Monday, August 9, 2010

အဘိဓမ္မာသင်တန်းသားများ လေ့လာရေးခရီး

၉-၈-၂၀၁၀၊ တနင်္ဂနွေနေ့ နံက် အချိန်တွင် အဘိဓမ္မာသင်တန်းသားများသည် မဟာရဋ္ဌစတိတ်ရှိ ရှေးဟောင်း လိုဏ်ဂူများသို့ လေ့လာရေး ထွက်ခဲ့ကြသည်။ အဖွဲ့တွင် မြန်မာရဟန်းတော် အရှင်ကုသလ (သင်တန်းနည်းပြဆရာတော်)၊ သီရိလင်္ကာ ရဟန်းတော် အရှင်ကုမာရကဿပ၊ အိန္ဒိယသာမဏေ ဘန္တေ သုဒဿန။ သင်တန်းသူများဖြစ်ကြသည့် ဒေါတယ်(ဂျာမန်)၊ ယူမီ ဖူဂျီမိုတို (ဂျပန်) ၊ ဆိုရောင်ဂျူး(ကိုရီးယား) ၊ မီနာ ကိနိုရှီတာ(ဂျပန်)၊ ဆီကို ရှူကိုတာ(ဂျပန်) နှင့် သူမ၏ မိဘနှစ်ဦး။ ထို့ပြင် အိန္ဒိယ ကျောင်းသားများဖြစ်ကြသည့် နိမလလောကန်ဒီ နှင့် ပရ်ဝင်တေတ်လတို့လည်း ပါဝင်ကြသည်။

နံက် ၁၀း၃၀ အချိန်တွင် ဗုဒ္ဓ၀ိဟာရမှ စတင်ထွက်ခွာလာရာ မာရကူဋတောင်ခြေသို့ နေ့ ၁၂း၁၅ တွင် ရောက်ရှိကြသည်။ ကားကို တောင်ခြေတွင် ထားခဲ့ကြပြီး တောင်ပေါ်သို့ ခြေလျင် တက်ကြသည်။ တောင်အောက်မှ ကျောက်လိုဏ်ဂူ ရှိရာသို့ ကျောက်လှေခါးအတိုင်း နာရီဝက်ခန့် တက်သွားရသည်။ တောင်ပေါ်သို့ ရောက်လျှင် လိုဏ်ဂူအတွင်းဝင်၍ လိုဏ်ဂူအတွင်းရှိ ကျောက်စေတီတော်အား ဖူးမြော် ကြည်ညိုကြသည်။ အနေကဇာတင်၊ မေတ္တာပို့ အမျှဝေကြသည်။ ဤကျောက်လိုဏ်ဂူကို ဘီစီ ၁ ရာစုနှစ်လောက်က တည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ပထမဦးစွာ ထေရ၀ါဒ ရဟန်းတော်များ နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် မဟာယာန ရဟန်းတော်များ နေထိုင်ခဲ့ကြောင်း၊ မိုးတွင်းကာလ ရဟန်းတော်များ ၀ါဆိုဝါကပ်ရာ ၀ဿဝါစာ နေရာဖြစ်ကြောင်းစသည် ဘန္တေ သုဒဿနက ပြောပြသည်။

လိုဏ်ဂူသည် တောင်ခါးပန်းနေရာတွင် တည်ရှိသဖြင့် ရှေးအခါက လူသူ လာရောက်ဘို့ လွန်စွာ ခဲယဉ်းမည့်အနေအထားဖြစ်သည်။ ဤဒေသတွင် ဤကဲ့သို့ ကျောင်းပုံစံတည်ဆောက် ထွင်းထုထားသော ကျောက်လိုဏ်ဂူများ နေရာ အတော်များများတွင် တည်ရှိသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် အလွန်ထင်ရှားသော ကာလ၊ ဘာဂျာ ခေါ်သော လိုဏ်ဂူများ၊ အာဂျင်တာ အရိုလာ ခေါ်သော လိုဏ်ဂူကြီးများ စသည်တို့ဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ ဤလိုဏ်ဂူများသည် ကျောက်ဆောင်သက်သက်ကို ထွင်းထု ပုံဖော်ထားသော ကျောက်လိုဏ်ဂူများဖြစ်နေသောကြောင့်ဖြစ်သည်။ အချို့လိုဏ်များသည် ပန်းကနုတ်များ၊ ဆင်ရုပ် မြင်းရုပ်၊ လူရုပ်များဖြင့် လက်ရာမြောက်စွာ ထုဆစ်ပုံဖော်ထားသည်ကို တွေ့ရသည်။ ဘုရားခန်း၊ နားနေခန်း၊ ရေတွင်း ရေကန် စသည်ဖြင့် အပြည့်အစုံ ဖန်တီးထားသည်ကို တွေ့ရသည်။

ကျောက်လိုဏ်ဂူအတွင်း လှည့်လည်ကြည့်ရှုကြပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ဂျာမန်သူ ဒေါတက်သည် ပရော်ဖက်ရှင်နယ် ဖိုတိုဂရပ်ဖာတစ်ဦးဖြစ်သည်။ သူမသည် ဓာတ်ပုံများကို အကျအန မှတ်တမ်းရိုက်ယူသည်။ ကျောင်းပုံစံ တည်ဆောက်ထားသော လိုဏ်ဂူမှာ ၂ ဆောင်တွဲလျက် တည်ရှိသည်။ တစ်ဆောင်မှာ ဘုရားကျောင်းဆောင်ဖြစ်ပြီး တစ်ဆောင်မှာ ရဟန်းတော်များ သီတင်းသုံးနားနေဆောင်ဖြစ်သည်။ ထိုအဆောင်တွင် အခန်းကိုးခန်း ပါရှိသည်ကို တွေ့ရသည်။

လိုဏ်ရှေ့ရင်ပြင်မှနေ၍ တောင်အောက် ရှုမြော်ခင်းများကို ကြည့်ရှုကြသည်။ ထိုအချိန်တွင် ဂျပန်မ ယူမီက တောင်များဝန်းရံနေသည့် မြေပြန့်လွင်ပြင်လေးကို လက်ညှိုးညွှန်၍ ငါတို့ နေတဲ့ မြို့လေးကလည်း ဒီအတိုင်းလေးဘဲဟု ပြောလာသည်။ ထိုအချိန်တွင် မိုးကျလာသည်။ ထီးများကို ထုတ်၍ အသီးအသီးဆောင်းကြသည်။ အနီးတွင် ရှိနေ သောကိုရီးယားမက သူ့ ထီးလေးဖြင့် ဆောင်းမိုးပေးရှာသည်။ အတန်ကြာသည်အထိ မိုးဖွဲဖွဲအောက်တွင် မတ်တပ်ရပ်၍ စကားပြော ရှုမြော်ခင်းများကို ကြည့်ကြပြီး တောင်အောက်သို့ ပြန်လည် ဆင်းသက်ခဲ့ကြသည်။ တောင်အောက်ရောက်တော့ ၁း၅၆ နာရီရှိပြီ။ မရကူဋတောင်မှ ပြန်လည်ထွက်ခွာခဲ့ကြပြီး နေ့လည်စာကို လမ်းဘေး စားသောက်ဆိုင်တစ်ခုတွင် စားသောက်ကြသည်။ ထိုအချိန် ညနေ ၃း၃၀ ရှိပြီ။ အိန္ဒိယအစားအစာဖြစ်သည့် ထမင်းကြော်ကို မှာယူစားသောက်ကြသည်။ စား သောက်ပြီး ကော်ဖီတစ်ခွက်စီသောက်ကြသည်။ ကော်ဖီထုပ်ကို မိမိက ယူဆောင်လာခဲ့သည်။

စားသောက်ကြပြီးနောက် အခြား လိုဏ်ဂူတစ်ခုကို လေ့လာရန် ထွက်ခဲ့ကြသည်။ ထိုလိုဏ်ဂူမှာ နာမည်ကျော် ဘာဂျာ နှင့် ကာလာတို့ဖြစ်ကြသည်။ ပထမဦးစွာ ဘာဂျာလိုဏ်သို့ သွားကြသည်။ နာရီဝက်ခန့်ကြာလျှင် ဘာဂျာလိုဏ်တောင်ခြေသို့ ရောက်သည်။ တောင်ခြေတွင် ကားရပ်၍ တောင်ပေါ်သို့ ခြေလျင်တက်ကြသည်။ ဤနေရာသည်လည်း တောင်များ ခွေပတ် ရံနေသော မြေပြန့်လွင်ပြင်တစ်ခုပင်။

တောင်ခြေတွင် ကားများ၊ လူများ ရှုပ်ယှက်ခတ်သွားလာနေသည်ကို တွေ့ရသည်။ ယနေ့ ဟင်ဒီပွဲတော်တစ်ခုရှိသည်ဟုသိရသည်။ ပွဲတော်ကို အရက်သောက်၍ ပျော်ကြသည် ဟုဆိုသည်။ ထို့ကြောင့် ယနေ့ နေရာတိုင်းတွင် လူများနေခြင်းဖြစ်သည်။ တောင်ခြေတွင် တောင်ပေါ်မှ စီးကျနေသော ရေတံခွန်တစ်ခုရှိသည်။ ထိုနေရာတွင် လူအများအပြား ရေချိုးနေကြသည်ကို တွေ့ရသည်။

မိမိတို့အဖွဲ့သည် တောင်ပေါ်သို့ တက်ခဲ့ကြသည်။ လမ်းခုလတ်ရှိ လက်မှတ်ဖြတ်ကင်းတဲတွင် ၀င်ခွင့်လက်မှတ်ဖြတ်ကြသည်။ တစ်ဦးလျှင် တစ်ရာပေးရ၏။

တောင်ပေါ်ရှိ လိုဏ်နေရာသို့ ၁၅ မိနစ်ခန့် တက်ရသည်။ ဘာဂျာလိုဏ်သည်လည်း ယခင်လိုဏ်ကဲ့သို့ ပုံစံတူ လိုဏ်တစ်ခုပင်ဖြစ်သည်။ အခန်းဖွဲ့စည်းပုံမှာ ယခုခေတ် တိုက်ခန်းများကဲ့သို့ အပေါ်ထပ်၊ အောက်ထပ်ပုံစံ ပုံဖော်ထုဆစ်ထားသည်ကို တွေ့ရသည်။ ထူပများ၊ ရေတွင်းများနှင့် တိုက်ခန်းအများအပြားကို တွေ့ရသည်။ တောင်ပေါ်မှ တောင်ကျ ရေများသည် လိုဏ်ဂူများအပေါ်မှ အဆက်မပြတ် စီးဆင်းကျနေသည်ကိုတွေ့ရသည်။ ထို့ပြင် ရေတံခွန်တစ်ခုကိုလည်း လိုဏ်၏ တစ်ဖက်တွင် တွေ့ရသေးသည်။ ကျယ်ဝန်း များပြားသော ကျောက်လိုဏ်များရှိရာ ဤနေရာ၌ ရှေးအခါက မြောက်များ စွာသော ရဟန်းတော်များ နေထိုင်ခဲ့လိမ့်မည်ဖြစ်သည်။

ကျောက်လိုဏ်များကိုလေ့လာပြီးနောက် ကျောက်လိုဏ်နောက်ခံပြု၍ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တောင်အောက်သို့ ပြန်လည်ဆင်းသက်ခဲ့ကြသည်။ တောင်ပေါ်မှ တောင်ခြေ သို့ ပြန်ရောက်တော့ ညနေ ၅း၃၀ နာရီရှိပြီ။

ဘာဂျာလိုဏ်မှ ပြန်ထွက်ခဲ့ကြသည်။ သို့သော် ကာလလိုဏ်သို့ မသွားတော့ဘဲ ပြန်ကြမည်ဖြစ်သည်။ အကြောင်းမှာ ထိုနေရာတွင် ဟင်ဒီများ၏ ဆိတ်သိုးများကို သတ်၍ သွေးများဖြင့် ယာဇ်နတ် ပူဇော်ကြသည့် အခမ်းအနားရှိသည်။ ထိုပွဲတော်တွင် လူငယ်အများ အပြား သောက်ကြစားကြ ပျော်ကြပါးကြသည်။ အန္တရာယ်ရှိနိုင်သဖြင့် မသွားကြတော့ခြင်းဖြစ်သည်။

အပြန်လမ်းတွင် စားသောက်ဆိုင်တစ်ခုဝင်၍ လဘက်ရည်သောက်ကြသည်။ ထိုအချိန်တွင် ယနေ့ခရီးစဉ်နှင့် ပတ်သက်၍ ရင်တွင်းဖြစ် ခံစားချက်များကို တစ်ယောက်တစ်လှည့် ပြောကြရန် မိမိက ပြောလိုက်သဖြင့် အားလုံးတစ်ယောက်တစ်လှည့်စီ ပြောကြသည်။ ပထမဦးစွာ ကိုရီးယားမက ယနေ့ခရီးသည် အတော်ပင် စိတ်ဝင်စားစရာကောင်းပါကြောင်း၊ ရင်သပ်ရှုမောဘွယ် တောတောင်သဘာဝများကို မြင်တွေ့ရ၍ စိတ်လက်ပျော်ရွှင် ၀မ်းမြောက်ပါကြောင်း၊ ဗဟုသုတများစွာလည်း ရရှိပါကြောင်း စသည်ပြောသည်။
ထို့နောက် ဂျာမန်မက သိပ်ကောင်းတဲ့ ခရီးတိုလေးပါဘဲ။ စိတ်ထဲမှာ အတော်လေးကို ကျေနပ်မိပါတယ်။
ဂျပန်မ ယူမီက ခရီးစဉ်ကို စီစဉ်ပေးတဲ့ အရှင်များကို သိပ်ကျေးဇူးတင်ပါတယ်။ ခရီးထွက်လာရတာ အတော်ပျော်ပါတယ်။
ဂျပန်မိသားစုကလည်း အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ပျော်ရွှင်ကျေနပ်မိပါတယ်စသည် ပြောဆိုကြသည်။
ပူနေးတက္တသိုလ် ဗုဒ္ဓ၀ိဟာရသို့ ပြန်လည်ရောက်တော့ ည ၈ နာရီထိုးပြီ။

အားလုံး ပျော်ရွှင် ချမ်းမြေ့ပါစေ

၁၀-၈-၂၀၁၀

Friday, August 6, 2010

အဘိဓမ္မာသင်တန်း နှစ်လပြည့် အထိမ်းအမှတ် (၂)

ယခုဆို အဘိဓမ္မာသင်တန်းဟာ သိပ်ကို အရှိန်ကောင်းနေပြီဖြစ်တယ်။ အားလုံးဟာ အဘိဓ္မာဘာသာရပ်ကို ဘယ်လို ပြကွက်တွေနဲ့ ဘယ်လိုတွေဖြစ်မယ်ဆိုတာ ကြိုတင် မသိနိုင်တဲ့ ရုပ်ရှင်ကားတစ်ကားကို ကြည့်ရသလို တစ်သသဖြစ်နေကြတယ်။ ဟုတ်တယ် မြတ်စွာဘုရားရဲ့တရားတော်များက သဘာဝကို ပုံဖော်ပြထားတာဆိုတော့ တကယ့်ကို စိတ်ဝင်စားဘို့ ကောင်းတာပဲ။

သင်တန်းကို သင်တန်းသားတွေ စိတ်ဝင်စားမှု ရှိမရှိ သိချင်ရင် ကုလားကျောင်းသားတွေ ခေါင်းရမ်းမရမ်းကြည့်ရင်သိတယ်။ ကုလားက သဘော မတွေ့သေးရင် ခေါင်းမရမ်းဘူး။ ခေါင်းရမ်းတာ မြင်ရင်တော့ သဘောတွေ့လို့သာ မှတ်ပေတော့။ ဂျပန်မလေးတော့ ဂျပန် အာလုပ်သံလေးပေးပြီး သဘောကျကြောင်း ပြတတ်တယ်။ တစ်ခါတစ်ခါ (အသံမမြည်) လက်ခုပ်တီးပြီး အားပေးတတ်တယ်။ ဂျာမာန်မကတော့ ကုလားမ စတိုင် ခေါင်းလေးရမ်း ပြုံးပြီး ထောက်ခံချက်ပေးတတ်တယ်။ ဘန္တေသုဒဿနကတော့ ကုလားစကား အာခ်ျ ခ်ျ ဆိုပြီး နားလည်ကြောင်း ပြတတ်တယ်။

ယခုဆို အဘိဓမ္မာသင်တန်းများကို ကျယ်ပြန့်စွာ သင်ကြားပြသဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ international abhiddhamma society အဖွဲ့ကို မြန်မာရဟန်းတော်များ ဦးဆောင်ပြီး ဖွဲ့စည်း တည်ထောင်ပြီးပြီဖြစ်တယ်။ ဒီအဖွဲ့အစည်းက ဒီသင်တန်းကို အခြေခံပြီ ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်အတိုင်း အခြားနေရာများမှာလည်း သင်တန်းများ ပို့ချသွားမှာ ဖြစ်တယ်။ လောလောဆယ်မှာတော့ ဗုဒ္ဓ၀ိဟာရနှင့် အခြား ဘုန်းတော်ကြီးကျောင်း တစ်ခုမှာ သင်ကြားပို့ချနေခြင်းဖြစ်တယ်။ နောက်မကြာမီမှာ အိန္ဒိယနိုင်ငံအနှံ့ အဘိဓမ္မာ သင်တန်းဌာနများဖွင့်လှစ်ပြီး သင်ကြားသွားဘို့ အစီအစဉ်များရှိတယ်။ ဒီလို သင်ကြားမှုများကို မြန်မာရဟန်းတော်များကသာ စွမ်းဆောင်နိုင်တယ်။ ဒါကြောင့် အိန္ဒိယရောက် မြန်မာရဟန်းတော်များရဲ့ ဇွဲ့လုံ့ လကို မူတည်ပြီး အိန္ဒိယနိုင်ငံရဲ့ ဗုဒ္ဓဘာသာအခြေအနေဟာ ပြောင်းလဲ သွားနိုင်တယ်လို့ ပြောနိုင်တယ်။

ဘာပဲဖြစ်နေနေ စွမ်းနိုင်သလောက် သတ္တိလေးနဲ့ ဘုရားသာသနာ ကျယ်ပြန့်ဘို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိန္ဒိယနိုင်ငံသို့ ပညာတော်သင်ရောက်ခိုက်မှာ သာသနာပြုလုပ်ငန်း တစ်စိတ် တစ်ဒေသအဖြစ် သင်ကြားချပို့မှု အနည်းငယ်ကို ယခုလို ပြုလုပ် ဆောင်ရွက်နိုင်တဲ့အတွက် ဘ၀အတွက် သာသနာအတွက် ကျေနပ်မှု အတိုင်းအတာတစ်ခုအထိ ရရှိခဲ့တယ်လို့ ပြောချင်တယ်။

အားလုံးသတ္တ၀ါ ဘေးရန်ကွာ ချမ်းသာကြပါစေ
(၅-၈-၂၀၁၀)

Thursday, August 5, 2010

အဘိဓမ္မာသင်တန်း နှစ်လပြည့်အထိမ်းအမှတ်

အဘိဓမ္မာသင်တန်းကို ချပို့လာတာ ၂လပြည့်သွားပြီ။ နက်ဖြန်ဆိုရင် ၂ ရက်တင်းတင်းပြည့်ပြီပေါ့။ ပြီးခဲ့သည့် ဂျွန် ၆ ရက်က စတင်လာတာ ယခု သြဂုတ်လ ၆ ရက်ဆိုတော့ ၂ လပြည့်ပြီလေ။ ဒီ ၂ လပြည့်မှာ သင်တန်းသားများကို တစ်ခုခု ကျွေးရင်ကောင်းမယ်လို့ စိတ်ကူးနေတုန်းမှာပဲ မြန်မာနိုင်ငံ စစ်ကိုင်းမြို့က အစ်မတော်တစ်ဦးက ပေးပို့လိုက်တဲ့ ကော်ဖီထုပ်ကြီး ၂ထုပ် ယနေ့ နေ့လည်မှာပဲ လက်ထဲကို ရောက်လာပါတော့တယ်။ စစ်ကိုင်းက အစ်မတော်ရေ ကျေးဇူး ကျေးဇူးကမ္ဘာပါပဲဗျာ။ နက်ဖန်နံက် သင်တန်းပြီးချိန် သင်တန်း ၂ လပြည့် အထိမ်းအမှတ်အဖြစ် သင်တန်းသားများကို ကော်ဖီနှင့် မုံ့ ကျွေးမယ်။

အဘိဓ္မာသင်တန်းက ထူးဆန်းတယ်။ ဘာလို့လဲဆိုတော့ ပိတ်ရက်မရှိ နေ့တိုင်းဖြစ်နေလို့ပဲ။ နိုင်ငံတကာ စံနှုန်းအရဆိုရင် တစ်ပတ် ၃ ၊ ၄ ရက်ဆို လုံလောက်တယ်လေ။ ၃ ရက်သင် ၄ ရက် လေ့လာ။ ဟုတ်ပါတယ်။ ဒီမှာတော့ နေ့တိုင်းပဲ။ ဘာလို့လဲဆိုတော့ နေ့တိုင်းသင်မှ တတ်မယ်။ သိမယ်။ သင်ချင်တဲ့စိတ်လေး မပျောက်မယ်။ ပြီးတော့ ဘာသာရပ်က ခက်တယ်။ သဘောတရားတွေက ကျယ်ပြန့်လွန်း အားကြီးတယ်။ များများပြော များများ နားထောင်မှ ရေရေလည် လည် ပြည့်ပြည့်စုံစုံ သိနားလည်မယ်။ ဒါကြောင့် နေ့တိုင်းသင်ကြားခြင်းဖြစ်တယ်။ ဒါက မြန်မာ နိုင်ငံ ဘုန်းတော်ကြီးကျောင်းတွေမှာ ယနေ့ထက်တိုင် ကျင့်သုံးနေတဲ့ နေ့စဉ်မပြတ် သင်ကြားခြင်းစနစ်တစ်ခုဖြစ်တယ်။

ပြီးတော့ ဒီမှာက ကျောင်းသားရော ဆရာပါ မအားမလပ်ကြဘူး။ ဒါကြောင့် နွေရာသီ ကျောင်းအားရက်မှာ တွန်းထားမှ တော်ကာကြမယ်ဆိုပြီး အဲဒီကတည်းက တွန်းတွန်း တိုက်တိုက်နဲ့ နေ့တိုင်းသင်ခဲ့တာ ယခုအထိဆိုပါတော့။

အချို့က ပြောတယ်။ နေ့တိုင်းသင်တာ ဆရာရော တပည့်ပါ သိပ်ပင်ပန်းလွန်းတယ်။ ကြာရှည် ခံနိုင်ရည်ရှိဘို့ မလွယ်ဘူး။ ကျောင်းသားတွေ စိတ်ပျက်သွားနိုင်တယ်။ ဒါကြောင့် ရက်ခြား သင်သင့်တယ်။ စသည်ပေါ့။

အချို့ကလည်း တစ်ပတ် တနင်္ဂနွေတစ်ရက်ဆိုရင် လုံလောက်ပါတယ်တဲ့။ ဒါပေမဲ့ အားလုံးကို မျက်ကွယ်ပြုပြီး နေ့တိုင်းသင်ကြားခဲ့တယ်။ မိုးရွာသည်ဖြစ်စေ နေပူသည်ဖြစ်စေ သင်တန်း ဆီကို အရောက်သွား သင်ကြားတာပဲ။ သင်မည့်သူတွေကလည်း ဇွဲကောင်း ကောင်းနဲ့ လာကြတာပဲ။ သင်တန်းသားက များများတော့ မဟုတ်ဘူး။ ပူနေးတက္ကသိုလ် ပါဠိဋ္ဌာနက ဆရာတစ်ယောက်။ ပီအိပ်ဂ်ျဒီ ကျောင်းသား သုံးယောက်။ ဂျာမာန်အမျိုးသမီးတစ်ယောက်။ စုစုပေါင်း ငါးယောက်။ ပီအိပ်ဂ်ျဒီ ကျောင်းသား သုံးယောက် အနက် ၂ ယောက်က အိန္ဒိယကျောင်းသား ဘန္တေသုဒဿနနှင့် နီလမဆိုတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး တစ်ယောက်က ဂျပန်အမျိုးသမီးလေး ယူမီဖူဂျီမိုတိုဖြစ်တယ်။

သင်တန်းအစတုန်းက အမာခံကျောင်းသားအဖြစ် ဆရာဆန်ဂျေး၊ ဘန္တေသုဒဿနနှင့် ယူမီဖူဂျီမိုတိုတို့ပဲ ရှိတယ်။ သူတို့က ဗုဒ္ဓဘာသာဝင်တွေဖြစ်ပေမဲ့ ဗုဒ္ဓဘာသာ အကြောင်းကို ကောင်းကောင်း သိနားလည်သူများ မဟုတ်ကြဘူး။ ဒါကြောင့် သင်ကြားတဲ့ နေရာမှာ အကြောင်းယုတ္တိ ရှိမရှိကို အများကြီး ဆန်းစစ်ကြတယ်။ မေးခွန်းတွေ အများကြီးမေးကြတယ်။ နောက်အတော်လေး ကြာကာမှ အမေးတွေ လျှော့သွားကြတယ်။ အဘိဓမ္မာဘာသာရပ်ကို သဘောခွေ့ မနောတွေ့ သွားကြတယ်ပေါ့။ အစက စိတ်ဝင်စားယုံပဲ။ နောက်မှ တကယ်ကြိုက်သွားတာ။ အိပ်ရာထ ပျင်းတဲ့ ဂျပန်မလေးတောင် အဘိဓမ္မာကို စိတ်ဝင်စားလွန်းလို့ အိပ်ရာကလူးလဲထပြီး သင်တန်းချိန်အမီ အပြေးကလေး လာတတ်တယ်။

သင်တန်းက နံက် ၉ နာရီမှ ၁၀ နာရီအထိဖြစ်တယ်။ ၈ နာရီနဲ့ ၉ နာရီကိုတော့ တရားထိုင်ချိန်အဖြစ် သတ်မှတ်ထားတယ်။ ဂျပန်မလေးနှငဆရာဆန်ဂျေးတို့က တရားထိုင်ချိန် ကျော်ပြီမှ သင်တန်းကို ရောက်လာကြတယ်။ ဆိုလိုတာက တရားမထိုင် လိုဘူးဆိုတဲ့ သဘော ပေါ့။ ဂျပန်မလေးကို တရားထိုင်ဘို့ ပြောတော့။ ဂျပန်မလေးက သူ့အခန်းမှာ နေ့တိုင်း တရားထိုင်ပါတယ်တဲ့။

သင်တန်းဌာနက ပူနေးတက္ကသိုလ်အတွင်း ဗုဒ္ဓ၀ိဟာရ ခေါ်တဲ့ ဘုရားကျောင်းလေးမှာပါ။ အဆောင်ကနေ ၁၀ မီနစ်လောက် လမ်းလျှောက်သွားရင် ရောက်ပါတယ်။ ဘုရားကျောင်းမှာ ဘန္တေသုဒဿန နှင့် ကိုရင်ငယ်လေး ဓမ္မဒဿီတို့ နေထိုင်ပါတယ်။ ကိုရင်ငယ်လေးက နံက်တိုင်း ဘုရားကျောင်း သန့်ရှင်းရေး၊ သောက်တော်ရေချမ်းကပ်ပြုလုပ်တယ်။ ပြီးတော့ သင်တန်းချိန်မှာ သင်တန်းသားများအတွက် ကုလားလဘက်ရည်(ကျရည်)တစ်ခွက်စီ ဖျော်တိုက်တယ်။

အဘိဓမ္မာကို သင်ကြားတဲ့အခါ အဘိဓမ္မတ္ထသင်္ဂဟကျမ်းစာကို ကိုင်ပြီးသင်ပါတယ်။ မြန်မာ ဘုန်းတော်ကြီးသင် နည်းစနစ်အတိုင်း ပါဠိဖတ် (အင်္ဂလိပ်) ဘာသာပြန်။ ပြီးတော့ အဓိပ္ပါယ် ရှင်းလင်းပြောပြ။ ပြီးတော့ လောကမှာ ဘယ်လိုဖြစ်နေတယ်။ အဘိဓမ္မာသဘောတရားအရ ဘ၀မှာ ဘယ်လိုကျင့်သုံး နေထိုင်ရမယ်ဆိုတဲ့ အထိ ပြောပြပေးတယ်။ ဒါကို သိပ်သဘောကျကြတယ်။ အဘိဓမ္မာဆိုတာ စာမဟုတ်ဘူး။ ဘ၀ပါလားလို့ သိသွားကြတယ်။

ဆရာဆန်ဂျေးက ပြောတယ်။ အဘိဓမ္မာက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး စိတ်ဝင်စားမှုကို ဖြစ်စေတယ်တဲ့။
ဘန္တေသုဒဿန က အဘိဓမ္မာသင်တန်းကို တစ်ရက်လာမိရင် အဲဒီလူ နောက်ရက်လာဘို့ မခဲယဉ်းတော့ဘူး၊ ဘာလို့လဲဆိုတော့ သင်ကြားချပို့မှုတွေက ဆွဲဆောင်မှု အပြည့်ရှိနေ လို့ပါဘဲတဲ့။
ဂျပန်မလေးကတော့ ငါဘာမှ စိတ်မ၀င်စားဘူး။ အဘိဓမ္မာသင်တန်းပဲ စိတ်ဝင်စားတယ်တဲ့။

နောက် ဂျပန်မလေးတစ်ယောက်ရှိသေးတယ်။ သူ့နာမည်က ယူမီ ကတာရာမ တဲ့။ သူက ဘာသာရေး စိတ်ဝင်စားသူဖြစ်တယ်။ ဣနြေ္ဒရှိတယ်။ သမာဓိကောင်းတယ်။ ထိုင်းကျောင်းသားတစ်ယောက်က ပြောတယ် သူမရယ်တာကို မတွေ့ဘူးဘူးတဲ့။ ဘာသာ ရေး စိတ်ဝင်စားလွန်းလို့ သူမကို အတန်းဖော်တွေက ဗောဓိသတွ (ဘုရားအလောင်း) လို့ခေါ်ကြတယ်။ သူမက မဟာသတိပဋ္ဌာန်သုတ်လာ ဧကာယနပုဒ်ကို မဟာယာန၊ ထေရ၀ါရ ကျမ်းစာတွေနဲ့ ညှိပြီ စာတမ်းရေးနေသူဖြစ်တယ်။ စာတမ်းပြီးလို့ နောက်လဆိုသူ့နိုင်ငံ ဂျပန်ကို ပြန်တော့မယ်။

သူမက အဘိဓမ္မာသင်တန်းကို နောက်ကျမှ ရောက်လာသူဖြစ်တယ်။ တစ်ရက် နှစ်ရက် လာလေ့လာမယ်ဆိုတဲ့ သဘောပေါ့။ သင်တန်းကို တစ်ရက်တက်ပြီး ညပိုင်းမှာ အီးမေးပို့လာတယ်။ ” ငါ့ကို အဘိဓမ္မာသင်ပေးပါ။ ငါ့နိုင်ငံ မပြန်ခင်လေးမှာ အဘိဓမ္မာကို ကြိုးစားပြီး သင်သွားချင်တယ်” တဲ့။

စာကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်။ သူမဘ၀မှာ တစ်ခါမှ မသိခဲ့ဘူးသော အကြောင်းအရာများ။ ပြီးတော့ အချိန် သိပ်နောက်ကျသွားပြီ။ သို့သော် သူမ ဆက်လေ့လာရမယ်ဆိုတဲ့ အသိလေးတော့ ရသွားရှာပါ၏။ အဘိဓမ္မာတွေ အများကြီး လေ့လာဘို့အတွက် မြန်မာနိုင်ငံကို လာခဲ့ပါ ယူမီ ဟူ၍သာ ဖိတ်ခေါ်စရာရှိတော့သည်။

ဟုတ်တယ် ဘန္တေသုဒဿန ပြောသလိုပဲ သင်တန်းလာပြီးသူတိုင်းဟာ လာချင်ရင်း လာချင်ရင်းဖြစ်နေတော့တာပဲ။ ယခုဆို ခါတိုင်းဆို မလာတစ်ရက် လာတစ်ရက် ကုလား ကျောင်းသားလေး အဘိဓမ္မာကို အကြိုက်ကြီး ကြိုက်ပြီး နေ့တိုင်းလာဖြစ်နေတော့ တယ်။ အများတကာ သင်တန်းပြီး ပြန်သွားပေမဲ့ သူ့အတွက် သီးသန့်အချိန်ပိုလေး တောင်းပြီး သင်ရှာတယ်။ ပါဠိကို နားမလည်ပေမဲ့ ဘာသာရပ်က သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲတဲ့။

နောက်လာတဲ့ ကျောင်းသူကတော့ ဂျာမာန် အမျိုးသမီးလေးဖြစ်တယ်။ တိဘက်တန် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တယ်။ တိဘက်တန်၊ ဟင်ဒီ၊ ဆန်စစ်ကရစ် တတ်ကျွမ်းတယ်။ တက္ကသိုလ်အပြင်ပမှာ အိမ်ငှားနေတယ်။ သင်တန်းကို အချိန်မီ ရောက်လာပြီး လေ့လာတယ်။ သင်ကြားမှုတွေကို ခေါင်းလေး ရမ်းရမ်းပြီး သိပ်ဟုတ်တာပေါ့ လို့ ထောက်ခံတယ်။

Monday, August 2, 2010

မြန်မာရဟန်းတော်များ ဦးဆောင်၍

၂၀၁၀ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ ညနေပိုင်းက အိန္ဒိယနိုင်ငံ မဟာရဋ္ဌစတိတ် ပူနေးမြို့ ပူနေးတက္ကသိုလ် အတွင်းရှိ ဗုဒ္ဓ၀ိဟာရတွင် International Abhidhamma Society အဖွဲ့ကို ပူနေးတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြား နေကြသော မြန်မာရဟန်းတော်များ ဦးဆောင်၍ အောင်မြင်စွာ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အစည်းအဝေးသို့ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံတို့မှ ပညာတော်သင် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ် ကျောင်းသားများ ပါဝင်တက်ရောက်ကြသည်။ အထူးသဖြင့် အစည်းအဝေးကို ကမကထပြု ဦးစီးဆောင်ရွက်သူမှာ ပူနေးတက္ကသိုလ် ပါဠိဌာနမှ ဆရာဆန်ဂျေးတန်ဘာဂရိတ် ဖြစ်သည်။ အဖွဲ့အစည်းဖြစ်ပေါ်လာအောင် အကြံပြု စီစဉ်သူမှာ မြန်မာ ရဟန်းတော် အရှင်ကုသလဖြစ်သည်။

အခမ်းအနားကို ညနေ ၅ နာရီခွဲအချိန်တွင် စတင်ကျင်းပရာ အခမ်းအနားမှူးအဖြစ် ပါဠိဌာန ဆရာ ဆန်ဂျေး က ဆောင်ရွက်သည်။ အခမ်းအနား အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

နံပတ်(၁) ကြွရောက်လာသူအားလုံးက နမောတဿ ဘုရားရှိခိုး ဂါထာကို လက်အုပ်ချီမိုး သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခန်းအနား ဖွင့်လှစ်သည်။

နံပတ် (၂) တက်ရောက်လာသူအားလုံးက အလှည့်ကျ မိတ်ဆက်စကား ပြောဆိုကြသည်။

နံပတ် (၃) ထိုနောက် အမည် နေရပ် အတန်း နိုင်ငံ ဖုန်းနံပတ် စသည်များကို မှတ်တမ်းစာအုပ်တွင် အသီးသီးရေးထိုးကြရသည်။

နံပတ် (၄) အဖွဲ့အစည်း ဖွဲ့စည်းရခြင်းအကြောင်းနှင့် အဖွဲ့အစည်းကြီး၏ အမည်၊ ရည်ရွယ်ချက် နှင့် လုပ်ဆောင်ကြရမည့် လုပ်ငန်းတာဝန် စသည်များကို ဆရာ ဆန်ဂျေး မှ အကျယ်တ၀င့် လျှောက်ထားတင်ပြသည်။

နံပတ် (၅) ဆရာ ဆန်ဂျေး တင်ပြလျှောက်ထားချက်များကို အကျယ်တ၀င့် ဆွေးနွေး အကြံပြု တင်ပြကြသည်။

ဆွေးနွေးချက်။

အသင်းကြီး၏ အမည်နှင့် ပတ်သက်၍ ရှေးဦးစွာ ဆွေးနွေးကြရာ အသင်းကြီး၏ အမည်ကို မူလတင်းပြထားသည့်အတိုငှ်းှုInternational Abhidhamma Society ဟူ၍သာ အတည်ပြုကြသည်။

အသင်းကြီး၏ တည်ရာဌာနအဖြစ် ပူနေးတက္ကသိုလ်အတွင်းရှိ ဗုဒ္ဓ၀ိဟာရကို သတ်မှတ်ကြသည်။

အသင်းကြီး၏ ပြဋ္ဌာန်း ဘာသာရပ်များကို မြန်မာရဟန်းတော် အရှင်ကုသလ ကရေးဆွဲ တင်ပြသည်ကို ထိုအတိုင်းပင် အတည်ပြုကြသည်။

အသင်းကြီး၏ ဆောင်ပုဒ်နှင့် အမှတ်အသား တံဆိပ်ပုံကို အရှင်ကုသလ၊ အရှင်ကုမာရကဿပနှင့် မစ်စတာ ဥတေနတို့က ရှေးဆွဲ တင်ပြကြရန် တာဝန်ပေးကြသည်။

အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ပူနေးတက္ကသိုလ် ဗုဒ္ဓ၀ိဟာရ ဘန္တေသုဒဿန(phD thesis) ၊ အတွင်းရေးမှူးအဖြစ် ဆန်ဂျေးတန်ဘာဂရိတ်၊ အကြံပေးနှင့် သင်တန်းနည်းပြ ပုဂ္ဂိုလ်များအဖြစ် မြန်မာရဟန်းတော်များဖြစ်ကြသည့် အရှင်ပညောဘာသ(phD thesis)၊ အရှင်ကုသလ (MA second year) ၊ အရှင်ဇ၀န(phD thesis)၊ အရှင်ဣန္ဒာစရိယ(phD thesis)၊ အရှင်စန္ဒာဝရ(MA second year)၊ သီရိလင်္ကာ ရဟန်းတော် အရှင်ကုမာရကဿပ(MA second year)၊ ထိုင်းကျောင်းသား မစ်စတာ ဥတေန(phD thesis)၊ တိဘက်တန် ကျောင်းသား မစ်စတာ တက်ရှီ (MA second year) တို့ဖြစ်ကြသည်။ ကျန်ပုဂ္ဂိုလ်များကို အဖွဲ့ဝင်များအဖြစ် သတ်မှတ်သည်။

အဖွဲ့ကြီး၏ ပုံမှန်စည်းဝေးရက်ကို လစဉ် လပြည့်နေ့ကို သတ်မှတ်သည်။ ထိုနေ့တွင် အဖွဲ့ကြီးအတွက် စည်းဝေးခြင်းနှင့်အတူ ဗုဒ္ဓသာသနာတော်နှင့် ပတ်သက်သော အကြောင်းအရာများကိုလည်း လူဒကာ ဒကာမများအား ဟောပြောပြသကြမည်ဖြစ်သည်။

အသင်းကြီး၏ ဦးတည်ချက်အတိုင်း အဘိဓမ္မာသင်တန်းများကို ဗုဒ္ဓ၀ိဟာရ၌ အစဉ်မပျက် ချပို့သင်ပြသွားရန်၊ အခြားနေရာများတွင်လည်း အဖွဲ့အစည်းအသီးအသီးနှင့် ညှိနှိုင်းတိုင်ပင်၍ သင်တန်းများကို ပြုလုပ်သွားရန်၊ အထူးသဖြင့် ပညာရေးဋ္ဌာနများဖြစ်သည့် တက္ကသိုလ် ကောလိပ်များနှင့် ဆက်သွယ်၍ သင်တန်းများကို ပြုလုပ်သွားရန်၊ အင်တာနက် အွန်လိုင်းတို့မှလည်း နိုင်ငံတကာနှင့် ဆက်သွယ်၍ အွန်လိုင်း အဘိဓမ္မာသင်တန်းများကို ပြုလုပ်သွားရန် အစီအစဉ်များကို ဆွေးနွေးအတည်ပြုကြသည်။

နံပတ် (၆) အခမ်းအနားမှူးက အဖွဲ့ကြီး၏ အမည်နှင့် အဖွဲ့ကြီးကို အောင်မြင်စွာ ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်ကြောင်း ကြေငြာသည်။ တက်ရောက်လာသူများက သာဓုသုံးကြိမ် ခေါ်ဆို၍ သဘောတူ အတည်ပြုကြသည်။

နံပတ် (၇) တက်ရောက်လာသူအားလုံးက (ညနေ ဂး၀၀ နာရီအချိန်တွင်) ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြသည်။ ( ထိုအချိန်တွင် ဒေ၀ါမိုးမင်းသည် ကောင်းချီးပေးသောအားဖြင့် မိုးရေများကို သွန်းချပေးသည်)။


ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းစေသော်

Wednesday, July 28, 2010

အဘိဓမ္မာသင်ရအောင် (၁၀)

ကယ်တင်ရှင်အစစ်
သဘာဝ ဘေးဆိုးအန္တရာယ်တွေကို သဘာဝတရားတွေကပဲ ကာကွယ်နိုင် စွမ်းရှိတယ်။ သစ္စာနှုတ်သီး မန္တာန်ကြီးက သေပြီးသော်မှ ရှင်ပြန်ရ၏ ဆိုတဲ့အတိုင်း သစ္စာတရားတွေဟာ သဘာဝတရားစစ်စစ်တွေဖြစ်တယ်။ အဲဒီ သဘာဝတရား စစ်စစ်တွေက သဘာဝ ဘေးဆိုးတွေကို ရှဲသွားအောင် ရပ်တန့်သွားအောင် ပြုလုပ်နိုင်စွမ်းရှိတယ်။ ဒါကြောင့် သဘာဝတရားစစ်စစ်တွေကို ကျင့်သုံးပြီး ကမ္ဘာပေါ်ကျရောက်နေတဲ့ သဘာဝဘေးဆိုးတွေကို ကာကွယ်ကြရမယ်။ အဲလို ပြုလုပ်ဘို့ ခက်တော့ မခက်ဘူး။ ဒါပေမဲ့ လွယ်သ လားဆိုတော့လည်း မလွယ်ပြန်ဘူး။ ဟုတ်တယ် အဲဒီလို စွမ်းအားမျိုးတွေ ရဘို့ဆိုတာ ကိုယ်ကျင့်တရားပေါ်မှာ ရပ်တည်နေ တာဖြစ်တော့ လူတိုင်းအတွက် မလွယ်ကူဘူးပေါ့။

အဘိဓမ္မာ တရားတော်တွေဆိုတာ တကယ့် သစ္စာတရားတွေဖြစ်တယ်။ စကားလုံးတိုင်းမှာ တကယ့်ကို သစ္စာထိုက်နေတော့တာပဲ။ အဘိဓမ္မာတရားတွေ ရွတ်ဖတ်နေတယ်ဆိုတာ သစ္စာတရားတွေကို ရွတ်ဆိုနေခြင်းဖြစ်တယ်။ ဒါကြောင့် အဘိဓ္မာ (ပဋ္ဌာန်း) ရွတ်ဆိုရင် ဘေးအန္တရာယ်ကင်းတယ်ဆိုတာ အကြောင်းမဲ့ ပြောခြင်း မဟုတ်ဘူး။ သစ္စာထိုက်တဲ့ အဘိဓမ္မာစကားများရဲ့ အစွမ်းသတ္တိတွေက သူနဲ့ တွေထိတဲ့ သက်ရှိသက်မဲ့တွေကို အငြိမ်းဓာတ်ပေးနိုင်လို့ ဖြစ်တယ်။ အဲဒီအခါ အန္တရာယ်ကင်းတယ် ဆို တာပေါ့။

သိပ္ပံဆုံးသော နေရာမှစတင်
သိပ္ပံမနိုင်တဲ့အရာတွေကို ဗုဒ္ဓတရားတော်များက ပြုလုပ်နိုင်တယ်။ ဒါကြောင့် ပညာရှင်အချို့က ပြောတာပေါ့။ ဗုဒ္ဓဘာသာဆိုတာ သိပ္ပံဆုံးတဲ့နေရာက စတယ်ဆိုတာ။ တကယ့်တော့ သိပ္ပံက မျက်ကန်းပဲ။ အကောင်းအဆိုး ခွဲခြားတတ်တာ မဟုတ်ဘူး။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ ကမ္ဘာလောကကြီးဆို ခြေလှမ်းကြဲကြဲနဲ့ အရောက်လာနေတာ ကြည့်တတ်ရင် မြင်မယ်။ သိပ္ပံက ကမ္ဘာဖျက် လက်နက်တွေ ထုတ်လုပ်ပေးရုံမက ကမ္ဘာပျက်စေမဲ့ ဘေးဆိုး အမျိုးမျိုးကိုလည်း သူပဲ ဖန်တီးပေးတာပဲ။ သိပ္ပံကို ပုံ ယုံရင်တော့ ကမ္ဘာကြီး ကိုယ်ကျိုးနည်းပြီပေါ့။ ဗုဒ္ဓတရားတော်များက ကမ္ဘာကြီးကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက် ရမယ်ဆိုတာကို အဓိက ညွှန်ပြပေးတယ်။ လူသားများလိုလားတဲ့ ငြိမ်းချမ်းရေး နည်းလမ်းများကို ဗုဒ္ဓတရားတော်တွေထဲမှာ အလွယ်တကူ ရှာဖွေ တွေ့နိုင်တယ်။ ပြီးတော့ သဘာဝဘေးဆိုးတွေ မကျရောက်နိုင်အောင် ဆောင်ရွက်ပေးနိုင်တယ်။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဗုဒ္ဓတရားတော်များကို လူတိုင်းလိုက်နာ ကျင့်သုံးသင့်တယ်။

Thursday, July 22, 2010

အဘိဓမ္မာသင်ရအောင်(၉)

ပဋ္ဌာန်းပွဲတော်များ
ယခုခေတ်မှာ ပဋ္ဌာန်းတရား ရွတ်ဘာသ် နာယူပွဲတွေ မြန်မာပြည် နေရာအနှံ့ အပြားမှာ ခမ်းခမ်းနားနား ဆင်ယင်ကျင်းပကြတယ်။ ပဋ္ဌာန်းရွတ်ဘာသ်ပွဲတိုင်းမှာ ပဋ္ဌာန်းတရား နာယူသူတွေ လှူဒါန်းထောက်ပံ့သူတွေနဲ့ စည်းကားနေတာပဲ။ ပဋ္ဌာန်းပွဲတော်ကို ရန်ကုန် ရွှေတိဂုံစေတီတော်ရင်ပြင်မှာ အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးက) စတင်ကျင်းပပြုလုပ်ခဲ့တာလို့ မှတ်သားဘူးတယ်။ မြန်မာများက ပဋ္ဌာန်းတန်ခိုးတော်ကြောင့် ဘေးအန္တရာယ်တွေ အားလုံး ကင်းပျောက်နိုင်တယ်လို့ ယုံကြည်ထားကြတယ်။ ဒါကြောင့် မြန်မာ များက ပဋ္ဌာန်းပွဲတော်များကို တလေးတစား ပြုလုပ်ကြခြင်းဖြစ်တယ်။

နံရံတိုင်းမှာနားရှိတယ်
နံရံတိုင်းမှာ နားရှိတယ်လို့ ထောက်လှမ်းရေးနည်းပညာကို ဂုဏ်တင်ပြောကြတယ်။ ထိုနည်းတူ နေရာတိုင်းမှာ သဘာဝတရားတွေရှိတယ်လို့ ပြောနိုင်တယ်။ သဘာဝတရားဆိုတာက ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ရှိတယ်။ ပဋ္ဌာန်းတရားလို အသံများကြတော့ တကယ့်ကောင်းတဲ့ သစ္စာအသံ တွေဖြစ်တယ်။ အသံလှိုင်းထိတွေ့သမျှနေရာတွေမှာ ငြိမ်းအေးတဲ့ အရှိန်အ၀ါ ရုပ်သတ္တိလေးတွေ စွဲကျန်နေရစ်ခဲ့တယ်။ ပတ်ဝန်းကျင်တောတောင်တွေမှာ ဒီလိုအေးငြိမ်းတဲ့ အသံလှိုင်းတွေ များများရိုက်ခတ်ပေးရင် ကမ္ဘာမြေဟာ အေးချမ်းတဲ့ သဘောသက်ရောက်ပြီး အားလုံးအေးချမ်းတဲ့ အရသာကို ခံစားနိုင်မယ်။ ဒီလိုမှ မဟုတ်ရင် အပူဓာတ်ပြင်းပြင်းတွေသာ များများထိတွေ့ နေရင်တော့ ကမ္ဘာမြေဟာ ပူသထက် ပူလာနေမှာပဲ။

သဘာဝတရားများကို ထိန်းချုပ်ခြင်း
သိပ္ပံက လောကအတွက် လိုအပ်တာတွေကို ဖန်တီးထုတ်လုပ်ပေးနေတဲ့ အတွက်ကြောင့် လောကသားများအတွက် အလွန်ကျေးဇူး များပါတယ်။ ဒါပေမဲ့ သိပ္ပံကြောင့်ပဲ ကမ္ဘာလောကကြီးဟာ အတိဒုက္ခရောက် နေတယ်ဆိုရင် လွန်မယ်
မထင်ဘူး။ အများသိကြတဲ့အတိုင်း ယခုဆို သဘာဝဘေးဆိုးတွေ တစ်ခုမဟုတ် တစ်ခု ကမ္ဘာကြီးဆီကို အဆက်မပြတ် အရောက်လာနေတယ်။ ဒါတွေဟာ သိပ္ပံ ပယောဂ မကင်းဘူး။ သိပ္ပံက ကမ္ဘာ့သယံဇာတတွေကို အဆမတန် သုံးစွဲလာ တဲ့အတွက်ကြောင့် ကမ္ဘာကြီးရဲ့ ရေမြေလေဓါတ်များဟာ ဟန်ချက်မညီဘဲ အဲလို ကမောက်ကမဖြစ်လာခြင်းဖြစ်တယ်။ အဲလို အန္တရာယ်တွေ ကမ္ဘာကြီးဆီ လာတော့ သိပ္ပံကု အပြင်ကို ထွက်ထိုင်နေတယ်။ ဒါ သူနဲ့ မဆိုင်ဘူး ဆိုတဲ့ သဘောပေါ့။ ဒါဘယ်သူ့လက်ချက်လဲဆိုတာ မြင်တဲ့သူတွေက မြင်တယ်လေ။ ဒါဆို ကမ္ဘာကြီးက ကယ်တင်သူ ကင်းမဲ့နေတော့တာပေါ့။

ကမ္ဘာ့ ကယ်တင်ရှင်
ကမ္ဘာကြီးကို ဗြဟ္မာ ထာဝရ နတ်ဘုရားတွေက ဖန်တီးတယ်လို့ ပြောကြတယ်။ အဲလို ကမ္ဘာကို ဖန်တီးတဲ့ သူတွေက ဒီလို ကမ္ဘာ့လူသားတွေ အတိဒုက္ခ ရောက် နေတာကို ဘာကြောင့် ဟန့်တားမှု မပြုကြတာလဲ။ ဒါ သူတို့ ကမ္ဘာဖြစ်တဲ့ အတွက်ကြောင့် သူတို့မှာ လုံးဝတာဝန်ရှိတယ်။ ဒီလို လျစ်လျုနေတာ တာဝန်မဲ့ရာ ရောက်တယ်။ အကြင်နာ တရား ကင်းမဲ့ရာ ရောက်တယ်။ ပြောကြ သေးတယ်။ ဒီလို ဒုက္ခရောက်တာ ဘုရားသခင်က ဒါဏ်ခတ်တာတဲ့။ ကောင်းကြရော။ မုန်တိုင်းတွေ၊ မြေခလျဉ်တွေ၊ ရေကြီးမှု၊ ရာသီဥတု ပြောင်းလဲမှုတွေ၊ မြေပြိုမှုတွေ၊ စစ်မက်ခင်းမှုတွေ၊ အစားအစာ ရှားပါးမှုတွေ၊ ကပ်ရောဂါဘေးတွေ စတာ စတာတွေကို သူတို့ ဖန်တီးသပေါ့။ ဒီလို ရက်စက်တော်မူတဲ့ ဘုရားမျိုးကိုတော့ ဝေးဝေးက ရှောင်နေမယ်။

Saturday, July 17, 2010

အဘိဓမ္မာသင်ရအောင် (၈)

ပုဂံခေတ်
ပုဂံခေတ်ဆိုတာ မြန်မာတို့ရဲ့ ခေတ်ဦးခေတ်ထူးပဲ။ မြန်မာလူမျိုး မြန်မာစာ မြန်မာ့ဘာသာရယ်လို့ ဖြစ်လာအောင် ပုံဖော်ပေးခဲ့တဲ့ ခေတ်ကောင်းတစ်ခုပဲ။ အဲဒီခေတ်ဟာ ပါဠိစာပေအထွန်းကားဆုံးလို့ ပြောနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ပါဠိစာပေကို ကမ္ဘာက လေးစားရလောက်အောင် ရေးသားပြနိုင်ခဲ့လို့ဖြစ်တယ်။ သဒ္ဒါနီတိ သဒ္ဒါကျမ်းဟာ ပုဂံခေတ်မှာ ပေါ်ခဲ့တဲ့ စံပြကျမ်းစာ တစ်ခုဖြစ်တယ်။ မြန်မာ့ခေတ်ဦးမှစပြီး ယနေ့ခေတ်တိုင်အောင် ကမ္ဘာက တစ်သသဖြစ်နေတဲ့ စာအုပ်ဖြစ်တယ်။ နှောင်းပိုင်းခေတ်မှာ ရှေးရှေးဒ္ဒါကျမ်းတွေကို မီရုံတင်မက ကျော်တက်သွားအောင်အထိ ရေးပြနိုင်တာ ကမ္ဘာ့သမိုင်းမှာ မြန်မာဘဲ ရှိတယ်။ ဒါကြောင့် ပုဂံခေတ်က ပေါ်ပေါက်ခဲ့တဲ့ သဒ္ဒါကျမ်းဟာ မြန်မာတွေကို အမြင့်ဆုံးရောက်အောင် ဂုဏ်တင်ပေးလိုက်တဲ့ မြန်မာဂုဏ်ဆောင် ကျမ်းစာအုပ် တစ်အုပ်ဖြစ်တယ်။
အဲဒီခေတ်က သီဟိုဠ်ကျွန်းက ပါဠိစာပေမှာ နံပါတ်တစ်ပဲ။ သူတို့က မြန်မာကို အထင်မကြီးဘူး။ မြန်မာတွေဟာ သူတို့လောက် ပါဠိစာပေ မတတ်ကြဘူးစသည် အထင်နဲ့ပေါ့။ ဒါပေမဲ့ သဒ္ဒါနီတိကျမ်းထွက်လာတော့ မြန်မာတွေ အပေါ် မြင်ထားတဲ့ သူတို့ အမြင်တွေ ပြောင်းသွားတယ်။ မြန်မာတွေ တကယ် စာတတ်ပါပေတယ်လို့ပေါ့။ မြန်မာကို လာမလုပ်နဲ့ မစားရင်အရှင်း စားရင် ဆီထမင်း ဆိုတဲ့လူမျိုးတွေ။ မြန်မာလုပ်လိုက်ရင် ကမ္ဘာပါအထိ တုန်လှုပ်သွားတာတွေ သမိုင်းမှာ အထင်အရှားဘဲ။ ဒါကြောင့် ရှေးဦးမြန်မာတို့ရဲ့ ဇွဲသတ္တိတွေကို လျှော့မတွက်သင့်ဘူး။ အမြဲတမ်းလေးစားနေရမယ်၊ တန်ဘိုးထားနေရမယ်။
ပုဂံခေတ်မှာ ပါဠိစာပေထွန်းကားပုံက အမျိုးသမီးတွေကအစ ပါဠိစာပေ တတ်ကျွမ်းကြတယ်။ ကျစွာမင်းကြီးနဲ့ သူ၏ သမီးတော် သံပျင်မင်းသမီးဆိုတာ ရဟန်းတော်များစွာကို စာပေပို့ချပေးခဲ့သူများဖြစ်ကြတယ်။ အဘိဓမ္မာနှင့် ပတ်သက်ပြီးတော့ ပုဂံခေတ်ပုံပြင်လေးတစ်ပုဒ်ရှိဘူးတယ်။

ပုဂံခေတ်က ကလေးအမေ
တစ်နေ့မှာ အမျိုးသမီးတွေ ရေတွင်းမှာ ရေခပ်ရင်း စကားပြောနေကြတယ်။ အမျိုးသမီးငယ်တစ်ယောက် အမျိုးသမီး(အိမ်ထောင်ကျ) ရွယ်တစ်ယောက်ကို မေးတယ်။ အစ်မ တစ်နေ့ စာကျက်တာ ဘယ်လောက်ရသလဲ။ အမျိုးသမီး ရွယ်က ပြန်ပြောတယ်။ ကလေးတစ်ဖက် လုပ်ငန်းတစ်ဖက်နဲ့မို့ တွင်တွင် စာမကျက်နိုင်ဘူး။ ပဋ္ဌာန်းကုသလတိက်လောက်သာ ဆောင်နိုင်တယ်လို့ ပြောလိုက်တယ်။ အလုပ်များလှတဲ့ အိမ်ထောင်သည်မတောင် ပဋ္ဌာန်းကုသလ တိက်ကို ဆောင်နိုင်သတဲ့။ အခြားအိမ်ထောင်မရှိတဲ့ လူပျိုလူလွတ်တွေဆိုရင် ပြောမနေနဲ့တော့။ ပုဂံခေတ်အမျိုးသမီးတွေ စာတတ်ပုံကို ခုံတော်မောင်ကျဘန်း စာအုပ်ဖတ်ကြည့်ရင်သိလိမ့်မယ်။ ပဋ္ဌာန်းကုသလတိက်ဆိုတာ ယခုခေတ် ရဟန်းတော်များ ပထမကြီးတန်း ဆိုတဲ့ အဆင့် စာမေးပွဲမှာ ပြဓာန်းထားတဲ့ ပဋ္ဌာန်းဆိုင်ရာ ဘာသာရပ်တစ်ခုပဲ။ ဒါကြောင့် ပုဂံခေတ်က လူတွေဟာ အံ့သြစရာကောင်းလောက်အောင် ပါဠိ စာပေ လေ့လာကြတာပဲ။

ပဋ္ဌာန်းစရပ်များ
မြန်မာများက ဇရပ်ကျောင်းကန် တည်ဆောက်လှူဒါန်းရတာကို အင်မတန် ၀ါသနာကြီးတယ်။ ဒါကြောင့် မြန်မာ့ဝန်းကျင်မှာ စရပ်တန်းဆောင်တွေ နေရာတိုင်းမှာ ပေါမှပေါပဲ။ အဲဒီထဲမှာ ပဋ္ဌာန်းစရပ်ဆိုတာ ထူးထူးဆန်းဆန်းပဲ။ ယခုခေတ် ဥပုသ်သည်များနေဘို့ ဆောက်ထားတဲ့ ဇရပ်ကို ဥပုသ်သည် စရပ်ခေါ်သလို ပဋ္ဌာန်းတရားဟောကြား နာယူကြဘို့ တည်ဆောက်ထားတဲ့ စရကိုလည်း ပဋ္ဌာန်းစရပ်လို့ ခေါ်ခဲ့ကြတာဖြစ်တယ်။ အဲဒီစရပ်ပေါ်မှာ ပဋ္ဌာန်းတရားပွဲတွေ ကျင်းပ နာယူကြတာပေါ့။ ဒါကြောင့် အင်းဝ ညောင်ရမ်းခေတ် ကုန်းဘောင်ခေတ်တွေမှာ ပဋ္ဌာန်းတရားပွဲတွေ အဆက်မပြတ် တည်ရှိခဲ့တယ်လို့ သမိုင်းဆရာများ က ဆိုကြတယ်။
ရတနာပုံ မန္တလေးမြို့တော်ကြီး တည်ဆောက်တော့ ရွှေမြို့တော်ရဲ့ အဓိက အဆောက်အဦတွေထဲမှာ ပဋ္ဌာန်းစရပ်လည်း တစ်ခုအပါအ၀င် ဖြစ်တယ်လို့ ဆိုတယ်။ ဒါကြောင့် မြန်မာများ ပဋ္ဌာန်း အဘိဓမ္မာ တရားတွေကို ဘယ်လောက် လေးစား တန်ဘိုးထားကြတယ်ဆိုတာ မှန်းဆသိနိုင်တယ်။