Tuesday, July 13, 2010

အဘိဓမ္မာသင်ရအောင် (၆)

လင်းနို့သားငါးရာ
လင်းနို့်သားငါးရာဆိုတဲ့ စကားကို ပဋ္ဌာန်းရွတ်ဖတ်ပွဲတိုင်းမှာ သံဃာတော်များက မိန့်ကြားလို့ မကြာခဏ ကြားသိနေရတာပဲ။ အဘိဓမ္မာကို နားထောင်ရင် ဘယ်လောက် အကျိုးများတယ် ဆိုတာ သာဓကပြ ပြောဆိုတဲ့ ၀တ္ထုလေးပေါ့။ ၀တ္တုလေးက စိတ်ဝင်စားစရာလေးပါ။ ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါက အဘိဓမ္မာဆောင် ရဟန်းနှစ်ပါး တောထဲ က လိုဏ်ဂူကြီးတစ်ခုထဲမှာ အဘိဓမ္မာတရားတော်တွေကို ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြ တယ်။ အဲဒီလိုဏ်ဂူကြီးထဲမှာ လင်းနို့တွေ နေကြတယ်။ သူတို့အုပ်စုက ငါးရာလောက် တောင်ရှိတယ်။ သူတို့က တိရစ္ဆာန်တွေဆိုတော့ အကောင်း အဆိုးမခွဲခြားတတ်ဘူး။ အဘိဓမ္မာတရားတော်တွေကို ကြားနေရပေမင့် အဘိဓမ္မာတရားတော်ရယ်လို့ မသိရှာကြဘူး။ ဒါပေမဲ့ ဒါဟာ ကောင်းတဲ့ အသံတွေဖြစ်မယ်ဆိုတာ လောက်တော့ သူတို့လက်လှမ်းမီမီ တွေးဆနိုင်ကြတယ်။ ဒီအတွေးနဲ့ သူတို့ အဘိဓမ္မာအသံတွေကို နေ့တိုင်း နားထောင်ဖြစ်ကြ တယ်။ တစ်ရက်မဟုတ်တော့ ဒီအသံတွေဟာ သူတို့နားထဲ နှလုံးထဲမှာ စွဲကျန်နေရစ်တယ်။ အဘိဓမ္မာအသံတွေ ကြားနိုင်တဲ့ နေရာမှာ သူတို့ နေကြခြင်းက သူတို့အတွက် ကံကောင်းခြင်း တစ်မျိုး ဖြစ်နေတော့တယ်။ သူတို့ ဘ၀ကူးတော့ အဘိဓမ္မာနာကြားရတဲ့ ကုသိုလ်အထုံ တွေကြောင့် နတ်ပြည်ကို ရောက်သွားကြတယ်။ ပြီးတော့ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားလက် ထက်တော်အခါမှာ လူ့ပြည်ကို လူလာဖြစ်ကြတယ်။ မြတ်စွာဘုရားရဲ့ အဘိဓမ္မာ အကြို တိတ္ထိတွေကို တန်ခိုးပြ အနိုင်ယူတဲ့ပွဲမှာ မြတ်စွာဘုရားကို ကြည်ညိုပြီး အရှင်သာရိပုတြာ မထေရ်မြတ်ကြီးရဲ့ထံပါးမှာ သာသနာ့ဘောင် ၀င်ရောက် ရဟန်းပြုလာကြတယ်။ လင်းနို့သား ဘ၀က လူဖြစ်ပြီး ရဟန်းဖြစ်လာကြတာမို့ သူတို့ကို လင်းနို့သားငါးရာလို့ အများ ခေါ်ကြတယ်။ အရှင်သာရိပုတြာက မြတ်စွာဘုရားက ဟောကြားတော်မူတဲ့ အဘိဓမ္မာဒေသနာတော်တွေကို သူတို့ကို ပြန်လည်ပို့ချ သင်ပြပေးခဲ့တယ်။ ယခုတွေ့ရှိသင်ကြားနေကြတဲ့ အဘိဓမ္မာဟာ အရှင်သာရိပုတ်က သူရဲ့ တပည့်ရဟန်းငါးရာကို သင်ကြားပို့ချခဲ့တဲ့ အဘိဓမ္မာဖြစ်တယ်။ တကယ့်တိုက်ရိုက် မြတ်စွာဘုရားဟော အဘိဓမ္မာကတော့ နတ်ပြည်မှာပေါ့။ ဒီလို အဘိဓမ္မာတရားတော်ကြီးကို ဦးဦးဖျားဖျား ကြားနာခွင့်ရတာ လင်းနို့သားဘ၀က အဘိဓမ္မာ တရားတော်တွေကို နာယူခဲ့တဲ့ ကုသိုလ်ကောင်းမှုရဲ့ အကျိုးဆက်ဖြစ်တယ်။ အကယ်၍သာ အဘိဓမ္မာ မနာယူခဲ့ဘူးဆိုရင် အကြောင်း အကျိုးဆက်စပ်မှု သဘောတရားအရ အဘိဓမ္မာ တရားနာယူနိုင်ဘို့ ဘယ်ဖြစ်နိုင်မလဲ။ ဒါကြောင့် ကောင်းမှုအထုံပါအောင် အဘိဓမ္မာသဘော တရားတွေကို စောကြော လေ့လာသင့်တာပေါ့။

အဘိဓမ္မာဆောင်မှ တကယ့်တရားဟောဆရာ
အဘိဓမ္မာသိနားလည်မှုက အရာရာကို သိနားလည်စေတယ်။ အဘိဓမ္မာကို သိမထားရင် အရာရာကို ဒက်ထိ နားလည်ဘို့ မလွယ်ဘူး။ ပိဋကတ်သုံးပုံဟာ အဘိဓမ္မာကို အခြေခံထား တာပဲ။ အဘိဓမ္မာသဘောတရားတွေကို နားမလည်ရင် ပိဋကတ်ကိုလည်း အပ်ကျမပ်ကျ နားမလည်နိုင်ဘူး။ မြတ်စွာဘုရားရဲ့စကားလုံးတိုင်းကို အဘိဓမ္မာ(ပရမတ်) ဆိုက်သွားအောင် ကောက်ယူနိုင်မှ စာတတ်ပေတတ် အဆင့်ဝင်ပုဂ္ဂိုလ်ဖြစ်နိုင်တယ်။ မြတ်စွာဘုရားက အဘိဓမ္မာဆောင် ပုဂ္ဂိုလ်သည်သာ တကယ့်ဓမ္မကထိကပဲလို့ မိန့်တော်မူခဲ့တယ်။ ဒါကို အဋ္ဌကထာဆရာကြီးက သုတ္တန်များစွာတတ်ကျွမ်းပြီး တရားဟောနေပေမဲ့ အဘိဓမ္မာကို သိနား မလည်သေးရင် ဓမ္မကထိက မခေါ်နိုင်သေးဘူး။ အဘိဓမ္မာတတ်သိထားရင်တော့ တရားဟောဟော မဟောဟော ဓမ္မကထိက အစစ်ပဲလို့ ထပ်ဆင့် ရှင်းပြတော်မူခဲ့တယ်။

မြန်မာ့ယဉ်ကျေးမှု
အဘိဓမ္မာသဘောတရားတွေကို ပြောမပြမီ အဘိဓမ္မာ မိတ်ဆက်လို့ ခေါ်ရမယ့် အဘိဓမ္မာသင် ယူရခြင်းရဲ့အကျိုးကျေးဇူးတွေ အဘိဓမ္မာသင်ယူသင့်ပုံတွေကို အတော်များများ ပြောပြချင် တယ်။ အဘိဓမ္မာကို စိတ်ဝင်စားပြီး သင်ယူချင်စိတ်ဖြစ်လာအောင်လို့ပါ။ ယခု မြန်မာနိုင်ငံရဲ့ အဘိဓမ္မာအခြေအနေတွေကို ခပ်ကြမ်းကြမ်းပြောပြဦးမယ်။

မြန်မာလူမျိုးတွေဟာ ဗုဒ္ဓတရားတော်များကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်လောက်ကတည်း ကအခိုင်အမာရရှိခဲ့ကြတယ်။ ဗုဒ္ဓပိဋကတ်တော်များကို သိနားလည်ဘို့ သဒ္ဒါကျမ်းစာတွေကို ဖော်ထုတ်ရေးသားခဲ့ကြတယ်။ တတ်သိနားလည်ကြတဲ့ ပုဂ္ဂိုလ်တွေက ပါဠိမှ မြန်မာသို့ ပြန်ဆိုခဲ့ကြတယ်။ မြန်မာတွေဟာ ဗုဒ္ဓတရားတော်များကို လေ့လာရုံ သက်သက်မဟုတ်ဘဲ နေ့စဉ်ဘ၀ထဲမှာ ထည့်သွင်း ကျင့်သုံးလို့ရအောင်အထိ ဖန်တီးခဲ့ကြတယ်။ ဒါကြောင့် မြန်မာများရဲ့ ယဉ်ကျေးမှု လူနေမှုစနစ်များဟာ ဗုဒ္ဓပိဋကတ်တော်များကို အခြေခံထားတာ တွေ့ရလိမ့်မယ်။

0 comments:

Post a Comment