Thursday, August 19, 2010

အဘိဓမ္မာသင်ရအောင် (၁၄)

အဘိဓမ္မတ္ထသင်္ဂဟဆိုတာ
အဘိဓမ္မတ္ထသင်္ဂဟကို ပိုဒ်ခွဲကြည့်ရင် အဘိဓမ္မ+အတ္ထ+သင်္ဂဟ သုံးပုဒ်ဖြစ် တာကို တွေ့ရမယ်။ အဘိဓမ္မာ ဆိုတာကတော့ အဘိဓမ္မာ ၇-ကျမ်း၊ အတ္ထ က အနက်အဓိပ္ပါယ် သဘောတရား။ သင်္ဂဟ က ပေါင်းယူခြင်း လို့အဓိပ္ပါယ်ရတယ်။ ဆိုလိုတာက အဘိဓမ္မာ ၇-ကျမ်းလာ အနက် အဓိပ္ပါယ် သဘောတရားများကို အကျဉ်းချုံး( အနှစ်ထုတ်) ပြီး ရေးသားပြုစုထားတဲ့ ကျမ်းစာတစ်ခုဖြစ်တယ် ဆိုတာပဲ။ ဒီကျမ်းစာကို လေ့လာရင် ကျယ်ဝန်းတဲ့ အဘိဓမ္မာကျမ်းစာကြီးတွေရဲ့ အနက် အဓိပ္ပါယ် သဘော တရားတွေကို ကောင်းကောင်း သိနားလည်နိုင်တဲ့ အတွက်ကြောင့် ပညာရှင်တိုင်း လက်မလွှတ်တမ်း လေ့လာနေတဲ့ အဘိဓမ္မာ အခြေပြု ကျမ်းစာ တစ်ခုဖြစ်တယ်။

ဒီကျမ်းစာမှာ
ဒီကျမ်းစာမှာ အပိုင်း ၉-ပိုင်းပါရှိတယ်။ အဲဒါတွေကတော့-
၁။ စိတ်ပိုင်း
၂။ စေတသိက်ပိုင်း
၃။ ပကိဏ်းပိုင်း
၎။ ၀ီထိပိုင်း
၅။ ၀ီထိမုတ်ပိုင်း
၆။ ရုပ်ပိုင်း
၇။ သမုစ္စည်းပိုင်း
၈။ ပစ္စည်းပိုင်း နှင့်
၉။ ကမ္မဋ္ဌာန်းပိုင်း တို့ ဖြစ်ကြတယ်။ ဒါကြောင့် မြန်မာတွေက သင်္ဂြိုဟ် ကိုးပိုင်းလို့ ခေါ်ကြတယ်။



အဘိဓမ္မတ္ထသင်္ဂဟကျမ်းက ဘာတွေပြတာလဲ
၁။ စိတ်ပိုင်းဆိုတာ စိတ်တွေရဲ့ အကြောင်းကို ပြဆိုထားတဲ့ အပိုင်း ကဏ္ဍဖြစ် တယ်။ စိတ် ၈၉ပါး အကျယ် ၁၂၁ ပါးရှိပုံကို အသေးစိတ် ရေတွက်ဖော်ပြထား တာဖြစ်တယ်။

၂။ စေတသိက်ပိုင်းကတော့ စေတသိက်တွေအကြောင်းကို အဓိက ပြဆိုထား တာပဲ။ စေတသိက် ၅၂ ပါးကို အမျိုးအစားခွဲခြားပြပြီးတော့ စိတ်နှင့် စေတသိက် များ ဘယ်လို ရောယှက်နေကြတယ်ဆိုတာကို အထူးတလည် ပြဆိုထားခြင်းဖြစ် တယ်။

၃။ ပကိဏ်းပိုင်းကတော့ စိတ်တွေ စေတသိက်တွေကို ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရုံ၊ ၀တ္ထုဆိုတဲ့ ပကိဏ်းခြောက်ချက်နဲ့ ဘယ်လို ဝေဘန်ရမယ်ဆိုတာကို အဓိကပြဆိုထားတယ်။

၎။ ၀ီထိပိုင်းကတော့ စိတ်တွေဟာ အစီအစဉ်နဲ့ တစ်ခုပြီး တစ်ခု ဖြစ်နေတယ်ဆို တာကို အဓိကထားပြဆိုထားတာပဲ။

၅။ ၀ီထိမုတ်ပိုင်းကတော့ ကမ္ဘာမြေကြီးအကြောင်း သတ္တ၀ါတွေအကြောင်း ဘုံဌာနတွေ အကြောင်း ဘ၀ဟောင်းနဲ့ ဘ၀သစ် ဘယ်လိုကူးပြောင်းသွား တယ်ဆိုတာတွေကို အသေးစိတ် တင်ပြထားတဲ့ အပိုင်းကဏ္ဍ တစ်ခုဖြစ်တယ်။

၆။ ရုပ်ပိုင်းကတော့ ရုပ်တရားတွေရဲ့ အလုပ်လုပ်နေပုံတွေကို စနစ်တကျ တင်ပြ ထားတဲ့ အပိုင်းဖြစ်တယ်။ ဒီအပိုင်းမှာ နိဗ္ဗာန်အကြောင်းကိုလည်း အနည်းငယ် ပူးတွဲတင်ပြ ထားသေးတယ်။

၇။ သမုစ္စည်းပိုင်းကတော့ ကုသိုလ် အကုသိုလ်တရားများကို နာမည်တစ်မျိုးနဲ့ သူတို့ရဲ့ လုပ်ငန်းသဘောတရားများကို အသေးစိတ်ခြယ်မှုန်းတင်ပြထားတဲ့ အပိုင်းဖြစ်တယ်။ ခန္ဓာ အာယတန ဓာတ် သစ္စာ ဖွဲ့စည်း တည်ဆောက်ပုံတွေကိုလည်း တင်ပြထားသေးတယ်။

၈။ ပစ္စည်းပိုင်းကတော့ ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်းတွေကို နက်နက်နဲနဲ တင်ပြထားတဲ့ အပိုင်းဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်နည်းကို အသေးစိတ် တင်ပြထား ပေမဲ့ ပဋ္ဌာန်းနည်းကိုတော့ အကျယ်မပြသာတဲ့အတွက်ကြောင့် မာတိကာလောက်သာ ခွဲပြထားခဲ့တယ်။

၉။ ကမ္မဋ္ဌာန်းပိုင်းကတော့ ပရမတ်သဘောတရားတွေကို ဘ၀လွတ်မြောက် မှုအတွက် ဘယ်လိုအသုံးချရမယ်ဆိုတာကို အသေးစိတ်ညွှန်ပြထားတဲ့ အပိုင်း ဖြစ်တယ်။ အဓိကအားဖြင့် စိတ်စွမ်းအားကို ဖြစ်စေတဲ့ သမထနှင့် ဘ၀လွတ်မြောက်မှုကို ပေးစွမ်းနိုင်တဲ့ ၀ိပဿနာနည်းလမ်းတွေကို အသေးစိတ် တင်ပြ ထားတဲ့ အပိုင်းကဏ္ဍတစ်ခုဖြစ်တယ်။

0 comments:

Post a Comment