Thursday, July 15, 2010

အဘိဓမ္မာသင်ရအောင်(၇)

မြန်မာနိုင်ငံနှင့် အဘိဓမ္မာ
မြန်မာများဟာ ဗုဒ္ဓပိဋကတ်တော်များကို သေချာ ကျန သုတေသနပြုခဲ့ကြတာ ကြာပြီဆိုတော့ မြန်မာများဘ၀နှင့် ဗုဒ္ဓရဲ့ တရားတော်များဟာ ခွဲခြားလို့ မရအောင်ကို ဖြစ်နေတော့တယ်။ ၀ိနည်းကို အခြေခံထားတဲ့ ကိုယ်ကျင့်တရားများ၊ သုတ္တန်ကို အခြေခံထားတဲ့ လက်တွေ့ ကျင့်ကြံအားထုတ်နည်းများ၊ အဘိဓမ္မာကို အခြေခံထားတဲ့ စစ်မှန်နည်းလမ်းကျတဲ့ အတွေးအခေါ် အယူအဆများဟာ မြန်မာ့လူ့ဘောင်မှာ အထင်းသားမြင်တွေ့နိုင်တယ်။ တကယ်တော့ မြန်မာများဟာ ဗုဒ္ဓတရားတော်များကို ဘ၀ရဲ့ စံအဖြစ်သတ်မှတ်ထားကြတာပဲ။

အဘိဓမ္မာနှင့် ပတ်သက်ပြီး ကမ္ဘာမှာ အဘိဓမ္မာသိနားလည်ဆုံးပုဂ္ဂိုလ်များဟာ မြန်မာတွေပဲလို့ လူအများသိကြတယ်။ ဟုတ်ပါတယ်။ အဘိဓမ္မာပိဋကတ်ကို မြန်မာတွေ ရေကျိုသောက်လာတာ ကြာခဲ့ပြီပဲ။ ဒါကြောင့် အဘိဓမ္မာနှင့် ပတ်သက်ပြီး ဘယ်လူမျိုးမှာမှ မြန်မာတွေကို မီအောင် မလိုက်နိုင်ကြဘူး။ မြန်မာတွေ ဘာကြောင့် ဒီလောက်ထိ အဘိဓမ္မာကို သိနားလည်နေကြတာလဲ။ မေးစရာ ကောင်းပါတယ်။ အဖြေက ရှင်းရှင်းလေးပဲ။ မြန်မာတွေဆီမှာ ကမ္ဘာက မော့ကြည့်လောက်အောင် အဘိဓမ္မာကို တကယ့်ဒက်ထိ အပ်ကျမပ်ကျ နားလည်စေနိုင်တဲ့ သင်ကြားနည်းစနစ်ကောင်းတွေ ရှိတယ်လေ။ ပြီးတော့ မြန်မာတွေက အချိန်ပေး ဘ၀ပေးပြီး တကယ်နားလည်အောင် လေ့လာကြတာ။ အပေးအယူ သဘော မပါဘူး။

ခေတ်အဆက်ဆက် အဘိဓမ္မာ
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ပိဋကတ်ကို ဒလစပ်လေ့လာ သင်ကြားခဲ့ကြ တယ်။ အလွန်ခက်လှတဲ့ အဘိဓမ္မာတရားတော်ကိုလည်း လူတွေနားလည်အောင် အမျိုးမျိုး တင်ပြခဲ့ကြတယ်။ အဘိဓမ္မာက အလွန်ခက်တော့ လူတွေ အတော်နှင့် နားမလည်နိုင်ကြဘူး။ ဒါကြောင့် သုတ္တန်နှင့် ညှပ်ပြီးပြောပေးရတယ်။ မြန်မာနိုင်ငံမှာ လူတွေက အဘိဓမ္မာတရားတော်တွေကို ရဟန်းတော်များလောက် မသိကြပေမဲ့ သိပ်ပြီးတော့ ရိုသေလေးစားကြတယ်။ တရားတောင်မှ အဘိဓမ္မာသတ်မှ နှစ်ခြိုက်ကြတယ်။ အဘိဓမ္မာသတ်ဆိုတာက သုတ္တန်တရားဟောပြီးတဲ့ အခါတိုင်း ပရမတ်ဆိုက်အောင် အဘိဓမ္မာနှင့် အဆုံးသတ်ပေးရတာကို ပြောတယ်။ အဘိဓမ္မာ တရားမှ တရားစစ်ဖြစ်တယ်လို့ဆိုလိုတယ်။ ကျမ်းဂန်များမှာလည်း ဘာတရား ဟောဟော အဘိဓမ္မာနှင့် တန်ဆာဆင်ရမယ်လို့ ပြဆိုထားတယ်။ ဒါကြောင့် မြန်မာတွေက အဘိဓမ္မာဆို သိပ်ကြိုက်ကြတာပဲ။

0 comments:

Post a Comment