Friday, July 9, 2010

အဘိဓမ္မာသင်ရအောင်( ၃)

အဘိဓမ္မာ ၇-ကျမ်းနှင့် ဟောရက်
မြတ်စွာဘုရား တာဝတိံသာမှာ ဟောတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်များဟာ ၇-ကျမ်းရှိတယ်။ အဲဒါတွေကတော့-
၁။ ဓမ္မသင်္ဂဏီ
၂။ ၀ိဘင်း
၃။ ဓာတုကထာ
၎။ ပုဂ္ဂလပညတ်
၅။ ကထာဝတ္ထု
၆။ ယမိုက် နှင့်
၇။ ပဋ္ဌာန်းတို့ဖြစ်တယ်။
ဓမ္မသင်္ဂဏီ နှင့် ၀ိဘင်းကျမ်းကို ၁၂ ရက်၊ ဓာတုကထာကို ၆ ရက်၊ ပုဂ္ဂလပညတ္တိကို ၇ ရက်၊ ကထာဝတ္ထုကို ၈ ရက်၊ ယမိုက်ကို ရက် ၂၀၊ ပဋ္ဌာန်းကျမ်းကို ၂၅ ရက်ကြာ စုစုပေါင်း ရက် ၉၀၊ သုံးလ ဟောကြားတော်မူခဲ့တယ်ဆိုတဲ့ ရှေးဟောင်းစကားရှိခဲ့ဘူးတယ်။
လင်္ကာလေးက-
ဓမ္မသင် ၀ိဘင်္ဂ ဒွါဒသ ရက်စီ။
ခြောက်ရက်ကြာ ကျမ်းဓာတုက်ကယ်နှင့်
ပုဂ္ဂလာ ၇ ရက် ဟောမြွက်ခဲ့သည်။
ကထာဝတ် ၈ ရက်ညီ
ဝီသာပ ယမိုက်ကျမ်း။
ပဉ္စ၀ီပဋ္ဌာနရယ်လို့
လသုံးလီ မယ်တော်မိကို
ဟောသည့် ရက်တမ်း။ ။

အဘိဓမ္မာ ရဲ့ အဓိပ္ပါယ်
အဘိဓမ္မာရဲ့အဓိပ္ပါယ်ကို အဋ္ဌကထာ ဋီကာတွေမှာ အကျအန ဖွင့်ဆိုပြထားတာတွေရှိတယ်။ အဘိဓမ္မာဆိုတာ အဘိနှင့် ဓမ္မ ၂ပုဒ်ကို ပေါင်းစပ်ထားခြင်းပဲ။ အဘိ-က သာလွန်ခြင်း အဓိပ္ပါယ်ရှိပြီး ဓမ္မကတော့ အဘိဓမ္မာသဘောတရားတွေပေါ့။ ဆိုလိုတာက အဘိဓမ္မာသဘောတရားများဟာ ၀ိနည်း သုတ္တန်လာ သဘောတရားများထက် ပိုမို နက်ရှိုင်း ကျယ်ပြန့် သာလွန်တဲ့ သဘောရှိ တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။

အဘိဓမ္မာနှင့် ပင်လယ် ဘယ်သင်းက ကျယ်သလဲ
တစ်ခါက မဟာဂမိယတိဿဒတ္တဆိုတဲ့ မထေရ်တစ်ပါးဟာ ရေကြောင်းခရီးမှာ လှေသင်္ဘော စီးပြီး ဗုဒ္ဓဂယာဘက်ကို ဘုရားဖူးကြွတော်မူလာခဲ့တယ်။ မထေရ်ဟာ ပင်လယ်တွင်း သင်္ဘော စီးရင်း အတွေးတစ်ခုဖြစ်ပေါ်လာတယ်။ ပင်လယ်နဲ့ ပဋ္ဌာန်းကျမ်း ဘယ်သင်းက ပိုမို ကျယ်ပြန့်မလဲ။ ပင်လယ်က အကန့်အသတ်ရှိတယ်။ အောက်မှာ မြေလွှာ ကြမ်းပြင်၊ ဘေးတစ်ဘက် တစ်ချက်မှာ ကမ်းနဲ့ ဘောင်ခတ်ထားတယ်။ အပေါ်မှာတော့ မိုးကောင်းကင်ပေါ့။ ပဋ္ဌာန်းကျမ်းတော်ကြီးက နည်းပေါင်းများစွာနဲ့ အဆုံးအစ မရှိ ကျယ်ပြန့်တယ်။ ဒီလိုဆို ပဋ္ဌာန်းကျမ်းတော်ကြီးက ပင်လယ်ထက် ပိုမို ကျယ်ပြန့်နေတာပေါ့။ မထေရ်ဟာာ ဒီလိုတွေးတော ဆင်ခြင်မိပြီး သူရဲ့ နှလုံးသားမှာ ကျေနပ်မှု အားရမှုတွေနဲ့ ပြည့်နေတော့တာပေါ့။ ဖြစ်ပေါ်လာတဲ့ ပီတိကို တရားရှုမှတ်လိုက်တာ သင်္ဘောပေါ်မှာတင် ကိလေသာကုန်ခန်းတဲ့ ရဟန္တာကြီး တစ်ပါးဖြစ်သွားတော့တယ်။ ဒါကြောင့် ဒီဝတ္ထုကို ထောက်ဆပြီး အဘိဓမ္မာသင်ရင် ရဟန္တာဖြစ်နိုင်တယ်လို့ ပြောလို့ရတာပေါ့။

0 comments:

Post a Comment