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ခြင်း တာဝန်များကို (မြန်မာ၊ ထိုင်းနိုင်ငံများကဲ့သို့) ပြန်လည် ကျင့်သုံးကြမှသာ အိန္ဒိယ၌ ဗုဒ္ဓသာသနာတော် ခိုင်မာစွာ ပြန်လည်ထွန်း လင်းလာမည်ဖြစ်ကြောင်း''

စသည် ပြောပြီး တရားဟောခြင်းကို အဆုံးသတ်သည်။


မေးလိုရာမေး

နာရီဝက်ခန့် အနုမောဒနာ တရားဟောပြီးနောက် သိလိုသမျှမေးရန် အစီအစဉ်ကို ပြုလုပ် သည်။ တရားနာ ပရိသတ်ထဲမှ အမျိုးသမီး ၂ ဦးက သိလိုသည်များကို မေးမြန်းလာသည်။


ပထမအမျိုးသမီး။ ။''အိမ် (မိသားစု) တွင် မိမိတစ်ဦးသာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် သူဖြစ်ပါကြောင်း။ အခြားသူများမှာ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူများ မဟုတ်ကြပါကြောင်း။ ထို့ကြောင့် တစ်ပါး သူများကို ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူများဖြစ်လာအောင် ဘယ်လိုပြု လုပ်ရမည်ကို သိလို ပါကြောင်း'' ။


စာရေးသူ။ ။ ''တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု မတူတတ်သည်မှာ ဖြစ်လေ့ဖြစ်ထ သဘောတရား တစ်ခုဖြစ် ပါကြောင်း။ အိမ်တစ်အိမ်တွင် အဖေက ခရစ်ယန်၊ အမေက ဗုဒ္ဓဘာသာဝင်။ ထို့ကြောင့် ဘုရားစင်နှင့် ဂျီဇက်ပုံထားရာ နေရာ ၂ နေရာထားရပါကြောင်း။ သားသမီး များကလည်း ၂ ဘက်ခွဲသွားပါကြောင်း။ ဤအချက်မှာ ဗုဒ္ဓဘုရားဟောသည့် ဧကဂေဟေ နာနာဆန္ဒေ ဆိုတဲ့ တရားတော်နှင့် တိုက်ဆိုင်မှု ရှိပါကြောင်း။ တစ်ခါတစ်ရံ၌ ဘာမျှ မတတ်နိုင် သည့် အနေအထားမျိုးတွင် ရှိပါကြောင်း။ ဗုဒ္ဓဘာသာဖြစ်ဘို့အတွက် အခြားသူများကို တွန်း အားပေး ဘို့ မလိုသော်လည်း ဗုဒ္ဓဘာသာရဲ့ ကောင်းမြတ်တဲ့ သဘောတရားများကို ပြောပြ သင့်ပါကြောင်း။ အရေးကြီးသည်မှာ ဗုဒ္ဓဘုရား ဟောထားသည့် အတ္တာ ဟိ အတ္တနော နာထော ဆိုသည့်အတိုင်း မိမိကိုယ်ကိုသာ ဗုဒ္ဓဘာသာဝင် ကောင်းတစ်ယောက်ဖြစ်ဘို့ အလေးထား သင့်ပါကြောင်း။ အခြားသူဆိုသည်မှာ ဒုတိယအဆင့်တွင် ရှိပါကြောင်း။ ''


ဒုတိယ အမျိုးသမီး။ ။ ''အခြား ခရစ်ယာန်၊ မွတ်စလင်စသည့် ဘာသာများသည် ကျောင်း ဆောက်ပေးခြင်း။ ထောက်ပံငွေပေးခြင်း စသည်များကို ပြုလုပ်ပေးပြီး လူ့ဘောင်အဖွဲ့အစည်းကို တိုးတက်အောင် ဆောင်ရွက် ပေးကြပါကြောင်း။ ဗုဒ္ဓဘာသာ အနေဖြင့် လူ့ဘောင်အဖွဲ့အစည်း စည်ပင်အောင် ဘယ်ကဏ္ဍက ပါဝင်ဆောင် ရွက်သည်ကို သိလိုပါသည်''


စာရေးသူ။ ။ဗုဒ္ဓဘာသာသည်လည်း ယင်းကဲ့သို့ လူမှုရေး ထောက်ပံ့ကူညီမှုများကို အားပေး ပါကြောင်း။ ဂျပန်၊ တရုပ်၊ ကိုရီးယားစသည့် နိုင်ငံများသည် ဗုဒ္ဓဘာသာနိုင်ငံများဖြစ်ပြီး လူမှုထောက်ပံ့ရေးလုပ်ငန်းများကို ရှေ့တန်းက ဆောင်ရွက်နေကြသည်ကို တွေ့မြင်နိုင် ပါကြောင်း။ သို့သော် ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းသော လူမှုအဖွဲ့အစည်းဖြစ်ရေးအတွက် စိတ် ဓာတ်မြှင့် တင်ရေးကို အဓိက ဦးတည် ထားပါကြောင်း။

ပစ္စည်းဥစ္စာသည် လူဘောင်အဖွဲ့ အစည်းအတွက် လိုအပ်ပါကြောင်း။ သို့သော် ၄င်းသည် ပြီးပြည့်စုံသော စိတ်နှလုံး ကျေနပ်နှစ်သက်မှုကို မဖြစ်စေပါကြောင်း။ ယနေ့ ချမ်းသာသည့် အနောက်နိုင် ငံသားများသည် စိတ်နှလုံးအေးချမ်းသည့် နည်းလမ်း(ကမ္မဋ္ဌာန်းတရား) များကို ရှာဖွေ လိုက်စားလာပါကြောင်း။ မကြာမီက ဖြစ်ပွားခဲ့သည့် ကိုရီးယားသမ္မတဟောင်းနှင့် ဒေ၀ူးကုမ္ပဏီ ပိုင်တို့ ကိုယ့်ကိုယ်ကို သတ်သေသွားခြင်းသည် တကယ့် ငြိမ်းချမ်းရေးသည် ပစ္စည်းဥစ္စာ မဟုတ်ဟု ပြောသလိုဖြစ်နေပါကြောင်း။ ဒါကြောင့် တကယ့်ငြိမ်းချမ်းမှု အစစ်အမှန်ကို ပေးနိုင်သည့်အရာသည် မည်သည့်အရာဖြစ်သည်ကို ခန့်မှန်းတွက်ဆနိုင်ပါကြောင်း။ ဗုဒ္ဓဘာ သာသည် ထိုကွက်လပ်ကို ဖြည့်ဆည်းပေးသည့် ငြိမ်းချမ်းရေးနည်းလမ်းပြ ဘာသာတရား တစ်ခုဖြစ်ပါကြောင်း။ ''


အခမ်းအနားကို ညနေ ၂ နာရီအချိန်တွင် အဆုံးသတ်လိုက်ကြသည်။