Monday, June 28, 2010

ပြည်ပ ပညာတော်သင်နှင့် အတွေးလှိုင်းဂယက်များ(၂)

ပညာတော်သင် ဘာကြောင့်သွားတာလဲ

ပြည်တွင်းမှာ ပါဠိစာပေနှင့် ပတ်သက်ပြီး ဒီလောက်ပြည့်စုံ ကုန်လုံ ကြွယ်ဝနေပါလျက် ဘာကြောင့် မြန်မာ ရဟန်းတော်များဟာ ပြည်ပကို ပညာတော်သင်သွားချင်ရတာလဲ။ ပြည်ပက ပြည်မလောက် ပေးနိုင်ရဲ့လား။ ပြောရဲပါတယ်။ မပေးနိုင်ပါဘူး။ ဒါဆို ဘာ့ကြောင့် ချေကြွတော်မူရတာပါလဲ။ ချေကြွတော်မူခကလည်း နည်းနည်းနောနော မဟုတ်ဘူး။ တစ်ပါးကို ဒေါ်လာ ၄၀၀၀ နှုန်းနဲ့ တွက်ပါဦး အပါး ၁၀၀ ဘယ်လောက်။ ငါးရာဆို ဘယ်လောက်။ တစ်ထောင်ဆို ဘယ်လောက် တွက်ကြည့်လို့ ရတယ်။ ဒါတွေဟာ မညှာတမ်း ပြောရရင် တိုင်းပြည်ငွေတွေပဲ။ တိုင်းပြည်ကို ဆင်းရဲတယ် အောက်ကျ နောက်ကျတယ် စသည် ဘက်ပေါင်း စုံပြောရင် ဒါတွေလည်း ထည့်ပြောရတော့မှာပဲ။ တိုင်းပြည်ကို မကြည့်သင့်ဘူးလား စသည်ပေါ့။ ဘယ်လိုပဲဖြစ် နေနေ တို့နိုင်ငံက သာသနာကို ကြည့်တယ်ဆိုတာ ဒီနေရာမှာ ပေါ်လွင်လွန်း အားကြီးတယ်။ ဒါတွေကို ဘယ်လို ကာမိအောင် လုပ်ကြမလဲဆိုတာသာ တွေးမိဘို့ လိုတယ်။ ဒါဆို ပြည်ပ ပညာတော်သင် သွားတယ်ဆိုတာ ပါဠိဘာသာ အတွက် မဟုတ်တာတော့ သေချာတယ်။ ဒါကြောင့် ကိုရီယား သီလရှင်တစ်ပါးက သီတဂူဆရာတော်ကို မေးဘူးသတဲ့ ပါဠိစာပေထွန်းကားတဲ့ မြန်မာနိုင်ငံက ရဟန်းတော်များဟာ ပါဠိမထွန်း ကားတဲ့ အိန္ဒိယလို နေရာမျိုးမှာ ဘာကြောင့် သွားရောက်ပညာသင်ရတာလဲတဲ့။ အဖြေရ အတော်ကျပ်မယ့် မေးခွန်းပဲ။ ဟုတ်တယ် အိန္ဒိယမှာ ပါဠိဆရာကောင်းကောင်း မရှိဘူး။ ဆရာဆိုတဲ့ နေရာကို ယူထားတဲ့ ပုဂ္ဂိုလ်များကလည်း ဗုဒ္ဓဘာသာ မဟုတ်တဲ့ ဗြဟ္မဏဆိုတဲ့ လူပုဂ္ဂိုလ်တွေပဲ။ ဆန်းစစ်ကရစ်ဘာသာကို ကျွမ်းကျင်ကြတယ်ဆိုတော့ ပါဠိစာပေဘက် အလွယ်တကူကူးနိုင်တာပေါ့။ ဒါပေမဲ့ ယုံကြည်မှုမရှိသည့်အပြင် ပါဠိစာပေကို ရိုသေမှုနည်းပါးတာကြောင့် အဋ္ဌကာထာ ဋီကာစကားတွေကို နားမထောင်ဘဲ ထင်မိထင်ရာ ယူဆ ပြောဆိုနေကြတာများတယ်။ မဲမဲမြင်ရင် ဗုဒ္ဓဘာသာဟာ ဗြဟ္မဏ၀ါဒ က ကူးယူချထား တာပါ၊ ဗြဟ္မဏ ဘာသာမှာလဲ ဒါတွေရှိပါတယ်။ ဗုဒ္ဓဘာသာနဲ့ ဗြဟ္မဏ၀ါဒ အတူတူပါပဲ စတာတွေကို ပုံမှားရိုက် ပြောဆိုသင်ပြ နေတာကြောင့် တော်ရုံတန်ရုံနားသမားဆို ယောင်သွားနိုင်တယ်။ ကုလားဆီက မရတဲ့အပြင် ရှိတာလေး ပါမသွားရင်ကံကောင်း။


အဖြေဘယ်လိုလဲ

သီတဂူဆရာတော်က မိန့်တယ်။ ကိုရီးယားသီလရှင် မေးတာကို ကြိုးစားပြီး ဖြေကြတဲ့။ ဖြေကြည့်ပါတယ်။ အဖြေက သိပ်များများ မရပါဘူး။ ပါဠိစာပေအတွက်လား။ ပါဠိစာပေကို ခေတ်နှင့်အညီ သင်နိုင်တဲ့ နည်းစနစ်ကောင်းတွေ ရအောင်လို့လား။ ဒါဆို သီရိလင်္ကာက ပိုနီးစပ်မယ်ထင်တယ်။ ပါဠိကို စနစ်သစ်နဲ့ သင်ကြားနိုင်တာ သီရိလင်္ကာနိုင်ငံက ရှေ့ပြေးတယ်လို့ နာမည်ရတယ်။ ဒါတောင် ပြောသလောက် မဟုတ် ဘူးလို့ ပြောကြတယ်။ သီရိလင်္ကာမှာ အင်္ဂလိပ်စာကိုသာ အဓိက ထားသင်ကြားနေကြတဲ့ အတွက်ကြောင့် ပါဠိပိဋကတ်တတ်သူ အတော်ရှားသွားပြီလို့ ဆရာသမားတစ်ယောက်က ပြောဘူးတယ်။ အိန္ဒိယမှာလား။ အိန္ဒိယမှာကတော့ သိတော်မူတဲ့အတိုင်းပဲလေ သင်တန်းဆရာ အတော်များများဟာ ဘာသာ ပြန်နဲ့တင် လုံးလည်လိုက်နေတာပါပဲ။ အချို့ ဆရာလုပ်နေပေမဲ့ ပါဠိစာပေကို နည်းနည်းလေးမျှ သင်ကြားဘူးတာ မဟုတ် ဘူး။ အဲလိုဆရာမျိုးတွေဆီလာပြီး ပိုက်ဆံပေး ခါးညောင်း ဇက်တောင့် တပည့်ခံ ပညာသင်ရတာ ၀ဋ်ကြီးလို့ပဲလို့ ယူဆတယ်။ အတန်းထဲမှာ ဆရာ မှားသမျှ ထောက်ပြနေရရင် တစ်လုံးမှ သင်ရမှာ မဟုတ်တော့ဘူး။ ထားပါ တော့ အိန္ဒိယမှာ ပါဠိကောင်းကောင်း မရနိုင်ဘူးဆိုတာ ပြောချင်တာပါပဲ။


အင်္ဂလိပ်စာအတွက်ပေါ့

ဒါကတော့ ဖြစ်နိုင်ချေရှိပါတယ်။ အိန္ဒိယမှာ သုံးဘီးသမားကစ အင်္ဂလိပ်စကား ပြောနိုင်တယ်။ ဒါပေမဲ့ နေရာတိုင်းမှာ မဟုတ်ဘူး ဘုံဘေ ပူနေး ဒေလီစတဲ့ မြို့ကြီးနေရာလောက်မှာ တွေ့ရတယ်။ ဗာရာဏသီ၊ ဗီဟာစတဲ့ အခြားနေရာတွေမှာတော့ ဟိန္ဒူစကားမတတ်ရင် မဖြစ်သလောက်ဘဲ။ အားသာချက်တစ်ခုက ကုလားဆရာ ဆရာများဟာ အင်္ဂလိပ်စာ စကား သိပ်ကျွမ်းကျင်ကြတယ်။ ချပို့သင်ကြားမှုကို အင်္ဂလိပ် နဲ့သွားတယ်။ ဒါကြောင့် အင်္ဂလိပ်စာ စကား အတွေ့အကြုံ ဒီမှာ ကောင်းကောင်းရနိုင်တယ်လို့ ပြောကြတာပေါ့။ ပြည်မမှာ တစ်နေကုန်နေလို့မှ အင်္ဂလိပ်စကား တစ်လုံးပြောထွက်ဘို့ မလွယ်ပေမဲ့ ဒီမှာတော့ အင်္ဂလိပ်စကားကို အချိန်ပြည့်လို ပြောနေနိုင်တာဟာ အာသားချက်တစ်ခုပဲ။ အင်္ဂလိပ်စာ အတွက် ပတ်ဝန်းကျင် အပြောင်းအလဲ တစ်ခုလုပ် လိုက်တာပါပဲ။

0 comments:

Post a Comment