Tuesday, December 20, 2011

မြန်မာပြည်သို့ ပြန်ခဲ့သည် (ခရီးသွားမှတ်တမ်းငယ်) (၅)



 စာရေးသူကား အိန္ဒိယပြန်ဘို့ ဗီဇာ မလုပ်ရသေးပေ။ ပတ်စပို့အသစ်ကိုမူ ရန်ကုန်မှ ကိုဇော်သောင်းက လှမ်းပို့ထားသဖြင့် အဆင်သင့် ရထားပြီးဖြစ်သည်။ ဗီဇာကို မန္တလေး အိန္ဒိယ သံရုံးတွင် လုပ်က နေ့ချင်းပြီး လွယ်ကူကြောင်း သိရ။ တက္ကသိုလ်မှ ထောက်ခံစာပါက ပိုမို အဆင်ပြေသည်ဟု ပြောသဖြင့် ထောက်ခံစာရဘို့ မော်ကွန်းထိန်း ဆရာတော်ထံသွားရာ (အင်္ဂလိပ်လို ရေးထားသည့်) ထောက်ခံစာ အဆင်သင့် မဖြစ်သေး၊ နောက်နေ့မှ လာယူရန် ပြောသဖြင့် ပြန်လာရ။ နောက်နေ့ ညပိုင်းတွင် ဦးဇာဂရ အကူအညီဖြင့် ထောက်ခံစာ စာမူရေး၍ သွားပြ။ နက်ဖြန်မှ ပြန်လာပါ ဟု ပြောသဖြင့် ပြန်လာရ။ နောက်နေ့ နေ့လည်ပိုင်းမှသာ ထိုထောက်ခံစာကို ရသည်။ ထိုထောက်ခံစာအတွက် သုံးရက်ခန့် ကြိုးစားယူရသည်။
 
၇-၁၁-၁၁။ တနင်္လာနေ့ နေ့လည်ပိုင်းတွင် စစ်ကိုင်း ဇေယျာကွက်သစ်ရပ် သိန်းထိုက် အောင်အိမ်က ကားဖြင့် မန္တလေး အိန္ဒိယသံရုံးသို့ သွားသည်။ သိန်းထိုက်အောင်ဆန်ဆိုင် မိသားစုသည် စာရေးသူအား လိုအပ်တာမှန်သမျှ ထောက်ပံ့ကူညီ ပေးနေ သော ရပ်မျိုးမကင်းသည့် မိသားစုဖြစ်သည်။ စာရေးသူ M.A ဘွဲ့အတွက် အိန္ဒိယသွားစဉ်က မိသားစု စုပေါင်း၍ အကြော်အလှော်စားစရာများနှင့်တကွ ငွေ ၁၀ သိန်းပေးလိုက်သည်။ နောက်လည်း သုံးသိန်းကျပ် လှမ်းပို့ပေးသေးသည်။ ပညာရေးပြီးပါက သိမ်ထပ် ဒကာခံဘို့လည်း ဖွင့်ဟ ပြောထားသည်။  သူတို့သည် မန္တလေး စဥ့်ကူးနယ် ကြက်တူ ရွေးရွာမှ ဖြစ်ကြသည်။ ထိုနေ့က ဆရာတော် အရှင်နန္ဒမာလာ ဦးဆောင်သည့် သီတဂူတက္ကသိုလ်သုံးခုမှ ဆရာများ ဖွဲ့စည်းပုံ ပြန်လည် တည်ဆောက်ရေးအတွက် စည်းဝေးထိုင်သည့်နေ့ဖြစ်သည်။ စစ်ကိုင်းမှ နေ့ ၁ နာရီထွက်လာရာ သံရုံးသို့ ညနေ ၃ နာရီခန့် ရောက်သည်။ ပါလာသော တက္ကသိုလ် ထောက်ခံစာကို သံရုံးတာဝန်ခံအား ပြလိုက်သည်။ တာဝန် ခံက ယခုအချိန်သည် ဗီဇာ ထုတ်ပေးချိန်ဖြစ်သည်။ လက်ခံချိန် မဟုတ်ပါ။ သို့သော် သီတဂူတက္ကသိုလ်ကဖြစ်သဖြင့် လက်ခံ ယူထားလိုက်ပါမည်ဟု ပြောသည်။ စာရေးသူ မျက်လုံးပြူးရပြီ။ စာရေးသူ သံရုံးသို့ လာချိန်သည် ညနေပိုင်းဖြစ်သဖြင့် ဗီဇာထုတ် ပေးချိန်ဖြစ်နေသည်။ ဗီဇာထုတာ တစ်ရက်တည်း ပြီးသည်ဆိုသည်မှာ နံက်ချိန် အရောက် သွားမှဖြစ်နိုင်သည်။ သံရုံး ပြန်ကြားရေးဌာနတွင် အလုပ်လုပ်နေသော မသော်သော်ထက်သည် စာရေးသူ၏ ပတ်စပို့ကို ကြည့်၍ ၀က်လက်မြို့ ဇာတိမှန်း သိလျှင် တပည့်တော်လည်း ၀က်လက် သူပါပဲ ဟု ပြော၍ မိတ်ဆက်လာသည်။ သူမ၏ အမေသည် ၀က်လက်မြို့ အထက ကျောင်းကြီးတွင် ကျောင်းအုပ် ဆရာမကြီးလုပ်ခဲ့ဘူးသည်။ ၀က်လက်သားနှင့် အိမ်ထောင်ကျပြီး သားတစ်ယောက်၊ သမီး၂ ယောက်ဖွားမြင်ခဲ့သည်။ မသော်သော်ထက် အသက် ၁၅-နှစ်အရွယ် မန္တလေးသို့ ပြောင်းရွှေ့လာကြသည်။  မသော်သော်ထက် အမေသည် ကရင်အမျိုးသမီး တစ်ယောက်ဖြစ်ပြီး အမည်မှာ ဒေါ်နော်ဗြူးလာဖြစ်သည်။ ယခုအခါ မန္တလေးမြို့ ပုသိမ်ကြီးသွားလမ်းတွင် နေထိုင်ကြောင်း သိရသည်။  မသော်သော်ထက်မှာ ကရင် သွေးပါသဖြင့် အသားဖြူ၊ ၀ဖြိုး၍ ရုတ်တရက်ကြည့်လျှင် တရုပ်အမျိုးသမီးတစ်ဦးလေလားဟု ထင်မှတ်ရသည်။ မသော်သော် ထက် အိန္ဒိယသံရုံးတွင် အလုပ်လုပ်လာသည်မှာ ၁၀ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ မသော်သော်ထက် က ခဏစောင့်ပါ နေ့ချင်း ရလိုရငြား ပြောကြည့်ပေးပါမည်ဟု ပြောသည်။ ဗီဇာ ပြုလုပ်ပေးသည့် တာဝန်ခံ ပုဂ္ဂိုလ်ရောက်လာလျှင် စာရေးသူ၏ ဖိုင်တွဲများအား စစ်ဆေးပြီး လက်ခံရယူသည်။ သို့သော် နေ့ချင်းရဘို့ကား မဖြစ်နိုင် ပါကြောင်း ပြောဆိုသည်။ သံမှူးက ကြာသပတေး နံက်ပိုင်း ရနိုင်ကြောင်း ပြောသည်။ သို့သော် ဗီဇာ တာဝန်ခံ ပုဂ္ဂိုလ်က ၄င်းနေ့ နံက်တွင်လည်း မရနိုင်ကြောင်း ညနေ ၄ -နာရီနောက်ပိုင်းမှသာ ရနိုင် မည်ဖြစ်ကြောင်း ပြောသည်။ ဘာမျှ မတတ်နိုင်တော့ပါ။ ဗီဇာ တာဝန်ခံ ကုလား ပြောသည့်အတိုင်း ၄င်း ညနေပိုင်းမှသာ လာယူရတော့မည်။ တာဝန်ခံ ကုလားက စာရေးသူ၏ စာရွက်ဖိုင်ကို လက်ခံရယူပြီး ဗီဇာထုခ ဒေါ်လာ ၇၈ ကျပ်တောင်းသည်။ စာရေးသူက ဒေါ်လာ တစ်ရာတန်ထုတ် ပေးလိုက်သည်။၂၀ ပြန်အမ်းသည်။ ၂ ဒေါ်လာ အကြွေမရှိသေးလို့ပါ ဟု ပြောသည်။ ကုလား အကျင့်ကို သိနေသဖြင့် မပြန်ခင် တောင်းရမည်ဟု တွေးထားသည်။ တာဝန်ခံကုလား တိုက်အပေါ် ထပ်သို့ ပြန်တက်သွားသည်။  ကားဆရာ ကိုထွန်း တင့်သည် စာရေးသူအား သံရုံးတွင် ထားခဲ့ပြီး ဆေးရုံးကြီးသို့ ဆေးစစ်သွားရန် ထွက်သွားသည်။ သူသည် နှလုံးသွေးကြောကျဉ်း ရောဂါရှိရာ ထိုရောဂါအတွက် မန္တလေး ဆေးရုံးကြီးတွင် နောက်တစ်ပတ် ရောက်လာမည့် နိုင်ငံခြား ခွဲစိတ်ဆရာဝန်ကြီးများနှင့် ခွဲစိတ်ကုသရန် စာရင်းပေးထားရမည်ဖြစ်သည်။ ထိုအတွက် ဆေးရုံးကြီးသို့ သွားခြင်းဖြစ်ပြီး ထိုမှ စာရေးသူအား ပြန်လည် ခေါ်မည်ဖြစ်သည်။ စာရေးသူသည် သံရုံးထဲမှာပင် ညနေ ၄ နာရီကျော်သည်အထိ ကိုထွန်းတင့်အား စောင့်စားနေခဲ့သည်။ ညနေ ၄ နာရီနီးလျှင် ဗီဇာ ထုတ်ယူမည့် သူများ သံရုံးသို့ ရောက်လာကြသည်။ ဗီဇာ တာဝန်ခံ ကုလားလည်း ညနေ ၄ နာရီအချိန်တွင် အပေါ်ထပ်မှ ဆင်းလာပြီး ဗီဇာများကို ထုတ်ပေးသည်။ စာရေးသူသည် ဗီဇာယူမည့်သူများ ပြန်သွားသည့်တိုင် သံရုံးထဲမှာပင် ရှိသေးသည်။ ထိုကုလား အပေါ်ထပ်သို့ တက်ခါနီးတွင် ဒေါ်လာ ၂ ကျပ် ပြန်ပေးရန် ရှိသေးကြောင်း ပြောလိုက်သည်။ ထိုအခါ ကုလား ဒေါပွသွားပြီး ငါ ပြောပြီးပြီပဲ၊ အနုတ်မရှိသေးလို့ မပေးသေးတာပါလို့။ ဒီလိုဆို ငါ့ငွေ ပြန်ပေး။ မင်း ငွေတစ်ရာ ဒီမှာ။ ဟု ပြောလာသည်။ ထို့နောက် စာရေးသူ၏ စာရွက် ဖောင်များအား ပြန်ပေးပြီး မင်း ဘယ်အချိန်ရောက်လာတာလဲ သိလား။ အခု ငါ လက်မခံတော့ဘူး။ ကြာသပတေးနေ့မှပဲ လာတော့။ ဟု ပြောလေ၏။ စာရေးသူ ယခုမှ သဘောပေါက် တော့သည်။ ထို့ကြောင့် ကုလားအား ကဲပါ ငါပြောတာ ဗွေမယူပါနဲ့၊ အဲဒီ ၂ ကျပ် ငါ မတောင်းတော့ပါဘူး။ မင်းကို ပေးပါတယ် ဟု ပြောရလေ၏။ ထိုအချိန်တွင် မသော်သော်ထက်မှာ စာကြည့်တိုက်ဘက်သို့ ရောက်နေသဖြင့် အနီးနားတွင် မရှိချေ။ ထိုအချိန် ကိုထွန်းတင့်တို့ ရောက်လာသဖြင့် ကားဖြင့် သံရုံးမှ ပြန်ထွက်ခဲ့သည်။ ထို ၂ ကျပ်ကို ပြန်တောင်းခြင်းသည် မနှစ်မြို့စရာဖြစ်သော်လည်း  ကုလားသ ဘောထားကို သိထားသူ တစ်ယောက်ဖြစ်ပါမူ အလွန်မဟုတ်ဟု နားလည်ပေမည်။ (ထို၂ ကျပ်ကို ကုလားသည် ဗီဇာထုတ်သောနေ့၌ စာရေးသူအား ပြန်လည်ပေး အပ်ခဲ့သည်။) ထိုနေ့က စစ်ကိုင်းသို့ ညနေ ၅ နာရီခွဲလောက်မှ ပြန်ရောက်သည်။
 
၈-၁၁-၁၁။ နေ့ဆွမ်းဘုန်းပေးရန် သုဗောဓာရုံတိုက် သီလရှင် ဆရာလေး မ၀ူပသမာ ဇရပ်သို့ သီတဂူ မောင်သန့်ဇင် ဆိုင်ကယ်ခေါ်၍ ထွက်ခဲ့သည်။ မ၀ူပသမာသည် ရန်ကုန် အလုံမြို့ဇာတိ ဘွဲ့ရ ခေတ်ပညာတတ်တစ်ယောက် ဖြစ်သည်။ သီလရှင်ဘ၀သို့ ကူးပြောင်းလာပြီး စစ်ကိုင်းတောင်ရိုး သီတဂူတက္ကသိုလ်၌ ဗုဒ္ဓစာပေများကို လေ့လာနေရာ ဒီပလိုမာ၊ ဘီအေဘွဲ့များကို အောင်မြင်ပြီးနောက် ယခုအခါ အမ်အေဘွဲ့အတွက် စာတမ်းပြုစုနေသည်။ တစ်ဖက်မှလည်း မ၀ူပသမာသည် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ထံ၌ ပိဋကတ်အခြေခံစာပေများကို လေ့လာဆည်းပူးလျက်ရှိသည်။ စာရေးသူသည် စစ်ကိုင်းသီတဂူတက္ကသိုလ်တွင် မ၀ူပသမာအား အဘိဓမ္မာဘာသာရပ် သင်ကြားပေးဘူးသဖြင့် ဆရာတပည့်ကဲ့သိုဖြစ်နေသည်။ ရန်ကုန်ရှိ သူမ၏ မိသားစုနှင့်လည်း အကျွမ်းတ၀င်ရှိသည်။  စာရေးသူ ရောက်ခိုက် ဆွမ်းစားကြွပါဟု ဖိတ်သဖြင့် သူမ၏ ဇရပ်သို့ သွားရောက်၍ နေ့ဆွမ်းစားရခြင်းဖြစ်သည်။ စာရေးသူဆွမ်းဘုဉ်းပြီး အချိုပွဲဘုဉ်းနေစဉ် စာရေးသူ၏ ဒကာအား နေ့လည်စာကျွေးသည်။ သို့သော် ဒကာချင်းလွဲနေ၍ ငိုအားထက် ရီးအားသန်ဖြစ်ရသည်။ ဖြစ်ပုံမှာ ဒကာအား ထမင်းကျွေးချိန် အခြား (စာရေးသူ၏ အသိ) ဒကာ ၂ယောက်က ဇရပ်တွင် စာရေးသူရှိသည်ဟူ၍ လာရောက်တွေ့ကြသည်။ ဆရာလေးက ထိုဒကာ ၂ယောက်ကို စာရေးသူနှင့် ပါလာသော ဒကာများအမှတ်ဖြင့် နေ့လည်စာဖြင့် ဧည့်ခံလေ၏။ ထိုဒကာ ၂ယောက်ကလည်း ဘာမျှမပြော အဆင်သင့် ထိုင်လျက် စားကြတော့၏။ စာရေးသူကား အချိုပွဲဘုဉ်းရင်း ဆရာလေးများနှင့် စကားစမြည်ပြောနေ၏။ ခဏကြာမှ နောက်သို့ လှည့်ကြည့်မိရာ ကိုယ့်ဒကာ မဟုတ်မှန်းသိရ၍ ဘယ်မှာလဲ ငါ့ဒကာဟု နှုတ်မှ ပြောမိ၏။ ထိုအခါမှ ဆရာလေးများလည်း မျက်လုံးပြူးသွားပြီး ဘယ်မှာလဲ ဦးဇင်းဒကာ ဟု မေးပြီး ဇရပ်အပြင်ဘက်ထွက်ကြည့်ရာ  သစ်ပင်အောက်တွင် လေညှင်းခံနေသော ဆိုင်ကယ်ဒကာ မောင်သန့်ဇင်ကို တွေ့ရလေသည်။ ထိုနေ့က ၂ ယောက်စာပိုသွား၍ ဆရာလေးများ ဆွမ်းမ၀ တ၀နှင့် တစ်နေ့တာ ပြီးရမည့်အရေးကို တွေး၍ စိတ်မကောင်းဖြစ်မိသည်။ ဇရပ်တွင် ဆွမ်းစားပြီး ဆရာတော် အရှင်နန္ဒမာလာထံ သွားရောက်ကန်တော့သည်။ ဆရာတော်က ယမန် နေ့က သီတဂူတွင် ဆရာများ အစည်းဝေးလုပ်ကြောင်း၊ ဖွဲ့စည်းပုံအချို့ ပြင်ဆင် ပြောင်းလည်းခဲ့ကြောင်း စသည်မိန့်တော်မူသည်။ စာရေးသူသည် အိန္ဒိယတွင် ပြုလုပ်မည့် အဘိဓမ္မာ စာတမ်းအတွက် မေးလျှောက်ဘွယ်အချို့ကို မေးလျှောက်ပြီး  သီတဂူသို့ ပြန် လာခဲ့သည်။ 
 
ညနေပိုင်းတွင် စစ်ကိုင်းမြို့ထဲမှ ဦးချိုလေး နှင့် ဒေါ်လှတို့ ဇနီးမောင်နှံနှစ်ဦး ကားဖြင့် ရောက်လာကြသည်။ စာရေးသူအား ပညာသင်စရိတ် ငွေ ၂ သိန်းကျပ်လာရောက် လှူကြခြင်းဖြစ်သည်။ ယမန်နှစ်ကလည်း ဆွေမျိုးများစုပေါင်း၍ ငွေ ( ၆) သိန်း လှူလိုက်ကြသေးသည်။ စာရေးသူ ငယ်စဉ်ကလေး ဘ၀ကပင် ဒေါ်လှနှင့် ခင်မင်ရင်းနှီး သည်။ စာရေးသူ ငယ်စဉ် ကျောင်းသားဘ၀က ဒေါ်လှ ၏ အဒေါ်များက စာရေးသူတို့ ပထမဂန္ဓာရုံ ကျောင်းတိုက် သံဃာတော်များအား နေ့စဉ် ဆွမ်းဝတ်ပြု လောင်းလှူသည်။ ဤဆွမ်းဝတ်ကို ဒေါ်လှ က နေ့စဉ် ဆောင်ရွက်ရသည်။ စာရေးသူက ဒေါ်လှတို့ အိမ်သို့ နေ့စဉ်သွားရောက်၍ ဒေါ်လှ ဆွမ်းလောင်းရာတွင် ကူညီလုပ်ကိုင် ပေးရသည်။ သံဃာတော်များအား ဆွမ်းလောင်းပြီးလျှင် (သံဃာတော်များ အကျန် ဆွမ်းဟင်းဖြင့်) ဒေါ်လှကျွေးသည်ကို နံနက်စာအဖြစ် စားသောက်ပြီးပါမှ အခြားအိမ်များသို့ အိမ်စဉ် လှည့်၍ ဆွမ်းချိုင့်ယူသည်။ ဒေါ်လှသည် စိတ်သဘောထားဖြူ စင်၍ တပါးသူအပေါ် သနားကြင်နာတတ်သည်။ ဘာသာတရား ကိုင်းရှိုင်း ရိုသေသူဖြစ်သည်။ နောင်အခါ ဆွေရိပ် မျိုးရိပ် မကင်းသော ဦးချိုလေးနှင့် အကြောင်းပါခဲ့သည်။ ဦးချိုလေးသည် ဒေါ်လှထက် အသက်ငယ်သည်။ ယခုအခါ ဒေါ်လှမိသားစုသည် မန္တလေးမြို့သစ်တွင် ပြောင်းရွှေ့နေထိုင်လျက် ကား အရောင်း အ၀ယ်လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကြောင်း ပြုနေသည် ဟု သိရသည်။
 

Saturday, December 17, 2011

မြန်မာပြည်သို့ ပြန်ခဲ့သည် (ခရီးသွားမှတ်တမ်းငယ်) (၄)


ဝက်လက်မြို့ ပူဇော်ပွဲကို  အုတ်တိုက်ကျောင်း ကလျာဏသိရီ ဗိမာန်တော်ကြီးထဲတွင် ကျင်းပသည်။  ဗိမာန်တော်ကြီးသည် အလျား ၁၂။ အနံ ၆ ပေရှိပြီး အမိုး ၃ ထပ်၊ ပတ်ကေးခင်း၊ ဘုရားခန်း၊ နားနေခန်း ၂ ခန်း၊ မျက်နှာကျက်၊ ဖန်မီးလုံး၊ ပန်ကာ အလှများဖြင့် သိန်း (၄၀၀၀)ကျော် အကုန်အကျခံ တန်ဆာဆင် တည်ဆောက်ထားသည်။ စစ်ကိုင်းနယ်တွင်အကောင်းဆုံးဗိမာန်ဟု ပြောကြသည်။ ဤကျောင်း ဆောင်ကြီး ကို စာရေးသူ အိန္ဒိယမသွားမီက အုတ်တိုက်ကျောင်း ၇၅ နှစ် စိန်ရတု အထိမ်းအမှတ်အဖြစ် စီမံဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ ယမန်နှစ် ဖေဖော်ဝါရီလ က ကျောင်းရေစက်ချပွဲ ပြုလုပ်ခဲ့သည်။ အလှူရှင်မှာ ၀က်လက်မြို့ဇာတိ (အုတ်တိုက်ကျောင်းထွက်) စည်ပင် ဒုဝန်ကြီး ဦးတင်ငွေမိသားစုနှင့် နယ်သူနယ်သား များ ဖြစ်ကြသည်။ ကျောင်းရေ စက်ချပွဲလာရောက်ရန် ဖိတ်ကြားခဲ့သော်လည်း စာရေးသူ မသွားဖြစ်ခဲ့ပါ။  စာရေးသူ၏ ပူဇော်ပွဲဆိုသော်လည်း ကြီးကြီး ကျယ်ကျယ် မဟုတ်ပါ။ အဓိကအားဖြင့် ခြောက်ဦးအမာခံ အလှူရှင်များက သူတို့၏ အလှူတော်ငွေများကို စုပေါင်း၍ ပေးအပ်ကြခြင်းဖြစ်သည်။ (စကားချပ်။ ပွဲ လုပ်သော်ရှိ မလုပ်သော်ရှိ စာရေးသူအား ပေးအပ်လိုက်ကြမည်ဖြစ်သည်) ပူဇော်ပွဲသို့ အလှူရှင်များ၊ ၀က်လက်မြို့နယ် စာပေနှင့်စာနယ်ဇင်းမှ စာရေးဆရာများနှင့် ဥပုသ်သီတင်းသည်များ တက်ရောက်ကြ သည်။ မည်သူ့ကိုမျှ အသိပေး ဖိတ်ကြားထားခြင်း မရှိသဖြင့် အလှူငွေ ပေးအပ်ပွဲမှာ တိုးတိုး တိတ်တိတ် ပြီးစီးသွားလေသည်။ ၀က်လက်မြို့ အလှူတော် ငွေပေးအပ်ပွဲမှ အလှူ ငွေ (သို့မဟုတ်) ပညာသင်စရိတ် စုစုပေါင်း ကျပ်သိန်း(၄၀) ဖြစ်သည်။

အလှူရှင်များမှာ-

၁။ ၀က်လက်မြို့ အုတ်တိုက်ကျောင်း ဆရာတော်  ၅ သိန်း။
၂။ ၀က်လက်မြို့ ကြို့ပင်ကျောင်းဆရာတော်။ ၅ သိန်း။
၃။ ၀က်လက်မြို့ ရွှေဟင်္သာမင်း မုန့်တိုက်မိသားစု၊ ၅ သိန်း။
၎။ အောင်ချမ်းသာရွာ  ဦးအောင်သိန်း ဒေါ်သန်းဆိုင် မိသားစု။ ၅ သိန်း။
၅။ အောင်ချမ်းသာရွာ ဦးဗိုလ်မောင် ဒေါ်မြင့်သန်း မိသားစု ၅ သိန်း။
၆။ အောင်ချမ်းသာရွာ မလှပို၊ မောင်ပေါစံ+မလှစောမိသားစု ၅ သိန်း။
၇။ ကုန်းကြီးရွာ ဦးချစ်ထွန်း ဒေါ်သောင်းရီမိသားစု ၂ သိန်း။
၈။ သခွတ္တောရွာ ဦးချစ်ဌေး ဒေါ်ညိမ်းရှင်မိသားစု ၁-သိန်းခွဲကျပ်နှင့် အခြား အလှူရှင် တို့ဖြစ်ကြ​သည်။ 

အထက်ပါ အလှူရှင်များသည် စာရေးသူ၏ အဒေါ်၊ အစ်ကို၊ ညီ၊ အစ်မ၊ တူ၊ တူမများသာ ဖြစ်ကြသည်။ အခမ်းအနားတွင် အုတ်တိုက်ကျောင်း ဆရာတော်က သီလပေး ရေစက်ချ ပြုလုပ်ပြီး စာရေးသူက တရား စကား အနည်း ငယ် ပြောရသည်။ ယခုပွဲသည် ဆွေမျိုးများထံ ပညာသင်စရိတ် ငွေတောင်းသည့် ပွဲတစ် ပွဲဖြစ်ကြောင်း။ မြတ်စွာဘုရားကလည်း ရဟန်းတော်များကို လိုအပ်တာမှန်သမျှကို ဆွေမျိုးများထံ တောင်း ဘို့ ခွင့်ပြုထားကြောင်း။ ထို့ကြောင့် မြတ်စွာဘုရား စကားတော်နှင့်အညီ ယခုလို လိုအပ်တဲ့ အချိန်မှာ ဆွေ မျိုးများထံ တောင်းခြင်းဖြစ် ကြောင်း။ ယမန်နှစ်ကလည်း ပညာသင်စရိတ် သိန်း ၂၀-ကို ဆွေမျိုးများ ကပဲ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။ နောင်လည်း လိုအပ်ရင် တောင်းအုံးမှာဖြစ်ကြောင်း။ ဦးရီး တော် (ရွှေကျင် ဒုတိယ သာသနာပိုင် ဆရာတော်) ဘုရားက မိမိ ရဟန်းခံမည် ဆိုသောအခါ ရဟန်းဒကာ၊ ဒကာမ တစ်ဦး တစ်ယောက်တည်း မလုပ်ကြဘဲ တစ်ဆွေ မျိုးလုံးက ရဟန်းဒကာ ရဟန်းအစ်မ ဖြစ်ကြရမည်ဟု မိန့်တော် မူခဲ့ကြောင်း။ယခုအခါဆရာတော်ကြီးမိန့်တော်မူခဲ့သည်နှင့် ထပ်တူထပ်မျှ ဖြစ်နေသည်မှာ အံ့စရာကောင်း  
ကြောင်း စသည်ပြောသည်။ (စကားချပ်။ ။စာရေးသူအတွက် ဆွေမျိုး များက ငွေများ စွာကုန်ကျမည်ကို ဦးရီးတော် ဆရာတော်ဘုရားသည် ကြိုတင်သိမြင် တော်မူပုံရသည်)

ဝက်လက်မြို့နှင့် ၁မိုင်ခွဲခန့်ဝေးသည့် စာရေးသူ၏ ချက်မျြပ်ဇာတိ ကုန်းကြီးရွာသူ ရွာ သားများကလည်း စာရေးသူအား နှုတ်ဆက်ကန်တော့ပွဲလေး လုပ်ချင်ပါသေးသည် ဟု ဆိုသဖြင့် ညနေပိုင်း ၄ နာရီတွင် ရွာဘက်သို့ ထွက်ခဲ့သည်။ အခမ်းအနားကို သဒ္ဓရံသီထူပါရုံကျောင်းတိုက်အတွင်း ကျင်းပသည်။ ဤကျောင်းတိုက်သစ်ကို (ရွာ၏ မြောက်ဘက်မှ တောင်ဘက်သို့ ပြောင်းရွှေ့၍) စာရေးသူ ဦးစီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ မသွားမီက ၇ ခန်း ၅ ခန်းကျောင်းမကြီး၊ မုခ်ဦး၊ တံတိုင်း၊ ရေလျှံတွင်း( ၂၄ နာရီ အလိုလို ရေချိုထွက်)။ ကုဋီ၊ အသားကျောင်းတို့ရှိခဲ့ပြီး ယခု အခါ နှစ် ထပ် ခြေတန်ရှည် ၅×၃ ခန်း ဆွမ်းစားကျောင်း၊ (စာရေးသူ အိန္ဒိယ မသွားမီက နယ်သိမ်းသိမ် စီမံ သမုတ်ပေးခဲ့သော) သိမ်ကျောင်းတို့ ပြီးစီးနေသည်ကို တွေ့ရသည်။ မကြာမီ ၉ ခန်း ဓမ္မာရုံတစ်ခု တည်ဆောက်ရန် ရာထားချက်ရှိကြောင်း သိရသည်။ ဘုန်းတော်ကြီးကျောင်းအတွက် အဆောက်အအုံများ  ပြည့်စုံပြီဖြစ်သော် လည်း ရွာစာသင်ကျောင်းမှာ ယခုအချိန်အထိ အုတ်ကာ သိပ်မိုးမဖြစ်သေးသည်ကို များစွာ စိတ်မကောင်းဖြစ်မိသည်။ (စကားချပ်။ စာရေးသူမှာလည်း ရှိသမျှ ကုလားပြည်သို့ ပေးနေရ၍ ထိုကျောင်းဆောင်အတွက် စိတ်သာရောက်၍ လက်မပါဖြစ်နေရသည်) သို့သော် များမကြာမီက ကြံ့ခိုင်ရေး အသင်းနာယက ၀န်ကြီး ဦးအေးမြင့် ကိုယ်တိုင်ရွာသို့ လာရောက်၍ စာသင်ကျောင်းဆောင် အတွက် သစ်သား ၁၈ တန်၊ ဘိလပ်မြေ ၂၀၀။ သွပ် ၁၈၀။ တို့ကို ချပေးသွားကြောင်းသိရသည်။ ၀က်လက် ကုန်းကြီးလမ်းသာယာရေးကိုလည်း တစ်ဝက်ပါဝင်မည်ဖြစ် ကြောင်း ပြောသွားသည်ဟု ဆိုသည်။ ညနေ ၄-နာရီခွဲတွင် တရားပွဲစသည်။ အင်္ဂုတ္တိုရ်ကျမ်းလာ သမ္ပဒါတရား လေးပါးကို မြတ်စွာဘုရားရှင်၏ စီးပွားရေး ဦးတည်ချက်လေးရပ်အမည်ဖြင့် ဟောပြသည်။ တရားပွဲပြီးလျှင် စုပေါင်း အလှူတော်ငွေ ငါးသိန်းကျပ်ကို ပေးအပ်သည်။ တရားပွဲပြီးလျှင် နှုတ်ဆက်စကားဆိုကြသည်။ ရပ်ရွာအကျိုးတော်ဆောင်အဖွဲ့နှင့်လည်း စကားစမြည်ပြောရသည်။ ယခုအခါ ရပ်ရွာအကျိုးတော်ဆောင်အဖွဲ့သည် စာသင်ကျောင်းဆောင် အသစ် ဆောက်လုပ်ခြင်းနှင့် ၀က်လက် ကုန်းကြီးရွာလမ်း သာယာရေးတို့ကို အင်တိုက် အားတိုက် လုပ်ဆောင် နေကြချိန်ဖြစ်သည်။ ရွာမှ ၀က်လက်သို့ ည (၉ ) နာရီ အချိန်ရောက်မှပင် ပြန်လာခဲ့နိုင်သည်။ နောက်တစ် ရက် နံက် စစ်ကိုင်းပြန်ဘို့ ပြင်ဆင်ရသည်။

၎-၁၁-၂၀၁၁။ နံနက် ၆-နာရီ ခြင်္သေ့မင်းကားဖြင့် ၀က်လက်မှ စစ်ကိုင်းသို့ ထွက်ခဲ့သည်။ ယနေ့ဆွမ်းကပ်မည့် အရီးတို့အဖွဲ့ကလည်း ကားငှား၍ ယနေ့နံက် စောစောကပင် စစ်ကိုင်းသို့ ထွက်သွား ကြပြီဖြစ်သည်။ ဆွမ်းကပ်အဖွဲ့သည် စုစုပေါင်း ၂၀ -ယောက်လောက်ရှိမည်။ အရီးတို့အဖွဲ့သည် နာမည် ကျော် တက္ကသိုလ်ကျောင်းတိုက် အတွင်းသို့ ယခုလို လာရောက် ဆွမ်းကပ်ခွင့်ရခြင်းကို များစွာ ၀မ်းသာ နေကြသည်။ သီတဂူတက္ကသိုလ်တွင် သံဃာတော် ၆၈ ပါး၊ အမှုထမ်း ၂၀ အတွက် အာရုံ-၁ သိန်း။ နေ့- ၂ သိန်းကျပ်ဖြင့် ဆွမ်းကွမ်း ဆက်ကပ်နိုင်သည်။ နေ့ဆွမ်းကပ်ချိန်တွင် သံဃာ တော်များက စတီးလ် (ထိုင်းနိုင်ငံလုပ်) သပိတ်ကိုယ်စီဖြင့် ကြွရောက်လာသည်ကို အလှူရှင်များက ဆွမ်းလောင်း လှူရသည်။ ထို့နောက် သံဃာတော်များက မေတ္တသုတ် ချီးမြှင့်သည်ကို နာယူရ သည်။ နေ့ဆွမ်းဆက်ကပ်ပြီးလျှင် အရီးတို့အဖွဲ့ ကားဖြင့် ပြန်သွားကြသည်။ မတ္တရာသို့ ပြန်မည့် အစ်ကိုကြီးကိုမူ မပြန်စေသေးဘဲ စာရေးသူ အခန်းတွင် နားနားနေနေ နေစေ၍ သီတဂူဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်စေသည်။ သွေး၊ ဆီး၊ နှလုံးတို့ကို စစ်ဆေးစေရာ နှလုံးခုန် အနည်းငယ် မြန်တာကလွဲ၍ အားလုံးကောင်းသည်ဟု အဖြေ ထွက်လာခဲ့သည်။   ထိုအတွက် ကြာသပတေးနေ့တွင် သမားတော်အား ပြသရန် ဆရာဝန်က ညွှန်သဖြင့် နောက်ထပ် ၂ ရက် ၃ ရက် စစ်ကိုင်းတွင် ဆက်လက်နေဘို့ ဖြစ်သွားခဲ့သည်။


Wednesday, December 14, 2011

မြန်မာပြည်သို့ ပြန်ခဲ့သည် (ခရီးသွားမှတ်တမ်းငယ်) (၃)


၂၅-၁၀-၂၀၁၁။ နံနက် ကားဖြင့် ၀က်လက်မှ စစ်ကိုင်းသို့ ထွက်ခဲ့သည်။ နက်ဖြန် တော်သလင်းလကွယ်နေ့ ၀က်လက်မြို့ စည်ပင်ဈေး ၀ိသာခါဆွမ်းကပ်အဖွဲ့က စာရေးသူ ရောက်ခိုက် စစ်ကိုင်း-သီတဂူတက္ကသိုလ် တွင် ဆွမ်းဆက်ကပ်လိုပါသည် ဟုဆိုသဖြင့် ယနေ့ ထွက်လာခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်း သီတဂူတက္ကသိုလ် သည် စာရေးသူ၏ မိခင် ဌာနဖြစ်သည်။ ပြည်ပသို့ ပညာသင် မသွားမီက သီတဂူတွင် ဒီပလိုမာနှင့် ဘီအေ တန်း အောင်သည်အထိ နေထိုင်ပညာသင်ကြားခဲ့သည်။ ဆွမ်းကပ်အဖွဲ့ ည ရထားဖြင့်  စစ်ကိုင်းသို့ ရောက် လာကြသည်။

၂၆-၁၀-၁၁။ သီတင်းကျွတ် လကွယ်နေ့။ သီတဂူကမ္ဘာ့တက္ကသိုလ်တွင် သီတင်းသုံး တော်မူသော သံ ဃာတော် ၆၈ ပါးတို့အား အာရုံဆွမ်း နေ့ဆွမ်းတို့ဖြင့် ဆက်ကပ် လှူဒါန်းသည်။ သီတဂူတွင် နေ့ဆွမ်း ဆက် ကပ်ပြီးသည်နှင့် ၀က်လက်ဆွမ်း ကပ်အဖွဲ့သည် နေ့ ရထားဖြင့် ၀က်လက်သို့ ပြန်ကြပြီး စာရေးသူနှင့် ဦးဗာကုလတို့သည် ပခုက္ကူသို့ ညနေ ၃-နာရီ ရွှေမန်းသူ ကားဖြင့် ခရီးဆက်ခဲ့ကြသည်။  ပခုက္ကူသို့ ည ၈-နာရီအချိန်တွင် ဆိုက်ရောက်သည်။ ကားဂိတ်သို့ မြင်သာ ဘုမ္မကျောင်းဆရာတော်နှင့် ဒကာ၊ ဒကာမ များက ကား ဆိုင်ကယ်များဖြင့် လာရောက် ကြိုဆိုကြသည်။ ပခုက္ကူသည် စာရေးသူ၏ ဘ၀တစ်ခုဖြစ်ခဲ့ သည်။

စာရေးသူ ပခုက္ကူမြို့ မဟာဝိသုတာရာမ အလယ်တိုက်ကြီးတွင် ၁၀-နှစ်တိုင် ပညာသင်ခဲ့သည်။ ပထမကြီး တန်းနှင့် အစိုးရ စာချတန်းတို့ကို ပခုက္ကူမှာပင် ပြီးစီး အောင်မြင်ခဲ့သည်။ ပခုက္ကူနည်းဖြင့် နိကာယ်ကျမ်းကြီး များကို အားပါးတရ သင်ယူခဲ့သည်။ ပိဋကတ်မျက်လုံးပွင့်လင်းခဲ့ခြင်းနှင့်အတူ တရားဟော၊ စာရေး အတတ်တို့ကိုလည်း ပခုက္ကူကပင် ရရှိခဲ့သည်။ ဆိုရလျှင် ခေတ်ပညာ သင်ကြားဘို့ ပခုက္ကူကပင် စတင် အခြေပျိုးပေးခဲ့ခြင်းဖြစ်သည်။ ၂၀၀၀-ခုနှစ် ပခုက္ကူတွင် အစိုးရ စာချတန်း အောင်မြင်ပြီးနောက် ခေတ်ပညာ သင်ကြားရန်အတွက် စတင်တာဆူသောအားဖြင့် ပခုက္ကူမြို့ မြင်သာဆန်တန်းရပ် ဆရာကြီး ဦးအောင်ဆင့် ထံတွင် အင်္ဂလိပ်စာ စတင် သင်ကြားခဲ့သည်။ သင်ယူခဲ့ရာ နေရာမှာ ပခုက္ကူမြို့ ရွှေဂူ ဘုရားကြီးအနီး တက္က သိုလ်ကျောင်းတိုက်အတွင်းဖြစ်သည်။ ဆရာကြီးထံတွင် အခြေခံ အင်္ဂလိပ်စာများကို တစ်လခန့် သင်ကြားပြီး နောက် စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ပခုက္ကူတွင် ၁၀-နှစ်တာ နေထိုင်ခဲ့သည့် ကာလအတွင်း ဆွေမျိုးကဲ့ သို့သော အသိမိတ်ဆွေများ ရရှိခဲ့သည်။ အထူးသဖြင့် ပခုက္ကူမြို့ အနောက်ပိုင်း မြင် သာ ၁၄ ရပ်ကွက်သည် စာရေးသူ၏ နယ်မြေဟု ဆိုရလောက်အောင် ထိုရပ်ကွက် တွင် အသိမိတ်ဆွေ ပေါများလှသည်။ အမှတ် ၁၄ မြင်သာ ဈေးတန်း ရပ် ဒေါ်ချောသည် စာရေးသူ၏ ရဟန်းမယ် တော်ကြီးဖြစ်သည်။

(၂၈၊ ၂၉။) ၂-ညတိုင် မြင်သာ ဘုမ္မရပ် ကျောင်းတိုက်အတွင်းဝယ် စာရေးသူ၏ ညတ ရားပွဲ ပြုလုပ်သည်။ ကမ္ဘာနှင့် မြန်မာ သဘောတရားများကို နှိုင်းယှဉ်ပြောပြ သည်။ ကုလားပြည်တွင် ဗုဒ္ဓဘာသာ ကွယ်ပရခြင်း အကြောင်းနှင့် မြန်မာပြည်တွင် သာသနာ ထွန်းလင်းရခြင်းအကြောင်း၊  ကမ္ဘာတွင် မြန်မာတို့က မြတ်ဗုဒ္ဓ တရားများဖြင့် ဆရာလုပ်ဘို့ အချိန်ရောက်လာပြီဖြစ်ကြောင်းနှင့် စီးပွားရေးမှာလည်း မြန်မာတို့သည် ကမ္ဘာ့နံပတ် ၁ နေရာသို့ မကြာမီ ရောက်လာတော့မည်ဖြစ်ကြောင်းများကို ဟောပြခဲ့သည်။ ( စကားချပ်။ ဤပြောဟောချက်များသည် အားလုံးထက် ရှေးကျသည်ဟုမှတ်ကြကုန်။) တရားပွဲ ၂ ည ပြီးဆုံးသောအခါ အလှူတော်ငွေများကို ပေးအပ်လှူဒါန်းကြသည်။ ဓမ္မပူဇာ ၆-သိန်းကျပ်၊ ရဟန်း အမကြီး ဒေါ်ချောနှင့် မြေးမြစ်များက ၁၀-သိန်းကျပ် စုစုပေါင်း ၁၆ သိန်းကျပ်ကို လှူဒါန်းကြသည်။ ထိုငွေများကို စာရေးသူ၏ ပြည်ပ ပညာသင်ကြားစရိတ် အဖြစ် ပခုက္ကူက လှူဒါန်းလိုက်ခြင်းဖြစ်သည်။

စာရေးသူ၏ ရဟန်းမယ်တော်ကြီး အမေချောသည် ယခုအခါ အသက် ၉၀ ကျော်အရွယ် သို့ ရောက်ပြီဖြစ် ၍ မျက်စိနှစ်ကွင်း အလင်းမရရှာတော့ပါ။ သို့သော် ကျန်းမာ ရေး ကောင်းသည်။ စာရေးသူ ကုလားပြည် က ပြန်လာပြီး ပြန်သွားရဦးမည် ဟု သတင်းကြားသည်နှင့် မိမိတို့ (အပို) ပိုင်ဆိုင်ထားသော အိမ်မြေကွက် ကလေးကို သမီးဖြစ်သူအား ရောင်းချလိုက်ပြီး ငွေငါးသိန်းကျပ်ကို စာရေးသူ၏ ပညာသင်စရိတ် အဖြစ် လှူဒါန်းမည်ဖြစ်ကြောင်း စာရေးသူ ရန်ကုန် ရောက်စကပင် သိရသည်။ ထိုငါးသိန်းကျပ်ကို မတည်ထား၍ သားသမီးမြေးများက ၀ိုင်းဝန်းလှူဒါန်းရာ အလှူ ငွေ စုစုပေါင်း ၁၀ သိန်းကျပ်ဖြစ်သွားခြင်းဖြစ်သည်။ ထို့အပြင် နောက်ထပ် ပညာသင် စရိတ်လိုအပ်သေးပါက ယခုလက်ရှိ နေအိမ် ၀ိုင်းခြံလေးကို တစ်ခြမ်း ဖဲ့ပြီး ရောင်းပေးဦးမည်ဖြစ်ကြောင်း၊ ထိုပြင် အိမ်နှင့် ၀ိုင်းကို မည်သည့်သား သမီးကိုမျှ မပေးဘဲ စာရေးသူ အားသာ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ယခု မျက်မှောက်မှာပင် လူသိရှင်ကြား ပေးအပ်ထား ချင်ကြောင်း ပြောလေ၏။(စကားချပ်။ မြန်မာတို့၏ သတ္တိသည် ကြောက်စရာ ကောင်းလွန်းစွ)

အမေချောသည် စာရေးသူအား သားအရင်း တစ်ယောက်ပမာ လွန်စွာ ချစ်ခင်မြတ် နိုးသည်။ သိမ်ထပ်ပြီး ကတည်းက လိုလေသေးမရှိ ထောက်ပံ့ လှူဒါန်းခဲ့သည်။ စာရေးသူ ပခုက္ကူတွင် စာသင်နေစဉ်က စာရေးသူ အား ဆွမ်းခံမထွက်စေဘဲ နေ့စဉ် ဆွမ်းဝတ်ပြု၍ ပို့သည်။ စာရေးသူ စာချတန်းအောင်သော အခါ ကျောင်း လုံးကျွတ် မုံ့ဟင်းခါးကပ်၍ ဂုဏ်ပြုပြန်သည်။ အမေချောသည် များစွာ မရှိရှာပါ။ သို့သော် စာရေးသူ အပေါ်ထားသည့် စေတနာကမူ များပြားလှစွာသည်။ ယခုလည်း အိန္ဒိယပြန်ရဦးမည်ဆိုသော အခါ အိမ်ရောင်း၍ ပေးရှာသည်။ ယမန်နှစ်ကလည်း အိန္ဒိယသို့ ငွေငါးသိန်း လှမ်းပို့ပေးရှာသည်။

ပခုက္ကူတွင် စာရေးသူသည် မြင်သာ ဘုမ္မရပ်ကွက် ကျောင်းတွင် တည်းခို နေထိုင်သည်။ ဤရပ်ကွက်သည် စာရေးသူ၏ ရပ်ကွက်ဟု ဆိုရလောက် အောင် ဆွေမျိုးရင်း ချာပမာ သိကျွမ်းခင်မင်သူ ပေါများလှသည်။ အာရုံဆွမ်း၊ နေ့ဆွမ်း စားသောက်ဘွယ် အစုံအလင်ဖြင့် ပြုစုကျွေးမွေးကြသည်။ အိမ်သို့ ပင့်ဖိတ်၍တစ်ဖုံ၊ လူကိုယ်တိုင်တစ်မျိုး တွေ့ဆုံနှုတ်ဆက်ကြသည်။ လှူကြဒါန်းကြသည်။ စာရေးသူ စာသင်သား ဘ၀ ပခုက္ကူနေစဉ်က ဤကျောင်းတိုက်ဆရာတော်ကြီးနှင့် ရင်းနှီးခင်မင်၍ စာဝါအားချိန် ဥပုသ်နေ့များတွင် ဤကျောင်းတိုက်သို့ မကြာ မကြာ ရောက်ဖြစ်သည်။ ဧရာဝ တီမြစ်ရေတိုက်စား၍ ကျောင်းနှင်ဘုရားကို ယခုလက်ရှိနေရာသို့ ရွှေ့ပြောင်း တည်ဆောက်ရေးတွင်လည်း ဦးဆောင် ဦးရွက်ပြု ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ဤရပ်ကွက်သည် စာရေးသူ၏ ရပ်ကွက်ဟု ဆိုရလောက်အောင် အသိအကျွမ်း ရင်းနှီးခင် မင်သူ ပေါများနေခြင်းဖြစ်သည်။ စာရေးသူတို့ ပခုက္ကူတွင် တစ်ပတ်ခန့် နေပြီး ၂-၁၁-၁၁ နေ့ တွင် ပြန်လာခဲ့ကြသည်။ စာရေးသူက စစ်ကိုင်းတွင် နေရစ်ခဲ့ပြီး ဦးဗာကုလ က ၀က်လက်သို့ လိုက်ပါသွား သည်။ စစ်ကိုင်းသီတဂူတက္ကသိုလ်သို့ ရောက်ပြီး မကြာပါချေ။ ၀က်လက်မြို့ ကြို့ပင်ကျောင်း ဆရာ တော်ထံမှ ဖုန်းသတင်း ရောက်လာသည်။  နက်ဖန် သီတင်းကျွတ် လဆန်း (၈) ရက် ( ၃-၁၀- ၁၁) နေ့ ၀က်လက် အုတ်တိုက်ကျောင်းတွင် ပူဇော်ပွဲ (ငွေလှူဒါန်းပွဲ) ပြုလုပ်မည်။ ထို့ကြောင့် ၀က်လက်သို့ ညချင်း လာခဲ့ရန်ဖြစ်ကြောင်း။ စာရေးသူ ည (၉) နာရီ  မြစ်ကြီးနား အထူးအမြန် ရထားဖြင့် ၀က်လက်သို့ ညချင်းပင်သွားခဲ့သည်။ မြစ်ကြီးနား အထူးအမြန် ရထားသည် ညနေ ၂ နာရီခွဲအချိန်တွင် မန္တလေးမှ စစ်ကိုင်း-ရွာထောင် ဘူတာသို့ ဆိုက်ရောက်နေကျဖြစ်သည်။ ထို့နေ့က အထက်ပိုင်းတွင် မိုးရွာသွန်း မှုကြောင့် ရထား အချိန်မမှန်ဘဲ ည(၉) နာရီမှ ရွာထောင်သို့ ရောက်သည်။ စာရေးသူ စစ်ကိုင်းသို့ ဆင်းနေရစ်ခဲ့ခြင်းမှာ ၀က်လက် အောင်ချမ်းသာရွာမှ အရီးမိသားစုက စစ်ကိုင်း သီတဂူတွင် နေ့ဆွမ်း ဆက်ကပ်လိုကြောင်း ရက်တောင်းထားရာ သီတင်း ကျွတ်လဆန်း (၉) ရက်(၄-၁၀-၁၁) နေ့ရသဖြင့် ထိုနေ့ နံက်တွင် စစ်ကိုင်းသို့ လာ၍ ဆက်ကပ်ကြမည်ကို စာရေးသူက စစ်ကိုင်းမှ စောင့်စားနေရန် အတွက်ဖြစ် သည်။ သို့သော် ၀က်လက်ပူဇော်ပွဲမှာ သီတင်းကျွတ်လဆန်း (၈) ရက်ဟု ဆိုသဖြင့် ၀က်လက်သို့ ချက်ချင်း သွားဘို့ ဖြစ်သွားခဲ့သည်။

Sunday, December 11, 2011

မြန်မာပြည်သို့ ပြန်ခဲ့သည် (ခရီးသွားမှတ်တမ်းငယ်) (၂)

အစ်မသည် သူမ၏ နောက်ဆုံးအချိန်တွင် သာသနာ့မိခင် တစ်ယောက် အနေဖြင့် ရွှေ ထီးဆောင်းလျက် ဘ၀တစ်ခုကို လှလှပပ အဆုံးသတ် သွားချင်ပေမည်။ သို့သော် သူမ ဖြစ်ချင်သည်များက ဖြစ်မလာခဲ့။ နောက်ဆုံးတော့ အဝေးသို့ ရောက်နေသော မောင် ဘုန်းကြီးကို မျှော်၍ မောင်ဘုန်းကြီးပေးခဲ့ဘူးသော တံဘက်တစ်ထည်ကိုသာ သူမ ကိုယ် ထက်မှာ လွှမ်း၍ ဘ၀တစ်ခုကို အဆုံးသတ် သွားရှာသည်။ သာသနာ့ အရိပ်က အဲဒီလောက်အထိ အေးသတဲ့လား အစ်မရယ်။

စာရေးသူ၏ ၂-ဘက် မိဘ မျိုးရိုးသည် နိုင်ငံဝန်ထမ်း၊ စာရေးစာချီ၊ ရောင်းဝယ် ဖောက်ကား ကုန်သွယ် ပွဲစားများ မဟုတ်ကြပါ။ ဘိုးဘွား တို့အမွေ လယ်ယာ မြေများဖြင့် ဘ၀ကို ရိုးသား အေးချမ်းစွာ တည်ဆောက်ရပ်တည်ခဲ့ကြသည့် ဓားမဦးချ တောင်သူမျိုးရိုး စဉ်ဆက်ဖြစ်ပါသည်။ ဘုန်းကြီး ရဟန်း ၀တ်သူဝတ်။ ဘုရားတည် ကျောင်းဆောက် သာသနာ့ဒါယကာ လုပ်သူလုပ်ဖြင့် သာသနာနှင့် အလွန်နီး စပ်သော မျိုးရိုးလည်းဖြစ် ပါသည်။ လောကတွင် အမြတ်ဆုံးဘ၀သည် ရဟန်း ဘ၀ဖြစ်သည်။ အမျိုးသားမှန်လျှင် ဘုန်းကြီး ရဟန်းဝတ်ဘူးရမည်ဟူသော အသိ စိတ်ဓာတ်မှာ အမျိုးတို့၏ မွေးရာပါ သဘော ဖြစ်နေသည်။ ထို့ကြောင့် အမျိုးထဲတွင် သားယောက်ျားမွေးလာလျှင် သားရှင်ပြုပွဲ ပြုလုပ်၍ ဘုန်းကြီး ရဟန်းဝတ်ပေးဘို့ တာဆူနေကြတတ်ကြသည် မှာ ရှေးရိုးအစဉ် အလာကြီး တစ်ခုလိုဖြစ်နေပါသည်။ စာရေးသူတို့ အမျိုးသည် ဘုန်းကြီး ရဟန်းမျိုးရိုး ဟု ပြောလျှင်လည်း ရပါသည်။ အဘယ့်ကြောင့်ဆိုသော် အဆက်အစဉ် အားဖြင့် ဘုန်းကြီး ရဟန်းဝတ်သူ များပြားခဲ့ သောကြောင့်ဖြစ်သည်။ ဦးကြီး ဘုန်းကြီး။ ဦးလေး ဘုန်းကြီး၊ အစ်ကို ဘုန်းကြီး၊ ညီ ဘုန်းကြီး။ တူ ဘုန်းကြီး။ မြေး ဘုန်းကြီး။ မြစ် ဘုန်းကြီးစသည်ဖြင့် ဘုန်းကြီး ရဟန်း များက အမျိုးထဲတွင် ပြေးမလွတ်အောင် ကွန်ယက်သဘွယ် ယှက်နွယ်နေပေသည်။ သည်အမျိုးထဲတွင်လူလာဖြစ်သူ သည် ကျောင်းဆရာ၊ စစ်ဗိုလ်၊ ပွဲစား၊ ၀န်ကြီး ချူပ်ဖြစ်ရမည်ဟူသော စိတ်ကူးထက် အစ်ကို ဘုန်းကြီး။ ဦးရီး ဘုန်းကြီး ကဲ့သို့ ဘုန်းကြီးတစ်ပါးဖြစ်ဘို့ အားကျ အတုယူ စိတ်ကူးတတ်ကြသည်မှာ မဆန်းကြယ် သော သဘောတရားတစ်ခုဖြစ်နေသည်။ ရဟန်းဘ၀သည် မြင့်သည်၊ မြတ်သည်၊ အထက်တန်းကျသည်၊ လူ့ဘ၀သည် သားကျွေး မယားကျွေးမှုများဖြင့် ယုတ်နိမ့် သည် ဟု အယူရှိထားသည့်အတိုင်း ရဟန်းတစ်ပါးဖြစ်ဘို့  ၀ိုင်းဝန်းမြှောက်စား အားပေးတတ်ကြသလို ရဟန်း လူထွက်လာလျှင်လည်း ၀ိုင်းဝန်း ရှုတ်ချဘို့ ၀န်မ လေးတတ်ကြပေ။

စာရေးသူတို့ မိသားစုကို ကြည့်ပါဦး။ စာရေးသူရဲ့ အမေဘက်ကဆိုရင် ဘုန်းကြီး ရဟန်း ပညာတတ်ပိုများသည်။ အမေရဲ့ (အမေ့ မောင်ကြီး) ဦးကြီး ၂ ယောက်က ဘုန်းကြီးဖြစ်ခဲ့ပြီး တစ်ပါးကဆိုလျှင် ရွှေဘိုတောင် လက်နယ် မဟာဗိုလ်ဂိုဏ်းချုပ် မဟာနာယက ဆရာတော်ကြီး တစ်ပါးဖြစ်ခဲ့သည်။  အမေရဲ့ (အဖေ့ညီနှင့်တူ) ဦးလေးနှင့် မောင်ဝမ်းကွဲ ၂ယောက်ကလည်း ဘုန်းကြီး ရဟန်းဖြစ်ခဲ့ကြသည်။ အမေရဲ့ တစ်ဝမ်းကွဲမောင် သည် ရွှေကျင်ဂိုဏ်း ဒုတိယသာသနာပိုင် (စစ်ကိုင်း တောင်ရိုး ပထမဂန္ဓာရုံ ကျောင်းတိုက်) ဆရာတော်ကြီး တစ်ပါးဖြစ်လာခဲ့သည်။ အမေသည် သားသုံးယောက်အနက် သားတစ်ယောက် (စာရေးသူ)ကို သာသနာ့ ဘောင်သို့ သွတ်သွင်း ပေးနိုင်ခဲ့သည်။ သူ၏ သားသမီးများအနက် သားအကြီး ဆုံးသည် သူ၏ ပထမဦးဆုံးသော သား (ယခု ၀က်လက်မြို့ ပညာပါရမီ လူငယ်ဖွံ့ဖြိုး ရေးကျောင်း နာယက ဆရာတော်) ကို ရဟန်းဘောင်သို့ တက်ရောက်စေနိုင်ခဲ့သလို သမီးအကြီး (မမိသိန်း)သည်လည်း သား ၂ ယောက်နှင့် သမီး ၁ ကို သာသနာ့ ဘောင်သို့ တက်ရောက်စေနိုင်ခဲ့သည်။ အစ်မငယ် မညိမ်းတွင် သားယောက်ျား မထွန်းကားသဖြင့် သာသနာ့မိခင် မဖြစ်နိုင်ခဲ့သော် လည်း မောင်(စာရေးသူ) အား သိက္ခာထပ်၊ သမီး နှင့် မြေး များအား နားသ၊ ရှင်ပြု။ ကိုရင်ငယ် ၂ ပါးကို မွေးစား ချီးမြှောက် ထောက်ပံ့၍ သာသနာနှင့် ဆွေမျိုးတော်စပ်မှု ကို ပြုလုပ်နိုင်ခဲ့သည်။ ဤကား အကြောင်းတိုက်ဆိုင်သဖြင့် စာရေးသူ၏ မျိုးရိုးအနွယ်ကို အမြွက်မျှ ပြောပြ ခြင်းဖြစ်သည်။

အစ်မ ကွယ်လွန်သည့် ည-၂ နာရီလောက်က အစ်မ (အသက် လေးဆယ် အရွယ် လောက်က) ရုပ်ပုံလှလှလေးကို အိပ်မက်လိုလို မြင်ပြီး အိပ်ရာက နိုးတော့ အစ်မ တော့ သွားပြီထင်တယ် ဟု တွေးထားသည့်အတိုင်း နံနက်တွင် အစ်မ ညက ဆုံးပါး သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ အစ်မ၏ ရုပ်အလောင်းကို မိုးလေအခြေအနေ အရ နေ့ချင်းပင် သဂြိုံဟ်မှု ပြုလိုက်သည်။ သုံးရက်နှင့် ရက်လည်သည်။ ငါးရက်၊ ခုနစ်ရက် နေ့များတွင်လည်း သားသမီးများက ရက်လည် ဆွမ်းသွပ်လုပ်ကြသေးသည်။ ၁၇-၁၀-၂၀၁၁ နေ့ ည ၂ နာရီအချိန် အသက် ၆၄ နှစ်အရွယ်တွင် အစ်မ မသိန်း ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် စာရေးသူ အိန္ဒိယ မသွားမီ လွန်ခဲ့သော ၂ နှစ်က  စာရေး သူ၏ ဖခင်ကြီး ဆုံးပါးကွယ်လွန်ခဲ့သည်။ ယခု အိန္ဒိယ က ပြန်လာတော့ အစ်မဖြစ် သူနှင့် တစ်ရက်မျှသာ တွေ့လိုက်ရသည်။ စာရေးသူ အိန္ဒိယရှိနေစဉ် စာရေးသူအား မိဘ သဘွယ် စောင့်ရှောက် ထိန်းသိမ်းခဲ့ ကြသော စာရေးသူ၏ အဒေါ် ၂ ယောက်တို့ လည်း ရှေ့ဆင့် နောက်ဆင့်  ဆုံးပါးခဲ့ကြသည်။ စာရေးသူ အိန္ဒိယတွင် ၂ နှစ်ကြာ နေမည် ဟု ပြောသောအခါ အော် ၂ နှစ်ဆိုတာ မန်ကျည်း ၂ ခါနုကြာတာပါပဲ ဟု ပြောခဲ့ဘူးသော ၀က်လက်မြို့ ဦးအုန်းမောင်သည်လည်း မန်ကျည် ၂ ခါနု ပြည့်သည် အထိ မစောင့်နိုင်ဘဲ ဘ၀တစ်ပါးသို့ ပြောင်းသွားခဲ့သည်။ ပြောင်းလဲမှုတို့က မြန်ဆန် လွန်းစွ။



အစ်မကိစ္စ (၇-ရက်) ရက်လည်ပြီး နောက်တစ်ရက် ၀က်လက်မြို့နှင့် ၃-  မိုင်ခန့် ဝေး သည့် အောင်ချမ်းသာရွာသို့  ဆွေမျိုးများနှင့် တွေ့ဆုံရန် သွားရောက်ခဲ့သည်။ ဤရွာသည် စာရေးသူ၏ ဖခင်ကြီး ဇာတိရွာဖြစ်သည်။ စာရေးသူ၏ ဖခင်ကြီးကို အောင်ချမ်း သာရွာ ရွာသူကြီး မြေပိုင်ရှင် အဖ ဦးဘိုးကြမ်း အမိ ဒေါ်နန်းမေတို့မှ ဖွားမြင်ခဲ့သည်။  မောင်ကြည်ခင်၊ မသန်းကြည်၊ မောင်ကြည်အောင်၊ မောင်ကြည်အ၊ မောင်ကြည်ဝ၊ မသန်းမြိုင်၊ မသန်းဆိုင် ဟူသော သားသမီး ၇- ယောက်အနက် သားကြီးသြရသဖြစ်သည်။ ငယ်ရွယ်စဉ်က လူချော လူလှတစ်ဦးဖြစ်၍ အလှူမင်္ဂလာများတွင် ရွှေထီးဆောင်း၊ ကွမ်းတောင် ကိုင်ခဲ့ရသည်ဟု သိရသည်။ ဤရွာ တစ်ရွာလုံးသည် စာရေးသူ ၏ ဆွေမျိုးသားချင်းများသာဖြစ်သည်။ စာရေးသူ ငယ်စဉ်က တစ်နှစ် တစ်ခါ ကျင်းပသည့် ဤရွာ ရွှေမုတ္တောဘုရားပွဲသို့ ဖခင်ကြီးနှင့်အတူ လိုက်ပါသွား လေ့သည်။ ဘုရားပွဲရက် အတွင်း ဆွေမျိုးများ အိမ်က လဘက်ရည် သောက်ဖိတ် သည်ကို ဖခင်ကြီး နောက်မှ တစ်အိမ်ဝင်ထွက် တကောက်ကောက် လိုက်ပါခဲ့ရ ဘူးသည်။ စာရေးသူတို့နယ် သည် ကောက်ကြီးတက် စပါးပေါ်ချိန်ရောက်လျှင် သားရှင်ပြု သမီးနားသ အလှူမင်္ဂလာ ပွဲများ။ ရွာဘုံ ဘုရားပွဲကို နှစ်စဉ် မပျက် စုပေါင်း ပြုလုပ်ကြသည်။ ဘုရားပွဲတွင် ရိုးရာမုံ့များဖြစ်ကြသည့် မုန့်ပေါက်ကျော်၊ မုန့်ဆီ ကျော်၊ မုန့်ဖက်ထုပ်၊ ကောက် ညင်းထုပ်၊ မုန့်လက်ကောက်၊ လဘက်၊ ယို စသည် တို့ကို ပြုလုပ် ၍ မြတ်စွာဘုရားနှင့် သံဃာတော်များအား လောင်းလှူကြသည်။ ရပ်ဝေးရပ်နီးမှ လာကြသော ဆွေမျိုး မိတ် ဆွေများအား ဧည့်ခံကျွေးမွေးကြသည်။ လက်ဆောင်ပေးကြ သည်။ အထူးသဖြင့် မုန့်ပေါက်ကျော် ခေါ် မသိုးမုန့်ကို များစွာပြု လုပ်ကြသည်။ သံဃာ့ဒါန ဆွမ်းလောင်းလှူရာ တွင် မုန့်များကို ဘုန်းကြီးကျောင်းသား များက ကျောင်းသို့ လှည်းဖြင့် တိုက်ထုတ်သွား ရလောက် သည်အထိ ပေါများလှ သည်။ စာရေးသူ သာသနာ့ ဘောင်တက် ရဟန်းပြုသော အခါ စာရေးသူ၏ အရီးဖြစ် သူ ဘုရားဒကာ ဦးလှထွန်း ဒေါ်သန်းကြည် မိသားစုက ရဟန်း ဒကာ ဒကာမ အဖြစ် ခံယူကြသဖြင့် စာရေးသူနှင့် ဤရွာရှိဆွေမျိုးတို့မှာ အလှမ်းကွာ မသွားခဲ့ပေ။ ပြောရ လျှင် စာရေးသူ၏ ပညာတော်သင် (ရဟန်း) ဘ၀တစ်လျောက်လုံးကို ဤရွာရှိ ဆွေမျိုးများက အစစအရာရာ ထောက်ပံ့ အားပေးခဲ့ကြသည်။ အထူးသဖြင့် စာရေး သူ၏ ရဟန်းအမ အရီးဖြစ်သူသည် စာရေးသူအား များစွာချစ်ခင်သည်။ ရဟန်းခံပွဲပြု စဉ်ကပင် အမွေစား အမွေခံအဖြစ် ကြေငြာခဲ့သည်။ ယခုအခါ ဤရွာတွင် ဖခင်၏ မွေးရင်း ချာ များအနက် ညီမ အငယ်ဆုံး (ဒေါ်သန်းဆိုင်) တစ်ဦးသာ ကျန်ရှိတော့ သည်။ ရွာတွင် နှစ်မဖြစ်သူ မလှပိုတို့အိမ်တွင် နေ့ဆွမ်းစားပြီး အိုအို မမ ရွယ်ရွယ် ပုပု သေးသေး ကွေးကွေး ဆွေမျိုးအများကို လက်ခံ တွေ့ဆုံ စကားပြောသည်။ နေမွန်း လွဲချိန်လောက်တွင် အရီးဖြစ်သူ နေထိုင်မကောင်းဖြစ် နေသည်ဟု သိရသဖြင့် အိမ် သို့ သွား၍ အားပေးစကား ပြောရသည်။ သူမသည် စာရေးသူ၏ မယ်တော် ဘက်မှ အရီးတော် စပ်သူဖြစ်ပြီး စာရေးသူအား သိက္ခာထပ်ထားသော ရဟန်းအမ တစ်ဦး လည်းဖြစ်သည်။  ညနေစောင်းအချိန်တွင် ညီဝမ်းကွဲ မောင်ကိုကြီး ဆိုင်ကယ်ဖြင့် ၀က်လက်သို့ ပြန်ခဲ့ပြီး ကြို့ပင် စာသင်တိုက်သို့ ၀င်၍ ကျောင်းထိုင်ဆရာတော် အား တွေ့ဆုံသည်။ ဆရာတော်သည် အောင်ချမ်းသာရွာ ဇာတိဖြစ်ပြီး စာရေးသူနှင့် ညီအစ်ကို ၂ ၀မ်းကွဲ တော်စပ်သည်။ စာရေးသူအောက် ၂ နှစ်ခန့် ငယ်သည်။ ငယ်စဉ် က မြောက်တောရ ကျောင်းဆရာတော် (ယခုကုန်းကြီးရွာကျောင်း) ထံတွင် အတူတကွ ပညာရင်နို့ သောက်စို့ခဲ့ကြသည်။ ဆရာတော်သည်  ယခုအခါ သံဃာ ၁၅၀ ခန့်ရှိသော စာသင်တိုက်ကို ဦးဆောင် သာသနာပြုလျက်ရှိသည်။ ဘုန်းကံကြီး မားသည်။ ကုသိုလ် ကောင်းမှု များစွာ ပြုလုပ်သည်။ စာရေးသူ ပြည်ပ ပညာသင် စရိတ်ဖြစ်မြောက်အောင် ဦးဆောင်ပေးသူလည်း ဖြစ်သည်။ ယခုလည်း လိုအပ်သော ပညာစရိတ်ကိုပြောပါ ဆွေမျိုးများနှင့် ညှိနှိုင်း ပြုလုပ်ပေးပါမည် ဟုပြောလာသည်။ ဆရာတော်နှင့် စကားစမြည် ပြောပြီး  အုတ်တိုက်ကျောင်းသို့ ပြန်လာခဲ့သည်။

Friday, December 9, 2011

မြန်မာပြည်သို့ ပြန်ခဲ့သည် (ခရီးသွားမှတ်တမ်းငယ်)

 စကားဦး။ 
 
ဤ ပို့စ်သည် စာရေးသူ၏ ကိုယ်ရေးကိုယ်တာ မှတ်တမ်းတစ်ခုဖြစ်၍ ဘလော့ဂ်တွင် မတင်လိုပါ။ သို့သော်လည်း အချိန်ပေး၍ ရေးသားထားသော စာဖြစ်နေ၍လည်း မပျောက်ပျက်စကောင်းဟု ယူဆ၍ တင်ရပါသည်။ စာသမားတစ်ယောက်ရေးသည့် စာမျှသာ ဟု သဘောထား၍ ဖတ်ကြပါကုန်။ 
 
လေးစားလျက် 
စာရေးသူ



မြန်မာပြည်သို့ ပြန်ခဲ့သည်

အမ်အေဘွဲ့ပြီးသည့်နောက် အမ်ဖီးဘွဲ့တက်ရန်အတွက် ပတ်စပို့ ဗီဇာ အသစ်လုပ် ရဦးမည် ဖြစ်သည်။ အမ်အေအတွက် ၂ နှစ်တာ ကျောင်းသား ဗီဇာသည် ကုန်ပြီဖြစ်သလို အသစ်တက်မည့် အမ်ဖီးဘွဲ့ အတွက်လည်း ဗီဇာအသစ် ထပ်လျှောက်ရဦးမည်ဖြစ်သည်။ ထိုအတွက် အမိမြန်မာပြည်သို့ မဖြစ် မနေ ပြန်ရဦးမည်ဖြစ်သည်။

၂-၁၀-၁၁ ည ၁း၄၅  PG  လေကြောင်းနဲ့ ဘုံဘေအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်။ ဘန်ကောက်မှ ရန်ကုန်။ ရန်ကုန် သီတဂူ တက္ကသိုလ်သို့  နံက် ၁၀ ခွဲလောက် ရောက်။ တာဝန်ခံ ဆရာတော် အရှင်သုန္ဒရ အား တွေ့ဆုံဦးတိုက်၊ အခန်း ၂၀၀၄ တွင် နေရာချထား ပေးသဖြင့် တည်းခိုနေထိုင်။ ရောက်သည့်နေ့မှာပင် ကမ္ဘာအေး ဘဲဥကန်ရှိ သာသနာ ရေးဝန်ကြီးဌာနသို့ သွားရောက်ပြီး ပတ်စပို့ သက်တမ်းတိုးရန်အတွက် လျှောက်လွှာ တင်။ သက်ဆိုင်ရာ မြို့နယ် သံဃနာယက၊ ရဲဌာန ထောက်ခံစာများ လိုပါသေးသည်ဟု ဆိုသဖြင့် ပြန်လာရ။ နောက် တစ်နေ့ နေ့လည်ပိုင်း ထိုကိစ္စများ ပြီးစီးအောင် ဆောင်ရွက်။ ၅-ရက်နေ့ လျှောက်လွှာတင်။ ထိုလျှောက်လွှာသည် ပတ်စပို့ သက်တမ်းတိုးနိုင်ရေးအတွက် သာသနာရေးဌာန၏ ထောက်ခံစာ ရယူရန်ဖြစ်သည်။ ထိုလျှောက်လွှာကို နေပြည်တော်သို့ တင်ပြရမည်ဖြစ်ပြီး ထိုထောက်ခံစာ ရရှိရန် အတွက် တစ်ပတ် ဆယ်ရက် ခန့် စောင့်စားရမည်ဖြစ်သည်။ ထိုထောက်ခံစာ ရပါမှ ပတ်စပို့ရုံးသို့ သွား၍ ပတ်စပို့ သက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ်သည်။ ရုံးတာ ၀န်ခံက ၁၃- ရက်နေ့လောက်မှ လာရောက်စုံစမ်းပါဟု ဆိုသည်။ ရက်အနည်း ငယ်ကြာ ရန်ကုန်တွင် ဆက်လက်ရှိနေစဉ် ရန်ကုန်ရှိ အသိဒကာ ဒကာမများက ဆွမ်းစားပင့် တွေ့ဆုံနှုတ်ဆက်ကြသည်။ ကိုယ်တိုင် လာရောက် တွေ့ဆုံသူများကလည်း မနည်းလှ။ ဒီကြားထဲ နယ်မှ ဖုန်းသတင်းတစ်ခုက ရောက်လာသည်။ ၀က်လက်ကို အမြန်ဆုံးလာခဲ့ပါ။ စာရေးသူ၏အစ်မဖြစ်သူ နေမကောင်း။ တွေ့ချင်လို့တဲ့။

၁၃-၁၀-၂၀၁၁။  ပတ်စပို့ တင်ပြီးတဲ့ နေ့မှာပဲ ည-၇ နာရီ မြတ်မန္တလာ ထွန်းကားနဲ့  မန္တလေးကို ထွက်ခဲ့တယ်။ မန္တလေးကို နံက် ၅ ခွဲလောက် ရောက်။ မန္တလေး နန်းတွင်း ဆေးတိုက် ဒကာကြီးနဲ့ ဒကာမကြီးတို့ ကျွဲဆည်ကန် အဝေးပြေးကားဂိတ်မှာ လာရောက်ကြိုနေကြ။ နန်းတွင်း ဆေးတိုက်မှာ အာရုံနှင့် နေ့လည်စာ စား။ စစ်ကိုင်း သီတဂူ တက္ကသိုလ်မှာ ညအိပ်။ နောက်နေ့ နံက် ဇေယျာဝံသကျောင်း နောင်တော် ဆရာတော်အား ဦးတိုက်ကန်တော့။ ညနေ ၄-နာရီတွင် ၀က်လက် မှ ဖိုးသန့်တို့ လင်မယား ၀က်လက်ပြန်မည်ဟု ဆိုသဖြင့် ကားကြုံလိုက်ဘို့ စီစဉ်ထား။ သို့သော် ကားကြုံမသွားဖြစ်သဖြင့် နောက်တစ်နေ့ နေ့လည် အထူးအမြန်ရထားနဲ့မှ ၀က်လက်ကို သွားဖြစ်။ ၀က်လက်ကို ညနေ ၄ နာရီ လောက်ရောက်။ ၀က်လက် အုတ်တိုက် ကျောင်းမှာ ညအိပ်။ နောက်တစ် နေ့ နံနက် ၇-နာရီလောက်မှ ကျူရှင်ဆရာ မောင်ဌေးသိန်းနိုင်ခေါ်၍ ဆိုင်ကယ်နှင့် ရွာဘက်ကိုသွား။ ရွာကျောင်းကိုဝင် ဆရာ တော်အား ကန်တော့ပြီး ရွာထဲ အစ်မအိမ်သို့သွား။ အိပ်ရာထက်တွင် စာရေးသူ အား စောင့်မျှော်နေသော အစ်မ။ သို့သော် သူမကား ဘယ်သူလဲ လို့ မေးရလောက်အောင် အရိုးပေါ် အရေတင် ကမ္မဋ္ဌာန်း ရုပ်ပေါက်လျက် ချိနဲ့ ပိန်ချုံး အားအင် ကုန်ဆုံး နေလေပြီ။  အို ခေတ္တမျှ ငေးငိုင်သွားမိသည်။ တောသူမဖြစ်ပေမယ့် အသားအရည် ကြည်ကြည်နဲ့ အမြဲတစေ သန့်သန့်ရှင်းရှင်း ၀တ်စား နေတတ်တဲ့ အစ်မ။ အရပ်အ မောင်း ကောင်းကောင်း၊ ခွန်နဲ့အားနဲ့ လုပ်ငန်း သိပ်လုပ်တဲ့ အစ်မ။ ခုတော့ မင်းအလှ မင်းခွန်အားတွေက ဘယ်ရောက် ကုန်ပြီလဲ။ ဖြစ်မှ ဖြစ်ရပလေ အစ်မရယ်။ အစ်မ အိပ်ရာဘေးက တန်းလျားတွင် ဟန်မပျက် ၀င်ထိုင်ပြီး အစ်မကို နှုတ်ဆက်စကား ဆိုလိုက်သည်။ အစ်မက အားယူပြီး စာရေးသူ မျက်နှာကို လှမ်းကြည့်သည်။ ထို့နောက် လက်ခါ ပြသည်။ သူ့ကို ကုသလို့ မရတော့ဘူးဆိုသည့် သဘော။ ရင်ထဲ တွင် ဆို့နင့်သွားသည်။ ရေအေးအေး ဦးလေးကို ကပ်ပါ ဟု သမီးဖြစ်သူအား ပြောသည်။ သူ့စကားသံမှာ (အားနည်း) တီးတိုး လွန်းလှသဖြင့် သူ၏ အနီးနေ သမီးမှ တစ်ပါး အခြားသူ မသိနိုင်ပေ။ ကုလားပြည်က ပါလာသော တံဘက်အဖြူ တစ်ထည်။ နံ့သာပုတီး တစ်ကုံး။ နံ့သာ ရေမွှေး တစ်ပုလင်းကို အိပ်ထဲက ထုတ်ပြီး အစ်မအား ပေးလိုက်သည်။ အစ်မ လှမ်းမယူနိုင်ပါ။ တစ်ချိန်က စာရေးသူ ပေးခဲ့ဘူး သော ပခုက္ကူဖြစ် စောင်တံဘက်ကလေး သူ့မကိုယ်ပေါ်မှာ လွှမ်းခြုံထားတာကို  တွေ့ရသည်။ ဒါ ငါ့မောင် ပေးထားတာလို့ ပြောသတဲ့။ မီးစာကုန် ဆီခန်းဖြစ်နေသော အစ်မကို အားပေးစကား များများပြောခွင့် မသာပါ။ စာရေးသူရောက်သည့်နေ့၊ ညမှာပင် အစ်မ ဘ၀တစ်ပါး ပြောင်းသွားခဲ့သည်။ အစ်မရဲ့ နောက်ဆုံးအချိန်မှာ အတွေ့ ချင်ဆုံး အမြင်ချင်ဆုံးသူက စာရေးသူ ဖြစ်နေလိမ့်မည် ဟု စာရေးသူ တွေးမထား မိခဲ့ရိုးအမှန်။ အစ်မ၏ ရောဂါမှာ အူမကြီး ကင်ဆာဖြစ်ပြီး မန္တလေး ဆေးရုံကြီးတွင်  ခွဲစိတ် ကုသမှု ပြုခဲ့သည်ဟု သိရသည်။

အစ်မက စာရေးသူကို မျှော်နေသည်ဆိုသည်မှာ သေဘို့ (သူမ အသေဖြောင့်ဖို့) မျှော်နေခြင်း သာ ဖြစ်ပေမည်။ စာရေးသူ အလာကို ယဲ့ယဲ့မျှသာ ကျန်တော့သော သူမ ခန္ဓာကိုယ်ဖြင့် စိတ်အားတင်း စောင့်မျှော်နေသော အစ်မဖြစ်သူရဲ့ စိတ်ဆန္ဒကို စာရေးသူ ဘယ်လို နားလည်ရမည်နည်း။ မိသားစု စုံလင်စွာ သူမအနားမှာ ရှိနေပါလျက် အဝေးက မောင်ဖြစ်သူကို မျှော်နေခဲ့သည်။  အခြား စောင်တစ်ဘက်တွေ မခြုံဘဲ မောင်ဖြစ်သူ ပေးခဲ့ တဲ့ စောင်တစ်ဘက်လေးတစ် ထည်ကိုပဲ ရွေး ချယ်ပြီး နောက်ဆုံးအချိန်အထိ လွှမ်းခြုံသွားခဲ့သည်။ 

စာရေးသူတို့မှာ ၁။ မောင်ချစ်ထွန်း။ ၂။ မမိသိန်း။ ၃။ မညိမ်း၊ ၄။ မောင်ဥာဏ်ထွန်း၊ ၅။ မောင်ကြီးမောင် ဟူ၍ ညီ အစ်ကို မောင်နှစ်မ ငါးယောက်ရှိသည်။ စာရေးသူ က အငယ်ဆုံးနှင့်အထွေးဆုံးဖြစ်သည်။ မိသားစုတွင် စာရေးသူက အငယ်ဆုံးဖြစ်၍ အား လုံးက မောင်ငယ်ဟု ခေါ်ခဲ့ကြသည်။ ၁၀ နှစ်သားအရွယ် စစ်ကိုင်းရောက်ကာမှ  ဦးရီးတော်ဘုရားက မငယ်တော့ ကြီးပြီဟုဆိုကာ အရာရာ ကြီးမြင့်စေဟူသော ရည် ရွယ်ချက်ဖြင့်  မောင်ကြီးမောင်ဟု အမည်သစ် ပြောင်းလည်းပေးခဲ့သည်။ မွေးချင်း ၅ ဦးအနက် ယခု ကွယ်လွန်သွားသော အစ်မသည် ၂-ယောက် မြောက်ဖြစ်သည်။ သူမ သည် သားသုံးယောက်၊ သမီး သုံးယောက် အပါအ၀င် သားသမီး ၆ ယောက်ထွန်း ကားသည်။ ရှင်ပြုနားသ အလှူကြီးပေးခဲ့ဘူးသည်။ သူမ၏ သမီးအကြီးသည် ငယ် စဉ်ကာလ အပျိုစင်ဘ၀ကပင် သာသနာ့နွယ်ဝင် သီလရှင်ဘ၀ သို့ ဖြူဖြူစင်စင် တက်ရောက်ခဲ့သူဖြစ်ပြီး သူမ၏ သားငယ် ၂ယောက်သည်လည်း ငယ်စဉ်တောင် ကျေး ကလေးဘ၀ကပင် သာသနာ့ဘောင်သို့ တက်ရောက်ခဲ့ကြသည်။ အားလုံး သာသနဓဇဓမ္မာစရိယ တန်း ရောက်ကာမှ လူဝတ်ဘ၀သို့ ပြန်လျောကျသွားကြခြင်း ဖြစ်သည်။ ထိုသားသမီး သုံးယောက် သာသနာ့ဘောင် ရှိနေစဉ်က အစ်မ ဘ၀သည် ပီတိ အဟုန်စား၍ ငါလိုလူ ဇမ္ဗူရှိသေးရဲ့လား ဆိုသည့် သဘောဖြင့် ကောင်းကင်သို့ မြောက်တက်ခြင်း မလှမြောက်တက်နေခဲ့သည်။ မောင်က ဘုန်းကြီး၊ တူက ဘုန်းကြီး၊ ဦးကြီး ဘကြီးတွေကလည်း ဘုန်းကြီးတွေ။ နောက် ရင်နှစ်သည်းချား သားသမီး တို့ကလည်း မားမား မတ်မတ် ဘုန်းကြီးတွေ။ တောသူမကြီး အစ်မ မော်ပေမယ်ပေါ့။ ဒါ သူ့ဘ၀။ သူ့လောက။ သူ့အတွေး သူ့ဆန္ဒတွေလေ။ အစ်မ ကြာကြာ မပျော်လိုက် ရပါ။ သားသမီးများက တစ်ယောက်ပြီး တစ်ယောက် လူဝတ်လဲလာကြသောအခါ  အစ်မဘ၀သည် လေလျော့သော ပူဖောင်းကဲ့သို့ မလှမပ ဖြစ်လာခဲ့သည်။ အမြင့် အနိမ့် လောကဓံကို သတိမထားမိသော အစ်မသည် ဆောက်တည်ရာ မရဖြစ်ခဲ့ရသည်။ မျှားသုံးချက် ထိမှန်ခံရသော သမင်မ တစ်ကောင်ကဲ့သို့ အစ်မ ဘ၀ အထိနာခဲ့သည်။ ယခုလို အိပ်ရာထက်တွင် ဘုန်းဘုန်းလဲရသော အခြေသို့ ဆိုက်ရောက်ခဲ့ရခြင်းသည် ထိုအကျိုးဆက်များ မကင်းပေ။ သားတွေ လူထွက်တာ ဘာဆန်းလဲ တိုင်းပြည်နဲ့ လူမျိုးအတွက်။ မိသားစုအတွက် လုပ်အားတန်ဘိုး တောင် တိုးလာသေးတယ်လို့ မတွက်ချက်တတ်သော တောသူမ အမိုက်အမဲ အစ်မ။

Saturday, December 3, 2011

မဏိစူဒ ဇာတ် ဘာသာပြန် လုပ်ငန်းခွင် ဆွေးနွေးပွဲ


 ယခုလ ၁ -ရက်နေ့က ဂျာမန် ပညာရှင် မစ်စတာ ဟာနိခ်ျ (Albnecht Hanich) ၏ ရှေးဟောင်း သမ္မိတိယ ဂိုဏ်းလာ စာပေ တစ်ခုဖြစ်သည့် မဏိစူဒ ဇာတက အင်္ဂလိပ် ဘာသာပြန် workshop ကို ပူနေးတက္ကသိုလ် ဧည့်ဆောင် ခန်းမတွင်  ပူနေး တက္ကသိုလ် ပါဠိဌာနမှ ကြီးမှူးကျင်းပခဲ့သည်။ ၁၈ ရက်ကြာပြုလုပ်သည့် ဘာသာပြန် လုပ်ငန်းအလုပ်ရုံ ဆွေးနွေးပွဲသို့ ပါဠိဌာန၊ ဆန်းစစ်ကရစ်၊ ဖီလော်ဆိုဖီ ဌာနများမှ ဆရာ ဆရာမများ၊ ကျောင်း သား ကျောင်းသူများ နှင့် အခြား စိတ်ပါဝင်စားသူများ တက်ရောက် လေ့လာကြသည်။

မဏိစူဒ ဇာတ်စာပေကို ရှာဖွေ ဖော်ထုတ်သူ  မစ်စတာ ဟာနိသည် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်တွင် Nepal Research center တစ်ခုတည် ထောင်လျက် ရှေးဟောင်း  စာပေများကို ဖော်ထုတ်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်နေသူဖြစ်ပြီး ယခုအခါ ရှေးဟောင်း သမ္မိတိယ ဂိုဏ်းလာ ဇာတကမာလာဇာတ် အင်္ဂလိပ် ဘာသာ ပြန် ၂ အုပ်တွဲနှင့် အခြား သုတေသန ဆောင်းပါးများစွာကို ရေးသားခဲ့ ထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ပေ၊ ပုရပိုက်၊ သစ်သား၊ သွပ်၊ သံ စသည်များပေါ်တွင် လက်ဖြင့် ရေးသားထားသော ရှေးလက်ရာ စာ၊ ပုံများကို manuscript ဟု ခေါ်သည်။ ထိုစာပေများသည် နိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အဆိုအမိန့်၊ ဘာသာ၊ စကား၊ အတတ်ပညာများကို ဖော်ပြပါရှိသဖြင့် နိုင်ငံနှင့် လူမျိုးအတွက် တန်ဘိုးဖြတ် မရသော ရှေးလက်ရာ အမွေအနှစ် များဖြစ်ကြသည်။  ရှေးစာများကို ဖတ်ရှုခြင်း၊ ဘာသာပြန်ခြင်း အတတ် ပညာသည် ယခုအခါ ကမ္ဘာနှင့် အ၀န်း ကျယ်ပြန့်စွာ ပြုလုပ်လာသော လုပ်ငန်းရပ် တစ်ခုဖြစ်လာခဲ့သည်။ အထူးသဖြင့် ကမ္ဘာအရပ်ရပ်မှ ပညာရှင်များသည် ရှေးဟောင်း အမွေအနှစ် များပေါကြွယ်ဝသော အိန္ဒိ ယနိုင်ငံသို့ လာရောက်ကြပြီး ထိုပညာရပ်ကို အကောင် အထည်ဖော် ဆောင်ရွက် လုပ်ကိုင်လေ့ရှိကြသည်။ ယခုအခါ အိန္ဒိယနိုင်ငံ တွင် ထိုရှေးဟောင်း စာပေ ဖော်ထုတ်ခြင်း လုပ်ငန်းရပ်ကို စိုက်လိုက် မတ်တတ် ဆောင်ရွက်နေသော အင်စတင်ကျူ ပေါင်း ၄၀-ကျော် ရှိကြောင်း နှင့် အိန္ဒိယ တစ်နိုင်ငံ တည်းမှာ ပင် ရှေးလက်ရာ စာပေအက္ခရာ ငါးသန်းကျော် စုစည်းရရှိပြီးဖြစ်သည်ဟု  သိရသည်။ ဤကိန်း ဂဏန်းသည် ကမ္ဘာပေါ်တွင် အများဆုံးသော စုစည်းရရှိမှုဖြစ်ပြီး အခြား အင်္ဂလန်၊ ဂျာမန်၊ အီတလီ စသည်နိုင် ငံတို့တွင်တည်း ရှေး အက္ခရာ manuscript သုံးသောင်းကျော်စီမျှ စုစည်း ရရှိထားကြသည်ဟု သိရသည်။ အထူးသဖြင့် အိန္ဒိယ နိုင်ငံသည် ရေမြေ ကျယ်ပြန့် သည်နှင့်အမျှ လူမျိုးပေါင်းများ စွာ ဖြန့်ကျက်နေသဖြင့် စာပေမျိုးစုံ၊ ဘာသာ စကားမျိုးစုံ၊ ယဉ်ကျေး မှုမျိုးစုံ ယှက် နွယ်ရောစပ်လျက် ရှိသည်။ အိန္ဒိယနိုင်ငံသုံး ဘာသာစာပေအားလုံး၏ ပင်မ အက္ခရာ manuscript သည် ၁၅-ခုမျှ ရှိကြောင်း မှတ်တမ်းတင် ထားပြီးဖြစ် သည်။

ယခု ဂျာမန် ပညာရှင် ဟာနိခ်ျ ကြိုးစားရှာဖွေ ဖော်ထုတ်ထားသော မဏိစူဒ ဇာတ် သည် တိမ်မြှုပ်ပျောက် ကွယ်သွားပြီးဖြစ်သော ဗုဒ္ဓဘာသာဂိုဏ်းခွဲတစ်ခုဖြစ်သည့် သမ္မိတိယဂိုဏ်းလာ စာပေဖြစ်ကြောင်းနှင့် အက္ခရာများသည် အလယ်ခေတ်လောက်က အိန္ဒိယနိုင်ငံ ဗိဟာစတိတ်နှင့် အနောက် ဘင်ဂေါ ဒေသ တို့တွင် အသုံးပြု တွင်ကျယ်ခဲ့သော ဘာသာတစ်ရပ်ဖြစ် ကြောင်းသိရသည်။  ၁၉၄၈ ခုနှစ်က အီတလီနိုင်ငံ သား ကမ္ဘာကျော် စာပေသုတေသန ပညာရှင် (Giuseppe Tucchi) သည် တိဘက်ဒေသ သို့ ခရီးသွားရာ မှ ပေစာ ၁၂ ခုရှိသည့် ဤ မဏိစူဒဇာတ် ပေစာထုပ်ကို စတင် တွေ့ရှိခဲ့ပြီး ဓာတ်ပုံမှတ်တမ်းတင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် မစ္စတာ ဟာနိသည် ထိုဇာတ်တော်ကို သူ၏ ဆရာထံမှ ရရှိခဲ့ပြီး ဘာသာပြန်ခြင်း လုပ်ငန်း ကို စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုဇာတ်တော်သည် ဂါထာပေါင်း ၃၇၆ ရှိပြီး  ဆန်စစ်ကရစ်၊ ပါရာ ကရစ်၊ ပါဠိ သုံးဘာသာ ရောစွက် ပါဝင်နေသည်ကို တွေ့ရသည်။ သို့သော် မစ္စတာ ဟာနိ၏ အမှာစာ တွင် ပါဠိဘာသာ ပါဝင်သည်ဟု ရေးသား မထားပေ။

ဂျာမန်ပညာရှင် မစ်စတာ ဟာနိသည် သူ၏ ဘာသာပြန်ဆိုထားမှု လုပ်ငန်းကို သေချာ ကျန ပြုလုပ်ထား သည်ကို တွေ့ရသည်။ ဆန်းစစ်ကရ် ဘာသာရပ်ကို ကောင်းစွာတတ်ကျွမ်းသူဖြစ်သဖြင့် ယခု ဘာသာပြန် လုပ်ငန်းကို ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ သို့သော် ပါဠိဘာသာဘက်တွင် အားနည်းသည်ကိုမူ သူ၏ ဘာ သာပြန် ဆိုမှုများက သက်သေပြလျက်ရှိသည်။ အဘိဓာန်ကို အားပြုလွန်း အားကြီးသဖြင့် လည်း ယခု လို ဖြစ်သွားခြင်းဖြစ်မည်။ ဤ workshop တွင် ဟာနိ၏ ဘာသာပြန်ထားမှုများကို အဓိက တည်းဖြတ် စိစစ်ပေးသူများမှာ ပါဠိဌာနမှ ဒေါက်တာ ဒေ၀ကာ၊ ပိင်္ဂလမဒမ်၊ ဖီလော်ဆိုဖီ ဌာနမှ ဒေါက်တာ ဂိုဂလိတ်။ ဘန်ဒါဂါရ အင်စတီကျုမှ ဒေါက်တာ ဗဟုကာ။ ဘုံဘေ စောမယ ကောလိပ် ဗုဒ္ဓဘာသာ ဌာနမှ ဒေါက်တာ သုရုစိ မဒမ် တို့ဖြစ်ကြသည်။

လုပ်ငန်း ခေတ္တ နားချိန်တွင် စာရေးသူက မရှင်းလင်းသည့် အချက်များကို ဒေါက်တာ ဒေ၀ကာနှင့် ပိင်္ဂလ ဆရာမကြီးတို့အားမေးသည်။ ယခု ဇာတ်တော်လာ ဂါထာများ သည် စနစ်တကျ ရှိနေသော ၀ါကျ စာသားများဖြစ်ပါသလော။ နှစ်ဦးသော ဆရာများ ၏ အဆိုအရ ဤဇာတ်တော်လာ စာသားများသည် သန့်စင်သော စာသားများ မဟုတ်ကြ၊ ပါဠိချည်း သက်သက် မဟုတ်သလို ဆန်စစ်ကရစ်၊ ပါရာက ရာစ်များ ချည်းလည်း မဟုတ်ကြ။ သုံးဘာသာ သုံလွန်းတင် ရောမွှေထားသော စာသား များဖြစ်၍ မူမှန်သော စာသား များမဟုတ်ကြ။ ထို့ကြောင့် ဘာသာပြန်ရာတွင် အတိအကျမဟုတ်၊ သင့်သလို ဖြစ်နိုင်ခြေမျှကိုသာ ရော်ရမ်း မှန်းဆ ပြန်ဆိုရခြင်းဖြစ် ကြောင်း ပြောကြသည်။ စာရေး သူ သိလိုက်ပြီ။ အက္ခရာမှန်မှ အနက် အဓိပ္ပါယ်မှန်၊ အနက်အဓိပ္ပါယ်မှန်မှ အသိမှန်၊ အသိမှန်မှ အကျင့်မှန်၊ အကျင့်မှန်မှ ရည်မှန်းချက်ပန်းတိုင် လှမ်း ကိုင် နိုင်မည်ဆိုသည့် ကစ္စည်းကျမ်း ဆရာကြီး၏ စကားသည် များစွာ တန်ဘိုးရှိလှပေသည်။

ငါတော့ သိလိုက်ပြီ။ သူတို့ချည်း လုပ်နေတဲ့ လုပ်ငန်းတိုင်းကို တို့အားလုံး စဉ်းစားသင့်ပြီ။ ဗုဒ္ဓဘာသာ အမြင် မရှိဘဲနဲ့ ဘယ်လိုမှ အမှန်ကို မရောက်နိုင်ဘူးဆိုတာ ငါသိလိုက်ပြီ။

ဆရာ ဆန်ဂျေး က လုပ်ငန်း ခေတ္တနားချိန်တွင် ဤသို့ သဲကြီး မဲကြီး ဆိုလာသည်။ အလုပ်ရုံထဲတွင် စာရေး သူ ထောက်ပြခဲ့သည်များနှင့် ပတ်သက်ပြီး နားထောင်ရာမှ ဤအတွေးရလာခြင်းဖြစ်သည် ဟု ဆိုသည်။
သာရီတနယပုဒ်ကို သာရီပုဏ်ဏေးမကြီး၏သား သာရိပုတ္တရာ ဟု ဘာသာပြန်သည်ကို သာရီတနယသည် အနှစ်သာရရှိသော နည်းလမ်းကို ဆိုကြောင်း၊ မုနိ ကို စကားမပြော တုဏှိဘောနေသူဟု ဘာသာပြန် သည်ကို ဓမ္မပဒတွင် ဆိုသည့်အတိုင်း ပညာရှိသူဟု ပြန်ဆိုသင့်ကြောင်း၊ အာဂမကို ထုံးတမ်းစဉ်လာ ဟု ဆိုခြင်းကို အာဂမသည် မူရင်းကျမ်းဂန်ကို ဆိုကြောင်း၊ စတုရတနာထူပကို ရတနာလေးမျိုးကိုချည်း စဉ်း စားနြေ သဖြင့် အဖြေမရနိုင်ဖြစ်နေရာ ၄င်းဝါကျသည် လေးမျိုးသော ထူပကိုသာ အဓိက ဆိုခြင်းဖြစ်ကြောင်း၊ စတုတထာဂတကို လေးဆူသော ဘုရား လောင်းဆိုသည်ကို လေးဆူသော (ပွင့်တော် မူပြီး) မြတ်စွာဘုရားများကို ဆိုခြင်းသာ ဖြစ်ကြောင်း။ ပါထိက စသော ဂါထာကို လိုရင်းမ ဖမ်းမိဘဲ ဖြစ်နေ သည်ကို သင်ကြား ခြင်း၊ နှုတ်ငုံဆောင်ခြင်းဖြင့် ဤဇာတ်တော်ကို ထိန်းသိမ်းထားရန် တိုက်တွန်းသော ဂါ ထာဖြစ်ကြောင်း စသည် ထောက်ပြခဲ့သည်။ ။

 

Wednesday, November 30, 2011

သရဲ တစ္ဆေ ဝေလေလေ



၂၆-၁၁-၁၁-နေ့ ။

နံနက်ပိုင်းက ဘန္တေ သုဒဿန ကားနှင့်လာခေါ်သဖြင့် မြို့ထဲ အိမ်တစ်အိမ် ကုလားဒကာလေး တစ်ယောက်၏ မွေးနေ့ပွဲသို့ လိုက်သွားသည်။ ထုံးစံအတိုင်း ပရိတ် ၂ သုတ်ရွတ်ဖတ်၊ တရားစကားလေး အနည်းငယ်ပြော၊ ဆက်ကပ်သည့် ကုလား ချပါတီဆွမ်း ဘုဉ်းပြီး ပြန်လာခဲ့ကြသည်။ အချိန်ကား  နေ့ ၁ နာရီ ရှိပြီမို့ အဆောင်ပြန်၊ အနားယူ၊ စာကြည့် စာကျက်လုပ်ချင်သည်။ သို့သော် တစ်ခြား အိမ်တစ်အိမ်သို့ ဆက်သွားမည်ဆို၍ လိုက်ပါ သွားရပြန်သည်။ ထိုအိမ်ကား အခြား အိမ်မဟုတ် အသိ ဒကာလေး နိခိလ် တို့ အိမ်ဖြစ်သည်။ ယမန်နှစ်က သူ၏ တူတော်မောင် ၂ နှစ်ပြည့် မွေ့နေ့ပွဲ ဖိတ်သဖြင့် ဤအိမ်သို့ တစ်ကြိမ် ရောက်ဘူးသည်။ ရှေးဟောင်း အာဂျင်တာ၊ ရိုလာ ဒေသသို့ လေ့လာရေး ခရီး အတူသွားဘူး သဖြင့်လည်း အချင်းချင်း ရင်းနှီး သိကျွမ်းကြသည်။ နိခိလ် က အိမ်ရှေ့မှ စောင့်ကြိုပြီး အိမ်အပေါ် သို့ ခေါ်ဆောင်သည်။ ငါးထပ်မြောက်ရှိ မိသားစု အခန်းသို့ ရောက်သောအခါ အသင့် စောင့်ကြိုနေသော နိခိလ်၏ မိသားစု (မိဘနှစ်ပါး၊ အစ်မ၊ တူ၊ တူမများ) ကိုတွေ့ရ သည်။ နေရာထိုင်ခင်းပေးပြီး ၀တ်ပြု ကန်တော့ကြသည်။ ရှေးဦးစွာ ဘန္တေ သုဒဿန နှင့် စကား စမြည် ပြောကြသည်။ ထို့နောက် ဘန္တေသုဒဿန၊ နိခိလ်၊ နိခိလ် ၏ အစ်မကြီးနှင့် တူမဖြစ်သူ သူငယ်မတို့ အိမ်အနောက်ဘက် ၀င်သွားကြ သည်။ ထိုအချိန်တွင် နေရာတွင် ကျန်ရှိနေသော နိခိလ်၏ အစ်မငယ်က အင်္ဂလိပ်လို ပြောပြီး ရှင်းပြသည်။ သူငယ်မသည် စိတ်ဂယောက် ဂယက်ဖြစ်နေကြောင်း၊ သရဲ တစ္ဆေများကို မြင်မြင်နေရသည် ဟု ပြောကြောင်း၊ ယမန်နေ့က လဲသွားပြီး နာရီဝက်ခန့် မေ့မျော သွားကြောင်း။ ဆေးခန်းပြကြည့်ရာ ဆရာဝန်က ဘာမျှ မဟုတ် ဟု ပြောကြောင်း စသည်။ မကြာမီ ဘန္တေသုဒဿန တို့ ပြန်ထွက် လာကြပြီး နေရာတွင် တစ်ဖန် စကား ပြောဟောကြပြန် သည်။ သူငယ်မသည် ကျန်းမာ သန်စွမ်းသော ခန္ဒာကိုယ် အနေအထားရှိ၏။ အသက်မှာ ၉ နှစ်မျှသာ ရှိသေးသည် ဟု ဆိုသော်လည်း ၁၃၊ ၁၄ အရွယ်ဟု ထင်ရလောက်အောင် ထွားကြိုင်းမှုရှိ။  ဟန်အမူအရာ သွက်လက်လန်းဆန်းနေသဖြင့် စိတ်ပိုင်းဆိုင်ရာ ဖိအားကြောင့် မဖြစ်နိုင်။ အရွယ်ရောက်သဖြင့် စိတ်ကစား သည့် အနေမျိုးဖြစ်ဖို့များမည်။ သို့သော် သရဲ တစ္ဆေ အမှောင့် ပယောဂ ၀င်ပူးတာလို ဖြစ်ဖြစ်နေသဖြင့် စုန်း နတ် ပယောဂ အတတ်ပေါလှသော အိန္ဒိယလိုနေရာမျိုးတွင် အခြား ပယောဂ မဟုတ်ဟုလည်း မပြော နိုင်ပြန်။ ဘာပဲဖြစ်ဖြစ် ညှိုးငယ် ခြောက်ခြားနေသော မိသားစုအတွက် အားဆေးတစ်ခွက်ဖြစ်စေတော့  ဘုရား တရား အသံ ပေးဘို့ လိုအပ်သည် ဟု အကြံရသဖြင့် ဒကာ နိခိလ် အား ပရိတ်ရေ၊ ပရိတ်ချည် ပြင်ဆင်ခိုင်း သည်။ သူငယ်မအား အလယ်ထားကာ ပရိတ်ချည်ကို အားလုံး ၀ိုင်းဝန်းကိုင်စေ သည်။ ရေခွက်ကို လက်က ကိုင်လျက် ရတနသုတ်၊ မေတ္တသုတ်၊ ဗောဇ္ဈင်သုတ်၊ ဘုရား၊ တရား၊ သံဃာဂုဏ် တော်များ၊ ယံဒုန္နိမိတ္တံ ၃ ဂါထာ၊ ပဋ္ဌာန်း ၂၄ ပစ္စည်း၊ သမ္ဗုဒ္ဓေ ဂါထာတော်တို့ကို အသံကျယ် ကျယ် ထား ရွတ်ဖတ်ပေးသည်။ ပရိတ်ရွတ် နေစဉ် ကလေးမ က ထအော်သဖြင့် အရွတ်အဖတ် မပျက် ပရိတ်ရေဖြင့် မျက်နှာကို တောက်ပေးရသည်။ ပရိတ်ရွတ်ဖတ်ပြီးသော် ပရိတ်ရေကို သူငယ်မအား အ၀ သောက်စေ သည်။ ပရိတ်ချည်ကို လက်တွင် ချည်ပေးလိုက်သည်။ ပရိတ်ရေ သောက်လိုက်တော့ ငါ ဘာဖြစ်မှာလဲ ဟင် သူငယ်မ က မေးသည်။ ဘဂ၀ါ ဗုဒ္ဓ ၏ စွမ်းအားများ မင်းရဲ့ ခန္ဓာ ကိုယ်ထဲကို ရောက်သွားပြီဖြစ်လို့  ဘာကိုမျှ ကြောက်စရာ မလိုတော့ကြောင်း။ ယခု မင်းက ဘဂ၀ါ ဗုဒ္ဓ ရဲ့ သမီးတော် စူပါမိန်းခလေး တစ်ယောက်ဖြစ်သွားပြီဖြစ်ကြောင်း စသည် အားပေးစကား ပြောရသည်။ ထိုအခါ သူငယ်မနှင့် မိသားစု သည် အတိုင်းထက်အလွန် ၀မ်းသာရွှင်ပျနေကြသည်။ ဒါကြောင့် တပည့်တော်က သူငယ်မ ဖြစ်က တည်းက အရှင်တို့ကို သတိရတာ၊ ယခုလို ကြွလာတော့ ဘယ်လောက်ကောင်းထားလဲ ဟု ၀မ်းသာ အားရပြောသည်။ သူငယ်မလည်း  ရွှင်ပျသော မျက်နှာဖြင့် စကား များစွာ ပြောလာသည်။ ငါ အခု ဘာမှ မကြောက်တော့ဘူး၊ ဘဂ၀ါ ဗုဒ္ဓရဲ့ တန်ခိုးတွေ ငါ့ထဲ ရောက် လာပြီ၊ သရဲ တစ္ဆလာလည်း ဒီမှာဆိုပြီး  ဒီပရိတ် ချည်ကို ပြလိုက်မယ် ဟု ပြောသည်။ မင်းအနေနဲ့ ဘဂ၀ါဗုဒ္ဓ အား နေ့စဉ် နံက်တိုင်း ရေချမ်းကပ် လှူသင့်ကြောင်း၊ ရေချမ်းကပ်လှူတာနဲ့ မင်းဘ၀ ဟာ ရေချမ်းလို့ အေးမြ ချမ်းသာ လာမှာဖြစ်ကြောင်း ကြောင်း ပြောရသည်။ သူငယ်မသည် ညညအခါ တစ္ဆေ သရဲ ဇာတ်ကားများကို ကြည့်လေ့ရှိ သည်ဟုဆို သည်။ သူမ၏ ကွန်ပျူတာတွင် သရဲ တစ္ဆေ ဂိန်းများကို ထည့်ထားပြီး ဂိန်းကစားသည် ဟု ဆိုသည်။ အတန်း ဆရာမနှင့် သူငယ်ချင်းများက သရဲ တကယ်ရှိသည် ဟု ပြောထား သည်ကိုလည်း နားထဲစွဲနေသည်။ ထိုကြောက်စိတ်များသည် ထိန်းမရအောင် ဖြစ်လာပြီး သူမ၀န်းကျင်တွင် တစ္ဆေ၊ သူရဲများ အမြဲလို ရှိနေ သည် ဟု စိတ်ထဲ ထင်မှတ်လာသည်။ တံခါးဖွင့် ထားသည်ကို မကြည့်ရဲ၊ အသံကြားလျှင် ကြောက်လန့် ယုတ်စွအဆုံး သူမ ဆံပင် လေခတ်၍ လှုပ်သည်ကိုပင် တစ္ဆေတွေက လာလှုပ်ပေးနေတာ ဟု ဆိုသည်။ မတ်တပ်ရပ်၍ စကားပြောနေစဉ် သူငယ်မသည် ရုတ်တရက် နောက်သို့ လဲကျသွားသည်။ အသက်ရှု၊ မျက်စိမှိတ် တုပ်မှိတ်တုပ် လုပ်နေသည်ကို တွေ့သဖြင့် ဘာမှမဖြစ်ဟု သိရသည်။ ခဏအကြာ ပြန်ထလာပြီး စကားပြောသည်။ ကြမ်းပြင်နှင့် ထိသွားသော သူမခေါင်းကို ပွတ်နေသည်။ မင်း ဘာမှမဖြစ်ပါဘူး၊ မင်းမှာ  စိတ်စွမ်းအားတွေ ရှိနေတာပဲ။ ဒါပေမယ့် မင်း အားကောင်းတိုင်း ခဏခဏ ကျွမ်းထိုးတာမျိုးတွေ လုပ်မပြပါနဲ့ ဟု ပြောလိုက်သည်။ အပြန်လမ်းတွင် ဘန္တေသုဒဿနက ဒီ ကလေးမ အပျိုးစိတ် ပေါက် လာတာပါ ဟု ပြောသည်။ ဟုတ်တာပေါ့ ဒီအရွယ်ဆိုတာ သစ်ရွက် ကလေး လေတိုက် လို့ ဝေ့၀ဲလာတာကို ကြည့်ပြီး အကြောင်းမဲ့ ပြုံးတတ်တဲ့ အရွယ် မဟုတ်လား။ … သြော် သရဲ တစ္ဆေ ဝေလေလေ…

Wednesday, November 23, 2011

အတန်းများနဲ့ ချာချာလည်

(M.PHILL) အမ်းဖီး တန်းကို တက်နေသည်။ သင်သည့် ဘာသာရပ်များကား များလွန်းစွ။ ဖီလိုဆိုဖီ၊ အင်ဒိုလော်ဂျီ၊ မင်နျူစစ်ကရစ်၊ ရီဆာခ်ျမက်သိုလော်ဂျီ၊ ဘေသဇခန္ဒက၊ ဇိနာစရိတ။ တစ်ပတ်လျှင် ၆- ရက်။ စာတမ်းများက ရေးရသေးသည်။ အတန်းတွေစတယ် ဆိုရင်ပဲ ဆရာမက ပြောသည်။ မင်းတို့ အဆောင်ကို မပြန်ကြနဲ့၊ စာကြည့်တိုက်မှာပဲ အချိန်ကုန်ကြ တဲ့။ စာကြည့် တိုက်နှင့် အင်တာနက်ကို အသုံးပြုခိုင်းထားသည်။ အင်ဒိုလော်ဂျီဆရာမကလည်း သူ၏ ဘာသာရပ်ကို လက်တွေ့လုပ်ခိုင်းသည်။ ရှေးဟောင်း ကျောက်စာများ ကို ရေးရသည်။ ဖတ်ရသည်။ မင်နျူစစ်ကရစ် ဆရာမကတော့ မင်နျူစစ်ကရစ် တွေအကြောင်း သုတေသန လုပ်ခိုင်းသည်။ အိန္ဒိယတစ်နိုင်ငံလုံးရှိ အစိုးရ မင်နျူစစ်ကရစ်ဌာနများကို စာရင်ကောက် စာတမ်း တင်ခိုင်း သည်။ ရီဆာခ်ျမက် သိုလော်ဂျီကိုလည်း သုတေသနစာတမ်းများကို ပေး၍ အနှစ်ချုပ်ရေးခိုင်းသည်။ အနှစ်ချုပ် ရေးဘို့ နေနေသာသာ ရေးထားသည်ကိုပင် ဖမ်းမမိပါဟု ပြောကြည့်သော အခါ မင်းတစ်ယောက် မဟုတ်၊ ရေးဘို့ရာ မင်းတာဝန် ဟု ပြောသည်။ အနှစ်ချုပ်ရေး ဘို့ စာတမ်း ၂စောင်ပေးထားရာ တစ်စောင်မှ မတို့ရသေး။ ဘေသဇခန္ဒက ဆရာမကြီးကလည်း ကျမ်းစာလာ ဆေးအကြောင်းများကို ခရာရေ လွှတ် ပြော ပြ သည်။ ဇိနာစရိတ ဆရာကလည်း ကျမ်းဆရာ၊ ကျမ်း၏ အာဘော်များကို ထုတ်နှုတ်တင်ပြခိုင်းထားသည်။ ဖီလိုဆိုဖီဆရာကြီးကလည်း ၁၈-ရာစုနှစ်က အတွေးအခေါ်ဆရာကြီးများ၏ ဘာသာရပ်ဆိုင်ရာ ဖီလော် အကြောင်းများကို ဒိုးဒိုးဒေါက်ဒေါက် ပြောပြသည်။ ခြေချင်းလိမ်နေသော ဖီလော်ဆရာကြီးများ၏ မပြီးနိုင်သော ဒဿနပညာရပ်များကို ငေးမော နားထောင်နေရုံမှတစ်ပါး ဘာမှ မတတ်နိုင်ပေ။ ဒီလ ၁ ရက်မှ ၁၈ ရက်အထိ တက္ကသိုလ် ဧည့်ဆောင်တွင် ပါဠိ ဌာနက ကြီးမှူး ပြုလုပ်သည့် မဏိစူဒ ဇာတ် အင်္ဂလိပ်ဘာသာပြန် workshopကိုလည်း တက်ရောက်ခဲ့သေးသည်။ ဂျာမနီနိုင်ငံမှ ဒေါက်တာ ဟန်နိသည် သမ္မိတိယဂိုဏ် လား ရှေးဟောင်း ဇာတ်တော်တစ်ခုဖြစ်သည့် ဤဇာတ်ကို မင်နျူစစ် ကရစ်မှ ရိုမန်၊ ရိုမန်မှ အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုခဲ့သည်။ ၄င်း၏ ဘာသာပြန်ချက်များကို ဆန်စစ်ကရစ်၊ ပါရာကရစ်၊ ပါဠိတတ် ကျွမ်းသည့် ဆရာကြီး များရှေ့မှောက်တွင် ချပြပြီး အကြံဥာဏ်များကို ရယူခြင်း ဖြစ်သည်။ ထိုဘာသာ ပြန်အလုပ်ရုံကို နံက် ၁၀ နာရီမှ ၁၊ နေ့ ၂ နာရီမှ ၅ နာရီ ပြုလုပ်သည်။ ၁၈ ရက်ပြည့်သောအခါ တက်ရောက်လေ့လာသူများကို လက်မှတ် များပေးအပ်သည်။ ဤအလုပ်ရုံအတွေ့အကြုံမှ မင်နျူစစ်ကရစ် အကြောင်း၊ ဘာသာပြန် လုပ်ငန်းအကြောင်း များကို ထဲထဲဝင်ဝင် သိနားလည်ခဲ့ရသည်။ မင်နျူစစ်ကရစ်များသည် ဘာသာရပ် အားလုံး ၏ ရေသောက်မြစ်ဖြစ်သည်။ ဥပမာ- ပါဠိ၊ ဆန်စစ်ကရစ်၊ ပါရာကရစ်၊ ဟင်ဒီ၊ မာရတီ ဘာသာရပ်များ၏ မင်နျူစစ်ကရစ်သည် ဒေ၀နာဂရီဖြစ်ပြီး အင်္ဂလိပ်၊ ဂျာမာန်၊ စပိန် စသည်များ၏ မင်နျူစစ်ကရစ်သည် ရိုမာန်ဖြစ် သည်။ အိန္ဒိယတစ်နိုင်ငံလုံးရှိ ဘာသာရပ်များ၏ မင်နျူစစ်ကရစ် သည် စုစုပေါင်း ၁၅ ခုရှိသည်။ အိန္ဒိယနိုင်ငံသုံး ရူပီ ငွေ ၅ ရာတန်နှင့် ၁၀၀၀ တန်များတွင် ထိုမင်နျူစစ်ကရစ်များကို ထည့်သွင်းပြထား သည်ကို တွေ့နိုင် သည်။ မြန်မာနိုင်ငံ မြန်မာ၊ မွန်၊ ပျူစာပေတို့၏ မင်နျူစစ်ကရစ်သည် အိန္ဒိ ယနိုင်ငံ ဗြဟ္မီအက္ခရာများဖြစ်ကြောင်း သိရသည်။ ဟုတ်တာပေါ့၊ ဒါကြောင့် မင်းတို့နိုင်ငံကို ဗရမာ လို့ ခေါ်တာလေ။ ဟု အတန်းဆရာမ က ပြောပြသည်။ အင်ဒို လော်ဂျီဆရာမ၏ သင်တန်းသည် များစွာ စိတ်ဝင်စား စရာကောင်းသည်။ ခေတ် အလိုက်တည်ရှိခဲ့သော ရှေးဟောင်း အဆောက်အအုံ၊ ကျောက်စာ၊ လှိုဏ်ဂူ၊ ပုထိုး၊ နေရာများကို ကွန်ပျူတွင် ဓာတ်ပုံများဖြင့် ပြသသင်ကြားသည်။ အဆောက် အအုံ၊ ရုပ်တု၊ ကျောက်တိုင်၊ ကျောက်စာ စသည်များကို ဘီစီ (၃) ရာစု ကတည်းက ဗုဒ္ဓဘာသာ က အစော ဆုံး ဆောင်ရွက်ခဲ့ကြသည် ဟုသိရသည်။ ဗုဒ္ဓဘာသာ ၀င်များ သည် ဗုဒ္ဓ၀င်၊ ဇာတ်တော်များ ကို ဘုရား ကျောင်း တန်ဆောင်းတို့တွင် လူအများ မြင်သာအောင် ထုဆစ်ပြသ ထား လေ့ရှိကြသည်။ ဤနည်းဖြင့် ဗုဒ္ဓဘာသာကို လူအများသိရှိလာပြီး တိုးတက်ပြန့် ပွားခြင်းဖြစ်ကြောင်း ဆရာမက ပြောပြသည်။ မင်နျူစစ်ကရစ် အကြောင်းကို မင်နျူစစ် ကရစ် သင်တန်းဆရာမထက် အင်ဒိုလော် ဂျီသင် ဆရာထံက ပိုမို သိနားလည်ခွင့်ရသည်။ အင်ဒိုလော်ဂျီ ဆိုသည်မှာ အန္ဒိယ နိုင်ငံလုံး ဆိုင်ရာ ရှေးဟောင်းများကို လိုက်စားသည့် ပညာရပ်ကို ဆိုခြင်းဖြစ်သည်။

Tuesday, August 23, 2011

မြန်မာကို တစ်ကမ္ဘာလုံးက လေးစားနေတာ ဘာကြောင့်လဲ

မြန်မာကို တစ်ကမ္ဘာလုံးက လေးစားနေတာ ဘာကြောင့်လဲ

I am now getting one point , a why that is the whole world pays respect to India because of the Buddha's birth place and now a day the whole world pays respect to the Myanmar because of the teaching of Buddha lives there.

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မစ်စတာ ဆန်ဂျေး ပြောတဲ့ စကားပါ။ ဒီကနေ့ မနက် သင်တန်းပြီးတော့ သူ ပြောလာတဲ့ စကား။ ဒီ ပုဂ္ဂိုလ် က လူအေး စိတ်အေးသမား၊ စကားကြီး စကားကျယ်တော့ ပြောတတ်တဲ့ လူတော့ မဟုတ်ဘူး။ အခုတစ်လော သူပြောလာတဲ့ စကားတွေက နားထဲမှာ ဆန်းသလို ဖြစ်ဖြစ်နေလို့ စာလေး ဘာလေး ရေးဖြစ်တာပါ။ တကမ္ဘာ လုံးက အိန္ဒိယကို လေးစားနေတာ မြတ်ဗုဒ္ဓ ပွင့်တော်မူခဲ့တဲ့ နေရာဖြစ်လို့။ အခု မြန်မာကို တကမ္ဘာလုံး က လေး စားနေကြတာကလည်း မြတ်ဗုဒ္ဓ (တရားတော်) သီတင်းသုံးတော်မူနေလို့တဲ့။ ဆိုလိုတာက မြန်မာနိုင်ငံ ကမြတ်စွာဘုရား သာသနာတော်ကို ကောင်းကောင်းကြီး ထိန်းသိမ်းနိုင်ကြတယ်။မြတ်စွာဘုရား စကားတော် တွေကို ကောင်းကောင်းကြီး သိနားလည်ကြတဲ့ သူတွေ နေထိုင်ကြတယ်။ ဒါကြောင့် မြန်မာနိုင် ငံဟာ မြတ်ဗုဒ္ဓ သီတင်းသုံးတော်မူသလို ဖြစ်နေတာမို့ လူတိုင်းက လေး စားနေကြတာပါတဲ့။ အင်း မြန်မာဆိုတာ ဘာလဲဆိုတာ အချို့ နားမလည်ကြသေးတဲ့ အချိန်မှာ ဒီကုလား က အတော် လေး နားလည်နေတာပဲ။

ဒီလူက ဗုဒ္ဓဘာသာပဲ။ ဒါပေမယ့် အိန္ဒိယ ဗုဒ္ဓဘာသာ။ အိန္ဒိယနှင့် အခြား (မြန်မာ၊ ထိုင်း) ဗုဒ္ဓဘာသာ ဘာများ ထူးလို့လဲ မေးစရာရှိတယ်။ ထူးတာမှ သိပ်ထူးသပ။ သူတို့က စစ်ကြီးပြီး ခါမှ ဒေါက်တာ အမ်ဘေဒကာရဲ့ လှုံ့ဆော်မှုအောက်မှာ ဗုဒ္ဓဘာသာဖြစ်လာကြတဲ့သူတွေ ဖြစ်တယ်။ အခြေအနေရ ဖြစ်လာတဲ့ အခြေအနေ ဗုဒ္ဓဘာသာတွေပဲ ဆိုကြပါစို့။ အိန္ဒိယမှာ သိတဲ့အတိုင်း ဇာတ်စနစ် ခွဲခြားမှုက သိပ်အားကြီးတယ်။ ဇာတ်မြင့်တွေက ဇာတ်နိမ့်တွေကို မတရား ဖိနှိပ်ကြတယ်။ အဲဒီ ဒါဏ်ချက်တွေ မခံနိုင်လို့ ဒေါက်တာ အမ်ဘေဒကာ ဦးဆောင်တဲ့ ဇာတ်နိမ့်တွေက ဇာတ်စနစ်မရှိတဲ့ ဗုဒ္ဓဘာသာကို ကူးပြောင်းလာခဲ့ကြတာပဲ။ (ဇာတ်မြင့်တွေကို ပြန်တွယ်ချင် လို့တော့ မဟုတ်ပေမယ့် တစ်ချို့ လူအားနဲ့ ပြန်တွယ်ကြတာတွေလည်း ရှိတယ်။) တကယ် တော့ ဗုဒ္ဓကို ယုံကြည်လို့ ဗုဒ္ဓဘာသာကို သိနားလည်လို့ ဗုဒ္ဓဘာသာဖြစ်လာကြတာမှ မဟုတ်ကြတာပဲ။ အဲဒီတော့ နာမည်ခံ ဗုဒ္ဓဘာသာဖြစ်နေကြတာပေါ့။ အခုတော့ တဖြည်းဖြည်း နဲ့ ဗုဒ္ဓဘာသာ ပီသလာတဲ့ အနေအထားမျိုးကို ရောက်လာနေကြပါပြီ။ ကာလကြာလာ သည်နှင့်အမျှ ဗုဒ္ဓဘာသာ အသိဥာဏ်တွေ ရရှိလာကြလို့ပေါ့။ ဂုရုကြီး ဂိုအင်ဂါ ရဲ့ ၀ိပဿနာ ကျေးဇူးတွေလည်း ပါ ပါတယ်။

ထားပါတော့ ဒီမှာ ပြောစရာရှိတာက အိန္ဒိယ ဗုဒ္ဓဘာသာဝင် ဆိုသူ အများစုက ကံ ကံရဲ့ အကျိုးကို မယုံကြ ဘူး။ ရှေးဘ၀ နောက်ဘ၀ ရှိတာကိုလည်း မယုံကြဘူး။ ဘယ်လောက် ခက်ထားလဲ။ သေရင် ဘ၀ပြီး တယ် ဆိုတဲ့ လူတွေ။ ဒါတွေကို ဗုဒ္ဓဘာသာဝင်တွေလို့ ပြောလို့ရ ပါ့မလား။ အမည်ခံ ဗုဒ္ဓဘာ သာဝင်တွေလို့ (စောစောက) ပြောလိုက်တာ မလွန်ပါဘူးနော်။ ဘာဖြစ်လို့ ဒီလို ဖြစ်နေကြတာလဲ။ အကြောင်းရှိတယ်။ ဇာတ်နိမ့်အများစုက ပညာတတ်လူ တန်းစားတွေ မဟုတ်ကြဘူး။ ပြီးတော့ စီးပွားရေး။ လူမှုရေး စတဲ့ နေရာတွေမှာ လည်း အခွင့်အရေး မရကြဘူး။ ဒီနိုင်ငံမှာ ပညာရေး၊ စီးပွားရေး၊ တိုင်းရေးပြည်ရေး အရာရာကို ဇာတ်မြင့်တွေကသာ ကြီးစိုးချုပ်ကိုင်ထားကြတယ်။ ဇာတ်နိမ့်တွေကတော့ နောက်လိုက် နင်းပြား ဘ၀မှာပဲ ရှိသေးတယ်။ ဒီတော့ ခေါင်းဆောင်ကြီး ဒေါက်တာ အမ်ဘေဒကာရဲ့ ဦးဆောင်မှုအောက်မှာ ဗုဒ္ဓဘာသာ ဖြစ်လာကြတာဆိုတော့ ဒေါက်တာကြီး ပြောတဲ့ ရေးတဲ့ စာတွေ စကားတွေက သူတို့ အတွက် အဓိက အားကိုးရာများဖြစ်တယ်။ ဒေါက်တာကြီးက တော်ပါတယ်။ အတော်လေးကို တော်ပါတယ်။ ဘယ်လောက်အထိ တော်လည်း ဆိုရင် အိန္ဒိယနိုင်ငံကြီးရဲ့ နိုင်ငံတော် ဥပဒေ တွေကို ဦးဆောင် ရေးဆွဲခဲ့တယ်။ နိုင်ငံတော်ရဲ့ အလံကို ဗုဒ္ဓရဲ့ ဓမ္မစကြာတံဆိပ်အဖြစ် ရွေးချယ် သတ်မှတ်ပေးခဲ့တယ်။ ဇာတ်နိမ့် များရဲ့ လွတ်မြောက်ရာလမ်းကို ရှာကြံပေးနိုင်ခဲ့တယ်။ ခေတ်တစ်ခေတ်ကို ပြောင်းသွားအောင် လုပ်နိုင်ခဲ့တယ်ပေါ့။ ဒါပေမယ့် ကံမကောင်းတာက ဗုဒ္ဓဘာသာအဖြစ် ကြေငြာပြီး မကြာခင်မှာပဲ ဒေါက်တာကြီး ဘ၀တစ်ပါးဆုံးသွားခဲ့တယ်။ သူလုပ်ချင်တာတွေ အကုန်လုပ်မသွားနိုင်ရှာဘူး။ ဒီမှာ နောက်လူတွေ အတွက် ပြဿနာက တစ်ပိုင်းတစ်စ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကျန် ရစ်ခဲ့ခြင်း ပဲ။ ကံကို မယုံ၊ သီလမယုံ၊ သမာဓိ မယုံ၊ ပြီးတော့ နောက်ဘုံဘ၀ ကို မယုံ စတဲ့ တစ်ပိုင်းတစ်စ ဗုဒ္ဓဘာသာတွေဖြစ်ကျန်ရစ်ခဲ့တယ်။ သူတို့ဖြစ်ပုံက ဗုဒ္ဓကိုသော်မှာ ဒေါက်တာကြီးလောက် အလေးမထားဘူးဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗုဒ္ဓက သူတို့ ကို ဒေါက်တာကြီးလို အဖိနှိပ်ခံဘ၀တွေက လွတ်အောင် မလုပ်နိုင်ခဲ့လို့တဲ့လေ။

ဒီတော့ စဉ်းစားကြည့်ပေါ့။ ဒီမှာ ဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားတယ်လို့ ပြောနိုင်ပါ့မလား။ အရင်းလဲ အဖျားထင်းဖြစ် ဆိုတာလို အခြေခံက အစ ယုံကြည်မှု နည်းနေတော့ ကျင့်သုံးမှု လိုက်နာမှုဆို တာတွေလည်း ဘယ်လိုလုပ် ဖြစ်လာနိုင်တော့မှာလဲ။ ပတ်ဝန်းကျင်ကလည်း ဟိန္ဒူတွေ ကြီးစိုးတဲ့ ၀န်းကျင်မှာစိုတော့ ဒီမှာ ဗုဒ္ဓဘာသာ အမြစ်ခိုင်ဘို့ဆိုတာ အတော်မလွယ် တဲ့ ကိစ္စပဲ။

ဒီနေရာမှာ ပြောစရာ ရှိတာက ဘုန်းကြီးရဟန်းတွေကကော အဲဒီအတွက် ဘာလုပ်နေကြတာ လဲ။ သာသနာ စည်ပင်ရေးအတွက် အဓိက ပဓာန အလုပ်သမား ဘုန်းကြီး ရဟန်းများ ဘယ် နေရာ ရောက်နေတာလဲ။ ဟုတ်တယ်။ အိန္ဒိယမှာ (ကုလား) ဘုန်းကြီးတွေ မနည်း (တစ်ထောင်လောက်) ရှိတယ်။ ဒါပေမယ့် သူတို့ နေရာ ကောင်းကောင်း မရကြဘူး။ ဗုဒ္ဓဘာသာ ဆင်းရဲသား ရပ်ကွက်လေးတွေမှာ ဘုရားဝတ် တက်ဘို့ ဘုရားကျောင်းလေး တွေ ရှိတယ်။ အဲဒီကျောင်းလေးတွေမှာ ဖြစ်သလို နေကြရ တာပဲ။ ကိုယ်ပိုင် ကျောင်းရယ်လို့ မရှိကြဘူး။ အဖွဲ့အစည်း (ဒကာ ဒကာမတွေ)က မကြိုက်ရင် ဂျောင်းပေတော့။ ဒီတော့ ကုလားဘုန်းကြီးတွေအနေအထားကလည်း အားရစရာ မရှိဘူး။ နေစရာ၊ စားစရာ၊ ၀တ်စရာမှ အနိုင်နိုင်ဆိုတော့ သူတို့ခမျာ ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းစေသော် မလုပ်နိုင်ကြ တာ မဆန်းဘူးပေါ့။ ဒီက ဗုဒ္ဓဘာသာဝင်ဆို သူတွေက ဘုန်းကြီး ရဟန်းတွေကို မင်္ဂလာ ဆောင်၊ အိမ်သစ်တက် လုပ်တဲ့ အခါတွေ လောက်သာ ပင့်ဖိတ်ချဉ်းကပ်သမှု ပြုကြတာပဲ။ ကျန်တဲ့အချိန်ကတော့ တာ့တာပဲ။ တရားနာဘို့ တရားကျင့်ဘို့ ကျောင်းကို လာတာ ရှားပါ တယ်။ ခက်တာက ကုလားဘုန်းကြီး တွေ ကိုယ်တိုင်ကလည်း စာသင်၊ စာချ မရှိ။ ပါဠိပိဋကတ် နားမလည် ဆိုတော့ လူတွေကို ဗုဒ္ဓဘာသာ အသိဥာဏ်နဲ့ ဦးမဆောင်နိုင်ကြဘူး။ အဲဒီတော့ သူတို့ လူတွေက သူတို့ကို အားမကိုးတာ သိပ်တော့မဆန်းသလိုပဲ။ ပညာတတ်ဆိုတဲ့ လူဝတ် ကြောင်တွေ က ဆိုင်ရာ ဆိုင်ရာတွေမှာ ခေါင်းဆောင်လုပ်နေကြတော့ အိန္ဒိယ ဗုဒ္ဓဘာသာဟာ အကွပ်မဲ့ ကြမ်းလို ပရမ်းပတာ ဖြစ်နေတော့တာပေါ့။ ဆရာမရှိတဲ့ ရောဂါက အတော်ဆိုး တယ်ဆိုတာ အိန္ဒိယကို ကြည့်မှ သိသာတယ်။

အိန္ဒိယနိုင်ငံရဲ့ တက္ကသိုလ်အသီး အသီးက ဗုဒ္ဓဘာသာဌာနတွေမှာ ဆရာတွေ ၀င်လုပ် နေတာ ဘယ်သူတွေ ဖြစ်မယ်ထင်သတုန်း။ ဗုဒ္ဓဘာသာကို မုန်းပါတယ်ဆိုတဲ့ ဇာတ်မြင့်ဆိုသူများပေါ့။ ဒီတော့ အိန္ဒိယဗုဒ္ဓ ဘာသာ ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ လူတွေဖြစ်တယ်လို့ ပြောလို့ရတယ်။ ဇာတ်နိမ့် ဗုဒ္ဓဘာသာတွေကတော့ သူတို့ကို အမှီသဟဲ ပြုနေကြတဲ့ နောက်လိုက်များပေါ့။ စဉ်းစားကြည့်လေ ဗုဒ္ဓဘာသာ ကို မယုံတဲ့ သူတွေက ဗုဒ္ဓဘာသာကို ဦးဆောင် ဦးရွက်ပြုနေတာ မှန်ကန်တဲ့ ဦးဆောင်မှုမျိုး ပေးကြပါ့မလားလို့။ ဗုဒ္ဓက အနတ္တ သူတို့က အတ္တ။

အားလုံးကို ချုပ်ကြည့်လိုက်ရင် အိန္ဒိယ ဗုဒ္ဓဘာသာဝင်များအခြေအနေက အမိမဲ့သား ရေနဲငါး လို မျက်စိသူငယ် နားသူငယ်နဲ့ လျှောက်သော လမ်းမှာ စမ်းတ၀ါး ဖြစ်နေကြတာပါ။ ဇာတ်စနစ် ခွဲခြားမှု၊ စီးပွားရေး အားနည်းမှု၊ လူမှုရေးဖိနှိပ်မှု။ (ဗုဒ္ဓဘာသာ) အသိဥာဏ် အားနည်းမှုတွေ အောက်က ရုန်းထွက်နိုင်ဘို့ ဒေါက်တာ အမ်ဘေဒကာ ကဲ့သို့ ကယ်တင်ရှင် ခေါင်းဆောင် ကောင်းတွေ အများအပြား လိုအပ်နေတာ အမှန်ပါ။

အချုပ်ဆိုရရင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ အစစ်အမှန် ပြန်လည် ထွန်းကားရေးအတွက် လိုအပ်ချက် ၂ ခုရှိတာ ကို တွေ့ရတယ်။ တစ်ခုက ပျောက်ဆုံးသွားတဲ့ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေး စနစ်ကို ပြန် လည် ဖော်ထုတ်ခြင်းနှင့် တက္ကသိုလ် အသီးသီး က ဗုဒ္ဓဇင်ဌာန တွေမှာ ဗုဒ္ဓဘာသာ ရဟန်းတော်များ သို့မဟုတ် ဗုဒ္ဓဘာသာဝင်လူဝတ်ကြောင် ဆရာ ဆရာမ များသာ သင်ကြား လုပ်ပိုင်ခွင့် ရခြင်းတို့ဖြစ်ကြတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

'' အရှင်နဲ့ တွေ့တာ ငါ သိပ်ကံကောင်းတာပဲ။ အရှင်က ဒီမှာ ဆက်နေဦးမှာ ဆိုတော့ ငါ့အတွက် အခွင့် အရေးတွေ ပိုရတာပေါ့။ ငါ့ကို ဗုဒ္ဓကျမ်းစာတွေကို ဆက်လက် သင်ကြား ပေးပါနော်။ ''

'' ငါ လုပ်နိုင်သလောက်ပေါ့ ကွာ။ ''

၇-၈-၂၀၁၁