Thursday, June 21, 2012

နှစ်သစ်အကြို ခရီးသွားမှတ်တမ်း (၈)


၂-၁-၁၂
နံနက် ၉-နာရီမှာ အိပ်ရာထ၊ နံက်စာစားပြီး မောင်နန္ဒအဆောင်မှ ထွက်ခဲ့ကြ။ ယနေ့ ဒေလီကိုပြန်ကြမည်။ နေ့လည်စာကို ဗိယက်နာမ်သီလရှင်လေး တမ် အိမ်မှာ စားကြမှာဖြစ်တယ်။ နေ့လည်စာမစားမီ တက္ကသိုလ်ထဲ လှည့်လည်ကြည့်ရှုဘို့အတွက် အိမ်က အစောထွက်ခဲ့ကြခြင်းဖြစ်တယ်။ ဒါပေမယ့် နံက် (၁၀) နာရီမှာ တောင် မြူနှင်းများဆိုင်းနေတာကြောင့် ပတ်ဝန်းကျင်ကို ဘာကိုမှ သဲသဲကွဲကွဲ မမြင်ကြရဘူးဖြစ်နေတယ်။ တက္ကသိုလ်ထဲက မောင်နန္ဒတို့ တက်ရောက်သင်ယူနေတဲ့ ဘာသာရေးဌာနကို ၀င်ရောက်လေ့လာကြပြီး နံနက် (၁၀) နာရီခွဲလောက်မှာ တက္ကသိုလ်ဂိတ်ပေါက်နှင့် မဝေးလှတဲ့ ဗိယက်နာမ် ဆရာလေး တမ်အိမ်ကို ခြေလျင် လျှောက်သွားကြတယ်။ ဆရာလေးတမ်အိမ်မှာ မြန်မာဆရာလေး မသိင်္ဂါသီရိလည်းရှိနေတယ်။ ဒီမှာ သူတို့ ၂-ပါးက အတူသွား အတူလာ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်ကြတယ်။ ယခုလည်း စာရေးသူတို့ ရောက်ခိုက် ဆရာ လေးတမ်အိမ်မှာ နေ့လည်စာကျွေးဘို့ ၂ ပါးတိုင်ပင် ချက်ပြုတ်ကြတာဖြစ်တယ်။ အထူးသဖြင့် ဗိယက်နမ်အစားအစာများနဲ့ ပြင်ဆင်ထားခြင်းဖြစ်တယ်။ ကျွေးသမျှ အကုန်စားလေတော့ ဆရာလေး တမ် သဘောကျလို့ မဆုံးဖြစ်နေတယ်။ လာကြပြီးတော့ နေကြပါဦးလား၊ ဘာအရေးကြီးလို့ ချက်ချင်းပြန်ကြ တာလဲလို့ မေးရှာတယ်။ နေ့လည်စာစားပြီး ဒေလီပြန်ဘို့ အဝေးပြေးကားဂိတ်ကို ထွက်ခဲ့ကြတယ်။ ဆရာ လေး၂-ပါးလည်း ကားဂိတ်အထိ လိုက်ပါလာကြပြီး နှုတ်ဆက်စကားဆိုကြတယ်။ ညနေ သုံးနာရီ ဘတ်စ်ကားနဲ့ မြို့တော် ပတျာက ထွက်ခဲ့ကြတယ်။ ည(၉)နာရီမှာ ဒေလီကို ရောက်တယ်။ ဒေလီမှာ မောင်ဇဋိ တို့ ကားဂိတ်က စောင့်ကြိုနေကြတယ်။

၃-၁-၁၂
ယနေ့ အစီအစဉ်က မြန်မာသံရုံးကို သွားခြင်းနဲ့ shoping mall ထွက်ခြင်းတို့ဖြစ်ကြတယ်။ မြန်မာသံရုံးကို ဗာရာဏသီတက္ကသိုလ်မှာ ဒေါက်တာဘွဲ့လုပ်နေတဲ့ ဦးသေဋ္ဌိလရဲ့ ပတ်စပို့သက်တမ်းတိုး စာအုပ်ထုတ် ယူရန်အတွက် သွားကြခြင်းဖြစ်တယ်။ စာရေးသူတို့ အိန္ဒိယရောက် ပညာသင်ရဟန်းတော်များ ပတ်စပို့ သက်တမ်းတိုးလိုပါက ဒေလီ မြန်မာ့သံရုံးကို သွားရောက်ပြုလုပ်ကြရတယ်။ စာရေးသူမှာ ဒေလီရှိ  မြန်မာ့သံရုံးကို ပထမဦးဆုံးအကြိမ် ရောက်ဘူးခြင်းဖြစ်တယ်။ ဤသံရုံးသည် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဒေါ်ခင်ကြည်နှင့် သမီးငယ် ဒေါ်အောင်ဆန်းစုကြည်တို့ နေထိုင်ခဲ့တဲ့ နေရာဖြစ်မယ် ဟု အတွေးရောက်မိတယ်။ စာအုပ်ရပြီးနောက် သံရုံးမှ ပြန်လည်ထွက်ခဲ့ကြပြီး ကာလနဂါးနှင့်  မြေအောက် ဈေးဘက်ကို ထွက်ခဲ့ကြတယ်။ မောင်ဝိဝေက က ကာလနဂါးဈေးမှာ အသံဖမ်းစက်တစ်လုံး၊ မြေအောက် ဈေးမှာ စာရေးသူက စန္ဒကူးနံ့သာ ပုတီး(၁၀)ကုံး နှင့် နံ့သာရေမွှေး ပုလင်း (၂) ကဒ် (ရူပီး-၄၃၀၀ဘိုး) ၀ယ်တယ်။ ခရီးသွားအိပ်တစ်လုံး-(၆၀၀ိ)၊ စာအုပ်ဆိုင်မှာ သာသနာ ၂၅၀၀ စာအုပ်ရှာရင်း မဟတ္တမဂန္ဓီဘ၀ဖြစ်စဉ်စာအုပ်ကို (ရူပီး-၃၀ိ) ပေးဝယ်ခဲ့သေးတယ်။ မြေအောက်ဈေးမှာ လှည့်လည်ကြည့်ရှုပြီး ဈေးဝယ်တုန်းမှာ  မောင်ဝိဝေက ရဲ့ပါးစပ်က ရွှေသွားကို ကုလားတွေ မြင်ပြီး သုဝဏ် ဆိုပြီး တစ်အံ့တသြပြောပြီး ၀ိုင်းကြည့်နေကြတယ်။ ကြာရင် ပြဿနာတက်နိုင်တာမို့ မောင်ဝိဝေက ကို စကားမပြော(ပါစပ်မဟ) ဘို့ ပြောရတယ်။  ယနေ့ နေ့လည်စာကို မြို့ထဲ  kfc မှာ စားကြတယ်။ အဆောင်ပြန်ရောက်တော့ ရေမချိုးတာ သုံးရက် ရှိခဲ့ပြီမို့ ရေချိုးရတယ်(အေးတာကိုး)။ နက်ဖြန်မြို့ထဲ အထင်ကရနေရာများကို sightseeing ထွက်ဘို့စီစဉ် ထားကြတယ်။

၎-၁-၁၂
နံနက်စာ စားကြပြီးနောက် နံနက်(၉)နာရီအချိန် အဆောင်မှ စထွက်။ ပထမဦးစွာ အိန္ဒိယ လွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ မီးသဂြိုလ်ခဲ့သည့်နေရာ (Raghat)ကို သွားကြတယ်။ (Raghat) ကို အများ သူငါ လာရောက်အပန်းဖြေ နားနေစရာ ဥယျာဉ်အဖြစ် အလွန်ကျယ်ပြန့်စွာ ပြုလုပ်ထားတာကို တွေ့ရ တယ်။ ဂန္ဓီကြီး မီးသဂြိုဟ်ခဲ့တဲ့နေရာမှာ လျှပ်စစ် မီးတောက်အိမ် အမြဲထွန်းညှီထားတာကို တွေ့ရတယ်။ အိန္ဒိ ယမှာ ခေါင်းဆောင်ဆိုသူများကို ဂုဏ်ပြုအလေးထားဘို့ မခဲ့ယဉ်းတတ်တာကို ဒီနေရာတစ်ခုကိုပဲ ကြည့်ရင် သိနိုင်တယ်။ (Raghat) ကထွက်ခဲ့ပြီး နာမည်ကျော် ဟိန္ဒူဘုရားကျောင်း (Akshadham temple) ကို လာခဲ့ကြတယ်။ အထဲကို ပိုက်ဆံအိပ်မှတစ်ပါး အခြားဘာကိုမျှယူဆောင်ခွင့်မရှိဘူး။ ဓာတ်ပုံရိုက်ခွင့်လည်း မရှိဘူး။ ကျောင်းဆောင်များကို ကျောက်ဆစ် အနုလက်ရာများနဲ့ အနုစိတ် ဖန်တီးထားတယ်။ ၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ကုဋေသိန်းပေါင်း ၂၀၀ ကျော် အကုန်အကျခံ တည်ဆောင်ခဲ့တယ်လို့သိရတယ်။ ဒီအဆောက်အအုံကြီးကို ဦးဆောင် တည်ဆောက်ခဲ့သူက ဟိန္ဒူဘုန်းတော်ကြီးတစ်ပါး ဖြစ်တယ်လို့သိရ တယ်။ ဟိန္ဒူကျောင်းမှ ပြန်လည်ထွက်လာခဲ့ပြီး Lotus house ဘက်ကို ထွက်ခဲ့ကြတယ်။ ကျယ်ဝန်းသော ပန်းဥယျာဉ်ထဲတွင် ကြာဖူးသဏ္ဍန်တည်ဆောက်ထားတဲ့ အဆောက်အအုံကြီးဖြစ်တယ်။ ဘဟာရီဘာသာ ၀င်တို့ရဲ့ ဘဟာရီ ဘုရားရှိခိုးကျောင်းဖြစ်တယ်လို့ သိရတယ်။ အထဲမှာ ထိုင်ခုံများရှိပြီး မည်သည့်ဘာ သာဝင်များမဆို ၀င်ရောက်ပြီး တိတ်ဆိတ်စွာ ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းပျော်ရွှင်ရေးအတွက် ဆု တောင်းဆုယူ ပြုလုပ်နိုင်တယ်။ ဒီအဆောက်အအုံကြီးကို ၁၉၈၇ ခုနှစ်က ဘဟာရီဘာသာဝင်များက တည်ဆောက်ခဲ့ကြတယ်လို့ သိရတယ်။ အဲဒီနေရာကနေ မဟာသတိပဋ္ဌာန်းကုန်းဘက်ကို ထွက်ခဲ့ကြတယ်။ မဟာသတိပဋ္ဌာန်းကုန်း အ၀င်ပေါက်မှာ ညစ်ပတ်နံစော်နေတဲ့ အမှိုက်ပုံကြီးကို တွေ့ရတယ်။ ဒါပေမယ့် အထဲလည်းဝင်လိုက်ရော စိတ်ထဲမှာ အတော်လေး အေးချမ်းသွားတယ်။ နာမည်ကျော် မဟာသတိ ပဋ္ဌာန် ဒေသနာတော်မြတ်ကို မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့နေရာဖြစ်လို့ မဟာသတိပဋ္ဌာန်ကုန်း လို့ ခေါ်ကြခြင်းဖြစ်တယ်။ မြတ်စွာဘုရာလက်ထက်တော်အခါက ဒီနေရာဟာ ကုရုတိုင်းအနီး က ကမ္မာသဓမ္မရွာ ကြီးဖြစ်ခဲ့တယ်။  အသောကမင်းတရားကြီးက အမှတ်အသား ကျောက်စာထားခဲ့တာကြောင့် မဟာသတိပဋ္ဌန်ဟောတော်မူခဲ့တဲ့နေရာလို့အတိအလင်းပြောနိုင်ခြင်းဖြစ်တယ်။ ကျောက်
တောင်ကုန်းလေးပေါ်မှာ လေးဒေါင့် တိုက်လေး တည်ဆောက်ကာရံထားတဲ့ အသောကမင်းကြီး လက်ထက်က ရေးထိုးခဲ့တဲ့ ကျောက်စာ တစ် ခုရှိတယ်။ အဲဒီ နေရာကို မဟာသတိပဋ္ဌာန်အကြောင်းကို ကောင်းကောင်းသိကြတဲ့ ရွှေမြန်မာတို့ အရောက်လာပြီး ပူဇော်ကန်တော့လေ့ရှိကြတယ်။ စာရေးသူက မဟာသတိပဋ္ဌာန်ပါဠိတော်(ဥဒ္ဒေသ) ကို အသံနေ အသံထားနဲ့ ရွတ်ဆိုပေးတဲ့အခါ အခြားသူငယ်ချင်းတွေက နားစိုက်ထောင်ပြီး သာဓုခေါ်ကြတယ်။ မဟာ သတိပဋ္ဌာန်း ကုန်းနေရာမှာ လူအရောက်အပေါက်နည်းသလို ဘာအဆောင်အယောင်မှလည်း ရှိမနေဘူး။ ဒါပေမယ့် စိတ်ထဲမှာ ဒီကို ရောက်ရတာ အတော်လေးကို အရသာရှိသွားတယ်။ မမြင်နိုင်တဲ့ အအေးဓာတ် တွေက ဥပနိသျပဋ္ဌာန်းပစ္စည်းအနေနဲ့ အထောက်အပံ့ပြုနေလို့ဖြစ်မယ်။ မဟာသတိပဋ္ဌာန်ကုန်းက ပြန် တော့ မဟတ္တမဂန္ဓီနေအိမ်ပြတိုက်ဘက်ကို ထွက်ခဲ့ကြတယ်။ မဟတ္တမဂန္ဓီနေအိမ်ပြတိုက်ကို အတော်လေး ကို စိတ်ဝင်စားဘွယ်ပြုလုပ်ထားတာကို တွေ့ရတယ်။ အိမ်ထဲမှာ ဂန္ဓီကြီးရဲ့ ဘ၀ဖြစ်စဉ်နှင့် အိမ်အပြင်ဘက် မှာတော့ သူရဲ့နောက်ဆုံးအချိန်က ခြေလှမ်းများနဲ့ သူကျဆုံးသွားတဲ့နေရာများကို ပြထားတယ်။ မဟတ္တ မဂန္ဓီနေအိမ်ပြတိုက်ပြီးတော့ ၀န်ကြီးချုပ် အင်ဒီရာဂန္ဓီနေအိမ်ပြတိုက်နှင့် သူမရဲ့ဖခင် ၀န်ကြီးချုပ် ပဏ္ဍိတ် နေရူးအိမ်ပြတိုက်တို့ကိုလည်း သွားကြည့်ကြသေးတယ်။ ပဏ္ဍိတ်နေရူးပြတိုက်မှာ ပဏ္ဍိတ်ကြီးရေးသားခဲ့တဲ့ Discovery of India  စာအုပ်ကြီးနဲ့ သမီးထံပေးစာ စာအုပ် ၂ အုပ်ကို ရူပီး ၇၅၀ ပေးပြီးဝယ်ခဲ့သေးတယ်။ အင်တာနေရှင်နယ်ပြတိုက်ကိုတော့ အချိန်မရလို့ မသွားကြတော့ဘဲ နောက်ဆုံးအနေနဲ့ အိန္ဒိယဂိတ်ကို သွားကြတယ်။ ဒီဂိတ်ပုံစံ အဆောက်အအုံကြီးကို စစ်ကြီးပြီးတော့ အိန္ဒိယ ပါကစ္စတန် ၂ နိုင်ငံအကွဲမှာ ကျဆုံးသွားကြတဲ့ ပုဂ္ဂိုလ်များရဲ့ အထိန်းအမှတ်အဖြစ် တည်ဆောက်ခဲ့တာလို့သိရတယ်။ အဆောင်ကို ပြန် ရောက်တော့ ညနေ ၆-နာရီ ခွဲပြီ။ တစ်နေကုန် ဒေလီ Sightseeing ထွက်တာ ကားခ ရူပီး (၉၀၀ိ)ကျတယ်။ နက်ဖြန် နာမည်ကျော် တပ်ခ်ျမဟာကို ခရီးဆက်ဘို့ ကိုဇဋိတို့ ဆက်လက် စီစဉ်နေကြတယ်။ 

Thursday, May 31, 2012

နှစ်သစ်အကြို ခရီးသွားမှတ်တမ်း (၇)


၃၁-၁၂-၁၁
နံနက်စာ ကြက်ဥကြော်၊ ပေါင်မုံ့ ၂ ချပ်၊ ကျရေတစ်ခွက် လာပေးတယ်။ သတင်းစာပေးတယ်၊ သတင်း ရေဒီယိုဖွင့်ပေးထားတယ်။ ဒီရထားမှာ နေ့လည်စာ၊ ညစာတွေကိုလည်း ကျွေးမွေးသေးတယ်လို့ သိရတယ်။ ရထားပေါ်မှာ ဂယာက တစ်တွဲထဲ အတူစီးလာတဲ့ မြန်မာလူငယ် မောင်သိန်းဋ္ဌေးနဲ့ စကား စမြည်ပြောဖြစ်တယ်။ မြန်မာနိုင်ငံ ရွှေဝါရောင်တော်လှန်ရေးကာလ က အိန္ဒိယကို ထွက်လာတဲ့ လူငယ်တစ်ယောက်ဖြစ် ကြောင်းသိရတယ်။ ယခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်တည်ဆောက်နေပြီမို့ မြန်မာနိုင်ငံ တိုးတက်ရေး အတွက် တတပ်တအား ၀ိုင်းဝန်းဆောင်ရွက်ဘို့ မြန်မာပြည်ကို ပြန်သွားသင့်ကြောင်း ပြောမိတယ်။ နယူးဒေလီဘူတာရောက်တော့ နံနက် (၁၀) နာရီခွဲပြီ။ ဗာရာဏသီဘူတာက လိုက်ပါလာကြတဲ့ မောင်ဝိဝေကနှင့် မောင်စန္ဒိမာတို့ ၂ ပါးနှင့် ဒေလီဘူတာရောက်မှ ဆုံဖြစ်တယ်။ ဘူတာသို့  ဦးဇဋိလာလင်္ကာရ၊ ဦးကုမုဒါလင်္ကာရ ညီနောင် ၂ပါးလာရောက်ကြိုဆိုကြတယ်။ တည်းခိုမည့်အဆောင်ကို မက်ထရို စီးပြီးသွားကြတယ်။ နာမည်ကျော် ဒေလီ မြေအောက်ရထားကို ယခုအကြိမ် ပထမဦးဆုံး စီးနင်းဘူးခြင်းဖြစ်တယ်။ ဦးဇဋိလ အခန်းမှာ အိပ်ပလုံးချ ခေတ္တ အပန်းဖြေ နားနေကြပြီး နေ့လည်စာ စားဘို့ အပြင်ကို ထွက်ခဲ့ကြတယ်။ အသစ်ဖွင့်လှစ်တဲ့  တိဘက်တန် စားသောက်ဆိုင်တစ်ခုမှာ နေ့လည်စာစားကြတယ်။ စားသောက်ဆိုင်က အပြန် ပတျာလမြို့ကို ခရီးဆက်ဘို့ ပြင်ကြတယ်။ ပတျာလတက္ကသိုလ်မှာ သီတဂူ က အရှင်နန္ဒာစာရ ကျောင်းတက် နေတယ်။ မောင်ဝိဝေကတို့ ၂ ပါးက ယနေ့ပင် ပတျာလ သွားချင်သည်ဟုဆိုသဖြင့် သူတို့နှင့် တစ်ပါတည်း လိုက်ပါသွားခြင်းဖြစ်တယ်။ ပတျာလ က ပန်ချပ်စတိတ်ရဲ့ ဒုတိယ မြို့တော်ဖြစ်တယ်လို့ သိရတယ်။ ဒေလီကနေ ကီလိုမီတာ (၂၃၈) လောက်ဝေးတယ်။ ဘတ်စ် ကားနဲ့ ၆ နာရီလောက်ကြာ သွားရတယ်။ မြို့တော် နယူးဒေလီမှာ  happy new year ည ဖြစ်လိမ့်မယ်လို့ အစောက တွေးထားပေမယ့် မထင်မှတ်ဘဲ  မြို့တော် ပတျာလမှာဖြစ်သွားတယ်။ နယူးဒေလီက နေ့ ၂ နာရီ ကားစထွက်တာ ပတျာလ ရောက်တော့ ည (၈) နာရီ ထိုးပြီ။တက္ကသိုလ်ဂိတ်ပေါက်ကိုကျော်ပြီး  မြို့လယ် ဘတ်စ်ကားဂိတ် အထိ လိုက်ပါသွားမိလို့ သုံးဘီးငှားပြီး တက္ကသိုလ်ဂိတ်ဘက်ကို ပြန်လာရတယ်။ တက္ကသိုလ်ဂိတ် ပေါက်မှာ အရှင် နန္ဒာစာရ က စောင့်ကြိုနေတယ်။ သူနေတဲ့ အခန်းမှာ ညကျိန်းစက်ကြတယ်။ ပတျာလမြို့ တက္ကသိုလ်မှာ ပီအိပ်ခ်ျဒီ လုပ်နေကြတဲ့ မြန်မာ ကျောင်းသား ၂-ယောက်ရှိတယ်။ စစ်ကိုင်း သီတဂူ က အရှင်နန္ဒာစာရ နှင့် စစ်ကိုင်း သမိဒ္ဓေါဒယချောင်က ဆရာလေး မသိင်္ဂါသိရီတို့ဖြစ်တယ်။ သူတို့ ၂-ပါးစလုံးက အမ်အေဘွဲ့ ကိုလည်း ဒီတက္ကသိုလ်မှာပဲ ပြီးခဲ့ကြတယ်။ စာရေးသူတို့ ပတျာလကို ရောက်တဲ့ ညမှာပဲ ဆရာလေး ၂-ပါးလည်း ဗုဒ္ဓဂယာမှ ပတျာလကို ပြန်ရောက်လာခဲ့ကြတယ်။ စာရေးသူက စာရေးသူတို့ ပတျာလကို ရောက်နေကြောင်း ဖုန်းဆက်တော့ သူတို့လည်း တက္ကသိုလ်ဂိတ်ပေါက်ကို ယခုပဲ ရောက်လာကြောင်း ပြောတယ်။ ဗုဒ္ဓဂယာက တစ်ရက်တည်း ထွက်ခဲ့ကြပေမယ့် သူတို့ ၂ ပါးက အခြားရထားနဲ့ အလျင် လိုက်ပါ ခဲ့ကြတာဖြစ်တယ်။ မောင်ဝိဝေကတို့ ခရီးပန်းလာတာနဲ့ အစောအိပ်ရာဝင်ကြပေမယ့် စာရေးသူက တော့ အင်တာနက်ကြည့်ရင်း နှစ်သစ်ကူးချိန်ကို စောင့်နေတယ်။ ၁၂-နာရီထိုးတော့  happy new year လို့ ပြောလိုက်တယ်။ တစ်နှစ်ကုန်ပြန် ငါ့ရုပ်နာမ် သေရန် တစ်နှစ်နီးခဲ့ပြီလို့လည်း တွေးလိုက်တယ်။ happy new year အထိန်းအမှတ်  ကုလားဗျောက်အိုးသံအချို့ ကြားနေရတယ်။

၁-၁-၁၂
ယနေ့ ချန်တီကတ်မြို့ကို ခရီးဆက်ဘို့ စီစဉ်ထားတယ်။ နံနက်(၈) နာရီမှာ နံနက်စာအဖြစ် ကိုနန္ဒ လက်ရာ ထမင်းကြော်နဲ့ ကြက်ဥကြော် စားကြတယ်။ နံနက်(၉)နာရီမှာ သုံးဘီးစီးပြီး ဘတ်စ်ကားဂိတ်ကို ထွက်ခဲ့ကြ တယ်။ ကားဂိတ်ကတစ်ဆင့် ဘတ်စ်ကားစီးပြီး ပန်ချပ်စတိတ်ရဲ့ မြို့တော် (chantigerh) ချန်တီကတ်ကို ထွက်ခွာခဲ့ကြတယ်။ ပတျာလနဲ့ မြို့တော်ချန်တီကတ်က ကီလိုမီတာ (၆၇) ဝေးတယ်။ (၁) နာရီခွဲကြာ ကားစီးသွား ရင်ရောက်တယ်။ ချန်တီကတ်မြို့ထဲ ၀င်လိုက်တယ်ဆိုရင်ပဲ စိတ်ထဲမှာ အတော်ကလေး အေးချမ်းသွားတယ်။ လမ်းတွေ သစ်ပင်တွေကို လှလှပပ စနစ်တကျ တည်ဆောက်ထားတာကို တွေ့ရ တယ်။ လမ်းတွေကို အရှေ့အနောက်၊ တောင်မြောက် တစ်ဖြောင့်တည်းဆွဲထားတယ်။ လမ်းဘေးဝဲယာမှာ စီတန်းစိုက်ထားတဲ့ သစ်ပင်တွေကလည်း ညီညီညာညာ ရှိလှတယ်။ လမ်းတွေက ကျယ်ဝန်းပြီး သန့်ရှင်း နေတယ်။ လူဦးရေ ထူထပ်မှုမရှိတာကြောင့် အသွားအလာလည်း ရှုပ်ထွေးမနေဘူး။ လမ်းဆုံတွေက ကားပတ် ၀ိုင်းကြီးတွေကို မြင်တော့ မြန်မာနိုင်ငံ မြို့တော် နေပြည်တော်ကို သွားသတိရတယ်။ မြို့တော် သစ် နေပြည်တော် အလှနဲ့ ဒီမြို့အလှက ခပ်ဆင်ဆင်ဖြစ်နေတာမို့ ဒီမြို့က ငါ ရောက်ဘူးတဲ့ မြို့တစ်ခုခုနဲ့ တူပါတယ်လို့ အစောက တွေးနေမိသေးတယ်။ မြို့တော် ချန်တီကတ်ရောက်မှပဲ တကယ့်ကို happy new year ဖြစ်တော့တယ် ဆိုပြီး ကျေနပ်ရတော့တယ်။ ဘတ်စ်ဂိတ်က တစ်ဆင့် သုံးဘီးကားစီးပြီး တက္ကသိုလ်ကို လာခဲ့ကြတယ်။ တက္ကသိုလ် အဆောင်ရှေ့မှာ ဦးကောသလ္လ က စောင့်ကြိုနေတယ်။ ဦးကောသလ္လနဲ့ စာရေး သူက စစ်ကိုင်း-သီတဂူတက္ကသိုလ်မှာ ဘီအေ ဘွဲ့အတူပြီးလာခဲ့သူများဖြစ်တယ်။ အိန္ဒိယကို အမ်အေဘွဲ့ အတွက် ထွက်လာတော့လည်း တစ်နှစ်တည်းပဲ။ သူက ဒေလီမှာ ကျောင်းတက်ပြီး စာရေးသူက ပူနေးမှာ။ အခု အမ်အေပြီးလို့ M.Phil ဘွဲ့လုပ်ပြန်တော့လည်း အတူတူဖြစ်နေတယ်။ သူက ဒီတက္ကသိုလ်မှာ စာရေးသူက ပူနေးမှာပဲပေါ့။ ဒီချန်တီကတ်မှာ မြန်မာရဟန်းတော်ထဲက ဦးဓမ္မာစာရနှင့် ဦးကောသလ္လတို့ ၂ ပါး ကျောင်းတက်နေကြ တယ်။ ဦးဓမ္မာစာရ က စစ်ကိုင်းသီတဂူကဖြစ်ပြီး ပီအိပ်ခ်ျဒီစာတမ်းလုပ်နေတယ်။ ဒါပေမယ့် နေတော့ ပတျာလမှာနေတယ်။ ဦးကောသလ္လအခန်းမှာ နေ့လည်စာ စားပြီး မြို့ကို  လှည့် လည်ကြည့်ကြတယ်။ ပထမဦးစွာ တက္ကသိုလ်ထဲကို လှည့်ကြည့်တယ်။ ဆန်းပြားတဲ့ ဒီဇိုင်းများနှင့် တည် ဆောက်ထားတဲ့ အဆောက်အအုံ အလှများကို နောက်ခံထားပြီး ဓာတ်ပုံတွေရိုက်ကြတယ်။ ကျောင်းပိတ် ရက်မို့ ပန်ချပ်သူ အချောအလှများကို သိပ်မတွေ့ရဘူး။ ဇာတ်တော်တွေထဲက မြင်သူရူးအောင် လှတဲ့ ဥမ္မာဒန္တီတို့ ပပ၀တီတို့ဆိုတာ ပန်ချပ်ဒေသသူများဖြစ်တယ်လို့ဆိုတယ်။ တကယ်တမ်းလည်း ယခုအချိန် အထိ  အိန္ဒိယမှာဆို အချောအလှဘက်မှာ ပန်ချပ်သူများက နာမည်ကြီးတုန်းပဲဖြစ်တယ်။ သူငယ်ချင်း တစ်ယောက်က ဒေလီမှာ အချောအလှကြည့်ချင်ရင် ရထားဘူတာကိုသွားပြီး ပန်ချပ်ဘက် က လာတဲ့ရထား အဆင်းကို စောင့်ကြည့်ရတယ်လို့ပြောဘူးတယ်။ ပန်ချပ်နယ်က ဟိမ၀န္တာ ရေခဲတောင် များနှင့် နီးတော့ ရာသီဥတုက အအေးပိုတယ်။ ရေမြေကောင်းတယ်။ သစ်ပင်ပန်းမာလ်ဖြစ်ထွန်းတယ်။ လူတွေကလည်း လူရည်သန့်တွေများတယ်။   ပန်ခ်ျ လူမျိုးတွေက ဆစ်ခ်ဘာသာဝင်တွေများတယ်။ သူတို့ရိုးရာထုံးအရ ခေါင်း ပေါင်း အမြဲတမ်း ပေါင်းထားရတယ်။ ရောင်ထုံးထားရတယ်။ မုတ်ဆိတ်ထားရတယ်။ လက်နက်ဓား အမြဲဆောင်ထားရတယ်။ သူတို့နိုင်ငံ ရဲ့ဇာတ်စနစ်အရဆိုရင် သူတို့က ခတ္တိယဆိုတဲ့ တိုင်းပြည် ကာကွယ် ရေး တာဝန်ထမ်းဆောင်ရသူများဖြစ်တယ်။ ဒုတိယကမ္ဘာစစ်က မြန်မာပြည်ကို အင်္ဂလိပ်တွေ ခေါ်သွင်းလာ တဲ့ ပန်ချာပီစစ်သားတွေ ဆိုတာ ဒီနယ်က လူတွေဖြစ်တယ်။ နှင်းဆီဥယျာဉ်၊ ရေကန်၊ ဗျန်ကျဈေးနေ ရာတွေကို လိုက်ကြည့်ပြီး မြို့တော် ပတျာလကို ပြန်လာခဲ့ကြတယ်။ မြို့တော် ပတျာလရောက်တော့ ညချမ်း မှာ အရှင်ဓမ္မာစာရ နေတဲ့ တိုက် ခန်းကို သွားလည်ကြတယ်။ အရှင်က ရန်ကုန် ကြည့်မြင်တိုင်သားဖြစ်ပြီး သဒ္ဓါစိတ်နဲ့ သာသနာ့ဘောင်ဝင် ရောက်လာခဲ့သူဖြစ်တယ်။ စာပေဗဟုသုတ လိုက်စားမှုမှာ များစွာ ၀ါသနာပါသူဖြစ်ပြီး အင်္ဂလိပ်၊ ပါဠိအရေး အသား နိုင်နင်းသူတစ်ယောက်ဖြစ်တယ်။ စာရေးသူနဲ့က ပခုက္ကူ အလယ်တိုက်ကြီးမှာကတည်းက သိကျွမ်း ရင်းနှီးခဲ့ပြီး စစ်ကိုင်း-သီတဂူရောက်တော့လည်း သီတဂူကျောင်း သားအဖြစ် စာကဗျာထုတ်ဝေရေးတွေမှာ အတူလက်တွဲဆောင်ရွက်ခဲ့ကြတယ်။ ထိုညက ဗဟုသုတများ လှတဲ့ အရှင်ရဲ့အဆိုအမိန့်များကို များစွာ နား ထောင်ခွင့်ရခဲ့ကြတယ်။  

Wednesday, April 4, 2012

နှစ်သစ်အကြို ခရီးသွားမှတ်တမ်း (၆)

၂၈-၁၂-၁၁

နံနက် ၇-နာရီလောက်မှာ ဘုရားဘက်သွားဘို့ စိတ်ကူးနေတုန်းမှာ ဦးဇ၀န၊ ဦးပညာနန္ဒတို့ ဦးကောလိနိယ ကို ဆေးခန်းလိုက်ပို့ဘို့ ပြင်ဆင်နေတာတွေ့တာနဲ့ သူတို့နဲ့အတူ ဂယာမြို့ ဆေးရုံကိုလိုက်သွားတယ်။ ဆေးရုံရောက်တော့ ဒေါက်တာက မရောက်သေးတာနဲ့ နာရီဝက်လောက် စောင့်နေရတယ်။ နံနက် ၈-ခွဲမှာ ဒေါက်တာရောက်လာပြီး ဦးကောလိနိယကို စမ်းသပ်။ ခေါင်းကို ဓာတ်မှန်ရိုက်ဘို့ ညွှန်တယ်။ ဦးကောလိနိယ က သီတဂူတက္ကသိုလ်က ဖြစ်ပြီး ယခု ဘုံဘေမှာ ဒေါက်တာဘွဲ့လုပ်နေတာဖြစ်တယ်။ လဆန်းပိုင်းတုန်း က သီတဂူဆရာတော်နဲ့အဖွဲ့ ဒေလီ Buddhist conference ကိုကြွရောက်လာတော့ လာရောက်ဖူးမျှော်ရင်း ကျောင်းသားကျောင်းမှာ အဖျားမိနေတာ ဖြစ်တယ်။ စဖြစ်တုန်းက ဂယာဆေးရုံမှာ ၃ ရက်လောက် တက်လိုက်ရသေးတယ်လို့ဆိုတယ်။ ဒေါက်တာက ဦးဏှောက်အဖျား ရောဂါလို့ပြောတယ်။ အဖျားသွေးမရှိ ပေမယ့် ခေါင်းတစ်ခြမ်း အမြဲမူးနေတာကြောင့် ကောင်းကောင်း အိပ်လို့ မပျော်ဘူးလို့ပြောတယ်။ ခေါင်းမူး တာ တစ်ရက်မဟုတ်တော့ ခေါင်းကို ဓာတ်မှန်ရိုက်ကြည့်ချင်တယ်ဆိုလို့ ယခု ဆေးရုံကို ထွက်လာခဲ့ခြင်းဖြစ် တယ်။ ခေါင်းကို scan ဖတ်ဘို့ ဆရာဝန်ညွှန်လိုက်တဲ့ ဓာတ်မှန်ဌာနကို သွားကြတယ်။ ငွေသွင်း ဘောင်ချာဖြတ်။ ဖြစ်ချင်တော့ ဓာတ်မှန်ရိုက် စက်က ဖွင့်မရဘူးဖြစ်နေတယ်။ ၁- နာရီ လောက် ကြာသွားတဲ့ အထိ စက်က အဆင်သင့်မဖြစ်သေးတာနဲ့ အခြားဓာတ်မှန်(ဆေးရုံ) တစ်ခုဆီကို ထွက်လာခဲ့ကြတယ်။ အဲဒီမှာလည်း လူနာတွေများတာမို့ စောင့်ရဦး မယ်ဆိုလို့ စောင့်နေကြတယ်။ နေ့လည်စာစားချိန် ရောက်လာတော့ ဂယာမြို့ထဲက စားသောက်ဆိုင် တစ်ခုကို သွားရောက်စားကြတယ်။ စားသောက်ပြီး ပြန်လာတဲ့အထိ ဓာတ်မှန်ရိုက်ဘို့ အဆင်သင့်မဖြစ်သေး တာနဲ့ ညနေမှ ပြန်လာကြမယ်ဆိုပြီး ကျောင်းကို ပြန်ခဲ့ကြတယ်။ ညနေ ၄ နာရီလောက် ဘုရားဘက်ကို ထွက်ခဲ့တယ်။ ဘုရားကအပြန် ဦးကောလိနိယ အတွက် ဝေဖာ၊ မုန့်ချောက်ကလေးတွေ ၀ယ်လာခဲ့တယ်။ နက်ဖြန် နံနက် (၈)နာရီမှာ ဒုက္ကရိယစရိယ တောင်ကိုသွားကြမယ်ဘို့ နာလန္ဒာတက္ကသိုလ် ဦးသုဇနက ဖုန်းနဲ့ ပြောလာတယ်။  

၂၉-၁၂-၁၁
နံနက်(၈)နာရီမှာ ဘုရားလမ်းထဲကို ကားဝင်လို့မရ၊ ဒါကြောင့် ဘုရားဘက်ကို ထွက်လာခဲ့ဘို့ ဦးသုဇနက ဖုန်းဆက်။ ဒလိုင်းလားမားကြီး တရားပွဲ နီးကပ်လာသည်နှင့်အမျှ တိဘက်လူမျိုးများ တစ်ဖွဲဖွဲ ရောက်လာ နေသဖြင့် နေရာတိုင်းတွင် လူများဖြင့် ပြည့်ညပ်နေ။ ဆိုက်ကားယဉ်မှတစ်ပါး အခြား ကားများ ဘုရားလမ်း ထဲ မ၀င်ရန် ယနေ့မှစ တားမြစ်နေပြီဖြစ်တယ်။ ဘုရားဂိတ်ပေါက်က ဈေးဆိုင်တန်းမှာ နံက်စာ ပူတီ၊ လဘက်ရည်သောက်ကြတယ်။ လမ်းမှာ စားဘို့ မုန့်ပဲသွားရည်စာဝယ်။ ဒီခရီးစဉ် စီစဉ်သူ ကောင်းမှုရှင်က အရှင်သုဇနဖြစ်တယ်။ ပန်ချပ်-ပတျာလမြို့ တက္ကသိုလ်မှာ ပီအိပ်ခ်ျဒီ လုပ်နေတဲ့ မြန်မာသီလရှင် ဆရာလေး မသိင်္ဂါသိရီနှင့် ဗိယက်နမ်သီလရှင် ဆရာလေး တမ်တို့ကို အဓိက လိုက်ပါပို့ ဆောင်ပေးခြင်းဖြစ်။ ဆရာလေး မသိင်္ဂါသိရီက ကောလင်းမြို့ဇာတိ စစ်ကိုင်းတောင်ရိုး သမိဒ္ဓေါဒယချောင်ကဖြစ်တယ်။ ၁၀-တန်းကျောင်းသူ ဘ၀ကတည်းက သီလရှင်ဘ၀ကို ရယူခဲ့ပြီး သီလရှင်ဘ၀နဲ့ ဘီအေ(မြန်မာစာ) ဘီအေ(ဗုဒ္ဓဇင်)၂ ဘွဲ့ရခဲ့ တယ်။ ဘီအေ(ဗုဒ္ဓဇင်)ကတော့ စစ်ကိုင်း သီတဂူတက္ကသိုလ်က ရခြင်းဖြစ်တယ်။ အဲဒီနောက် အိန္ဒိယကို ထွက်လာခဲ့ပြီး ပန်ချပ်စတိတ်က ပထျာလမြို့ တက္ကသိုလ်မှာ အမ်အေဘွဲ့လုပ်တယ်။ အမ်အေပြီးတော့ အဲဒီ တက္ကသိုလ်မှာပဲ ဒေါက်တာဘွဲ့အတွက် ဆက်လုပ်နေတယ်လို့သိရတယ်။ ပထမဦးစွာ ဒုက္ကရစရိယတောင် ကို သွားကြတယ်။ စာရေးသူက တစ်ကြိမ်ရောက်ဘူးထားလို့ လမ်းပြပေးရတယ်။ ဒါပေမယ့် လမ်းနေရာ မမှတ်မိတာမို့ လွန်သွားပြီးမှ မေးမြန်းပြီး နောက်ပြန်လာရတယ်။ ဒုက္ကရစရိယတောင် ရောက်တော့ တောင်ခြေမှာ ကားထားခဲ့ပြီး တောင်ပေါ်ကို လမ်းလျှောက်တက်ရတယ်။ ဒီမှာလည်း တိဘက်လူမျိုးဘုရားဖူးတွေနဲ့ ပြည့်နေ တာကို တွေ့ရတယ်။ တောင်တက်လမ်းတစ်လျှောက် နေပူ ကြဲကြဲ လမ်းဘေးမှာ ထိုင်ပြီး တောင်းရမ်းနေကြတဲ့ လူတန်းကြီးကလည်း အစမှအဆုံး။ ဘုရားဖူးလာတဲ့ တိဘက်တွေက သူတို့ကို ချိုချဉ်လုံးတွေ ဝေငှပေးသွား တာကို တွေ့ရတယ်။ သူတို့ကို ပေးဘို့ ချိုချဉ်ရောင်းတဲ့သူတွေကလည်း ပေးသူ နောက်က လိုက်နေတာကို တွေ့ရတယ်။  တောင်းလို့ရတဲ့ သူတွေကလည်း ရလာတဲ့ ချိုချဉ်တွေစုပြီး ရောင်းမယ့်သူတွေဆီ ပြန်အပ် ဆိုတော့ ချိုချဉ်သံသရာလည်နေတာပေါ့။ တောင်းရမ်းနေကြ တဲ့ သူတွေ ၀ယ်ယူစားသောက်ဘို့ စားစရာ ဈေးဆိုင်လေးတွေလည်း သူတို့နဲ့ မလှမ်းမကမ်းမှာ ရှိတယ်။ တောင်အောက်က ဒုက္ကရစရိယ လိုဏ်ရှိတဲ့ တောင်ပေါ်ကို မိနစ် ၂၀-လောက် လျှောက်ရတယ်။ လမ်းတစ် လျှောက် တောင်းရမ်းသူတွေနဲ့ပြည့်နေတာမို့ နားဘို့ အခွင့်သာဘူး။ လိုဏ်ဂူဆီရောက်တော့လည်း အထဲကို ၀င်ဘို့တန်းစီစောင့်ရတယ်။ လိုဏ်ထဲ ရောက်ပြန်တော့လည်း နောက်လူရှိသေးတာမို့ ကြာကြာ နေခွင့်မရှိ ဘူး။ လိုဏ်ဂူအ၀င်ပေါက်က ၂-ပေလောက်သာရှိတာမို့ အထဲကို ခေါင်းငုံ့ဝင်ရတယ်။ လိုဏ်ထဲကို စနစ်တကျ ၀င်ကြဘို့ တိဘက်ဘုန်း တော်ကြီး ၂ ပါးက ကြီးကြပ်ပေးနေတာကို တွေ့ရတယ်။ လိုဏ်ထဲမှာ မြတ်စွာဘုရား ဒုက္ကရစရိယ ကျင့်တော် မူပုံ ဆင်းတုတော်ထားရှိတယ်။ ဘေးနားမှာ ကုလား ၂ယောက်က ရုပ်တုတစ်ခုကို ပြပြီး ပိုက်ဆံအလှူခံ နေတာကိုလည်း တွေ့ရတယ်။ ဒုက္ကရစရိယတောင်ကပြန်လာပြီး မဟာဗောဓိကို ပြန် လာ။ တိဘက်စား သောက် ဆိုင်တစ်ခုမှာ နေ့လည်စာစား။ အဲဒီနောက် သုဇာတာရွာ၊ ဥရုဝေဠတောကို သွား။ အဲဒီကပြန် ကျောင်းသားကျောင်းကို စာရေးသူအား လိုက်ပို့။ ဆရာလေးများအား သူတို့တည်းခိုသည့် နေရာကို လိုက်ပို့ ပေးပြီး  ဦးသုဇန  နာလန္ဒာကိုပြန်။ ည ၁၂ နာရီမှာ  ဆရာလေး ၂ ပါး ပန်ချပ်ကို ည-၃ နာရီ ရထားနဲ့ပြန် မှာဖြစ်လို့ ဦးပညာနန္ဒနှင့်အတူ ဂယာဘူတာကို လိုက်ပို့ပေးကြတယ်။ ဘူတာရုံမှာ ရထားစောင့် နေစဉ် ဆရာလေးများ စီးမည့် ရထား မလာနိုင်ကြောင်း ကြေငြာသဖြင့် လက်မှတ်ငွေ ပြန်တောင်းပြီး ကျောင်းသား ကျောင်းသို့ပြန်လာခဲ့ကြ။ ဆရာလေးများအား အပေါ်ထပ် ဘုရားဆောင်တွင် နေရာပေး။


၃၀-၁၂-၁၁
ဒီနေ့ ည (၁၀း၅၄) နာရီ ရထားနဲ့ စာရေးသူ ဒေလီကို သွားမှာဖြစ်တယ်။ ဒီနေ့မှာပဲ ဦးကောလိနိယ၊  ဦးနန္ဒ၀ံသ၊ ကျောင်းအစ်မကြီး ဒေါ်မြရှင်တို့အဖွဲ့  ညနေ ၃ နာရီလေယာဉ်နဲ့  မြန်မာပြည်ကို ပြန်ကြမှာဖြစ် တယ်။ နံနက်ပိုင်းမှာ ထုပ်ပိုးပြင်ဆင်။ နေ့လည်စာစားပြီး အချိန်ရသေးတာနဲ့ ဘုရားဘက်ကို ထွက်ခဲ့တယ်။ ဘုရားမှာ ပရိတ်သတ်များနဲ့ တစ်နေ့ထက်တစ်နေ့ ပိုမိုရှုပ်ထွေး များပြားလာတာကိုတွေ့ရတယ်။ ဘုရားမှာ ထုံးစံအတိုင်း တရားထိုင်၊ ပဋ္ဌာန်းရွတ်၊ မေတ္တာပို့။ ယခုတစ်ခေါက် ဗုဒ္ဓဂယာကို ထွက်လာတာ တန်တယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မဟာဗောဓိကို ဖူးဘို့ အချိန်တွေအများကြီးရလို့ဖြစ်တယ်။ ရတဲ့အတိုင်း ဘုရားထဲမှာပဲ အချိန်ကုန်အောင် နေဖြစ်ခဲ့တယ်။ ပဋ္ဌာန်း၊ ပရိတ်ရွတ်၊ တရားထိုင်၊ မေတ္တာပို့သမှုတွေ ကိုလည်း များများ လုပ်ဖြစ်တယ်။ ကုသိုလ်ကောင်းမှုတွေကို မေတ္တာပို့၊ အမျှဝေတဲ့အခါ အထူးသဖြင့် မြန်မာပြည်သူ ပြည်သားတွေကို အဓိကထားပို့တယ်။ နတ်ကောင်းနတ်မြတ်တွေကတစ်ဆင့် ဗုဒ္ဓဘာ သာကြီးကို အစဉ်သဖြင့် စောင့်ထိန်းလာခဲ့ကြတဲ့ မြန်မာနိုင်ငံတော်ကြီး အစဉ်သဖြင့် အေးချမ်း သာယာ အောင် ကူညီစောင်မပေးကြဘို့တွေလည်း ပါတယ်။ ဘုရားကအပြန်  ဦးကေလာသနဲ့ တွေ့ဘို့ သူတို့နေတဲ့ အခန်းဆောင်ဘက်ကို ထွက်ခဲ့တယ်။ အိမ်မှာ ဦးကေလာသကို မတွေ့ရဘူး။ ဂယာလေဆိပ်ကို မြန်မာပြည် က လာမယ့် သူ့ သူငယ်ချင်းကို သွားကြိုတယ်လို့ သူနဲ့အတူနေ ရွှေတောင်ဦး ဦးဇင်းက ပြောတယ်။ ဦးကေ လာ ပြန်လာရင် ဖုန်းခေါ်ဘို့မှာထားခဲ့ပြီး ဘုရားဘက်ကို ပြန်ထွက်ခဲ့တယ်။ ကိုင်နေကျ ဖုန်းမနေ့ညက ပျက်သွားတာမို့ ဘုရားဈေးမှာ ဖုန်းအသစ်တစ်လုံးဝယ်။ ဈေးတန်းလျှောက်ပြီးတော့ ကျောင်းသားကျောင်းကို ပြန်လာခဲ့တယ်။ ည  ၉ - နာရီအချိန်မှာ သုံးဘီးစီးပြီး ဘူတာရုံကို ထွက်ခဲ့တယ်။ ဦးကေလာသ၊ ဦးပညာ နန္ဒနှင့် အခြား ဦးဇင်းငယ်တစ်ပါးလိုက်ပို့ကြတယ်။ ဦးကေလာသ က ကော်ဖီ၊ တီးမစ်၊ လဘက်၊ ပဲကြော် အစုံထည့်ထားတဲ့ အထုပ်တစ်ထုပ် ပေးတယ်။ ယမန်နေ့ကလည်း နာလန္ဒာ  ဦးသုဇနသီရိက သင်္ကန်း ၃ စုံ၊ ကတီပါ ခြုံထည် ၁။ ထီး ၁၊ ကော်ဖီ ၅ ထုပ်၊ ဗမာဆေး ၁ ထုပ် ပါတဲ့ အထုပ်တစ်ထုပ် ပေးခဲ့သေးတယ်။ သယ်စရာတွေများနေတာမို့ သင်္ကန်းတစ်စုံနှင့် ခြုံထည်ကို ပြန်ပေးလိုက်ရတယ်။ အစောရက်ကလည်း ပူနေး ကို ပြန်ကြမယ့် မောင်သီလာတို့ကို ပူနေးသံဃာများအတွက် နာလန္ဒာတက္ကသိုလ် က သံဃာများက စုစည်း ပြီး ငါးပိ ငါးခြောက်၊ ကော်ဖီ၊ လဘက်စို၊ ခြောက် အစုံ ထည့်ပေးလိုက်ကြသေးတယ်။ အိန္ဒိယကို မြန်မာဘုရားဖူးတွေလာတဲ့အခါ စာသင်သား ရဟန်းတော်များအတွက် မြန်မာဖြစ်စားစရာ ငါးပိ ငါးခြောက်၊ ကော်ဖီ၊ ပဲကြမ်းစတာတွေကို ယူလာကြတယ်။ ဘုရားဖူးအရောက်များတဲ့ ဗုဒ္ဓဂယာ၊ နာလန္ဒာ၊ ဗာရာဏ သီမြို့က ရဟန်းတော်များအနေနဲ့ စားစရာအတွက် ကြောင့်ကြစရာမလိုသလောက်ပါပဲ။ မြန်မာဘုရား ဘုရားဖူးအဖွဲ့ အရောက်အပေါက်မရှိတဲ့ ပူနေး၊ ဘုံဘေ၊ နာဂဇ္ဇုန စတဲ့တက္ကသိုလ်က စာသင်သား ရဟန်း တော်များကိုတော့ ဒီဘက်က ရဟန်းတော်များက မျှဝေပေးကြတယ်။ ဒါကြောင့်တစ်နှစ်တစ်ခါ ကျောင်းသား စည်းဝေးကို လာရတာ ဘုရားလည်းဖူး ပန်းလည်းခူးဆိုတာလို အတော်ကလေးကို အကျိုးများလှတယ်လို့ အစောက ပြောခဲ့တာပေါ့။ စာရေးသူစီးမယ့် ရထားက ရာဇဓာနီ၊ 2 AC , A2, 10. အချိန်က ည ၁၀ -၄၅။ ဦးကေလာတို့ စာရေးသူရထားပေါ်ရောက်မှ ပြန်သွားကြတယ်။ ရထားက အချိန်ကိုက်ရောက်လာပြီး အချိန် ကိုက်ပြန်ထွက်တယ်။ တစ်မိနစ်လေးများ နောက်ကျမလားလို့ နာရီကြည့်နေသေးတယ်။ တခါ တစ်လေ ကု လားက အဟုတ်ပါလားလို့ စိတ်ထဲချီးကျူးမိသေးတယ်။ ရထားထွက်ပြီး မကြာဘူး သောက်ရေသန့်လာ ပေးတယ်။ ခေါင်းဦး၊ စောင်၊ အိပ်ရာခင်း၊ မျက်နှာသုတ်အပြည့်အစုံ။ လိုက်ကာများနဲ့ အခန်းအသီးသီးကို ကာပေးထားတယ်။ 2 AC ဖြစ်တာမို့ ဈေးရောင်း ဈေးဝယ်၊ ခုံမဲ့၊ အပိုလူတွေကို မတွေ့ရဘူး။  

Friday, March 30, 2012

နှစ်သစ်အကြို ခရီးသွားမှတ်တမ်း (၅)

၂၇-၁၂-၁၁

နံနက် (၈) နာရီအိပ်ရာထ။ နေ့ (၁၁) နေ့လည်စာစား။ နေ့(၁) နာရီလောက်မှာ နေရဉ္ဇရာမြစ်တစ်ဘက် ကမ်းက သုဇာတာရွာကို ဦးကေလာနှင့် ၂-ဦးသားခြေလျင်လျှောက်ထွက်ခဲ့ကြတယ်။ သုဇာတာရွာဆိုတာ မြတ်စွာဘုရား လက်ထက်တော်အခါက မြတ်စွာဘုရားအလောင်းတော်ကို ရေမရောတဲ့ နို့ဃနာဆွမ်းဆက် ကပ်ခဲ့တဲ့ သူဋ္ဌေးသမီး သုဇာတာနေထိုင်ခဲ့တဲ့ရွာကို ဆိုခြင်းဖြစ်တယ်။ သူမလှူဒါန်းခဲ့တဲ့ နို့ဃနာဆွမ်းက ဘုရားအလောင်းတော်အတွက် သဗ္ဗညုတညဏ်တော်ကြီးရတော်မူခဲ့သည်အထိ အထောက်အကူဖြစ်ခဲ့ ရတယ်လို့ စာပေမှာဖော်ပြထားတယ်။  သူမနေထိုင်ခဲ့တဲ့ အိမ်နေရာကို အသောကမင်းကြီးက စေတီအိမ်ကြီး တည်ထားခဲ့တာမို့ သုဇာတာရွာလို့ ယနေ့တိုင်ထင်ရှားနေခြင်းဖြစ်တယ်။ တကယ်တော့ စာပေမှာ သုဇာတာ ရွာဆိုတာ သေနာနိဂုံးလို့ လာတယ်။ သုဇာတာ နေအိမ် စေတီတော်က အရှေ့ကို လှမ်းကြည့်လိုက်ရင် သုဇာတာသူဋ္ဌေးသမီး နို့ဃနာဆွမ်းဆက်ကပ်ခဲ့တယ်ဆိုတဲ့ ညောင်ပင်နှင့် တောင်ကုန်းနေရာကို မြင်နေရ တယ်။ တောင်ကုန်းဆီကို တောလမ်းလေးအတိုင်း ဖြတ်လျှောက်လာခဲ့ကြတယ်။ တောင်ကုန်းရဲ့ အရှေ့ကို မျှော်ကြည့်လိုက်ရင်တော့ ဘုရားအလောင်းတော် ရွှေခွက်မျှောတော်မူခဲ့တယ်ဆိုတဲ့ နေရဉ္ဇရာမြစ်ကို တွေ့ရ တယ်။ ယနေ့ နေရဉ္ဇရာမြစ်က ရေစီးရေလာမရှိတော့ဘဲ ချောက်သွေ့နေတဲ့ မြစ်ကောကြီး တစ်စင်းဖြစ် နေပြီ။ ဘုရားအလောင်းတော်က ဒုက္ကရစရိယအကျင့်ကိုစွန့်ပြီး အနီးတစ်ဝိုက်က မြို့ရွာတွေမှာ ဆွမ်းခံမျှ တရင်း တရားကျင့်တော်မူခဲ့တယ်။ ဘုရားဖြစ်တော်မူမည့် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် အကြို အဖိတ်နေ့မှာတော့ သုဇာတာ သူဋ္ဌေးသမီးလှူဒါန်းတဲ့ နို့ဃနာဆွမ်းကို နေရဉ္ဇရာမြစ်ကမ်းမှာ ဘုဉ်းပေးတော် မူခဲ့တယ်။ အလောင်းတော် တရားအားထုတ်ခဲ့တဲ့ ဒုက္ကရစရိယတောင်ကိုလည်း သုဇာတာရွာက လှမ်းကြည့် ရင် ခပ်ပျပျ လှမ်းမြင်နေရတာမို့ သိပ်မဝေးလှဘူးလို့ သိနိုင်တယ်။ မြတ်စွာဘုရား လက်ထက် အခါက ဒုက္ကရ စရိယတောင်အပါအ၀င် ယခုမြစ်ကမ်းတစ်လျှောက်လုံးက ဥရုဝေဠတောအုပ်ကြီးဖြစ်ခဲ့တယ်။ ရွှေခွက်မျှော တဲ့ နေရာအထိ မသွားတော့ဘဲ မြတ်စွာဘုရားလက်ထက်အခါက ဥရုဝေဠကဿပ ရသေ့ကြီး နေထိုင်ခဲ့ တယ်ဆိုတဲ့ နေရာကို ဆက်ခဲ့ကြတယ်။ နေရဉ္ဇရာမြစ်ကမ်းဘေးမှာ ဥရုဝေဠကဿပ၊ နဒီကဿပ၊ ဂယာ ကဿပ ဆိုတဲ့ ရသေ့ညီနောင်တို့ နောက်လိုက် အသင်းအပင်းများနဲ့ နေထိုင်ခဲ့ကြတယ်လို့စာပေမှာလာ တယ်။ မြတ်စွာဘုရားရှင်နဲ့တွေ့ အားလုံးကျွတ်တမ်းဝင်ကုန်ကြပြီး ရသေ့ညီနောင်ရှင်တစ်ထောင်လို့ ထင်ရှား တယ်။ ဒီတောအုပ်ကြီးထဲမှာပဲ မြတ်စွာဘုရား ဘုရားဖြစ်တော်မူစက ပျော်ပွဲစားထွက်လာတဲ့ ကောသလ မင်းကြီးရဲ့ ဖတူမိကွဲ ဘဒ္ဒ၀ဂ္ဂီ ညီနောင် မင်းသားသုံးကျိပ်ကို တရားပြပြီး ရဟန်းဘောင်သို့ သွပ်သွင်းနိုင်ခဲ့ တယ်။ မြတ်စွာဘုရားက ဗုဒ္ဓဂယာမှာ  ဘုရားဖြစ်တော်မူပြီးနောက်  ဗာရာဏသီကို ကြွတော်မူခဲ့တယ်။ ဗာရာဏသီမှာ တရားဦးဓမ္မစကြာဟော၊ ၆-ကျိပ်သော ရဟန်းတော်တွေကို သာသနာပြုစေ လွှတ်တော်မူပြီး မှ ဥရုဝေဠတောအုပ်ကို ပြန်လည်ကြွတော်မူလာခဲ့ခြင်းဖြစ်တယ်။ ဥရုဝေဠမှာ ရသေ့ညီနောင် ရှင်တစ်ထောင် နှင့် ဘဒ္ဒ၀ဂ္ဂီညီနောင်တို့ကို သာသနာဘောင် ၀င်ရောက်အောင် စည်းရုံးနိုင်ခဲ့ပြီး နောက်ပါသံဃာ ၁၀၀၀ ကျော်နှင့်အတူ ဂယာအနီးက ဂယာသီသတောကို ကြွတော်မူခဲ့တယ်။ ဥရုဝေဠတောက သာသနာတော်ရဲ့ အဦးအစမှာ အတော်လေး အရေးပါခဲ့တာကို တွေ့ရတယ်။ ယခုတော့ ဥရုဝေဠတောအုပ်ဆိုတာ ဘယ်မှာလဲ လို့ မေးရလောက်အောင် တောနဲ့သစ်ပင်တွေ ဆိတ်သုဉ်းနေတာကို တွေ့ရတယ်။ ရေကြည်သန့်ပါတယ်ဆို တဲ့ နေရဉ္ဇရာမြစ်ကလည်း သူရဲ့ အနွတ္ထအမည်ကို ထိန်းမထားနိုင်ရှာတော့ဘူးထင်ပါရဲ့။ နေရဉ္ဇရာမြစ်က သုဇာတာရွာရှေ့မှာ မြောက်ကတောင်ဘက်ကို စီးဆင်းလာပြီး ရွာရဲ့အနောက်ဘက်မှာတော့ တစ်ဖန် တောင်ကနေ မြောက်ဘက်ကို ဂငယ်ကွေ့ စီးဆင်းသွားတာကို တွေ့ရတယ်။ ရွာရဲ့ အနောက်ဘက် မြစ်တစ်ဘက်ကမ်းမှာ ဘုရားအလောင်း ဘုရားဖြစ်တော်မူရာ မဟာဗောဓိညောင်ပင်ရှိတယ်။ ဒါကြောင့် စာပေမှာ နေဇ္ဇာ နေရဉ္ဇရာယ သမီပေ ဗောဓိရုက္ခမူလေ (ရေကြည်သန့်တဲ့ နေရဉ္ဖရာမြစ်အနီးက ဗောဓိ ညောင်ပင်အောက်မှာ)လို့ မှတ်တမ်းတင်ထားတာပေါ့။ သောတ္ထိယမြက်ထမ်းသမား မြက်ရှစ်ဆုပ် လှူဒါန်းခဲ့ တဲ့ နေရာကတော့ သုဇာတာရွာရဲ့ မြောက်ဘက်၊ မြစ်ရဲ့ ဒီဘက်ကမ်းမှာပဲရှိတယ်။ သောတ္ထိယ ငစင် မြက်ရှစ်ဆုပ်လှူဒါန်းတဲ့နေရာကို မသွားတော့ဘဲ နေရဉ္ဇရာမြစ်သဲသောင်ကိုဖြတ်ပြီး မင်းတုန်းမင်း ဇရပ်ဆီကို လာခဲ့ကြတယ်။ နေရဉ္ဇရာမြစ်သဲသောင်းအတွင်းမှာ မြေမြုပ်ဘုန်း(အီးပုံ)တွေ များစွာရှိတယ်လို့ ဦးကေလာ က သတိပေးတာနဲ့ သတိကြီးစွာထား သွားနေရတယ်။ ဟုတ်တယ် မြစ်သဲသောင်းတွင်းမှာ အဲဒါတွေက နေရာမလပ်နီးပါးရှိနေတာမို့ အတော်လေး ခဲရာခဲဆစ်သွားယူရတယ်။ ၂-နာရီလောက်ခရီးပြင်း လျှောက် လိုက်ရလို့ အတော်လေး မောသွားတယ်။ မဟန့်နန်းတော်ထဲကိုဝင်။ နန်းတော်အဆောင် အပေါ်ထပ်မှာ နားနားနေနေ အမောပြေထိုင်နေကြတယ်။ မကြာပါဘူး ဟိန္ဒူဘုန်းကြီးတစ်ပါးက ဆင်းခဲ့ရန်ပြောသဖြင့် အောက်ကိုပြန်ဆင်းပြီး မင်းတုန်းမင်းဇရပ်ဘက်ကို ထွက်ခဲ့ကြတယ်။ မင်းတုန်းမင်းတရားကြီး ကောင်းမှု တော်ဇရပ်ကြီးက မဟန့်နန်းတော်ဟောင်း အုတ်တံတိုင်းအတွင်းမှာ တည်ရှိတယ်။ ရှေးအခါက မဟန့်ဆို တဲ့ ဟိန္ဒူဘုန်းကြီးများက ဒီဒေသက ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တွေကို သိမ်းပိုက်ထားခဲ့ကြတယ်။ သီရိ လင်္ကာနိုင်ငံသား အနာဂါရိက ဓမ္မပါလရဲ့ ကြိုးပမ်းမှုကြောင့် မဟာဗောဓိစေတီတော်အပါအ၀င် ဗုဒ္ဓဘာ သာအဆောက်အအုံတွေကို ဗုဒ္ဓဘာသာဝင်များက ပြန်လည်ထိန်းသိမ်းခွင့်ရခဲ့ကြတယ်။ မင်းတုန်းမင်း ဇရပ်ကိုလည်း မဟန့်တို့က သိမ်းပိုက်ထားတာမို့ သီပေါမင်းသက်သေနဲ့ အနာဂါရိကဓမ္မပါလတို့ ပြန်လည် တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ကြဘူး။ မင်းတုန်းမင်းက ဒီဇရပ်ကြီးကို ကျောက်စာ ကဗျည်းများနှင့်တကွ အခိုင်အမာ တည်ဆောက်လှူဒါန်းခဲ့တာဖြစ်တယ်။ ကျောက်စာရုံ စေတီပြဿာဒ်သဏ္ဍန် ၂ခုကိုလည်း ဇရပ်ကြီး အနားမှာ ယနေ့တိုင်မြင်တွေ့နိုင်သေးတယ်။ ကျောက်စာထဲမှာ မင်းတုန်းမင်းက မဟာဗောဓိစေတီ တော်ကို ရွှေငွေကျောက်သံပတ္တမြားများကို လှူဒါန်းခဲ့ကြောင်း ရေးသားထားတယ်။ မင်းတုန်းမင်းဇရပ်ကြီးကို ဆွေးဆွေးမြေ့မြေ့ကြည့်ရင်း ရှေးမြန်မာတို့ရဲ့ စိတ်ဓာတ်နှင့် အမျှော်အမြင်ရှိပုံများကို ချီးကျူးမိတယ်။ မင်း တုန်းမင်းဇရပ်ရဲ့ ၄-ဘက် ၄-တန်းက အခန်းတွေမှာ လူတွေနေထိုင်ပြီး ကျွဲနွားများဖြင့် ညစ်ပတ်ပေရေနေတာကို တွေ့ရတယ်။ မင်းတုန်းမင်းဇရပ်က ပြန်ထွက်ခဲ့ပြီး မဟာဗောဓိဘုရားကို လာခဲ့ကြတယ်။ အချိန်မှာ ညနေ သုံးနာရီရှိပြီ။ ဘုရားထဲကို မ၀င်သေးဘဲ ဘုရားဈေးတန်းက ကုလား အအေးဆိုင်မှာ အပန်းဖြေ ထိုင်ရင်း လိမ္မော်ရည် ၂ ခွက် ဆင့်သောက်လိုက်တယ်။ ဖျော်ရည်သောက်ပြီးနောက် ဦးကေလာသ စာရေး သူကို နှုတ်ဆက်ပြီး သူ့အဆောင်ကို ပြန်သွားတယ်။ စာရေးသူကတော့ ဘုရားထဲဝင်ပြီး အချိန်ကုန်အောင် နေလိုက်တယ်။ ဘုရားက ကျောင်းသားကျောင်းကိုအပြန် သိပ်ပင်ပန်းသွားပြီးမို့ ဆိုက်ကား စီးခဲ့ရတယ်။

Monday, March 5, 2012

နှစ်သစ်အကြို ခရီးသွားမှတ်တမ်း (၄)


 ၂၆-၁၂-၁၁

အစည်းအဝေးပြီးပြီဆိုတော့ ပြန်သူပြန်။ ဘုရားဖူးလှည့်သူလှည့်။ စာရေးသူကတော့ လွန်ခဲ့တဲ့ (၂) နှစ်က ဘုရားဖူးလှည့်ထားပြီးဖြစ်တာကတစ်ကြောင်း၊ ဒေလီဘက်သွားဘို့ စီစဉ်ထားတာက တစ်ကြောင်းမို့  ဘုရား ဖူးလှည့် မလိုက်တော့ပဲ ဗုဒ္ဓဂယာမှာပဲ အချိန်ကုန်တယ်။  စာရေးသူတို့ ပူနေးက အစည်းအဝေးကို (၅) ပါးလာကြတယ်။ ၂ ပါးက ပူနေးကို ပြန်မှာဖြစ်ပြီး စာရေးသူအပါအ၀င်ကျန် ၃ ပါးက ဒေလီကို ခရီးဆက်ကြ မှာဖြစ်တယ်။ အလာတုန်းက သူတို့ ၃ ပါးတွဲက  အရင်သွားနှင့်ပြီး စာရေးသူနဲ့ ကိုအိန်ဒါက နောက်မှ လိုက် လာကြခြင်းဖြစ်တယ်။ ဒေလီကို ၃ ပါးသွားမယ်ဆိုပေမယ့် ရထားလက်မှတ်ဖြတ်တာ မတူတာမို့ စာရေးသူက သီးသန့်သွားရမှာဖြစ်တယ်။ ဒါပေမယ့် ရထားတစ်စီးတည်း၊ တစ်ရက်တည်း၊ တစ်ချိန်တည်းဖြစ်တယ်။ သူတို့ ၂ပါးက ဗာရာဏသီက စီးမှာဖြစ်ပြီး စာရေးသူက ဂယာဘူတာက စစီးမှာဖြစ်တယ်။ ဒါကြောင့်  သူတို့ ၂ ပါးလုံး ညနေပိုင်း ဗာရာဏသီပြန် ရဟန်းတော်များကားနဲ့ ဗာရာဏသီကို လိုက်သွားကြတယ်။ ပူနေးပြန်မည့် ကိုအိန်ဒါနှင့်မောင်သီလာတို့လည်း ဗာရာဏသီကို ပြန်လည်လိုက်ပါသွားကြလေရဲ့။ ဒေလီသွားမည့် ရက်က (၃၁) ရက်နေ့မို့ ဗုဒ္ဓဂယာမှာ နောက်ထပ် လေးငါးရက် လောက်နေရဦးမှာဖြစ်တယ်။ ရသမျှအချိန်ကို ဘုရားမှာပဲ အချိန်ကုန်ဘို့ စိတ်ကူးထားတဲ့အတိုင်း အားလပ်တာနဲ့ ဘုရားဘက်ကိုလည်း ခြေဦးလှည့်မိတယ်။ နေ့ဆွမ်းစားပြီး ဦးသုဝဏ်နှင့် ဘုရားဘက်ထွက်ခဲ့တယ်။ နံနက်ကလည်း နေ့ဆွမ်းမစားမီ မဂဓတက္ကသိုလ် ကွင်းထဲက တိဘက်တန်ဘုရားဖူးတစ်သိန်းကျော် တည်းခိုဘို့ ပြုလုပ်ထားတဲ့ အ၀တ်တဲအိမ်များကို သွား ကြည့်ကြသေးတယ်။ ဂျပန်ဘုရားကို အရင်သွားတယ်။ ဒါပေမယ့် နေ့ခင်း တံခါးပိတ်ချိန်ရောက်နေတာမို့ ပြန်လာခဲ့ကြတယ်။ အပြန်လမ်းမှာ တိဘက်ဘုန်းကြီး တစ်ကျောင်းကို တွေ့တာနဲ့ ၀င်ပြီး လေ့လာတယ်။ နေ့ခင်း ၀တ်ပြု ဆုတောင်းချိန်မို့ တိဘက်ဘုန်းကြီး ကိုရင်၊ ဦးဇင်းလေးတွေ တန်းစီထိုင်ပြီး ၀တ်ပြုဘို့ပြင် ဆင်နေကြတာကို တွေ့ရတယ်။ တိဘက်တွေ ဘုရားဝတ်ပြုရင် နှဲ၊ မောင်း၊ လင်းကွင်း၊ ဗျော စည် တီးခတ်ပြီး သံပြိုင်သီဆို ပူဇော်လေ့ရှိကြတယ်။ တိဘက်တန်ဘုန်းကြီးကျောင်းနဲ့မလှမ်းမကမ်းမှာ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သံဃာ့အဖွဲ့အစည်းတည်ရှိတဲ့ ကုလားဘုန်းကြီးကျောင်းရှိတယ်။ ကျောင်းတိုက်အတွင်းမှာ လမ်း လျှောက်နေဟန် ကြေးသွန်း ဆင်းတုတော်ကြီးတစ်ဆူကို ဖူးတွေ့ရတယ်။ ဒီကုလား ဘုန်းကြီးကျောင်းမှာ လူ အသွားအလာ  မရှိသလောက်ပဲ။ မဟာဗောဓိဘုရားတစ်ဝိုက်မှာ ဘုရားဖူး အသွားအပြန်တွေနဲ့ သိပ်စည်ကားတယ်။ ကား၊ ဆိုက်ကား၊ ဈေး ဆိုင်တွေနဲ့ အမြဲလို ရှုပ်ထွေးနေတယ်။ မြန်မာပြည် အညာဒေသက ဘုရားပွဲဈေးတန်းနဲ့ သွားတူနေတာတွေ့ ရတယ်။ ဘုရားဖူးလာတဲ့သူတွေက တိဘက်တန် လူမျိုးတွေများတယ်။ တိဘက်ခေါင်းဆောင်ကြီး ဒလိုင်း လားမား မကြာမီရက်မှာ ဗုဒ္ဓဂယာကို တရားဟောကြွရောက် လာမှာမို့ နိုင်ငံတကာက တိဘက်လူမျိုးတွေနဲ့ ပိုမိုစည်းကားနေခြင်းဖြစ်တယ်။ ဘုရားအပြင်မှာ စည်းကား နေသလို ဘုရားပရိဝုဏ်အတွင်းမှာလည်း တိုးမပေါက်အောင် စည်ကားလွန်းလှတယ်။ တိဘက်တွေက ဗုဒ္ဓဘာသာစိတ်ထက်သန်သူများဖြစ်တာမို့ ရှေးအခါကဆိုရင် တိဘက်ပြည်မှာ တစ်အိမ်ထောင်မှာ ယော က်ျားလေးတစ်ယောက်နှုန်း ဘုန်းကြီးဝတ်ရတဲ့ ဓလေ့ရှိခဲ့ဘူးတယ်လို့ ကြားဘူးတယ်။ တိဘက်နိုင်ငံကို ဗုဒ္ဓဘာသာ ရဟန်း (မင်း)များကသာ အစဉ်အဆက် အုပ်ချုပ်ခဲ့ကြတယ်။ ၁၉၅၆ ခုနှစ်က တိဘက်ကို တရုပ်က သိမ်းတော့ အိန္ဒိယကို ထွက်ပြေးလာတဲ့  (ယခု လက်ရှိ) ဒလိုင်းလားမားဟာ တိဘက် နိုင်ငံရဲ့ (၁၄) ယောက်မြောက်  ခေါင်းဆောင် လားမား တစ်ယောက်ဖြစ်တယ်။ တိဘက်တွေက ဒလိုင်း လားမားကြီးကို များစွာ ကြည်ညို လေးစားကြတယ်။ တိဘက်ပြည်ပြန်လည်လွတ်မြောက်ရေးအတွက် ဒလိုင်း လားမားကြီးကိုပဲ အားထားနေကြရတယ်။ ဒလိုင်းလားမားကြီးက နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ခေါင်းဆောင်အဖြစ် ကမ္ဘာမှာကျော်ကြား ထင်ရှားသူတစ်ယောက်ဖြစ်တယ်။ အနယ်နယ် အရပ်ရပ် ရောက်နေတဲ့ သူ့လူမျိုးတွေ ကမ္ဘာအရပ်ရပ်က ထောက်ပံ့ကြေးတွေ ရနေတာ သူ့စွမ်းဆောင်မှုဖြစ်တယ်။  ဗောဓိပင် အနီးတစ်ဝိုက်မှာ အေးအေး လူလူ ထိုင်ရင်း ပရိတ် ပဋ္ဌာန်းရွတ်၊ တရားထိုင်။ ဓာတ်ပုံရိုက်။ ဘုရားထဲမှာပဲ နေကုန်တယ်ဆိုပါတော့။  ညနေစောင်းတော့ ဦးကေလာသ ဘုရားဝိုင်းထဲကို လာပြီး စာရေးသူကို လာခေါ်တယ်။ သူနေတဲ့ အခန်းကို ခေါ်ပြီး ရေနွေး လဘက်နှင့် ဧည့်ခံတယ်။ သူက ဗုဒ္ဓဂယာ မြန်မာကျောင်းအနီးက အိမ်တစ်အိမ်မှာ သူငယ်ချင်း တစ်ယောက် နှင့် အခန်းငှားနေထိုင်ပြီး မဂဓတက္ကသိုလ်မှာ အမ်အေနောက်ဆုံးနှစ်တက်ရောက်နေတာဖြစ်တယ်။ ဇာတိ က ပခုက္ကူ-ကန်လှရွာဇာတိဖြစ်တယ်။ စာရေးသူ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်ကြီးမှာ နေတုန်းက သူကကိုရင်ဖြစ်ပြီး စာရေးသူရဲ့ စာချဆရာတော့် ကျောင်းမှာနေတယ်။ စာရေးသူနဲ့ဆို ဆရာတူတပည့်ဖြစ် တယ်။ ဦးကေလာက သူ့အခန်းမှာ ညအိပ်ပါလို့ ပြောတာနဲ့ သူတို့နေထိုင်တဲ့ အိပ်ခန်းဆောင်မှာ တစ်ညတာ ညအိပ်လိုက်တယ်။ နောက် တစ်နေ့ ရောက်တော့ နံက်စာ၊ နေ့လည်စာတွေချက်ကျွေးတယ်။

Friday, February 10, 2012

နှစ်သစ်အကြို ခရီးသွားမှတ်တမ်း (၃)

၂၅-၁၂-၁၁

ယနေ့ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ မြန်မာကျောင်းသား ရဟန်းတော်များ စည်းဝေးပွဲ ပြုလုပ်မည့်နေ့ဖြစ်တယ်။ အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီးက မြန်မာရဟန်းတော်များလည်း ဗုဒ္ဓဂယာမြန်မာကျောင်းသားများ ကျောင်းကို ရောက်ရှိနေကြပြီဖြစ်တယ်။ အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီးမှာ ပညာသင်ကြား နေတဲ့ မြန်မာ ကျောင်းသား ရဟန်းတော် ၄၀၀ ကျော် ၅၀၀ ခန့်ရှိတယ်။ အိန္ဒိယရောက် မြန်မာ ကျောင်းသား ရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ ဖွဲ့စည်းပြီး ၀ိုင်းဝန်း ကြိုးစားခဲ့ကြတာ ယခုဆို မြန်မာကျောင်းသားများပိုင် ကျောင်းတော်ကြီး ဗုဒ္ဓဂယာ မြေမြတ်မဟာမှာ ထီးထီးမားမားပေါ်ထွက်ခဲ့ပြီဖြစ်တယ်။ ပညာတော်သင် ရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ရဲ့ ရည်ရွယ်ချက်က ကျောင်းသားများရဲ့ လိုအပ်ချက် (ပညာရေး၊ ကျန်းမာရေး) နှင့် ဘုရားဖူးလာမြန်မာများကို ကူညီဆောင်ရွက်ပေးရန်တို့ဖြစ်တယ်။ နှစ်စဉ် ဒီဇင်ဘာ ကျောင်းပိတ်ရက်မှာ အဖွဲ့ရဲ့ အလုပ်အမှုဆောင်အဖွဲ့အသစ် ရွေးချယ်တင်မြှောက်ပွဲပြုလုပ်တယ်။ အဲဒီအခါ မှာ တက္ကသိုလ် အသီးသီးက ပညာတော်သင် မြန်မာရဟန်းတော်များတွေ ကျောင်းတော်ကြီးဆီကို အရောက်လာကြပြီး အဖွဲ့ကြီးတိုးတက်ရာ တိုးတက်ကြောင်း ဆွေးနွေးတိုင်ပင်ကြတယ်။ တကယ်တော့ ကျောင်းသား အစည်းအဝေးလာရတာ အကျိုးအမြတ်အများကြီးထွက်ပါတယ်။ ခရီးစရိတ်၊  စားစရိတ် အသွား အပြန် အားလုံးကို အဖွဲ့ကြီးက ကုန်ကျခံပါတယ်။ တစ်နှစ်တာ ကျောင်းသားထောက်ပံ့ငွေ ခွဲတမ်းကျ ရူပီးငွေ (၂) ထောင် (၃) ထောင်ကလည်းအိပ်ထဲအသာကလေး ထည့်သွားရုံပါပဲ။  ကျောင်းရောက်ပြန် တော့လည်း နေစရာ၊ စားစရာ မကြောင့်ကျရ။ နံနက်ဆွမ်း၊ နေ့ဆွမ်း၊ ည ရေနွေးကြမ်း၊  ခေါင်းဦး၊ ဆောင်၊ ခြင်ထောင်၊ ရေ(ပူ၊အေး)၊ မီး၊ အင်တာနက်၊ တီဗီ အစစပြည့်စုံအောင် ဖန်တီးပေးထားတယ်။ ဗုဒ္ဓဂယာမှာ တည်ရှိတာကြောင့် ဗုဒ္ဓဂယာကို ဗဟိုထားပြီး ဘုရားဖူးထွက်လို့ရတယ်။ ဒါကြောင့် ကျောင်းသား အစည်း အဝေးလာရတာ ဘုရားလည်းဖူး ပန်းလည်းခူးဆိုတာလို အကျိုးအမြတ် ရလွန်းလှပါတယ်။ အစည်းအဝေး ကို ယခင်နှစ်များက (၂၅၊ ၂၆)  ၂- ရက်ကျင်းပခဲ့ကြပေမယ့် ယခုနှစ်မှာတော့ တက္ကသိုလ်စာမေးပွဲများနဲ့ တိုက်ဆိုင်နေတာမို့ (၂၅) ရက်နေ့ တစ်ရက်တည်းပဲ ကျင်းပနိုင်မယ်လို့ သိရတယ်။ အစည်းအဝေးပွဲမှာ အဖွဲ့ကြီးရဲ့တစ်နှစ်တာ ငွေစာရင်းရှင်းတမ်း၊ ပညာရေး၊ ကျန်းမာရေး လုပ်ဆောင်ခဲ့မှု၊ ရှေ့ဆက်အကောင် အထည်ဖော်ဆောင်မှုနှင့် တစ်နှစ်တာ အလုပ်အမှုဆောင် ကော်မီတီ အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခြင်း များကို ဆောင်ရွက်ကြတယ်။ 

နံနက် (၆) နာရီမှာ ကျောင်းကြီး အောက်ထပ် စည်းဝေးဆောင်မှာ သံဃာတော်များစုပေါင်းပြီး ဘုရား အနေ ကဇာတင်၊ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်တော်မူကြတယ်။ အဲဒီနောက် အာရုံဆွမ်းဘုဉ်းပေး။ နံနက် ၈ နာရီအချိန်မှာ  သြ၀ါဒခံယူပူဇော်ပွဲ ကျင်းပ။ ဗုဒ္ဓဂယာ မြန်မာကျောင်းဆရာတော်ကြီးနှင့် သာဝတ္ထိမြန်မာ ကျောင်း ဆရာတော်ကြီးတို့ ကြွရောက်တော်မူကြပြီး သြ၀ါဒကထာ ချီးမြှင့်တော်မူကြတယ်။ ကျောင်း တော်ကြီးဖြစ်မြောက်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့တဲ့ ဦးနန္ဒ၀ံသကိုလည်း သြ၀ါဒခံ ဆရာ တော်အဖြစ်ဖူးတွေ့ရတယ်။ သြ၀ါဒခံ ယူပူဇော်ပွဲ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် (ထိုင်ခုံကုလားထိုင် များပြင် ဆင်ပြီး)  ကျောင်းသားအစည်းအဝေးကို ဆက်လက်ကျင်းပတယ်။ အစည်းအဝေးကို အဖွဲ့ဥက္ကဋ္ဌ ဆရာ တော်ရဲ့ အဖွင့်မိန့်ခွန်းနဲ့စတင်တယ်။ အဲဒီနောက် စာရင်းကိုင် ဆရာတော်များရဲ့ တစ်နှစ်တာ စာရင်း အင်း တင်ပြမှု၊ အဖွဲ့ကြီးရဲ့ ပညာရေးဆောင်ရွက်မှု၊ ဂိလာနသံဃာထောက်ပံ့ကူညီမှုနှင့် အထွေထွေဆွေး နွေးခန်း များကို ဆောင်ရွက်တယ်။ အထွေထွေဆွေးနွေးခန်းမှာ နာဂဇ္ဇုနတက္ကသိုလ်က အရှင်သီဟ ဥာဏ တင်ပြတဲ့ မြန်မာနိုင်ငံမှာ အဖွဲ့ခွဲတစ်ခုတည်ထောင်ပြီး ပညာရေး သင်တန်းများဖွင့်လှစ်သင်ကြားမှု အစီအစဉ်ကို ၀ိုင်းဝန်းဆွေးနွေးခဲ့ကြတယ်။ နံနက်ပိုင်း အစည်းအဝေးကို နံနက် (၁၀) နာရီခွဲအချိန်မှာ ရပ်နားပြီး နေ့ဆွမ်း ဘုဉ်းပေးတော်မူကြတယ်။

အစည်းအဝေးကို နေ့ (၁၂) နာရီခွဲအချိန်မှာ ပြန်လည်ကျင်းပတယ်။ ပထမဦးစွာ အလုပ်အမှုဆောင် ကော်မီတီသစ် ရွေးချယ်တင်မြှောက်ကြခြင်းအစီအစဉ်ကိုဆောင်ရွက်တယ်။ အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊ ပြန်ကြားရေး၊ စာရင်းစစ်များကို မဲပေးစနစ်နဲ့ ရွေးချယ်တင်မြှောက်ကြတာဖြစ်တယ်။ ပထမဦးစွာ သံဃာ အရေအတွက်များတဲ့ ဗာရာဏသီ၊ နာလန္ဒာ၊ ဗုဒ္ဓဂယာတက္ကသိုလ်သုံးခုက ရဟန်းတော်များ ကိုယ့် ဒေသ အသီးသီးရဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးစသည်များကို ရွေးချယ်ကြရတယ်။ အခြားတက္ကသိုလ်က ရဟန်း တော်များကတော့ အရေအတွက် နည်းပါးတာကြောင့် ဒေသအတွက် သီးသန့် ရွေးချယ်စရာမလိုပဲ ဗဟိုရွေး ချယ်မှုမှာ တစ်သီးပုဂ္ဂလအဖြစ် တိုက်ရိုက်ပါဝင်ယှဉ်ပြိုင်ခွင့်ရှိကြတယ်။ တက္ကသိုလ်ကြီးသုံးခုက ဒေသအ တွက် ရွေးကောက်မှုများပြီးတော့ ဗဟိုဌာနအတွက် ယှဉ်ပြိုင် ရွေးချယ်မှုပြုကြတယ်။ ယခုနှစ်မှာလည်း  အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌနှင့် အထွေထွေအတွင်း ရေးမှူးတာဝန်များကို ယမန်နှစ် က ဆောင်ရွက်ခဲ့ကြတဲ့ အရှင်မြတ် ၂ ပါးပဲ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရတာကို တွေ့ရတယ်။ အရှင်မြတ် ၂ ပါးကတော့  မဂဓတက္က သိုလ်က အရှင်ဇ၀န နှင့် နာလန္ဒာတက္ကသိုလ်က အရှင်သုတာစာရာလင်္ကာရတို့ဖြစ် ကြတယ်။ ၂၀၁၂-ခုနှစ် အတွက် အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်မှု ပြီးစီးတဲ့အခါ အလုပ်အမှုဆောင်အဖွဲ့ရဲ့ နှုတ်ခွန်းဆက်စကားများနဲ့ ညနေပိုင်း ဆွေးနွေးခန်းများကို ပြန်လည် စတင်လိုက် တယ်။ နံနက်ပိုင်းက မပြီး သတ်ခဲ့သေးတဲ့ နာဂဇ္ဇုနတက္ကသိုလ် အရှင်သီဟဥာဏရဲ့ မြန်မာပြည်အဖွဲ့ခွဲ တင်ပြမှုကို ဆက်လက် ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံလတ်တစ်လောအခြေအနေအရ မပြုလုပ်သင့်သေးလို့ ဆုံးဖြတ်ကြတယ်။ ၂၀၁၂ ခုနှစ် ကျောင်းသား မဂ္ဂဇင်းစာစောင်ဖြစ်မြောက်ရေးအဖွဲ့ကို အတည်ပြုခြင်း၊ ဂိလာနသံဃာ ထောက် ပံ့ကြေးများကို သတ်မှတ်အတည်ပြုခြင်းများကို ဆောင်ရွက်ပြီး  ဥက္ကဋ္ဌဆရာတော်ရဲ့ နိဂုံးကထာဖြင့် ညနေပိုင်းအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်တယ်။ အစည်းအဝေးပြီးသည့်နောက် အစည်း အဝေးတက်ရောက်လာကြတဲ့ ရဟန်းတော်များ ကျောင်းတော်ကြီးရှေ့မှာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြတယ်။ 

ယခုနှစ် ကျောင်းသား အစည်းအဝေးကြွရောက်လာကြတဲ့ ရဟန်းတော်များရဲ့ အထွေထွေ ခရီးစရိတ်နဲ့ စည်းဝေးရက် ဆွမ်းကွမ်းဆက်ကပ်မှုများကို မဇ္ဈိမသံဃမာတာဘွဲ့ရ ကျောင်းအမကြီး ဒေါ်မြရှင်(ပုလဲ) က လှူဒါန်းကြောင်းသိရတယ်။ ကျောင်းအမကြီး ဒေါ်မြရှင် (ပုလဲ) က ဘိတ်၊ ထားဝယ်သူဖြစ်ပြီး ဗုဒ္ဓဂယာ မြန်မာကျောင်းသားကျောင်းတော်ကြီးဖြစ်ပေါ်လာရန် မတည်ငွေ သိန်း(၈၀) ကျပ်ကို ရက်ရက်ရောရော ပေးစွန့်လှူဒါန်းခဲ့သူဖြစ်တယ်။ ယခုနှစ် ကျောင်းသားကျောင်းရန်ပုံငွေက ပညာတော် သင်ရဟန်းတော်များ ကို တစ်ပါးလျှင် ရူပီးငွေ ၃၀၀၀၊ ကထိန်အလှူ ရူပီး- ၁၀၀၀၊ ကျောင်းအစ်မကြီးအလှူ ဒေါ်လာ ၁၀ စီလှူဒါန်း နိုင်ခဲ့တယ်။ လတ်တလောက သီတဂူဆရာတော်ရဲ့ ဒေါ်လာ (၁၀၀) စီ ထောက်ပံ့မှုကလည်း ပူပူနွေးနွေး လေးပဲ ရှိကြသေးတယ်။ အစည်းအဝေးပြီးတယ် ဆိုရင်ပဲ မဟာဗောဓိဘုရားဘက်ကို ထွက်ခဲ့တယ်။ ရတနာ ဃရသတ္တာဟရှေ့မှာ ပရိတ် ပဋ္ဌာန်းရွတ်၊ တရားထိုင်၊ အမျှဝေ။ ည ဂ-နာရီလောက်မှ ဘုရားကပြန်၊ တိဘက် ဈေးတန်းဘက်က လှည့်ပြီး ကျောင်းပြန်။