Thursday, August 5, 2010

အဘိဓမ္မာသင်တန်း နှစ်လပြည့်အထိမ်းအမှတ်

အဘိဓမ္မာသင်တန်းကို ချပို့လာတာ ၂လပြည့်သွားပြီ။ နက်ဖြန်ဆိုရင် ၂ ရက်တင်းတင်းပြည့်ပြီပေါ့။ ပြီးခဲ့သည့် ဂျွန် ၆ ရက်က စတင်လာတာ ယခု သြဂုတ်လ ၆ ရက်ဆိုတော့ ၂ လပြည့်ပြီလေ။ ဒီ ၂ လပြည့်မှာ သင်တန်းသားများကို တစ်ခုခု ကျွေးရင်ကောင်းမယ်လို့ စိတ်ကူးနေတုန်းမှာပဲ မြန်မာနိုင်ငံ စစ်ကိုင်းမြို့က အစ်မတော်တစ်ဦးက ပေးပို့လိုက်တဲ့ ကော်ဖီထုပ်ကြီး ၂ထုပ် ယနေ့ နေ့လည်မှာပဲ လက်ထဲကို ရောက်လာပါတော့တယ်။ စစ်ကိုင်းက အစ်မတော်ရေ ကျေးဇူး ကျေးဇူးကမ္ဘာပါပဲဗျာ။ နက်ဖန်နံက် သင်တန်းပြီးချိန် သင်တန်း ၂ လပြည့် အထိမ်းအမှတ်အဖြစ် သင်တန်းသားများကို ကော်ဖီနှင့် မုံ့ ကျွေးမယ်။

အဘိဓ္မာသင်တန်းက ထူးဆန်းတယ်။ ဘာလို့လဲဆိုတော့ ပိတ်ရက်မရှိ နေ့တိုင်းဖြစ်နေလို့ပဲ။ နိုင်ငံတကာ စံနှုန်းအရဆိုရင် တစ်ပတ် ၃ ၊ ၄ ရက်ဆို လုံလောက်တယ်လေ။ ၃ ရက်သင် ၄ ရက် လေ့လာ။ ဟုတ်ပါတယ်။ ဒီမှာတော့ နေ့တိုင်းပဲ။ ဘာလို့လဲဆိုတော့ နေ့တိုင်းသင်မှ တတ်မယ်။ သိမယ်။ သင်ချင်တဲ့စိတ်လေး မပျောက်မယ်။ ပြီးတော့ ဘာသာရပ်က ခက်တယ်။ သဘောတရားတွေက ကျယ်ပြန့်လွန်း အားကြီးတယ်။ များများပြော များများ နားထောင်မှ ရေရေလည် လည် ပြည့်ပြည့်စုံစုံ သိနားလည်မယ်။ ဒါကြောင့် နေ့တိုင်းသင်ကြားခြင်းဖြစ်တယ်။ ဒါက မြန်မာ နိုင်ငံ ဘုန်းတော်ကြီးကျောင်းတွေမှာ ယနေ့ထက်တိုင် ကျင့်သုံးနေတဲ့ နေ့စဉ်မပြတ် သင်ကြားခြင်းစနစ်တစ်ခုဖြစ်တယ်။

ပြီးတော့ ဒီမှာက ကျောင်းသားရော ဆရာပါ မအားမလပ်ကြဘူး။ ဒါကြောင့် နွေရာသီ ကျောင်းအားရက်မှာ တွန်းထားမှ တော်ကာကြမယ်ဆိုပြီး အဲဒီကတည်းက တွန်းတွန်း တိုက်တိုက်နဲ့ နေ့တိုင်းသင်ခဲ့တာ ယခုအထိဆိုပါတော့။

အချို့က ပြောတယ်။ နေ့တိုင်းသင်တာ ဆရာရော တပည့်ပါ သိပ်ပင်ပန်းလွန်းတယ်။ ကြာရှည် ခံနိုင်ရည်ရှိဘို့ မလွယ်ဘူး။ ကျောင်းသားတွေ စိတ်ပျက်သွားနိုင်တယ်။ ဒါကြောင့် ရက်ခြား သင်သင့်တယ်။ စသည်ပေါ့။

အချို့ကလည်း တစ်ပတ် တနင်္ဂနွေတစ်ရက်ဆိုရင် လုံလောက်ပါတယ်တဲ့။ ဒါပေမဲ့ အားလုံးကို မျက်ကွယ်ပြုပြီး နေ့တိုင်းသင်ကြားခဲ့တယ်။ မိုးရွာသည်ဖြစ်စေ နေပူသည်ဖြစ်စေ သင်တန်း ဆီကို အရောက်သွား သင်ကြားတာပဲ။ သင်မည့်သူတွေကလည်း ဇွဲကောင်း ကောင်းနဲ့ လာကြတာပဲ။ သင်တန်းသားက များများတော့ မဟုတ်ဘူး။ ပူနေးတက္ကသိုလ် ပါဠိဋ္ဌာနက ဆရာတစ်ယောက်။ ပီအိပ်ဂ်ျဒီ ကျောင်းသား သုံးယောက်။ ဂျာမာန်အမျိုးသမီးတစ်ယောက်။ စုစုပေါင်း ငါးယောက်။ ပီအိပ်ဂ်ျဒီ ကျောင်းသား သုံးယောက် အနက် ၂ ယောက်က အိန္ဒိယကျောင်းသား ဘန္တေသုဒဿနနှင့် နီလမဆိုတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး တစ်ယောက်က ဂျပန်အမျိုးသမီးလေး ယူမီဖူဂျီမိုတိုဖြစ်တယ်။

သင်တန်းအစတုန်းက အမာခံကျောင်းသားအဖြစ် ဆရာဆန်ဂျေး၊ ဘန္တေသုဒဿနနှင့် ယူမီဖူဂျီမိုတိုတို့ပဲ ရှိတယ်။ သူတို့က ဗုဒ္ဓဘာသာဝင်တွေဖြစ်ပေမဲ့ ဗုဒ္ဓဘာသာ အကြောင်းကို ကောင်းကောင်း သိနားလည်သူများ မဟုတ်ကြဘူး။ ဒါကြောင့် သင်ကြားတဲ့ နေရာမှာ အကြောင်းယုတ္တိ ရှိမရှိကို အများကြီး ဆန်းစစ်ကြတယ်။ မေးခွန်းတွေ အများကြီးမေးကြတယ်။ နောက်အတော်လေး ကြာကာမှ အမေးတွေ လျှော့သွားကြတယ်။ အဘိဓမ္မာဘာသာရပ်ကို သဘောခွေ့ မနောတွေ့ သွားကြတယ်ပေါ့။ အစက စိတ်ဝင်စားယုံပဲ။ နောက်မှ တကယ်ကြိုက်သွားတာ။ အိပ်ရာထ ပျင်းတဲ့ ဂျပန်မလေးတောင် အဘိဓမ္မာကို စိတ်ဝင်စားလွန်းလို့ အိပ်ရာကလူးလဲထပြီး သင်တန်းချိန်အမီ အပြေးကလေး လာတတ်တယ်။

သင်တန်းက နံက် ၉ နာရီမှ ၁၀ နာရီအထိဖြစ်တယ်။ ၈ နာရီနဲ့ ၉ နာရီကိုတော့ တရားထိုင်ချိန်အဖြစ် သတ်မှတ်ထားတယ်။ ဂျပန်မလေးနှငဆရာဆန်ဂျေးတို့က တရားထိုင်ချိန် ကျော်ပြီမှ သင်တန်းကို ရောက်လာကြတယ်။ ဆိုလိုတာက တရားမထိုင် လိုဘူးဆိုတဲ့ သဘော ပေါ့။ ဂျပန်မလေးကို တရားထိုင်ဘို့ ပြောတော့။ ဂျပန်မလေးက သူ့အခန်းမှာ နေ့တိုင်း တရားထိုင်ပါတယ်တဲ့။

သင်တန်းဌာနက ပူနေးတက္ကသိုလ်အတွင်း ဗုဒ္ဓ၀ိဟာရ ခေါ်တဲ့ ဘုရားကျောင်းလေးမှာပါ။ အဆောင်ကနေ ၁၀ မီနစ်လောက် လမ်းလျှောက်သွားရင် ရောက်ပါတယ်။ ဘုရားကျောင်းမှာ ဘန္တေသုဒဿန နှင့် ကိုရင်ငယ်လေး ဓမ္မဒဿီတို့ နေထိုင်ပါတယ်။ ကိုရင်ငယ်လေးက နံက်တိုင်း ဘုရားကျောင်း သန့်ရှင်းရေး၊ သောက်တော်ရေချမ်းကပ်ပြုလုပ်တယ်။ ပြီးတော့ သင်တန်းချိန်မှာ သင်တန်းသားများအတွက် ကုလားလဘက်ရည်(ကျရည်)တစ်ခွက်စီ ဖျော်တိုက်တယ်။

အဘိဓမ္မာကို သင်ကြားတဲ့အခါ အဘိဓမ္မတ္ထသင်္ဂဟကျမ်းစာကို ကိုင်ပြီးသင်ပါတယ်။ မြန်မာ ဘုန်းတော်ကြီးသင် နည်းစနစ်အတိုင်း ပါဠိဖတ် (အင်္ဂလိပ်) ဘာသာပြန်။ ပြီးတော့ အဓိပ္ပါယ် ရှင်းလင်းပြောပြ။ ပြီးတော့ လောကမှာ ဘယ်လိုဖြစ်နေတယ်။ အဘိဓမ္မာသဘောတရားအရ ဘ၀မှာ ဘယ်လိုကျင့်သုံး နေထိုင်ရမယ်ဆိုတဲ့ အထိ ပြောပြပေးတယ်။ ဒါကို သိပ်သဘောကျကြတယ်။ အဘိဓမ္မာဆိုတာ စာမဟုတ်ဘူး။ ဘ၀ပါလားလို့ သိသွားကြတယ်။

ဆရာဆန်ဂျေးက ပြောတယ်။ အဘိဓမ္မာက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး စိတ်ဝင်စားမှုကို ဖြစ်စေတယ်တဲ့။
ဘန္တေသုဒဿန က အဘိဓမ္မာသင်တန်းကို တစ်ရက်လာမိရင် အဲဒီလူ နောက်ရက်လာဘို့ မခဲယဉ်းတော့ဘူး၊ ဘာလို့လဲဆိုတော့ သင်ကြားချပို့မှုတွေက ဆွဲဆောင်မှု အပြည့်ရှိနေ လို့ပါဘဲတဲ့။
ဂျပန်မလေးကတော့ ငါဘာမှ စိတ်မ၀င်စားဘူး။ အဘိဓမ္မာသင်တန်းပဲ စိတ်ဝင်စားတယ်တဲ့။

နောက် ဂျပန်မလေးတစ်ယောက်ရှိသေးတယ်။ သူ့နာမည်က ယူမီ ကတာရာမ တဲ့။ သူက ဘာသာရေး စိတ်ဝင်စားသူဖြစ်တယ်။ ဣနြေ္ဒရှိတယ်။ သမာဓိကောင်းတယ်။ ထိုင်းကျောင်းသားတစ်ယောက်က ပြောတယ် သူမရယ်တာကို မတွေ့ဘူးဘူးတဲ့။ ဘာသာ ရေး စိတ်ဝင်စားလွန်းလို့ သူမကို အတန်းဖော်တွေက ဗောဓိသတွ (ဘုရားအလောင်း) လို့ခေါ်ကြတယ်။ သူမက မဟာသတိပဋ္ဌာန်သုတ်လာ ဧကာယနပုဒ်ကို မဟာယာန၊ ထေရ၀ါရ ကျမ်းစာတွေနဲ့ ညှိပြီ စာတမ်းရေးနေသူဖြစ်တယ်။ စာတမ်းပြီးလို့ နောက်လဆိုသူ့နိုင်ငံ ဂျပန်ကို ပြန်တော့မယ်။

သူမက အဘိဓမ္မာသင်တန်းကို နောက်ကျမှ ရောက်လာသူဖြစ်တယ်။ တစ်ရက် နှစ်ရက် လာလေ့လာမယ်ဆိုတဲ့ သဘောပေါ့။ သင်တန်းကို တစ်ရက်တက်ပြီး ညပိုင်းမှာ အီးမေးပို့လာတယ်။ ” ငါ့ကို အဘိဓမ္မာသင်ပေးပါ။ ငါ့နိုင်ငံ မပြန်ခင်လေးမှာ အဘိဓမ္မာကို ကြိုးစားပြီး သင်သွားချင်တယ်” တဲ့။

စာကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်။ သူမဘ၀မှာ တစ်ခါမှ မသိခဲ့ဘူးသော အကြောင်းအရာများ။ ပြီးတော့ အချိန် သိပ်နောက်ကျသွားပြီ။ သို့သော် သူမ ဆက်လေ့လာရမယ်ဆိုတဲ့ အသိလေးတော့ ရသွားရှာပါ၏။ အဘိဓမ္မာတွေ အများကြီး လေ့လာဘို့အတွက် မြန်မာနိုင်ငံကို လာခဲ့ပါ ယူမီ ဟူ၍သာ ဖိတ်ခေါ်စရာရှိတော့သည်။

ဟုတ်တယ် ဘန္တေသုဒဿန ပြောသလိုပဲ သင်တန်းလာပြီးသူတိုင်းဟာ လာချင်ရင်း လာချင်ရင်းဖြစ်နေတော့တာပဲ။ ယခုဆို ခါတိုင်းဆို မလာတစ်ရက် လာတစ်ရက် ကုလား ကျောင်းသားလေး အဘိဓမ္မာကို အကြိုက်ကြီး ကြိုက်ပြီး နေ့တိုင်းလာဖြစ်နေတော့ တယ်။ အများတကာ သင်တန်းပြီး ပြန်သွားပေမဲ့ သူ့အတွက် သီးသန့်အချိန်ပိုလေး တောင်းပြီး သင်ရှာတယ်။ ပါဠိကို နားမလည်ပေမဲ့ ဘာသာရပ်က သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲတဲ့။

နောက်လာတဲ့ ကျောင်းသူကတော့ ဂျာမာန် အမျိုးသမီးလေးဖြစ်တယ်။ တိဘက်တန် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တယ်။ တိဘက်တန်၊ ဟင်ဒီ၊ ဆန်စစ်ကရစ် တတ်ကျွမ်းတယ်။ တက္ကသိုလ်အပြင်ပမှာ အိမ်ငှားနေတယ်။ သင်တန်းကို အချိန်မီ ရောက်လာပြီး လေ့လာတယ်။ သင်ကြားမှုတွေကို ခေါင်းလေး ရမ်းရမ်းပြီး သိပ်ဟုတ်တာပေါ့ လို့ ထောက်ခံတယ်။

0 comments:

Post a Comment