Saturday, July 10, 2010

အဘိဓမ္မာသင်ရအောင် (၄)

သင်သင့်သော အဘိဓမ္မာ
အဘိဓမ္မာ သဘောတရားတွေကို လူတိုင်းနားလည်ထားသင့်တယ်။ အဘိဓမ္မာသိမှ ဘ၀အကြောင်း လောကအကြောင်း သံသရာအကြောင်း ကောင်းကောင်းနားလည်နိုင်မယ်။ အဘိဓမ္မာသဘောတရားတွေကိုမှ မသိသေးရင် ဘ၀ဟာ ကြမ်းမြဲကြမ်းနေမှာပဲ။ အဘိဓမ္မာသင်တန်းတက်ပြီးတဲ့ ကျောင်းသူ တစ်ယောက်က ပြောဘူးတယ်။ အဘိဓမ္မာသင်တန်းတက်လိုက်မှပဲ ကုသိုလ် အကုသိုလ်မှန်း ကွဲကွဲပြားပြားသိနားလည်သွားတော့တယ်တဲ့။ ဟုတ်တယ် အဘိဓမ္မာဆိုတာ ဘ၀ဆိုတာ ဘာလဲဆိုတာကို အတိအကျ ညွှန်ပြထားတဲ့ ဘာသာရပ်တစ်ခုဖြစ်တယ်။ အဘိဓမ္မာ မသိသေးရင် ကုသိုလ် (အကောင်း) အကုသိုလ် (အဆိုး) ကို ကောင်းကောင်းခွဲခြား နားမလည်နိုင်သေးဘူး။ အကောင်းအဆိုးလောက်ကိုမှာ မခွဲခြားနိုင်တဲ့ ပုဂ္ဂိုလ်ဟာ အရာရာကို တတ်အပ်နားလည်နိုင်ဘို့ မလွယ်ကူဘူး။ ဘ၀လွတ်မြောက်မှုဆိုတဲ့ တကယ့်ချမ်းသာ အစစ် အမှန်ကို သိနားဘို့ ဆိုတာ ဝေလာဝေးပေါ့။ ဒါကြောင့် ဘ၀ငြိမ်းချမ်းရေး လောကငြိမ်းချမ်းရေးတွေကို လူတိုင်း တည်ဆောက်နိုင် ဘို့ အဘိဓမ္မာကို လူတိုင်း တတ်သိနားလည်ထားသင့်တယ်လို့ တိုက်တွန်းချင်တာပါပဲ။

အဘိဓမ္မာရဲ့ စွမ်းအင်သတ္တိများ
အဘိဓမ္မာရဲ့စွမ်းအင် အာနိသင်တွေကို အဋ္ဌကထာ ဆရာကြီးများက အားပါးတရ ဖွင့်ဆိုပြထားတွေ ရှိတယ်။ အဘိဓမ္မာသည် ဘုရားဟော တရား ဟုတ်မှန်ကြောင်းကိုလည်း အကျေအလည် ပြန်လည် ဆွေးနွေးပြထားတာတွေဟာ အားရကျေနပ်စရာတွေပဲ။

ရောင်ခြည်တော်များ ထွက်ပြူတော်မူ
မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးနောက် ဗောဓိညောင်ပင်တစ်ဝိုက်က ၇ ဌာနမှာ သတ္တသတ္တာဟ (သီတင်း ၇ ပတ်) လေးဆယ့်ကိုးရက်ကြာ သီတင်းသုံးတော်မူခဲ့တာကို အားလုံးသိကြတယ်။ အဲဒီ ၇ ဌာနထဲက လေးခုမြောက် သတ္တာဟဖြစ်တဲ့ ရတနာဃရ ဆိုတဲ့ ရတနာစံအိမ်မှာ သီတင်းသုံးတော်မူတုန်းမှာ အဘိဓမ္မာ ၇ ကျမ်းကို ဆင်ခြင်သုံးသပ်တော်မူခဲ့တာပဲ။ ရတနာ စံအိမ်ဆိုတာ တကယ့်ရတနာတွေနှင့် တည်ဆောက်ထားတဲ့ ရတနာအိမ်ကို ပြောတာမဟုတ်ဘူး။ အဘိဓမ္မာ ၇ ကျမ်းကို ဆင်ခြင်တော်မူတဲ့ နေရာဖြစ်လို့ ရတနာစံအိမ်လို့ အဘိဓမ္မာကို ရတနာ၊ ဆင်ခြင်တဲ့နေရာကို အဲဒီ ရတနာတွေနဲ့ တည်ဆောက် ထားတဲ့ စံအိမ်အဖြစ် တင်စားပြီး ခေါ်ဆိုထားခြင်းဖြစ်တယ်။ ဗုဒ္ဓဂယာကို ရောက်တဲ့ အခါမှာ ရတနာဃရ သတ္တာဟနေရာမှာ ပဋ္ဌာန်းတရားတွေ ရွတ်ဆိုပြီး အားပါးတရ ပူဇော်နိုင်တယ်။ အဲလိုအဘိဓမ္မာတရားတော်တွေ (အထူးသဖြင့် ပဋ္ဌာန်းကျမ်းတော်ကြီးကို) ဆင်ခြင်တဲ့အခါမှာ မြတ်စွာဘုရားကိုယ်တော်က အညို အရွှေ အဖြူ အနီ အမောင်း ပြိုးပြိုးပျက်ပျက် တစ်ခဲနက် ဆိုတဲ့ ရောင်ခြည်တော် ခြောက်သွယ်တွေ ကွန့်မြူးထွက်ပြူလာကြတယ်။ မြတ်စွာဘုရားရှင်ရဲ့ ကိလေသာကင်း ကြည်လင်သန့်ရှင်းတော်မူတဲ့ စိတ်ဓာတ်တော်ဟာ စစ်မှန်သန့်စင်တဲ့ အဘိဓမ္မာတရားတော်နှင့် ထိပ်တိုက် တွေ့ဆုံလိုက်ရတဲ့အတွက်ကြောင့် အသားတော် အသွေး တော် အရိုးတော်များမှ နေရာအလိုက် အရောင်တွေ တလက်လက် ထွက်ပြူ လာခြင်းဖြစ်တယ်။ မြတ်စွာဘုရားရဲ့ ရောင်ခြည်တော်များဟာ ယနေ့တိုင် ကမ္ဘာလောကတွင်းမှာ ပြေးလွှားကူးယှက်လျက် တည်ရှိနေတုန်းပဲလို့ အဋ္ဌကထာ ဋီကာ ဆရာကြီးများက မိန့်ဆိုကြတယ်။

0 comments:

Post a Comment