Monday, July 5, 2010

အဘိဓမ္မာသင်ရအောင် (၂)

အဘိဓမ္မာကို ဗုဒ္ဓဘုရား ဘယ်မှာ ဟောခဲ့တာလဲ
အဘိဓမ္မာကို မြတ်စွာဗုဒ္ဓ ဘုရားဖြစ်တော်မူပြီးနောက် ခုနစ်ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်ကို ကြွသွားတော်မူပြီး မယ်တော်မိနတ်သား အမှူးပြုတဲ့ စကြ၀ဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာများကို ဟောတော်မူခဲ့တာဖြစ်တယ်။ ကာလအားဖြင့် သုံးလ၊ ရက်ကိုးဆယ်ကြာတယ်။ သီတင်းကျွတ်တော့ အဘိဓမ္မာတရားတော်ကြီး ဟောပြောတာ ပြီးဆုံးလို့ လူ့ပြည်ကို ပြန်ကြွတော်မူခဲ့တယ်။

ဘာ့ကြောင့် နတ်ပြည်မှာ ဟောရတာလဲ
အဘိဓမ္မာတရားတော်ဆိုတာ အဆုံးအစ မရှိကျယ်ပြန်တဲ့ ပင်လယ် သမုဒ္ဒရာနှင့် တူတယ်။ ကာလအတော်ကြာအောင် အဆက်မပြတ်ဟောပြောကာမှ ပြီးဆုံးနိုင်လိမ့်မယ်။ အဲဒီလို ဟောပြောတာကို နားထောင်နိုင်ဘို့ ဆိုတာ နတ်သားနတ်သမီးတွေပဲ ဖြစ်နိုင်မယ်။ လူ့ ပြည်က လူတွေဆိုတာ တစ်နာရီထိုင်နိုင်ဘို့တောင် အတော်ကြိုးစားရတယ်။ ရက်ပေါင်းကိုးဆယ်ကြာ တရားနာနိုင်ဘို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေပါ။ ဒါကြောင့် အဘိဓမ္မာတရားတော်ကို လူ့ပြည်မှာ မဟောဘဲ နတ်ပြည်မှာသာ ဟောပြောရခြင်းဖြစ်တယ်။

နတ်ပြည်က အဘိဓမ္မာ လူ့ပြည်ရောက်လာပုံ
နတ်ပြည်မှာ ဟောတော်မူတဲ့ အဘိဓမ္မာ တရားတော်က လူ့ပြည်ကို ဘယ်လို ရောက်လာတာလဲ။ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ မြတ်စွာဗုဒ္ဓ တာဝတိံသာမှာ ၀ါတွင်းသုံးလနေပြီး တရားဟောတော်မူတုန်းမှာ နေ့စဉ်နေ့တိုင်း လူ့ပြည်ကို ဆင်းပြီး မြောက်ကျွန်းအရပ်ကို ဆွမ်းခံကြွတော်မူပါတယ်။ အန၀တတ်အိုင်နားမှာ နေ့ဆွမ်းဘုဉ်းပေးတော်မူပြီး စန္ဒကူးတောမှာ နေ့ခင်းနေ့လည် အနားယူတော်မူတယ်။ စန္ဒကူးတောမှာ မြတ်စွာဘုရား အနားယူတော်မူနေတုန်းမှာ လက်ျာတော်ရံ အရှင်သာရိပုတြာ မထေရ်ကြီး ဘုရားထံ ကြွတော်မူလာပြီး ၀တ်ကြီးဝတ်ငယ် ပြုစုတော်မူတယ်။ အဲဒီအခါမှာ မြတ်စွာဗုဒ္ဓက အရှင်သာရိပုတြာအား အဘိဓမ္မာတရားတော်ကို အကျဉ်းချုပ် ဟောပြတော်မူတယ်။ တစ်ဖန် အရှင်သာရိပုတြာက ကျောင်း တော်ကို ပြန်ရောက်တဲ့အခါ သူ၏ တပည့် ငါးရာသော ရဟန်းတော်များကို ပြန်လည် သင်ကြားပို့ချပေးတော်မူပါတယ်။ အဲလိုနဲ့ နတ်ပြည်မှာ ဟောတော်မူတဲ့ အဘိဓမ္မာတရားတော်ဟာ လူ့ပြည်ကို ရောက်လာ ခြင်းဖြစ်တယ်။

အဘိဓမ္မာသုံးမျိုး
မြတ်စွာဘုရားက အဘိဓမ္မာတရားတော်ကို နတ်ပြည်မှာ ဟောတဲ့အခါ အကျယ်တ၀င့် ဟောကြားတော်မူခဲ့တာဖြစ်ပြီး အရှင်သာရိပုတ်ကို ဟောပြတော်မူတဲ့အခါ အကျဉ်းနည်း အားဖြင့် ဟောကြားတော်မူခဲ့တာဖြစ်တယ်။ တစ်ဖန် အရှင်သာရိပုတ်က သူ၏ တပည့် ငါးရာကို ပြန်လည်ပို့ချတော်မူတဲ့အခါ မကျဉ်းမကျယ်နည်းအားဖြင့် ချပို့သင်ပြခဲ့တာဖြစ်တယ်။ ဒါကြောင့် အဘိဓမ္မာတရားတော်ဟာ အကျယ်၊ အကျဉ်း၊ မကျဉ်းမကျယ်အားဖြင့် သုံးမျိုးသုံးစားရှိတာကို သိရမယ်။ လူ့ပြည်မှာ ယခု တွေ့ရှိနေရတဲ့ အဘိဓမ္မာကတော့ အရှင် သာရိပုတြာက သူ၏ တပည့် ရဟန်းတော်မျာအား ပို့ချသင်ပြခဲ့တဲ့ ပို့ချစဉ် အဘိဓမ္မာဖြစ်တယ်။ အဘိဓမ္မာ သုံးရပ်လုံးဟာ သီတင်းကျွတ်လပြည့်နေ့မှာ ပြီးဆုံးသွားပါတယ်။ ဒါကြောင့် အဲဒီနေ့ကို အဘိ ဓမ္မာအခါတော်နေ့ရယ်လို့ သတ်မှတ်ခေါ်ဆိုခြင်းဖြစ်တယ်။

0 comments:

Post a Comment