Tuesday, October 19, 2010

ဓမ္မစက္ကပ၀တ္တနနေ့ အခမ်းအနား





အောက်တိုဘာလ ၁၆ ရက်၊ ၂၀၁၀ တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံ အမျိုးသားခေါင်းဆောင် ဒေါက်တာ အမ်ဘေဒကာ၏ ဗုဒ္ဓဘာသာ စတင်တည်ထောင်မှု နှစ် ၅၄ နှစ်ပြည့် အထိန်းအမှတ် အဖြစ် ဓမ္မစက္ကပ၀တ္တနနေ့ အခမ်းအနားကို အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးတွင် ဗုဒ္ဓဘာသာ အဖွဲ့အစည်း အသီးသီးက တစ်ပြိုင်နက်ဆင်ယင် ကျင်းပ ခဲ့ကြသည်။


ဓမ္မစက္ကပ၀တ္တနသုတ်တော်ကို မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် မဟာ သက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့် (ဂျူလိုင်လ) စနေနေ့တွင် ဗာရာဏသီမြို့ အနီး မိဂဒါဝုန် တော၌ ပဉ္စ၀ဂ္ဂီငါးဦး အမှူးပြုသော နတ်ဗြဟ္မာပရိသတ်အား ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် ၀ါဆိုလပြည့်နေ့(ဂျူလိုင်လ)သည် ဓမ္မစက္ကပ ၀တ္တနနေ့ဖြစ်ကြောင်း အားလုံးပင် သိကြသည်။


ယနေ့ ဆင်ယင်ကျင်းပကြသည့် ဓမ္မစက္ကပ၀တ္တနနေ့သည် တတိယသင်္ဂါယနာတင်ခဲ့သော သီရိဓမ္မာသောက မင်းတရားကြီး၏ ဗုဒ္ဓဘာသာ စတင်သက်ဝင်ယုံကြည်ရာ နေ့ဖြစ်ကြောင်းနှင့် ၄င်းနေ့ကိုပင် ဒေါက်တာ အမ်ဘေဒကာ က ၄င်း၏ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ကြောင်း တိုင်းပြည်ကို ကြေငြာသည့် နေ့ဖြစ် ကြောင်းသိရသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ ဓမ္မစက္ကပ၀တ္တနနေ့သည် ဗုဒ္ဓ၊ အသောက၊ အမ်ဘေဒကာ ဟူ၍ သုံးမျိုးသုံးစားဖြစ်ကြောင်း သိနိုင်သည်။


ဒေါက်တာ အမ်ဘေဒကာသည် အိန္ဒိယ၌ သာသနာပြန်လည်ထွန်းကားရန်အတွက် လွန်ခဲ့ သည့် နှစ် ၅၄ နှစ်တာ ကာလက စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ဒေါက်တာ အမ်ဘေဒကာ၏ ဓမ္မစက္ကပ၀တ္တန နေ့သည်လည်း ယခုအခါ ၅၄ နှစ် ရာသီသို့ ရောက်လာ ခဲ့ပြီဖြစ်သည်။ ယခုအခါ ဒေါက်တာ အမ်ဘေဒကာ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် အိန္ဒိယနိုင်ငံ၌ နှစ်ပေါင်း များစွာ ပျောက်ကွယ်တိမ်မြှုပ်ခဲ့သော ဗုဒ္ဓဘာသာသည် ပြန်လည်ဦး မော့လာခဲ့ပြီဖြစ်သည်။


ပူနေးတက္ကသိုလ်အတွင်းရှိ ဗုဒ္ဓ၀ိဟာရတွင် ဓမ္မစက္ကပ၀တ္တနနေ့ အခမ်းအနား ပြုလုပ်မည်ဖြစ်၍ အခမ်းအနားသို့ တက်ရောက်ပါရန် ဘန္တေသုဒဿန က ယမာန်နေ့ကပင် ပင့်ဖိတ်ထားသဖြင့် နံက် ၁၀း ၀၀ နာရီတွင် ဗုဒ္ဓ၀ိဟာရသို့ ထွက်ခဲ့သည်။ ဗုဒ္ဓ၀ိဟာရ အခမ်းအနား မပြီးမီ နယူးဆန်း ၀ိခ်ရပ်ကွက် အမှုဆောင် ဥပါသကာများက ဆက်လက် ပင့်ဖိတ်သဖြင့် လိုက်ပါသွားရပြန် သည်။ နယူးဆန်းဝိခ်သို့ ရောက်သောအခါ နံက် ၁၀း၃၀ ရှိပြီဖြစ်သည်။ စုရပ်ဒေသမှ အခမ်းအနား ကျင်းပရာ ခမ်းမဆောင်သို့ ဒေါက်တာအမ်ဘေဒကာ ရုပ်တုနှင့် ဗောဓိသတ္တ ရုပ်တုတို့ကို မြင်းခုနစ်ကောင်ကသော ရထားယဉ်ဖြင့် တင်ဆောင်လျက် ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးများက နိုင်ငံတော် အလံများ၊ သာသနာ့အလံများကို ဝှေ့ယမ်း ကိုင်ဆောင်လျက် လမ်းမကြီးတစ် လျှောက် ငြိမ်သက်စွာ စီတန်း လမ်းလျှောက် ထွက်ခွာကြသည်။


ခမ်းမဆောင်တွင် အခမ်းအနားကို နံက် ၁၁း၀၀ နာရီအချိန်တွင် စတင်ကျင်းပရာ ရှေးဦးစွာ ရုပ်တုများအား ပန်းများ အမွှေးတိုင်များဖြင့် ပူဇော်ခြင်း။ ပရိသတ်များက ထိုင်းရဟန်းတော် နရိန္ဒထံမှ ငါးပါး သီလ ခံယူဆောက်တည်ခြင်း၊ အခမ်းအနားမှူးက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောဆိုခြင်း၊ ဧည့်သည်တော်များအား လက်ဆောင်ပန်းစည်းများပေးအပ်ခြင်း။ စာရေးဆရာ တစ်ဦးနှင့် ဘန္တေသုဒဿန တို့က ဓမ္မစက္ကပ၀တ္တနနေ့ အကြောင်း သိကောင်းစရာများ ကို (မာရတီဘာသာဖြင့်) ဟောပြောခြင်းများကို ပြုလုပ်ပြီး နေ့ ၁း၁၅ နာရီအချိန် တွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။


မှတ်ချက် ။ ၄င်းနေ့မှာပင် ဟိန္ဒူဘာသာဝင်တို့က ရာမမင်းသားက ဒသဂီရိအား သတ်သည့် Dussera နေ့အထိန်းအမှတ်ပွဲ ကျင်းပသည်။


KM 18-10-2010


0 comments:

Post a Comment